← Chapters

အခန်း (၅၆၆)

Vol. 38 Ch. 566

အခန်း (၅၆၆)

Vol. 38 Ch. 566

‘ နတ်ဆိုးအရှင်သခင်ရဲ့ ကျင့်ကြံမှု… သူမက သူတော်စင်အဆင့်ကို ရောက်သွားပြီလား…’

ထျန်းလီ တောင်ထိပ် ရင်ပြင်ထက်မှ နတ်ဆိုးတစ်ယောက်က ယုဖေးရွှယ်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများကို ခံစားရင်း ရေရွတ်လိုက်သည်။

သူ၏ နှုတ်မှ ဖွင့်ဟ ပြောဆိုခဲ့ခြင်းတော့မဟုတ်ပေ။

စိတ်ထဲ၌ ရေရွတ်လိုက်ခြင်းသာဖြစ်၏။

ထို အမျိုသမီးနှင့် သူတို့အကြားမှ စွမ်းအား ကွာဟချက်မှာ အလွန်ကြီးမားလှသည်။

သူမက သူ‌တို့ရှေ့၌ ရှိနေခဲ့ပြီး သူမထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်းမရှိချေ။

သို့သော် မည်သူတစ်ဦးတစ်ယောက်မှ ၎င်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရဲခြင်းမရှိပေ။

အသက်ဘေးနှင့် ရင်ဆိုင်ရမှ ထွက်ပေါ်လာတတ်သည့် မသိစိတ်အတွင်းမှ သတိပေးချက်က အလွန်အန္တရာယ်များကြောင်း သတိပေးနေခဲ့သည်။

မတော်မဆမှု တစ်ခုခုဖြစ်လာပါက ထိုအမျိုးသမီးအနေဖြင့် သူတို့အား တိုက်ခိုက်စရာပင်မလိုအပ်ပေ။

သူမ ထံမှ အကြည့်တစ်ချက်ဖြင့်ပင် သူတို့ကို သတ်ရန်လုံလောက်နေချေပြီ။

“ ဘယ်လိုလဲ… ငါ စီစဉ်ခိုင်းထားတာတွေ အကုန် အဆင်သင့်ဖြစ်ပြီလား…”

တိတ်ဆိတ်နေသော ပတ်၀န်းကျင်၌ အေးစက်ကာ ဩဇာအာဏာဖြင့်ပြည့်၀သော စကားသံတစ်ခုက အနက်ရောင် စွမ်းအင်များအကြားမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအခါ ရင်ပြင်ထက်ရှိ နတ်ဆိုးများအားလုံး ခန္ဓာကိုယ်များ တောင့်တင်းသွားခဲ့ပြီး ‌အရှေ့ဆုံး၌ ရှိနေသော ကျားနတ်ဆိုး ထံသို့ တစ်ပြိုက်နက်တည်း လှမ်းကြည့်လိုက်ကြသည်။

….

ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားကာ ရွှေရောင်ပုဆိန်တစ်လက် ကိုင်ဆောင်ထားသော ကျားနတ်ဆိုး၏ ဟန်ပန်က အလွန်သန်မာအားကောင်းလှပြီး ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါအား ကြည့်မည်ဆိုလျှင် စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူနှင့် ယှဉ်နိုင်ကြောင်း တွေ့ရပေလိမ့်မည်။

သို့သော် ထိုအမျိုးသမီးထံမှ စကားကို ကြားလိုက်ရပြီးနောက် ဤကဲ့သို့ဖြစ်တည်မှုတစ်ခုသည်ပင် တုန်လှုပ်သွားခဲ့ရသည်။

သူက ခေါင်းပင်မမော့ဝံ့ဘဲ တိုးညင်းစွာ အစီရင်ခံလိုက်၏။

“ အရှင့်ကို အစီရင်ခံပါတယ်… ကျွန်တော်မျိုး နတ်ဆိုးမျိုးနွယ်စု တစ်သိန်းရှစ်ထောင်ကို စုစည်းပြီးပါပြီ… အရှင်ညွှန်ကြားတဲ့အတိုင်း နတ်ဆိုးစစ်သည် သန်းပေါင်းများစွာ စီစဉ်ထားခဲ့ပြီး နတ်ဆိုးအင်ပါယာတစ်သိန်း၊ နတ်ဆိုးဘုရင်တစ်သန်းနဲ့ အောက်အဆင့်နတ်ဆိုးကျင့်ကြံသူ သန်းပေါင်းများစွာ စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ...”

ကျားနတ်ဆိုးထံမှ အဖြေကို ကြားလျှင် ရင်ပြင်ရှေ့ရှိ အမျိုးသမီးက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး သူမမျက်နှာထက်ရှိ တင်းမာနေသော အမူအရာက အနည်းငယ်ပြေလျော့သွားခဲ့သော်လည်း အေးစက်နေဆဲပင်။

“ အင်း…. ငါ့ရဲ့ကျင့်ကြံမှုက ကန့်သတ်ချက်ကို ရောက်နေပြီ… ပြီးတော့ ဒီနေရာက အတားအဆီးကို ကျော်ဖြတ်ဖို့အတွက် မလုံလောက်ဘူး…”

“ ဒါကြောင့်မို့လို့ ငါ အရှေ့ပိုင်းတိုက်ကြီးကနေပြီး မကြာခင်ထွက်သွားတော့မယ်… ဒါပေမဲ့ အဲဒီအချိန်ကို မရောက်ခင် မင်းတို့အားလုံးအတွက် အနာဂတ်တစ်ခု စီစဉ်ပေးခဲ့မယ်...”

ရင်ပြင်ရှေ့ရှိ အမျိုးသမီးက နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။

“ အားလုံး အမိန့်လိုက်နာပါ… အရှေ့ပိုင်းနယ်မြေကို တပ်ဖွဲ့တွေ စေလွှတ်လိုက်တော့… ငါတို့နတ်ဆိုးမျိုးနွယ်စု အခြေခံအုတ်မြစ်ချဖို့အတွက် လူသားမျိုးနွယ်က မဟာဂိုဏ်းကြီးနှစ်ခုကို ဖြုတ်ချပစ်မယ်...”

ထိုအမျိုးသမီး အရှေ့ပိုင်းတိုက်ကြီးမှ ထွက်ခွာတော့မည့် သတင်းအား ကြားလိုက်ရသည့်တိုင်အောင် ရင်ပြင်၌ ဒူးထောက်နေခဲ့ကြသော နတ်ဆိုးများအားလုံး အနည်းငယ်မျှ မအံ့ဩခဲ့ကြပေ။

အသက်အရွယ်ကြီးရင့်သော နတ်ဆိုးများသာမက ငယ်ရွယ်သော နတ်ဆိုးများပင်လျှင် ထိုကိစ္စနှင့်ပတ်သက်၍ ယခင်ကတည်းက သိရှိထားကြ၏။

သူတို့အရှေ့ရှိ အမျိုးသမီးက လွန်ခဲ့သော နှစ်ပေါင်းသန်းအနည်းငယ်ခန့်က ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် အလွန်ထူးခြားသော တည်ရှိမှုဖြစ်သည်။

ထို့အပြင် အစမှအဆုံးထိ သူတို့ရှေ့၌ရှိနေသော နတ်ဘုရားတစ်ပါးနှင့်တူညီသော ဖြစ်တည်မှုက နတ်ဆိုးမျိုးနွယ်အတွက် အပြင်လူတစ်ယောက်ဖြစ်ပေသည်။

သူမ ပြောခဲ့သော စကားများအရဆိုလျှင် သူမက အလယ်ပိုင်းတိုက်ကြီးမှဖြစ်ပြီး ထိုနေရာရှိ လျှို့ဝှက်နယ်မြေတစ်ခုမှတစ်ဆင့် အရှေ့ပိုင်းတိုက်ကြီးထံသို့ လမ်းမှားကာ ရောက်ရှိလာခြင်းဖြစ်၏။

ဤနှစ်ပေါင်းများစွာအတွင်း သူမ၏ အဓိကရည်ရွယ်ချက်မှာ ချန်ရွှမ်ကုန်းမြေ၏ ဒဏ္ဍာရီထဲမှ အလယ်ပိုင်းတိုက်ကြီးထံသို့ ပြန်သွားရန်ဖြစ်သည်။

ယခုတွင် သူမက အရှေ့ပိုင်းတိုက်ကြီးမှ ထွက်ခွာတော့မည့်အစီအစဉ်အား ကြေညာလိုက်ချေပြီ။

ထိုကိစ္စနှင့်ပတ်သက်ပြီး နတ်ဆိုးများစွာ ၎င်းတို့နှလုံးသားထဲ၌ အတန်ငယ် မသက်မသာဖြစ်သွားခဲ့သော်လည်း ထိတ်လန့်သွားခြင်းတော့ မရှိပေ။

နောက်ဆုံးတွင် ဤအဆုံးသတ်အား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူတို့ မျှော်လင့်ထားခဲ့ပြီးသားပင်။

အရှေ့ပိုင်းတိုက်ကြီးက အလယ်ပိုင်းတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက ကွာဟချက် အလွန်ကြီးမားလှသည်။

သို့သော် ထိုအမျိုးသမီးပြောလိုက်သည့် ဒုတိယမြောက်စကားစုက သူတို့အား အလွန်အံ့အားသင့်သွားစေခဲ့၏။

“ အရှင်… သန်းပေါင်းများစွာသော နတ်ဆိုးစစ်သည်တွေက လူသားမျိုးနွယ်ရဲ့ မဟာဂိုဏ်းကြီးနှစ်ခုကို ဖြေရှင်းဖို့ လုံလောက်တာထက် ပိုနေပေမဲ့ လူသားမျိုးနွယ်ရဲ့ မဟာဂိုဏ်းကြီးနှစ်ခုကို လုံးဝ လျှော့တွက်လို့မရပါဘူး အရှင်...”

ချက်ချင်း ကျားနတ်ဆိုး ဂျန်က ခေါင်းမော့ပြီး ပြောလိုက်သည်။

သူက ခေါင်းမော့လိုက်သော်လည်း သူ၏မျက်လုံးအကြည့်များက အောက်သို့ကျဆင်းနေခဲ့ကာ ယုဖေးရွှယ်အား တိုက်ရိုက်မကြည့်ဝံ့ပေ။

ယုဖေးရွှယ်က ကျားနတ်ဆိုး ဂျန်အား တစ်ခဏမျှ ကြည့်လိုက်သည်။

သူမ ဒေါသမထွက်ခဲ့ပေ။

ထို့အစား ခေါင်းယမ်းလိုက်ပြီး

“ သူတော်စင်အဆင့်ကို ငါမချိုးဖျက်နိုင်သေးတာနဲ့ပဲ လူသားမျိုးနွယ်က မဟာဂိုဏ်းကြီးနှစ်ခုကို မကိုင်တွယ်နိုင်ဘူးလို့ မင်းထင်နေတာလား...”

ထိုအခါ ကျားနတ်ဆိုး ဂျန် ချက်ချင်း ကမန်းကတန်း ခေါင်းကိုငုံ့ချလိုက်ပြီး သူ၏ခန္ဓာကိုယ်ကလည်း တုန်ယင်လာခဲ့သည်။

သူက ယုဖေးရွှယ်ကို ဒေါသထွက်စေခဲ့ပြီး မှော်ဆေးနတ်ဆိုးမျှော်စင်ထံသို့ သူ့အား ပို့လွှတ်မည်ကို အလွန်စိုးရိမ်နေသောကြောင့်ပင်။

လူသားမျိုးနွယ်ဘက်တွင် ယုဖေးရွှယ်အား သတ်ဖြတ်ခြင်းနတ်ဆိုးတစ်ပါးအဖြစ် သတ်မှတ်ထားခဲ့ကြပြီး နတ်ဆိုးမျိုးနွယ်အတွင်း သူမ၏ဂုဏ်သိက္ခာကို ထူထောင်ရန်အတွက် နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့သည်ဟု ကောလာဟလများ ရှိနေခဲ့သည်။

သို့သော် အမှန်တကယ်တွင် ယုဖေးရွှယ် နတ်ဆိုးမျိုးနွယ်အား စတင်အုပ်ချုပ်ခဲ့ချိန်မှစ၍ နှစ်ပေါင်းများစွာ ကြာသွားခဲ့သည့်တိုင်အောင် ယခုအချိန်ထိ သူမ တကယ်တမ်းသတ်ဖြတ်ခဲ့သော နတ်ဆိုးအရေအတွက်က ဆယ်ယောက်ပင် မပြည့်ချေ။

သို့တိုင်အောင် သူမက နတ်ဆိုးများအားလုံးကို ဖိနှိပ်နေနိုင်ဆဲဖြစ်ပြီး နတ်ဆိုးများအနေဖြင့်လည်း သူမအား အနည်းငယ်မျှ မထီမဲ့မြင် ပြုဝံ့ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူမထံတွင် ကြောက်မက်ဖွယ်ခွန်အားအပြင် အလွန်အစွမ်းထက်ကာ အဖိုးတန်သည့်ရတနာတစ်ခုလည်း ပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။

၎င်းက မှော်ဆေးနတ်ဆိုးမျှော်စင်ဖြစ်သည်။

ထိုမှော်ဆေးနတ်ဆိုးမျှော်စင်တွင် စုစုပေါင်းအထပ်(၉)ထပ်ရှိပြီး တစ်ထပ်ချင်းစီကို နတ်ဆိုးပေါင်းသန်းနှင့်ချီ၍ စောင့်ကြပ်ထားသည်။

ပထမအထပ်တွင် နတ်ဆိုးဘုရင်ပေါင်း တစ်သန်းရှိ၏။

ဒုတိယအထပ်တွင်မူ နတ်ဆိုးအင်ပါယာ တစ်သန်းရှိလေသည်။

တတိယအထပ်တွင် နတ်ဆိုး သူတော်စင်အင်ပါယာပေါင်း တစ်သန်းရှိ၏။

စတုတ္ထအထပ်တွင်မူ မူလနတ်ဆိုးအင်ပါယာပေါင်း တစ်သန်းရှိ‌ပေသည်။

ထို့နောက်…

တစ်ထပ်ချင်းစီက အောက်အထပ်များထက် ပို၍ အဆင့်မြင့်သွား၏။

ဤမတိုင်ခင်က ယုဖေးရွှယ်အား ဒေါသထွက်စေခဲ့သည့် နတ်ဆိုးများအားလုံး ထိုမှော်ဆေးနတ်ဆိုးမျှော်စင်သို့ ပို့လွှတ်ခြင်းခံခဲ့ရသည်။

တစ်ယောက်ချင်းစီတိုင်း ထိုနေရာတွင် အနည်းဆုံး နှစ်ပေါင်းတစ်ရာလောက် အကျဉ်းချခံရလေ့ရှိ၏။

ထို့အပြင် မှော်ဆေးနတ်ဆိုးမျှော်စင်ထဲတွင် အကျဉ်းချခြင်းခံရသော နတ်ဆိုးများအနေဖြင့် အကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသောကြောင့် ၎င်းတို့ အပြစ်ခံရမည့်အချိန် ပြီးဆုံးချိန်အထိ သေဆုံးခြင်းမရှိပေ။

ထို့အပြင် အတိအကျပြောရမည်ဆိုပါက ဤအပြစ်ဒဏ်က နတ်ဆိုးများအတွက် အတိုင်းအတာတစ်ခုအထိ အခွင့်အရေးတစ်ခုဟု ဆို၍လည်းရသည်။

မှော်ဆေးနတ်ဆိုးမျှော်စင်အတွင်း၌ အကျဉ်းချခံခဲ့ရသော နတ်ဆိုးပေါင်းများစွာတို့ ပြင်ပသို့ ပြန်လည်ထွက်ခွာလာပြီးနောက် ၎င်းတို့၏ ကျင့်ကြံမှုနှင့် တိုက်ခိုက်ရေးစွမ်းအားအားလုံး တဟုန်ထိုး တိုးတက်လာလေ့ရှိသည်။

All Chapters