အခန်း (၅၆၅)
Vol. 38 Ch. 565
တစ်ဖက်တွင် ဂိုဏ်းချုပ်က အစမှ အဆုံးထိ ချီလင်းတန်အား လှည့်မကြည့်ခဲ့ပေ။
“ အခုချိန် အနောက်ပိုင်း ကန္တာရနတ်ဆိုးမျိုးနွယ်အတွင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ရှိနေတယ်… ငါတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက အရှေ့ပိုင်းတိုက်ကြီးမှာ ရှိတဲ့ လူသားမျိုးနွယ်ရဲ့ တံတိုင်းကြီးတစ်ခုဆိုရင်လည်း မမှားဘူး… ဒါကြောင့် ဂိုဏ်းမှာရှိတဲ့လူတိုင်း ကြိုးစားကျင့်ကြံရမယ်… အခုအချိန်ကစပြီး ဝိညာဉ်ခန္ဓာတွေကိုလည်း အပြင်ကို လုံးဝ ထွက်ခွင့်မပြုတော့ဘူး…”
စကားဆုံးသည်နှင့် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ပင်မခန်းမကြီးထဲမှလူအများစု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
၎င်းတို့ မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့သည်။
လူတချို့ကမူ ဂိုဏ်းချုပ် ရှိနေခဲ့သောနေရာသို့ စိုက်ကြည့်နေခဲ့ကြပြီး တခဏအကြာတွင် ၎င်းတို့မျက်နှာထက်၌ လေးနက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ရွှမ်ယီနှင့် ချီလင်းတန်ကြား၌ ဖြစ်ပေါ်ခဲ့သော ကိစ္စများက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်ကြောင်း ထင်ရှားသည်။
သို့သော် ဂိုဏ်းချုပ်က သူတို့အထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ တောင်ပိုင်းနယ်စပ်သို့ သွားခွင့်မပြုတော့ဘဲ ချီလင်းတန်ကြောင့်ဖြစ်ပေါ်လာခဲ့သော အရှက်တရားများကိုလည်း ဘေးဖယ်ထားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အကြောင်းပြချက်နှစ်ခုသာ ရှိသည်။
ပထမတစ်ချက်အနေဖြင့် ရွှမ်ယီ၏နောက်ကွယ်တွင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းကိုပင် ထိတ်လန့်စေနိုင်လောက်သော အရာတစ်ခုခုရှိရမည်။
ဒုတိယတစ်ချက်မှာ မကြာခင် လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်အကြား စစ်ပွဲကြီးဖြစ်လာပေတော့မည်။
သို့ဖြစ်ရာ အရှေ့ပိုင်းတိုက်ကြီးရှိ လူသားမျိုးနွယ်မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ်အနေဖြင့် အတွင်းပိုင်း ပြဿနာများကို ရှောင်ရှားပြီး မကြာခင်လာမည့် စစ်ပွဲကြီးအတွက် ပြင်ဆင်လိုခြင်းဖြစ်ရမည်။
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများအမြင်တွင် ရွှမ်ယီက အလွန်ထူးချွန်သည် မှန်သော်လည်း ၎င်း၏နောက်ခံက အလယ်အလတ်မျှသာ။
ထို့အပြင် တောင်ပိုင်းနယ်စပ်မှ လူသားမျိုးနွယ်၏ မြင့်မြတ်နယ်မြေများအကြားထဲတွင် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းအား ထိတ်လန့်အောင် လုပ်နိုင်စွမ်းရှိသော အင်အားစု တစ်ခုမှမရှိပေ။
သို့တိုင်အောင် ဂိုဏ်းချုပ်က သူတို့အား ဂိုဏ်းပြင်ပသို့ မထွက်ခွာရန် အမိန့်ပေးခဲ့သည်။
“ နတ်ဆိုးမျိုးနွယ်ရဲ့ စွမ်းအားက ဒီအဆင့်ထိတောင် ရောက်လာပြီလား…?”
၎င်းတို့ အားလုံး စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူများချည်းဖြစ်ရာ မည်သူမှ မတုံးအကြပေ။
တခဏမျှ ငြိမ်သက်သွားကြပြီးနောက် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။
နတ်ဆိုးမျိုးနွယ်နှင့် သူတို့ လူသားမျိုးနွယ်အကြားမှ ထိပ်တိုက်ရင်ဆိုင်မှုများက နှစ်ပေါင်း သန်းရာဂဏန်းနှင့်ချီ ကြာမြင့်ခဲ့ချေပြီ။
အနာဂါတ်တွင်လည်း ယင်းက ဆက်လက်ပြီး ရှိနေဦးမည်ဖြစ်၏။
လက်ရှိအချိန်တွင် မျိုးနွယ်စု နှစ်ခုအကြား အနည်းငယ် ငြိမ်းချမ်းနေခဲ့သော်လည်း တစ်ဖက်ကိုတစ်ဖက် ဖျက်ဆီးနိုင်ရန်အတွက် အမြဲတစေ တွေးတောနေခဲ့ကြသည်။
သို့သော် အရှေ့ပိုင်းတိုက်ကြီး၏ အထွတ်အထိပ်၌ ရပ်တည်နေသူများကမူ ကောင်းစွာနားလည်ထားကြသည်။
ထိုငြိမ်းချမ်းသော အခြေအနေက ဖန်တစ်စအလား အလွယ်တကူ ကွဲအက်ပျက်စီးသွားနိုင်၏။
အနောက်ပိုင်းကန္တာရမှ…
နတ်ဆိုး အရှင်သခင်…!
၎င်းက ယခုအချိန်ထိ သေဆုံးခြင်းမရှိသေးပေ။
သို့ဖြစ်ရာ အနောက်ပိုင်းကန္တာရအား နှစ်ပေါင်း (၁၀)သန်းနီးပါး အုပ်စိုးခဲ့သည့် ထိုနတ်ဆိုး အရှင်သခင်၏ အသိပညာ ဗဟုသုတများ နှင့် ကျင့်ကြံမှုတို့အား အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအနေဖြင့် စိတ်ကူးယဉ် တွေးတောကြည့်နိုင်စွမ်းပင် မရှိတော့ချေ။
ဒဏ္ဍာရီများအရဆိုလျှင် ထို နတ်ဆိုးအရှင်သခင်က တချိန်တုန်းက ပျံသန်းခြင်းမော်တယ်ဂိုဏ်းအား တည်ထောင်ခဲ့သည့် အဓိပဓိဂိုဏ်းချုပ်နှင့် အရှေ့ပိုင်းတိုက်ကြီးအား စိုးမိုးနိုင်ရန်အတွက် မျိုးဆက်တစ်ဆက်တည်း၌ ယှဉ်ပြိုင်ခဲ့ဖူးသည်ဟု ဆိုကြသည်။
အတိအကျပြောရမည်ဆိုလျှင် ထိုနတ်ဆိုးအရှင်သခင်ဆိုသူက ထိုတိုက်ပွဲ အကျိုးဆက်ကြောင့် ယခုအချိန်ထိ ဒဏ္ဍာရီလာ သူတော်စင်အဆင့်သို့ မချိုးဖျက်နိုင်သေးခြင်းဖြစ်၏။
မှန်ပေသည်။
ယင်းက ကောလဟာလ တစ်ခုမျှသာဖြစ်ပြီး မှန်သည်မှားသည်ကို မည်သူမှ မဆုံးဖြတ်နိုင်ပေ။
ယနေ့ခေတ် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ်ပင် ထိုအချိန်တုန်းက ကိစ္စများအား လုံးစေ့ပတ်စေ့ သိရှိခြင်းမရှိချေ။
သို့သော် အရှေ့ပိုင်းတိုက်ကြီးမှ စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူတိုင်း လက်ခံထားသော အမှန်တရားတစ်ခုရှိ၏။
ယင်းက အရှေ့ပိုင်းတိုက်ကြီး၌ အစွမ်းထက်ဆုံးသော ကျင့်ကြံသူမှာ လူသားမျိုးနွယ်က မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်မှ သူတော်စင်တစ်၀က်အဆင့် နတ်ဆိုးအရှင်သခင်ဆိုသူဖြစ်ပြီး သူမ အမည်အရင်းက ယုဖေးရွှယ်ဖြစ်ပေသည်။
သူမက လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းကျော်ကတည်းက တာအိုအရှင်သခင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။
သူတော်စင် အဆင့်နှင့် ခြေတစ်လှမ်းမျှသာဝေးတော့၏။
ယခုတွင် နှစ်(၁)သန်း ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး သူမ မည်သည့်အဆင့်သို့ ရောက်နေသည်ကို မည်သူမှ တိတိကျကျမခန့်မှန်းနိုင်ကြတော့ပေ။
ယခုတွင် ဂိုဏ်းချုပ်က တားမြစ်အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။
နတ်ဆိုး အရှင်သခင်က သူတော်စင်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီလော…?
ထို အတွေးခေါင်းထဲသို့ ၀င်ရောက်လာသည်နှင့် ဒဏ်ရာရနေသော ချီလင်းတန်အပါအ၀င် အကြီးအကဲ (၁၃)ယောက်တို့ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။
ဤသို့ဖြင့် ဤနေရာ၌ ဆက်လက်နှောင့်နှေးမနေဝံ့တော့ဘဲ မိမိနေရာထိုင်သို့ ချက်ချင်းပြန်လာကြပြီး စတင်ကျင့်ကြံကြတော့၏။
….
ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ် တားမြစ်အမိန့်ထုတ်ပြန်ခဲ့ချိန်တွင်…
အရှေ့ပိုင်းတိုက်ကြီးရှိ အနောက်ပိုင်း ကန္တာရ၌…
လေတစ်ချက်ဝှေ့လိုက်တိုင်း အဝါရောင်သဲမှုန်များ လေနှင့်အတူ ကောင်းကင်ယံသို့ လွင့်မျောသွားပြီး မြေပြင်၌ ပြန့်ကျဲနေသော သွေးစွန်းနေသည့် အရိုးများကို အတိုင်းသားမြင်တွေ့နိုင်သည်။
ဤနေရာတွင် နတ်ဆိုး အင်အားစုပေါင်း (၁၀၈၀၀၀) အခြေစိုက်နေထိုင်ပြီး မည်သည့် လူသားကျင့်ကြံသူမှ ဤနေရာမှ ဖြတ်သွားရဲခြင်းမရှိချေ။
ဤနေရာ၏ အမည်က အနောက်ပိုင်းကန္တာရ နတ်ဆိုးနိုင်ငံတော်ဖြစ်သည်။
ထို နတ်ဆိုးမျိုးနွယ်စုပေါင်း (၁၀၈၀၀၀)ကို အုပ်စိုးသော အကြွင်းမဲ့ကောင်းကင်နတ်ဆိုး ( နတ်ဆိုး အရှင်သခင် ) က အနောက်ပိုင်းကန္တာရရှိ အမြင့်ဆုံးတောင်ဖြစ်သော ထျန်းလီတောင်ထိပ်၌ နေထိုင်သည်။
လက်ရှိအချိန်တွင် ထျန်းလီ တောင်ထိပ်၌ နတ်ဆိုးအင်အားစုပေါင်း (၁၀၈၀၀၀)မှ ရောက်ရှိလာသော ခေါင်းဆောင်များအားလုံး အသက်ကိုပင် ရဲရဲမရှုဝံ့ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြ၏။
၎င်းတို့အားလုံး ဒူးတစ်ဖက်ထောက်လျှက် ထျန်းလီတောင်ထိပ်ရှိ ရင်ပြင်ကျယ်ကြီးရှေ့မှ စင်မြင့်ရှိရာသို့ ဦးညွှတ်နေကြသည်။
ထိုမြင်ကွင်းအား နတ်ဆိုးအင်အားစုများမှ ငယ်ရွယ်သော နတ်ဆိုးများ မြင်လျှင် ၎င်းတို့ အောက်မေးရိုးများ မြေပြင်အထိ ပြုတ်ကျသွားပေလိမ့်မည်။
သူတို့နှလုံးသားထဲ၌ အကြွင်းမဲ့ စွမ်းအားရှင်အဖြစ်သတ်မှတ်ထားခဲ့သော ခေါင်းဆောင်များ ထျန်းလီတောင်ထိပ်၌ ရိုကျိုးစွာ ဒူးထောက်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ကြလိမ့်မည် မဟုတ်ပေ။
၎င်းတို့က မတော်တဆ အမှားလုပ်မိပြီး လူကြီးများထံ ဆူဆဲရိုက်နှက် ခံရမည်ကို စိုးရွံ့နေသော ကလေးများနှင့် တူညီနေ၏။
သို့သော် ၎င်းတို့အားလုံး ရှေ့၌ရှိနေသည့် အနက်ရောင်စွမ်းအင်များ ၀န်းရံထားသော အမျိုးသမီးကိုတွေ့မြင်လျှင် အရာအားလုံးကို ချက်ခြင်း နားလည်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူမထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများကို စကားလုံးများဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
သူမကို တစ်ချက် ကြည့်လိုက်မိသည်နှင့် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ပျောက်ကွယ်သွားပြီး ကမ္ဘာတစ်ခုလုံး၌ သူမ တစ်ယောက်တည်းသာ ကျန်တော့သည်ဟု ခံစားရပေလိမ့်မည်။
သူမအား ဤကမ္ဘာကြီးကို အုပ်စိုးသော တာအိုသဘောတရားများမှ သရုပ်သကန် ဖန်ဆင်ထားခြင်းဟုပင် ထင်မှတ်ရလောက်သည်။