အခန်း (၅၆၂)
Vol. 38 Ch. 562
ထို့နောက် ချီလင်းတန်၏ သနားညှာတာမှုကင်းမဲ့သောစကားသံထွက်ပေါ်လာသည်။
“ အစကတော့ ဒီလျှို့ဝှက်ပညာရပ်ကို နတ်ဆိုးနိုင်ငံတော်က တတိယမင်းသားနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့တာ… ဒီနေ့ မင်းအပေါ်မှာအသုံးပြုရလိမ့်မယ်လို့ လုံး၀ မမျှော်လင့်ထားခဲ့ဘူး… ဘာပဲဖြစ်ဖြစ် ဒီလျှို့ဝှက်ပညာရပ်အောက်မှာ သေရမယ့်အတွက် မင်းဂုဏ်ယူသင့်တယ်…”
တဖက်တွင်မူ အတွေ့အကြုံရှိသူများအနေဖြင့် ချီလင်းတန်က ထိုလျှို့ဝှက်ပညာရပ်ကို အသုံးပြုခြင်း၌ စွမ်းအင်ပမာဏများစွာ သုံးစွဲနေရကြောင်း မြင်နိုင်ကြ၏။
သွေးကျွန်ဝိညာဉ်ခန္ဓာ၏ ကျင့်ကြံမှုအဆင့်က အဆင့်(၂) အစစ်အမှန် စိတ်ဝိညာဉ်အဆင့်၌ တည်ငြိမ်သွားပြီဖြစ်သော်လည်း တသမတ်တည်းရှိနေခြင်းတော့မဟုတ်ပေ။
အဆက်မပြတ်ပြောင်းလဲနေခဲ့ပြီး တစ်ခါတစ်ရံ အစစ်အမှန် စိတ်ဝိညာဥ် အဆင့်(၂) အစောပိုင်းသို့ ကျဆင်းသွားကာ တစ်ခါတစ်ရံ အထွတ်အထိပ်၌ ရှိနေ၏။
ယင်းက တမျိုးတမည်ဖြင့် ရယ်စရာကောင်းနေသော်လည်း ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်ရှိ မည်သူမှ ရယ်မောနိုင်ခြင်းမရှိချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရှေ့၌ရှိနေသာ စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့် သွေးကျွန်က ချီလင်းတန်၏ ကန့်သတ်ချက် မဟုတ်သောကြောင့်ပင်။
ထို့အပြင် အစစ်အမှန် စိတ်ဝိညာဉ် အဆင့်(၁) နှင့် အဆင့်(၂) အကြားမှ ကွာဟချက်ကို စကားလုံးများဖြင့် ဖော်ပြနိုင်ခြင်းမရှိပေ။
ရွှမ်ယီက လေးဆဝိညာဉ်ခန္ဓာများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သော်လည်း အဆင့်(၂) အစစ်အမှန် စိတ်ဝိညာဉ်အဆင့် သွေးကျွန်ဝိညာဉ်ရှေ့တွင်မူ ရွှမ်ယီအပေါ်၌ ယုံကြည်ရဲခြင်းမရှိဖြစ်နေကြ၏။
ရဲ့ချင်းစုန်၏ မျက်နှာကလည်း အလွန်လေးနက်နေခဲ့သည်။
ရွှမ်ယီထံတွင် ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားကြောင်း သူသိထားပြီး ထိုအထဲမှ တချို့ဆိုလျှင် သူပင် ယှဉ်နိုင်စွမ်းမရှိချေ။
သို့သော် ထိုမျှက အဆင့်(၂) အစစ်အမှန် ဝိညာဉ်အဆင့်ရှေ့၌ လုံလောက်ခြင်းမရှိပေ။
ရဲ့ချင်းစုန် အသက်ပြင်းပြင်းရှုလိုက်ရင်း လက်တွင်း၌ ကိုင်ထားသော အစိမ်းရောင်ထင်းရှူးကိုင်း၌ အေးစက်သော အလင်းများ တဖျပ်ဖျပ်လက်လာ၏။
သူ ၀င်ရောက်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေချေပြီ။
တစ်ဖက်တွင် ဂျီကျူးယွဲ့ကလည်း မဟာကောင်းကင်ဘုံ ကြယ်စင်စုအစီအရင်ကြီးအား စတင်ရန် အသင့်ဖြစ်နေပြီဖြစ်၏။
သို့သော် ထိုအခိုက်အတန့်တွင် ရွှမ်ယီက သွေးကျွန်ဝိညာဉ်အား ကြည့်ပြီး ခေါင်းယမ်းကာ ရယ်မောလိုက်ရင်း
“ ဒါက မင်းရဲ့ နောက်ဆုံးဝှက်ဖဲဆိုတာလား... ဟာသပဲ...”
စကားဆုံးသည်နှင့် ရွှမ်ယီ၏ ပတ်၀န်းကျင်တွင် တိုင်ရှုဓားနယ်မြေဖြစ်ပေါ်လာသည်။
၎င်းတွင် ဓားတာအိုနှင့် လျှပ်စီးတာအိုတို့ ရောယှက်တည်ရှိနေပြီး လှပသော ခရမ်းရောင်နှင့် အဖြူရောင်အလင်းများ တောက်ပနေ၏။
ထို့နောက် ငွေဖြူရောင် ဓားအလင်းများ ဖုံးလွှမ်းနေသည့် ခရမ်းရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ယင်းက အဆုံးသတ်မဟုတ်သေးချေ။
အဆင့်(၉) ဓားရည်ရွယ်ချက် စွမ်းအားကလည်း ပေါက်ကွဲထွက်ပေါ်လာ၏။
ကောင်းကင်ဘုံကိုးပါးကို ထိုးဖောက်မည့် ဓားချက်တစ်ချက်...
ဓားစွမ်းအားက နဂါးတစ်ကောင်နှင့် အလားသဏ္ဍာန်တူညီနေ၏။
၎င်းနှင့် ထပ်တူညီသော မြင်ကွင်းကို လူများစွာတို့ ဤမတိုင်ခင်ကတည်းက မြင်ဖူးခဲ့ပြီးဖြစ်သည်။ ယင်းက နတ်တန်ခိုးစွမ်းအားများဖြင့် တည်ဆောက်ထားသော ဓားချီတစ်ခုသက်သက်သာဖြစ်ပြီး အစစ်အမှန် နဂါး၏ တန်ခိုးစွမ်းအား မပါ၀င်ပေ။
သို့သော် ရွှမ်ယီ၏ ဓားချီထံမှ ထွက်ပေါ်နေသည့် ဖိအားများကြောင့် ပတ်၀န်းကျင်တစ်ခွင်လုံးမှလူများ အသက်ရှုကြပ်သွားကြ၏။
ထို့နောက် စကားစုတစ်ခုက မသိလိုက်မသိဖာသာဖြင့် သူတို့ စိတ်ထဲရောက်ရှိလာခဲ့သည်။
ထိုဓားချီ...
၎င်းက တကယ့် အစစ်အမှန်နဂါးတစ်ကောင်နှင့် အလွန်တူညီလှ၏။
ထို ငွေရောင်ဓားချီထက်၌ မည်သည့် ရုန်းမျှ ပါ၀င်ခြင်းမရှိချေ။
၎င်းက သာမန်ဆန်လွန်းသော်တိုက်ခိုက်မှုတစ်ခုမျှသာဖြစ်သော်လည်း အတွင်း၌ စိတ်ကူးပင်မယဉ်နိုင်လောက်သော စွမ်းအားတစ်ခုပါ၀င်နေ၏။
ချီလင်းတန်အနေဖြင့် လက်ရှိအချိန်တွင် သူရင်ဆိုင်နေရသည်က ဓားသမားတစ်ဦးမဟုတ်ဘဲ အစစ်အမှန် နဂါးတစ်ကောင်ဟု ခံစားမိလာသည်။
သူ့ထံတွင် အစစ်အမှန် နဂါးတစ်ကောင်၏ သွေးအနည်းငယ်ကို ပိုင်ဆိုင်ထားသော်လည်း ရွှမ်ယီ၏ ဓားချက်ကို မြင်လိုက်ရလျှင် ဝိညာဉ် နှင့် သွေးသားအတွင်းမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
ထို့အပြင် ရွှမ်ယီထံတွင် သူ့နည်းတူ အစစ်အမှန် နဂါးသွေး ပိုင်ဆိုင်ထားခြင်းမရှိကြောင်းကိုလည်း သူကောင်းစွာ သိရှိထားသည်။
သို့ဆိုပါက မည်သို့နည်း။
ရွှမ်ယီ၏ ဓားတာအိုက အလွန်မြင့်မားပြီး သူ၏ အစစ်အမှန်နဂါးသွေးကိုပင် ဖိအားပေးနိုင်စွမ်း ရှိနေခြင်းသာ ဖြစ်ရမည်။
“ ဒါက.. ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ...”
ချီလင်းတန် အလွန် အံ့အားသင့်သွားပြီး ဒေါသလည်း ထွက်လာခဲ့သည်။
သူ့ရှေ့မှ ရွှမ်ယီဆိုသော လူငယ်က အသက် (၃၀)၀န်းကျင်မျှသာရှိသေး၏။
သို့ဖြစ်ရာ မိခင်၀မ်းထဲ၌ ရှိနေစဉ်ကတည်းက ဓားတာအိုကို လေ့ကျင့်ခဲ့မည်ဆိုလျှင်တောင် ထိုအသက်အရွယ်၌ ဤမျှအစွမ်းထက်နေရန်မဖြစ်နိုင်ပေ။
ရွှစ်...
ချီလင်းတန်း၏ အတွေးများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်မှ ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားခဲ့ပြီး ကောင်းကင်ထက်၌ ခေါင်းပြတ်သွားသော သွေးကျွန်ဝိညာဥ်ခန္ဓာကို ငေးကြည့်နေခဲ့ကြ၏။
“…..”
မည်သူတစ်ဦးတစ်ယောက်မှ စကားမပြောကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့မြင်လိုက်ရသော မြင်ကွင်းက အလွန်အမင်း အံ့အားသင့်ဖွယ် ဖြစ်နေသောကြောင့်ဖြစ်၏။
အဆင့်(၂) အစစ်အမှန် စိတ်ဝိညာဉ်အဆင့်နှင့် ညီမျှသော ဝိညာဉ်ခန္ဓာအား ရွှမ်ယီက ဓားတစ်ချက်ဖြင့် သတ်ပစ်ခဲ့သည်။
ယင်းက မယုံနိုင်စရာပင်။
ရွှမ်ယီက ချီလင်းတန်ကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းအား ဓားတစ်ချက်ဖြင့် အေးအေးဆေးဆေး ဖြေရှင်းခဲ့ချိန်တွင်...
ပျံသန်ခြင်းအင်မောတယ်ဂိုဏ်း၌မူ အတန်ငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့၏။
အရှေ့ပိုင်းနယ်မြေ...
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းတည်ရှိရာ...
ပျံသန်းခြင်း အင်မော်တယ်တောင်တန်း...
ပျံသန်းခြင်းအင်မော်တယ် တောင်တန်းကြီးက အရှေ့ပိုင်းနယ်မြေ၌ အဘက်ဘက်မှ အကြွယ်၀ဆုံးသော နေရာတစ်ခုဖြစ်ကာ မိုင်ပေါင်း (၁)သိန်းအထိ ကျယ်၀န်းပြီး အဓိက တောင်ထိပ် (၁၃)ခုရှိသည်။
ထို အဓိကတောင်ထိပ်တစ်ခုချင်းစီတွင် ကြီးမားသော ခန်းမဆောင်တစ်ခုစီရှိကာ ပျံသန်းခြင်အင်မော်တယ်ဂိုဏ်းမှ လက်ရှိအကြီးအကဲ (၁၃)ယောက် နေထိုင်၏။
ထို့အပြင် ခန်းမဆောင် တစ်ခုခြင်းစီရှေ့၌ အတွင်းစည်းတပည့်များ လေ့ကျင့်ရန်အတွက် ရင်ပြင်ကိုယ်စီ ရှိနေပေသည်။
ထိုအထဲမှ လင်းတန်အင်မော်တယ်တောင်ထိပ်မှာ ချီလင်းတန် တာဝန်ယူထားသော အဓိကတောင်ထိပ်တစ်ခုဖြစ်သည်။
လက်ရှိအချိန်တွင် လင်းတန်တောင်ထိပ်ရှိ ရင်ပြင်ပေါ်၌ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ အတွင်းစည်းတပည့် ထောင်ပေါင်းများစွာတို့ ရိုသေစွာ ဒူးထောက်လျက် ရှိနေကြ၏။
၎င်းတို့အားလုံး အလွန်စိတ်အားထက်သန်သော မျက်ဝန်းများဖြင့် ရင်ပြင်ရှေ့၌ရှိသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့ကြသည်။
အကယ်၍ ရွှမ်ယီသာ ဤနေရာ၌ ရှိနေပါက တစ်ချက်ကြည့်ရုံနှင့် ထိုပုံရိပ်က ချီလင်းတန်၏ အသွင်အပြင်ဖြစ်ကြောင်း ချက်ချင်းမှတ်မိပေလိမ့်မည်။
သို့သော် ရင်ပြင်ရှေ့တွင် ရှိနေသည့်အရာက ချီလင်းတန်၏ ဝိညာဉ်ခန္ဓာမဟုတ်ဘဲ ဝိညာဉ်ခန္ဓာကို ပုံရိပ်ဖော်ထားခြင်းမျှသာဖြစ်သည်။
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းတွင် နှစ်စဉ်နှစ်တိုင်း ပင်မတောင်ထိပ်တစ်ခုချင်းစီမှ ခေါင်းဆောင်များက အတွင်းစည်းတပည့်များအတွက် ကျင့်ကြံခြင်းနှင့်ပတ်သက်သော မေးခွန်းများဖြေဆိုရန်အတွက် ဟောပြောပွဲတစ်ခု ပြုလုပ်လေ့ရှိကြသည်။
ထိုဟောပြောပွဲအား ပင်မတောင်ထိပ်တစ်ခုချင်းစီ၌ရှိသော ခေါင်းဆောင်များဖြစ်သည့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများ၏ ဝိညာဉ်ခန္ဓာများက ဦးဆောင်ကျင်းပလေ့ရှိသည်။
သို့သော် တစ်ခါတစ်ရံတွင် အကြီးအကဲများ၏ ဝိညာဉ်ခန္ဓာများတွင် လုပ်စရာအရေးကြီးကိစ္စများ ရှိတတ်ပြီး ဂိုဏ်း၌ မရှိနိုင်သော အခြေအနေများ ရှိတတ်ကြသည်။
ထိုအချိန်တွင် ဝိညာဉ်ခန္ဓာ၏ ပုံရိပ်ကို ဖန်တီးပေးပေလိမ့်မည်။
ထိုပုံရိပ်ယောင်၏ ဉာဏ်ရည်ဉာဏ်သွေးမှာ အစစ်အမှန်ဝိညာဉ်ခန္ဓာနှင့် နှိုင်းယှဉ်ပါက အလွန်ကွာခြားလှသည်။
သို့သော် သူတော်စင်အင်ပါယာအဆင့်သို့ပင် ရောက်ရှိခြင်းမရှိသေးသည့် အတွင်းစည်းတပည့်များအတွက် ၎င်းက သင်ကြားပေးရန် လုံလောက်နေချေပြီ။
“ အကြီးအကဲလင်းတန် ဘယ်သွားလဲမသိဘူး…”
ရင်ပြင်ရှိ အမျိုးသမီးတပည့်များစွာတို့ စိတ်ပျက်အားငယ်နေဟန်များဖြင့် အချင်းချင်းတီးတိုးပြောဆိုနေကြ၏။