အခန်း (၅၆၁)
Vol. 38 Ch. 561
ရွှမ်ယီက လက်ကိုရှေ့သို့ဆန့်လျက် အတိဒုက္ခမိုးတိမ်အား စုပ်ယူရန် အသင့်ဖြစ်နေစဉ်
ချီလင်းတန်၏ ကျယ်လောင်သော ရယ်သံက တိမ်ပင်လယ်ကြီး၏ အဘက်ဘက်မှ ထွက်ပေါ်လာသည်။
“ မင်းက တကယ်ကို ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း ငါ၀န်ခံပါတယ်… ပြီးတော့ မင်းရဲ့ မာနနဲ့လည်း ထိုက်တန်ပါတယ်… ဒါပေမယ့် အဲ့ဒီ မာနကြောင့်ပဲ မင်း ဒီနေ့ သေရတော့မယ်…”
ချီလင်းတန်၏ စကားဆုံးသည်နှင့် ပေါက်ကွဲသံ ကျယ်ကြီးများ ထွက်ပေါ်လာသည်။
ထို့နောက် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးဘက်လေးနံမှ အလင်းတိုင်လုံးများ ဖြစ်ပေါ်လာပြီး တောင်များ မြစ်များကိုပင် လှုပ်ခါသွားစေ၏။
ထို အလင်းတိုင်လုံး တစ်ခုချင်းစီ၌ လေးပစ်နေသော ကိုယ်ဟန်ဖြင့် ချီလင်းတန်၏ ဝိညာဉ်ခန္ဓာတစ်ခုစီရှိနေသည်။
ထို့နောက် ၎င်းတို့က ပျံသန်းခြင်းအင်မော်တယ် ဓားပညာ၏ လေးကွက်မြောက်အား ပေါင်းစပ်အသုံးပြုလိုက်ကြ၏။
“ အဲ့တာ လေးဆဝိညာဉ်ခန္ဓာမဟုတ်လား…? ကြည့်ရတာ ချီလင်းတန် တိုက်ပွဲမစခင် သေချာပြင်ဆင်ထားခဲ့ပုံပဲ… ဂိုဏ်းမှ ကျန်ခဲ့တဲ့ ဝိညာဉ်ခန္ဓာတွေကိုတောင် ကြိုပြီး ဆင့်ခေါ်ထားခဲ့တယ်…”
ချီလင်းတန် အသုံးပြုလိုက်သော ဝှက်ဖဲကြောင့် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်မှ လူများ ပွတ်လောရိုက်သွား၏။
ဝိညာဉ်ခန္ဓာ (၄)ခု ပူးပေါင်းတိုက်ခိုက်ခြင်းက စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူ (၄)ယောက် တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။
၎င်းက အရှေ့ပိုင်းတိုက်ကြီးရှိ အကောင်းဆုံးသော မဟာနတ်တန်ခိုးစွမ်းရည်များထဲမှ တစ်ခုဖြစ်၏။
ရွှမ်ယီအနိုင်ရမည်ဟု တထစ်ချယုံကြည်နေသူများပင် မျက်နှာများ အရောင်ပြောင်းသွားခဲ့ရသည်။
တချို့ လူများဆိုလျှင် ရွှမ်ယီ၏ အဆုံးသတ်ကို မကြည့်ရဲဟန်ဖြင့် ခေါင်းများ ငုံ့ထားလိုက်ကြ၏။
တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူ၏ ဝိညာဉ်ခန္ဓာ(၄)ခု…
အနက်ရောင်ချပ်၀တ်တန်ဆန်နှင့် တစ်ယောက် ၊ ခရမ်းရောင် တာအို၀တ်စုံနှင့် တစ်ယောက် ၊ အနီရောင် ၀တ်စုံနှင့် တစ်ယောက်…
နောက်ဆုံး တစ်ယောက်က အစောပိုင်း၌ ရွှမ်ယီနှင့် ရင်ဆိုင်ခဲ့သော ငွေရောင်၀တ်စုံနှင့်တစ်ယောက် ဖြစ်သည်။
ဝိညာဉ်ခန္ဓာ(၄)ခုက အဖြူရောင်၀တ်စုံနှင့် ရွှမ်ယီအား အလယ်ဗဟို၌ ထားကာ လေးဘက်လေးနံမှ ၀န်းရံထားခဲ့၏။
ပျံသန်းခြင်းအင်မော်တယ်ဓားပညာ၏ လေးကွက်မြောက်ဖြစ်သော သတ်ဖြတ်ခြင်းဓား (၄)ချက် ပေါင်းစပ်ကာ အနီရောင် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲ၍ ရွှမ်ယီထံသို့ မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိလာသည်။
သို့သော် ရွှမ်ယီ၏ အမူအရာက သာမန်အတိုင်းသာရှိနေခဲ့ကာ အနီရောင် နဂါးကြီး အနားသို့ ရောက်လာနီးမှ ညာလက်အား အထက်သို့ ပင့်တင်လိုက်သည်။
ထိုအခါ နောက်ကျော၌ လွယ်ထားသော ဓားက အလွန်ထက်ရှသော အရှိန်အဝါများ ဖြာထွက်ကာ ကောင်းကင်ထက်သို့ ပြေးတက်သွား၏။
လမ်းခုလတ်တွင် ၎င်းအတွင်းသို့ တိုင်ရှုတာအိုနယ်မြေအတွင်းမှ ဓားစွမ်းအားနှင့် လျှပ်စီးစွမ်းအားများ တစ်ပြိုင်နက်တည်း ပေါင်းစပ်သွားသေးသည်။
ထို့နောက် လျှပ်စီးများ တဖျပ်ဖျပ်တောက်ပနေသော ခရမ်းရောင်နဂါးကြီးတစ်ကောင်က ဓားစွမ်းအင်များ ခြံရံလျက် ကောင်းကင်သို့ထိုးတက်သွားကာ အထက်မှ ဆင်းသက်လာသော အနီရောင် နဂါးကြီးနှင့် ဆုံတွေ့သွားလေသည်။
အုန်း…
အလွန်ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်ခု ပတ်၀န်းကျင်သို့ ပဲ့တင်ထပ်သွား၏။
ရွှမ်ယီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသော်လည်း တစ်လက်မမျှ ရွေ့လျားသွားခြင်းတော့မရှိချေ။
မျက်နှာအမူအရာကလည်း သာမန်အတိုင်း တည်ငြိမ်နေခဲ့၏။
သို့သော် တဖက်တွင် ဝိညာဉ်ခန္ဓာ(၄)ခုမှ ပေါင်းစပ် တိုက်ခိုက်ခဲ့သော သတ်ဖြတ်ခြင်းဓားစွမ်းအားမှ ဖြစ်ပေါ်လာသည့် အနီရောင်နဂါးကြီးကမူ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ချီလင်းတန်၏ လေးဆဝိညာဉ်ခန္ဓာများ နောက်သို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာခဲ့သည်။
ငွေရောင်၀တ်စုံဖြင့် တာအိုခန္ဓာလည်း နောက်သို့ ခြေ(၁၀)လှမ်းကျော် ဆုတ်သွားခဲ့ကာ ထိတ်လန့် အံ့ဩနေသော မျက်၀န်းများဖြင့် ရွှမ်ယီအား လှမ်းကြည့်လိုက်၏။
“ ငါက အစစ်အမှန် စိတ်ဝိညာဉ် အဆင့်(၅)မှာလေ… ပြီးတော့ ငါ့ဝိညာဉ်ခန္ဓာရဲ့ ခွန်အားက စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်နားကပ်နေပြီ…”
“ ဒါတောင်မှ မင်းကို မသတ်နိုင်သေးဘူးလား… မင်း…”
ချီလင်းတန်၏ နှလုံးသားအတွင်း သံသယများ တိုးပွားလာခဲ့သည်။
ရွှမ်ယီ၏ ခွန်အားကြောင့် သူ အလွန်ထိတ်လန့်နေချေပြီ။
သို့သော် တဖက်တွင် ရွှမ်ယီက သူ့ခွန်အား အနည်းငယ်မလုံလောက်သေးဟု ခံစားနေမိ၏။
သူ အင်ပါယာတစ်၀က်အဆင့်၌ရှိစဉ် ကုချန်းဓား ( လျူယန်မင်းဆက်ကို ဖျက်ဆီးချိန် အဆင့်မြင့်သွားသော ဓားအမည် ) ၊ အဆင့်(၉) ဓားရည်ရွယ်ချက် ၊ တိုင်ရှု တာအိုနယ်မြေတို့နှင့် သူတော်စင်အင်ပါယာအဆင့် ကျင့်ကြံသူအား သတ်နိုင်စွမ်းရှိခဲ့သည်။
ထို့အပြင် အင်ပါယာအဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်ဘုံအတိဒုက္ခ (၅)ခုကို တစ်ပြိုင်တည်းဖြတ်ကျော်ကာ ဆန်းကြယ်ပလ္လင်အဆင့်သို့ ရောက်ရှိလာ၏။
သို့ဖြစ်ရာ သူ၏ ခွန်အားကလည်း အလွန်အမင်းမြင့်တက်လာခဲ့သည်။
ယခုတွင် အထွတ်အထိပ်အင်ပါယာအဆင့်က သူ့မျက်လုံးထဲ၌ ဘာမှမဟုတ်တော့ပေ။
အဆင့်(၉) ဓားရည်ရွယ်ချက် ၊ တိုင်ရှုတာအိုနယ်မြေတို့နှင့် ၎င်းအား သတ်ပစ်နိုင်စွမ်းရှိသည်။
စိတ်ဝိညာဥ် တာအိုအရှင်သခင်အဆင့်ကိုပင် နောက်ဆုတ်သွားစေရန် ဖိအားပေးနိုင်စွမ်းရှိ၏။
ချီလင်းတန်အလွန်သန်မာသည်မှန်သော်လည်း ၎င်း၏ ဝိညာဉ်ခန္ဓာ ခွန်အားက စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့် အတားအဆီးအား မချိူးဖျက်နိုင်သေးပေ။
လေဆဝိညာဉ်ခန္ဓာကိုယ် အသုံးပြုလျှင်ပင် ကိစ္စမရှိချေ။
သူက ဖိနှိပ်နိုင်စွမ်းရှိနေဆဲဖြစ်၏။
တဖက်တွင်မူ ချီလင်းတန်က ရွှမ်ယီအား ကြောင်စီစီဖြင့် ငေးကြည့်နေခဲ့သည်။
၎င်းအား ကြည့်ရသည်မှာ တိမ်များအကြားမှ ဓားသူတော်စင် တစ်ပါးအလားပင်။
ချီလင်းတန် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိ၏။
နောက်ဆုံးတွင် ဤခရီးစဉ်က အလွန်အန္တရာယ်များကြောင်း နားလည်သွားခဲ့ချေပြီ။
အစကတည်းက စိတ်မချသဖြင့် ဂိုဏ်း၌ ချန်ထားရစ်ခဲ့သော ဝိညာဉ်ခန္ဓာ(၃)ခုကိုပင် ဆင့်ခေါ်ခဲ့သည်။
သို့တိုင်အောင် ရွှမ်ယီအား အနိုင်ယူနိုင်ခြင်းမရှိသေးချေ။
အရှက်ရစရာ ကိစ္စများ ဖြစ်ကုန်ပြီဖြစ်၏။
ကံကောင်းစွာနှင့် လက်ရှိနေရာက တောင်းပိုင်းနယ်စပ်ဖြစ်ပြီး အရှေ့ပိုင်းနယ်မြေမဟုတ်ချေ။
သူသာ ရွှမ်ယီကို ဖမ်းဆီးပြီး ဂိုဏ်းထံသို့ ခေါ်ဆောင်သွားနိုင်သ၍ အရှက်ကွဲမည်မဟုတ်ပေ။
ဆန့်ကျင့်ဘက်အနေဖြင့် ဂုဏ်ယူစရာအောင်မြင်မှုတစ်ခုပင် ဖြစ်လာလိမ့်ဦးမည်။
ချီလင်းတန်၏ မျက်၀န်းများ ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် တောက်ပသွားသည်။
“ ကောင်းပြီ… မင်းမှာ နည်းလမ်းတစ်ချို့ရှိကြောင်း ငါ၀န်ခံပါတယ်… ဒါပေမယ့် အခုချိန်မှာ အားလုံး အဆုံးသတ်တော့မယ်…”
ချီလင်းတန် မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုရှိနေခဲ့ပြီး ရွှမ်ယီအား ငုံ့ကြည့်ရင်း ပြောလိုက်၏။
ထို့နောက် သူ၏ လက်များက အဆက်မပြတ် လှုပ်ရှားသွားကာ တံဆိပ်တစ်ခုဖန်တီးလိုက်သည်။
“ ဝိညာဉ်ခန္ဓာ(၄)ခု… အသွင်ပြောင်းစမ်း…”
ချီလင်းတန်၏ ငွေရောင်၀တ်စုံက ပြန့်ကားသွားခဲ့သည်။
ထို့နောက် ကျန်ဝိညာဉ်ခန္ဓာ(၃)ခုတို့က မမြင်ရသော လက်တစ်ဖက်ဖြင့် ဆွဲယူခံရသည့်အလား သူ့ထံသို့ ရောက်ရှိလာသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ငွေရောင်၀တ်ရုံထံ စုပ်ယူခြင်း ခံလိုက်ရသည်။
ထို့နောက် ငွေရောင်၀တ်ရုံခြေရင်းတွင် အနီရောင် အလွှာတစ်ခု ချက်ချင်း ဖြစ်ပေါ်လာ၏။
၎င်းဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်၀န်းကျင်သို့ အလွန်ပြင်းထန်သော သွေးနံ့များ ပျံ့နှံ့သွားခဲ့သည်။
ထိုမျှမကသေးဘဲ ဝိညာဉ်ခန္ဓာ (၄)ခုက ဆန်းကြယ်သော အစီအရင်ကြီး၏ အလယ်ဗဟို၌ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။
ထို့နောက် အစီအရင်ကြီးအောက်ဘက်မှ မရေမတွက်နိုင်သော လက်များက နတ်ဆိုးလက်များပမာ ထွက်ပေါ်လာခဲ့၏။
မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်ခန္ဓာ(၄)ခုက အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။
သို့သော် ယင်းက အစသာရှိသေး၏။
ဝိညာဉ်ခန္ဓာ(၄)ခု ပေါက်ကွဲ ပျက်စီးသွားပြီးနောက် အစီအရင်ကြီးအောက်ခြေဘက်မှနေ၍ သွေးရောင် နှင့် အနက်ရောင် ရောစပ်ထားသော အရောင်အသွေးနှင့် အရိပ်တစ်ခု ဖြစ်ပေါ်လာပြီး လျှင်မြန်စွာကြီးထွားလာသည်။
ထို အနက်ရောင်အရိပ်က လူသားတစ်ဦးနှင့် တူညီသော်လည်း ၎င်းမျက်နှာထက်တွင် မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် စသည်တို့မရှိပေ။
သို့သော် ၎င်းထံတွင် ကိုယ်ပိုင်အသိစိတ်တစ်ခုရှိနေသည့်အလား ပျက်စီးသွားသော ဝိညာဉ်ခန္ဓာ(၄)ခုကို စုပ်ယူလိုက်သည်။
ထို့အခါ ၎င်း၏ ပြောင်ချောမျက်နှာထက်၌ အစိတ်အပိုင်းများ ဖြစ်ပေါ်လာပြီး ၎င်း၏ အရှိန်အဝါကလည်း မူလအင်ပါယာအဆင့်သို့ ရောက်ရှိသွား၏။
[ သူတော်စင်အင်ပါယာရဲ့ အထက်အဆင့်ဖြစ်တဲ့ အထွတ်အထိပ် အင်ပါယာအဆင့်ကို ဒီနေရာကစပြီး မူလ အင်ပါယာအဆင့်လို့ သုံးသွားပါမယ် ]
မူလ အင်ပါယာအဆင့် အထွတ်အထိပ်…
စိတ်ဝိညာဉ်တာအို အရှင်သခင် တစ်၀က်…
အဆင့်(၁) အစစ်အမှန် စိတ်ဝိညာဉ်အဆင့်…
အဆင့်(၂) အစစ်အမှန် စိတ်ဝိညာဉ်အဆင့်…
နောက်ဆုံးတွင် ချီလင်းတန်၏ သွေးကျွန်ဝိညာဉ်ခန္ဓာက ထိုအဆင့်၌ တည်ငြိမ်သွားသည်။