← Chapters

အခန်း (၅၆၄)

Vol. 38 Ch. 564

အခန်း (၅၆၄)

Vol. 38 Ch. 564

“ ဟမ်... ဘာတွေဖြစ်နေတာလဲ…”

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ တတိယအကြီးအကဲက ရေရွတ်လိုက်သည်။

သူက ချီလင်းတန် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်လာပြီးနောက် ချီလင်းတန်၏ လက်ဦးဆရာဖြစ်ခဲ့ကာ လက်ရှိအချိန်ထိလည်း ချီလင်းတန်နှင့် အလွန်ရင်းနှီးသူဖြစ်ပေသည်။

ဤသို့ဖြင့် ချီလင်းတန်၏ အရှိန်အဝါများ ကျဆင်းလာပြီး ၎င်း၏ ကျင့်ကြံမှုကလည်း မတည်မငြိမ် ဖြစ်နေသည်ကို မြင်လိုက်လျှင် အလွန်အံ့အားသင့်သွားခဲ့သည်။

ချီလင်းတန်အား ကြည့်နေသော မျက်ဝန်းများအတွင်း၌ စိုးရိမ်မှုများလည်း ပြည့်နှက်နေခဲ့၏။

ချီလင်းတန် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ချောင်းတစ်ချက်ဆိုးကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

သူ့ မျက်ဝန်းများထဲတွင်မူ ဒေါသများ ပြည့်နှက်နေခဲ့၏။

သွေးကျွန်ဝိညာဉ်ခန္ဓာ ဖျက်ဆီးခံလိုက်ရချိန်တွင် သူ၏ဝိညာဉ်ခန္ဓာများအားလုံး ပျက်စီးသွားခဲ့သည်။

ဝိညာဉ်ခန္ဓာများ ပျက်စီးသွားသည့် ကိစ္စနှင့်ပတ်သက်ပြီး သူ စိတ်ပူခြင်းတော့ မရှိချေ။

သို့သော် ရွှမ်ယီ၏ စွမ်းအားနှင့်ပတ်သက်၍မူ အလွန်အံ့ဩသွားခဲ့ရ၏။

ဝိညာဉ်ခန္ဓာလေးခု ပျက်စီးသွားခဲ့သည်။

ချီလင်းတန်၏ အမြင်တွင် ၎င်းတို့အတွင်း၌ ပါဝင်သော တာအိုစွမ်းအားမှာ အလွန်အစွမ်းထက်လှပါသည်ဆိုသော နက်နဲခြင်းအင်ပါယာဂိုဏ်းမှရွှမ်ယီ ဖျက်ဆီးနိုင်သော အရာမဟုတ်ပေ။

၎င်း၏ကျင့်ကြံမှုက စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်သို့ မရောက်ရှိသေးဘဲ ဝိညာဉ်ခန္ဓာအတွင်း၌ ပါဝင်သော တာအိုစွမ်းအားကို ဖျက်ဆီးပစ်ချင်ပါက ဟာသတစ်ခုထက် မပိုချေ။

သူ၏ ပျက်စီးသွားသော ဝိညာဉ်ခန္ဓာများကို ပြန်လည်တည်ဆောက်ရာတွင် အရင်းအမြစ်အများအပြား လိုအပ်မည်ဖြစ်သော်လည်း သူကဲ့သို့ မဟာဂိုဏ်းကြီးတစ်ခုမှ လူတစ်ယောက်အတွက် စကားထဲပင်ထည့်ပြောရန် ထိုက်တန်ခြင်းမရှိချေ။

သို့သော် လက်ရှိဖြစ်ပျက်လာခဲ့သော အမှန်တရားက ချီလင်းတန်အတွက် ရက်စက်သော ထိုးနှက်မှုတစ်ခု ဖြစ်ခဲ့ပြီး ယခင်တုန်းက တည်ငြိမ်မှုကို လုံးဝ ပျက်စီးသွားစေခဲ့သည်။

“ နက်နဲခြင်းအင်ပါယာဂိုဏ်း... ရွှမ်ယီ...”

ချီလင်းတန် သွားကြားထဲမှ ထွက်လာသော လေသံဖြင့် ရေရွတ်လိုက်သည်။

ချီလင်းတန်၏ ရေရွတ်သံကို ကြားလျှင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း အဓိကခန်းမအတွင်းမှ လူတိုင်း အံ့အားသင့်သွားကြ၏။

ချီလင်းတန်နှင့် ရွှမ်ယီအကြားမှ ရန်ငြိုးရန်စများကို သူတို့အားလုံး သိရှိပြီးဖြစ်သော်လည်း သိပ်ပြီးအလေးအနက်ထားခဲ့ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် ချီလင်းတန်နှင့် ရွှမ်ယီ၏ အကြားမှ ကွာဟချက်မှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်သောကြောင့်ပင်။

သူတို့အမြင်တွင် ချီလင်းတန်သာ ရွှမ်ယီအား သတ်ဖြတ်လိုပါက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံသာ။

ယခုတွင်မူ ကြည့်ရသည်မှာ ချီလင်းတန်က ရွှမ်ယီ၏ လက်ထဲ၌ အလွန်ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရဟန်တူသည်။

“ ဒါက အလွန်ကြီးမားတဲ့ အရှက်ရမှုတစ်ခုပဲ… တောင်ပိုင်းနယ်စပ်က ကျင့်ကြံသူတစ်ယောက်က ကျုပ်တို့မဟာဂိုဏ်းကြီးတစ်ခုရဲ့ ဂုဏ်သိက္ခာကို အမှန်တကယ်ပဲ နင်းချေရဲတယ်… ဒါက ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်နေရင်တောင်မှ လုံးဝခွင့်လွှတ်လို့မရတဲ့ ကိစ္စတစ်ခုပဲ…”

ချက်ချင်း ပင်မခန်းမထဲမှ အကြီးအကဲ ဟောင်ရန်က ဒေါသတကြီးဖြင့် ဝုန်းခနဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

အကယ်၍ မသိသူများသာ မြင်သွားမည်ဆိုပါက ၎င်းနှင့်ချီလင်းတန်ကြား အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။

သို့သော် ဤနေရာရှိ ခေါင်းဆောင်များအားလုံး တစ်ယောက်ခေါင်းထဲတွင်တစ်ယောက် မည်သည့်ကိစ္စများ တွေးနေကြကြောင်း ရှင်းရှင်းလင်းလင်း နားမလည်နိုင်ကြပေ။

ပြောရမည်ဆိုလျှင် ချီလင်းတန်က ခုနစ်ယောက်မြောက်အကြီးအကဲဖြစ်ကာ၊ ရှစ်ယောက်မြောက် အကြီးအကဲက နန်းကုန်းချင်ဖြစ်ပြီး ကိုးယောက်မြောက်အကြီးအကဲက ရှန်းယီဖြစ်သည်။

ထို့အပြင် ၎င်းတို့သုံးယောက်စလုံးက အစစ်အမှန်စိတ်ဝိညာဉ် အဆင့်(၄)တွင် ရှိနေကြခြင်းဖြစ်၏။

ဤသို့ဖြင့် ၎င်းတို့အကြားမှ ပြိုင်ဆိုင်မှုများမှာ ကြာခဲ့ချေပြီ။

၎င်းတို့ထဲတွင် ချီလင်းတန်က အကြီးအကဲအဖြစ်သို့ နောက်ဆုံးမှ ရောက်လာခဲ့သူဖြစ်သော်လည်း သူက နန်းကုန်းချင်နှင့် ရှန်းယီတို့အား ကျော်ဖြတ်ကာ ခုနစ်ယောက်မြောက်အကြီးအကဲနေရာအား ရရှိသွားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး နန်းကုန်းချင်ရော ရှန်းယီပါ အလွန်မကျေမနပ်ဖြစ်နေခဲ့ကြ၏။

လက်ရှိအချိန်တွင် ချီလင်းတန်က တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူတစ်ယောက်ထံတွင် ဒဏ်ရာရသွားခဲ့သည်။

ဤသို့ဖြင့် ၎င်းတို့နှစ်ယောက်၏ နှလုံးသားထဲ၌ အကြံအစည်တချို့ ချက်ချင်းဖြစ်ပေါ်လာ၏။

အကယ်၍ သူတို့သာ ချီလင်းတန်အား ဒဏ်ရာရစေခဲ့သော တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူကို ဇာတ်သိမ်းပေးလိုက်နိုင်ပါက ဤပင်မခန်းမကြီးအတွင်း၌ ၎င်းတို့၏ အဆင့်သတ်မှတ်ချက်များ ပြောင်းလဲသွားနိုင်သည်။

နောက်ဆုံးတွင် အကြီးအကဲများအကြား ပြိုင်ဆိုင်မှုများ အမြဲတစေ ရှိနေခဲ့ပြီး ၎င်းတို့ရာထူးက အဆင့်မြင့်လေ ဂိုဏ်းထံမှ ရရှိနိုင်သော အရင်းအမြစ်များ ပိုမိုများပြားလေဖြစ်သည်။

ယင်းက ဂုဏ်သိက္ခာအတွက်သာမက အကျိုးစီးပွားအတွက်ပါ ပြိုင်ဆိုင်မှုတစ်ခုဖြစ်လေရာ မည်သူက နောက်ကျကျန်ရစ်ချင်လိမ့်မည်နည်း။

ဤသို့ဖြင့် နန်းကုန်းချင် ချက်ချင်းထရပ်လိုက်ပြီး

ပင်မခန်းမကြီးအတွင်းရှိ ထိပ်ဆုံးနေရာ၌ရှိသော ထိုင်ခုံ၌ထိုင်နေသည့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ် ရှိရာသို့ မျက်နှာမူလိုက်ကာ

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို စေလွှတ်ဖို့ တောင်းဆိုပါရစေ… တောင်ပိုင်းနယ်စပ်ကို ကျွန်တော်ကိုယ်တိုင် သွားလိုက်ပါ့မယ်… အဲဒါက တောင်ပိုင်းနယ်စပ်က တောခွေးရိုင်းတစ်ကောင်ထက် ဘာမှမပိုပါဘူး…”

စကားဆုံးသည်နှင့် နန်းကုန်းချင်က သူ၏အရှိန်အဝါကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး အစစ်အမှန်စိတ်ဝိညာဉ် အဆင့်(၄)၌ ရှိသော သူ၏ ကျင့်ကြံမှုအား တိုက်ရိုက်ထုတ်ဖော်ပြသလိုက်သည်။

ထိုအခါ တစ်စုံတစ်ခုက လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

နန်းကုန်းချင် ၎င်း၏အရှိန်အဝါကို ထုတ်ဖော်လိုက်ချိန်တွင် နောက်ကျောဘက်၌ ပုံရိပ်လေးခု ဆက်တိုက်ထွက်ပေါ်လာသည်။

၎င်းတို့အားလုံးက နန်းကုန်းချင် သန့်စင်ထားသော ဝိညာဉ်ခန္ဓာများဖြစ်ကြပြီး ထိုဝိညာဉ်ခန္ဓာလေးခု၏ အလယ်တွင် ငါးခုမြောက် ဝိညာဉ်ခန္ဓာပုံရိပ်က ဝိုးတဝါးတည်ရှိနေခဲ့၏။

၎င်းက အလွန်မှုန်ဝါးနေဆဲဖြစ်သော်လည်း ၎င်းထံတွင် ဝိညာဉ်ခန္ဓာတစ်ခု၏ အရှိန်အဝါများ ကိန်းအောင်းနေချေပြီ။

ခန်းမအတွင်း၌ ရှိနေသူများအားလုံး စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူများဖြစ်ကြပြီး သူတို့ရှေ့မှ မြင်ကွင်းက မည်သည့်အရာကို ကိုယ်စားပြုကြောင်း ကောင်းစွာနားလည်ကြပေသည်။

လက်ရှိအချိန်တွင် ထိုနန်းကုန်းချင်၏ ကျင့်ကြံမှုက သူတို့မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားနေခဲ့ပြီး အဆင့်(၅) အစစ်အမှန်စိတ်ဝိညာဉ်အဆင့်၏ တံခါးဝသို့ ရောက်ရှိနေခဲ့ချေပြီ။

ထိုငါးခုမြောက်ဝိညာဉ်ခန္ဓာ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် နန်းကုန်းချင်က အဆင့်(၅) အစစ်အမှန်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုအခါတွင် ခုနစ်ယောက်မြောက်အကြီးအကဲနေရာအတွက်သာမက ခြောက်ယောက်မြောက်အကြီးအကဲနေရာအတွက်ပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာတော့မည်ဖြစ်၏။

လက်ရှိအချိန်တွင် နန်းကုန်းချင်က ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ (၁၃)ယောက်အနက်မှ တစ်ယောက်ဖြစ်ပြီး အငယ်ဆုံး သုံးယောက်ထဲတွင် ပါဝင်သည်။

ထို့အပြင် သူကျင့်ကြံ‌နေသောကျင့်စဉ်တွင် ချို့ယွင်းချက်တစ်ခု ရှိနေသောကြောင့်သာ အဆင့်မတက်နိုင်သေးခြင်းဖြစ်၏။

“ လွန်ခဲ့တဲ့ နှစ်(၃၀)လောက်တုန်းက နန်းကုန်းချင် လျှို့ဝှက်နယ်မြေတစ်ခုထဲကို မတော်တဆ ဝင်ရောက်မိပြီး သူလေ့ကျင့်နေတဲ့ ကျင့်စဉ်ရဲ့ ဒုတိယအပိုင်းကို ရှာတွေ့ခဲ့တယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့တယ်… အခု ကြည့်ရတာ အဲဒါက ကောလဟာလ မဟုတ်ဘဲ အမှန်တကယ်ဖြစ်နေပုံပဲ…”

ပင်မခန်းမအတွင်းမှ အကြီးအကဲများ နန်းကုန်းချင်ကြောင့် အနည်းငယ်ထိတ်လန့်အံ့အားသင့်သွားခဲ့ရသည်။

တစ်ဖက်တွင် ချီလင်းတန်၏ အမူအရာကမူ ပို၍ ခန့်မှန်းရခက်လာခဲ့သည်။

သို့သော် သူ မည်သည့်စကားမှ မပြောရသေးခင် ထိပ်ဆုံးနေရာ၌ ထိုင်နေကာ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ဂိုဏ်းချုပ်၏ မျက်လုံးများ ပွင့်လာခဲ့သည်။

ထိုအခါ နန်းကုန်းချင် အနေဖြင့် မိမိကိုယ်ခန္ဓာပေါ်သို့ အလွန်ကြီးမားသည့် ဖိအားကြီးတစ်ခု ကျဆင်းလာသည့်အလား ခံစားလိုက်ရပြီး မည်သည့်စကားမှ ဆက်မပြောဝံ့တော့ဘဲ ချက်ချင်း နေရာ၌ပြန်ထိုင်ချလိုက်၏။

တဖက်တွင် ချီလင်းတန် ပို၍ပင် စိတ်ပူလာခဲ့သည်။

သူက နန်းကုန်းချင်၏ စိန်ခေါ်မှုနှင့် ပတ်သက်ပြီး စိတ်ပူခြင်းတော့မဟုတ်ပေ။

သူ အဓိကစိတ်ပူနေသောအရာက ဤမျှ သေးငယ်သော ကိစ္စလေးတစ်ခုကိုပင် ကိုင်တွယ်နိုင်ခြင်း မရှိဟု ဂိုဏ်းချုပ်က အထင်မှားသွားမည်ကိုပင်။

ယင်းက သူ၏ ခုနစ်ယောက်မြောက်အကြီးအကဲဟူသော ရာထူးကို စွန့်လွှတ်လိုက်ရသည်ထက် ပို၍ဆိုးရွားလှသည်။

All Chapters