← Chapters

အခန်း (၅၆၃)

Vol. 38 Ch. 563

အခန်း (၅၆၃)

Vol. 38 Ch. 563

၎င်းတို့အား ကြည့်ရသည်မှာ ချီလင်းတန်အား အလွန်သဘောကျနေကြောင်း ထင်ရှားသည်။

သူတို့က ဤအခွင့်အရေးကို အသုံးချလျက် ချီလင်းတန်၏မျက်နှာအား မြင်ခွင့်ရမည်ဟု နဂိုက မျှော်လင့်ခဲ့ကြသည်။

ဝိညာဉ်ခန္ဓာဖြစ်နေလျှင်တောင်မှ ကိစ္စမရှိချေ။

သို့သော် သူတို့အနေဖြင့် ဝိညာဉ်ခန္ဓာကိုပင် မြင်ခွင့်မရဖြစ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ကြချေ။

ဤသို့ဖြင့် ဝိညာဉ်ခန္ဓာ၏ ဝေဝါးနေသော ပုံရိပ်ယောင်ကိုသာ စိတ်ဓာတ်ကျစွာနှင့် ကြည့်နေခဲ့ရသည်။

“ အကြီးအကဲလင်းတန်ကို ဂိုဏ်းရဲ့ ပင်မခန်းမဆီ ဆင့်ခေါ်ခဲ့တယ်လို့ ဒီနေ့သတင်းကြားခဲ့ရတယ်… ကြည့်ရတာ အနောက်ပိုင်းကန္တာရနဲ့ စစ်ပွဲကိစ္စဆွေးနွေးမလို့ဖြစ်မယ်…”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ထိုအခါတွင် အနီးအနား၌ရှိသော အမျိုးသမီးတပည့်တစ်ဦးက တစ်စုံတစ်ခုအား ပြောချင်ဟန်ဖြင့် အနည်းငယ်ချီတုံချတုံ ဖြစ်သွား၏။

“ တစ်ခုခုပြောစရာရှိလို့လား… ပြောလေ… ဘာလို့လဲ… ပြောမရတဲ့ကိစ္စမို့လား…”

အနည်းငယ် ချီတုံချတုံဖြစ်နေသော အမျိုးသမီးတပည့်အားမြင်လျှင် နံဘေးမှတစ်ယောက်က အနည်းငယ်မကျေမနပ်ဖြစ်သွားဟန်ဖြင့် ပြောလိုက်၏။

သူမ၏သူငယ်ချင်း မပျော်မရွှင်ဖြစ်သွားသည်ကိုမြင်လျှင် အနည်းငယ်ချီတုံချတုံဖြစ်နေခဲ့သော အမျိုးသမီးက

“ အဲ့လိုမဟုတ်ပါဘူး… အစောနက သတင်းမမှန်ဘူးထင်လို့ပါ… ဘာလို့လဲဆိုတော့ အရင်တုန်းက တောင်ပိုင်းနယ်စပ်ကို အကြီးအကဲလင်းတန် သွားခဲ့တုန်းက သူသဘောကျတဲ့ နောက်လိုက်တစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်…”

“ ဒါပေမဲ့ အဲဒီနောက်လိုက်က အသစ်ပေါ်ထွက်လာတဲ့ ဓားသမားတစ်ဦးဆီမှာ မမျှော်လင့်ထားဘဲ သတ်ခံခဲ့ရတယ်လေ… ဒါကြောင့်မို့လို့ အကြီးအကဲလင်းတန်က လက်စားချေဖို့အတွက် သူ့ရဲ့ဝိညာဉ်ခန္ဓာကို တောင်ပိုင်းနယ်စပ်ဆီ စေလွှတ်လိုက်တာပဲ…”

“ ဟမ်… အကြီးအကဲလင်းတန်ရဲ့ နောက်လိုက်ကို ဘယ်လိုလူမျိုးက သတ်ရဲတာလဲ…”

လူတိုင်း အံ့အားသင့်သွားကြ၏။

ထိုအချိန်တွင် လူစုထဲမှ အမျိုးသမီးတစ်ယောက်က သူ့မိသားစုထံမှ ပေးပို့လိုက်သော ပုံရိပ်ကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်ကာ

“ ငါလည်း အဲ့သတင်းကြားခဲ့ပြီးသွားပြီ… ပြီးတော့ မိသားစုကလည်း ငါ့ကို ဂိုဏ်းမှာပဲ ဆက်နေဖို့အတွက် ညွှန်ကြားထားတယ်…”

သူမက စကားဆုံးသည်နှင့် လက်အတွင်းမှ ပုံရိပ်ကျောက်စိမ်းအား ဝိညာဉ်စွမ်းအင် အနည်းငယ်ထည့်သွင်းကာ ဖွင့်လိုက်လျှင် ရွှမ်ယီ၏ပုံရိပ် ထွက်ပေါ်လာလေသည်။

ယင်းက အင်ပါယာလျူယန်အား ရွှမ်ယီက ဓားတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သော မြင်ကွင်း ဖြစ်ပေသည်။

“ ဝိုး… ဒီလူက ခန့်ညားလိုက်တာ…”

အမျိုးသမီးကျင့်ကြံသူအဖွဲ့ အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။

အချိန်အနည်းငယ်ခန့်ကြာသွားပြီးနောက် ထိုလူအုပ်ထဲမှ အမျိုးသမီးတစ်ဦးက စိတ်မကောင်းဟန်ဖြင့်

“ ကံမကောင်းစွာနဲ့ပဲ သူဘယ်လောက်ပဲ ခန့်ညားချောမောနေပါစေ အဲဒါက အသုံးမဝင်တော့ဘူး… ငါသိရသလောက်ဆိုရင် အဲဒီလူရဲ့ကျင့်ကြံမှုက အင်ပါယာတစ်ဝက်အဆင့်မှာပဲ…

“ ဒါပေမဲ့ သူ့ရဲ့ ဓားတာအိုနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုကတော့ အရမ်းမြင့်မားလွန်းတယ်… ကောလာဟလတွေအရဆိုရင် အဆင့်(၆)ဓားရည်ရွယ်ချက်ကိုတောင် နားလည်ထားတယ်ဆိုပဲ…”

“ ဒါပေမဲ့ သူက အကြီးအကဲလင်းတန်ကို ရန်စပြီးသွားပြီ… အကြီးအကဲလင်းတန်က သူ့ရဲ့ဝိညာဉ်ခန္ဓာကို စေလွှတ်လိုက်ပြီး ဝိညာဉ်ခန္ဓာကလည်း လေးဆဝိညာဉ်ခန္ဓာတွေကို ဆင့်ခေါ်လိုက်တယ်… ဒါကြောင့်မို့လို့ အဲဒီ အင်ပါယာတစ်ဝက်အဆင့်ဓားသမား မကြာခင်သေရတော့မှာ သေချာတယ်…”

ထိုစကားအားကြားလျှင် အမျိုးသမီးကျင့်ကြံသူအားလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သို့သော် မကြာခင် ထိုအထဲမှ တစ်စုံတစ်ယောက်က တိုးညင်းစွာဖြင့်

“ ဒါပေမဲ့ အဲဒီလူရဲ့ ဓားရည်ရွယ်ချက်က အရမ်းအားကောင်းလွန်းတယ်ဆို… အကြီးအကဲလင်းတန်က သူ့အရည်အချင်းကို သဘောကျပြီး နောက်လိုက်အဖြစ် ဂိုဏ်းကို ပြန်ခေါ်လာတာမျိုးရော မဖြစ်နိုင်ဘူးလား…”

ထိုစကားအား ကြားလျှင် ပတ်ဝန်းကျင်မှ အမျိုးသမီးကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြ၏။

ထို့နောက် အစောပိုင်းက ဖွင့်ကြည့်ခဲ့သော ပုံရိပ်ကျောက်စိမ်းအား တောက်ပသော မျက်ဝန်းများဖြင့် တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

ပုံရိပ်ကျောက်စိမ်းမှ ထွက်ပေါ်နေသော အင်မော်တယ် ဓားသမားတစ်ဦးအလားဖြစ်နေသည့် လူငယ်အား ကြည့်နေသော သူမတို့မျက်ဝန်းများထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။

အကယ်၍ ချီလင်းတန်သာ ရွှမ်ယီအား ဖမ်းဆီးပြီး ဂိုဏ်းထံသို့ ခေါ်ဆောင်လာမည်ဆိုလျှင် သူမတို့ထံ၌ အခွင့်အရေး ရှိကောင်းရှိလာနိုင်သည်။

သို့သော် သူမတို့ စိတ်ကူးယဉ်နေကြချိန်တွင် ရင်ပြင်ရှေ့၌ ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားလာ၏။

၎င်းက နှင်းဘောလုံးကြီးကဲ့သို့ အလားသဏ္ဌာန်တူသော အရာတစ်ခုဖြစ်ပြီး တဖြည်းဖြည်း ပို၍ကြီးမားလာကာ နောက်ဆုံးတွင် ပြတ်သားသော စကားသံအဖြစ်သို့ ပြောင်းလဲသွားသည်။

“ အကြီးအကဲလင်းတန်ရဲ့ ဝိညာဉ်ခန္ဓာ အက်ကွဲသွားပြီ...”

လင်းတန်တောင်ထိပ်သို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ တပည့်အဖွဲ့တစ်ဖွဲ့ အလျင်အမြန် ရောက်ရှိလာသည်။

မကြာခင် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ကျဆင်းလာပြီး ရင်ပြင်ရှေ့၌ရှိသော ချီလင်းတန်၏ ဝိညာဉ်ခန္ဓာပုံရိပ်နှင့် ပေါင်းစည်းသွားခဲ့သည်။

အစပိုင်းတွင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ တပည့်များက ချီလင်းတန် တောင်ပိုင်းနယ်စပ်မှ ပြန်လာသည်ဟု ထင်မှတ်နေခဲ့ကြသည်။

ဤသို့ဖြင့် သူတို့ သွားရောက်နှုတ်ဆက်ရန် ပြင်လိုက်ကြ၏။

သို့သော် ရင်ပြင်ရှေ့၌ ရှိသော ချီလင်းတန်၏ ဝိညာဉ်ခန္ဓာပုံရိပ်က ရုတ်တရက် တုန်ခါသွားခဲ့ပြီး ရွှံ့ရုပ်တစ်ရုပ်ကဲ့သို့ဖြစ်လာကာ ၎င်း၏ခန္ဓာထက်၌ အက်ကြောင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ရုတ်တရက် ပေါက်ကွဲသွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုမြင်ကွင်းက တစ်စုံတစ်ခုအား ဖော်ညွှန်းပြသနေခဲ့၏။

ချီလင်းတန်၏ ဝိညာဉ်ခန္ဓာက တောင်ပိုင်းနယ်စပ်တွင် အလွန်ကြီးမားသော ထိခိုက်မှုဒဏ်ကို ခံစားခဲ့ရသောကြောင့် ၎င်း၏ ပုံရိပ်ယောင်ကိုပင် ဆက်လက်ထိန်းသိမ်းနိုင်မှု မရှိတော့ခြင်းဖြစ်နိုင်သည်။

ဝိညာဉ်ခန္ဓာ၏ ပုံရိပ်ယောင်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

အဆိုပါ ဝိညာဉ်ခန္ဓာ၏ ပုံရိပ်ယောင်က သာမန်ကျင့်ကြံသူများ နတ်တန်ခိုးစွမ်းအင်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်မျိုး မဟုတ်ပေ။

စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူ၏ စွမ်းအားသာမက ၎င်း၏ကျင့်ကြံမှုတချို့လည်း ပါဝင်သည်။

ယင်းက ပိုင်ရှင်နှင့် အလွန်နီးကပ်စွာ ဆက်နွယ်နေခဲ့ပြီး ဝိညာဉ်ခန္ဓာ ဒဏ်ရာရသွားသည်နှင့် အဆိုပါပုံရိပ်ယောင်ကလည်း အလွန်ကြီးမားသောဒဏ်ကို ခံစားရမည်ဖြစ်သည်။

“ အကြီးအကဲလင်းတန်... သူ တောင်ပိုင်းနယ်စပ်မှာ ဘယ်လိုရန်သူမျိုးနဲ့ ရင်ဆိုင်နေရတာလဲ...”

ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသော ဝိညာဉ်ခန္ဓာပုံရိပ်ယောင်ကိုကြည့်ရင်း ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ အတွင်းစည်းတပည့်များ ၎င်းတို့ကျောရိုးတစ်လျှောက် အေးစက်သွားသည့်အလား ခံစားလိုက်ရသည်။

ချီလင်းတန်၏ ဝိညာဉ်ခန္ဓာပုံရိပ်ယောင် တစ်စစီကွဲအက်သွားသော မြင်ကွင်းကို မြင်လိုက်ရသော လင်းတန်တောင်ထိပ်သို့ ရောက်နေသည့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ အတွင်းစည်းတပည့်များ ထိတ်လန့်သွားခြင်းမှာ အံ့အားသင့်စရာတစ်ခုတော့ မဟုတ်ချေ။

ထိုအချိန်တွင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ အဓိကခန်းမအတွင်း၌…

တောင်ပိုင်းနယ်စပ်တွင် သွေးကျွန်ဝိညာဉ်ခန္ဓာက ရွှမ်ယီထံ၌ ဖျက်ဆီးခြင်းခံလိုက်ရချိန်တွင် ချီလင်းတန်၏ ဝိညာဉ်ခန္ဓာလေးခုလုံး ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့ကြသည်။

ငွေရောင်ဝတ်စုံဖြင့် ဝိညာဉ်ခန္ဓာက လင်းတန်တောင်ထိပ်သို့ ပြန်ရောက်သွားခဲ့ပြီး ကျန်ဝိညာဉ်ခန္ဓာသုံးခုက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ ပင်မခန်းမအတွင်းသို့ တိုက်ရိုက်ရောက်ရှိလာသည်။

ဘုန်း…

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း ပင်မခန်းမထဲတွင် မိုးမရွာ လေမတိုက်ဘဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး သုံးကြိမ်ဆက်တိုက် ထွက်ပေါ်လာ၏။

ခန်းမအတွင်း၌ ထိုင်နေသော လူ(၁၂)ယောက်လုံး ထိတ်လန့်သွားပြီး ချီလင်းတန်ရှိရာ သတ္တမမြောက်ထိုင်ခုံသို့ လှည့်ကြည့်လိုက်ကြသည်။

သူတို့အားလုံး စကားပြောနေခဲ့ကြစဉ် ရုတ်တရက် ဖြူဖျော့သွားသော ချီလင်းတန်အား မြင်လိုက်ရ၏။

အစောပိုင်းက ထွက်ပေါ်လာသည့် ပေါက်ကွဲသံများက ဂိုဏ်းထံသို့ ပြန်ရောက်လာသော ချီလင်းတန်၏ ဝိညာဉ်ခန္ဓာတစ်ခုချင်းစီမှ ဖြစ်သည်။

ဝိညာဉ်ခန္ဓာသုံးခု ပျက်စီးပြီးနောက် ချီလင်းတန်၏ မျက်နှာက စက္ကူတစ်စအလား ဖြူဖျော့သွားခဲ့၏။

သူ၏ အရှိန်အဝါများလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။

All Chapters