အခန်း (၅၆၈)
Vol. 38 Ch. 568
ပုံရိပ်ကျောက်စိမ်းထဲတွင် ပြသနေသော ပုံရိပ်များထဲ၌ ရွှမ်ယီက တိုင်ရှုတာအိုနယ်မြေအား ဆင့်ခေါ်ထားခဲ့သည်။
“ ဒါ... ဒါက တာအိုနယ်မြေ မဟုတ်ဘူးလား… ပြီးတော့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ် ပိုင်ဆိုင်ထားတဲ့ တစ်ဝက်တစ်ပျက်တာအိုနယ်မြေ မဟုတ်ဘူး… လုံးဝပြီးပြည့်စုံတဲ့ တာအိုနယ်မြေပဲ…”
ယုဖေးရွှယ်၏ စကားသံထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
“ သူ့ကို အင်မော်တယ်နန်းတော်ကို ဖိတ်ခေါ်ရမယ်...”
အင်မော်တယ်နန်းတော်...
ယုဖေးရွှယ်၏ နှုတ်ဖျားမှ ထိုစကားလုံးသုံးလုံး ထွက်ပေါ်လာသည့်အချိန်တွင် ထန်းလီတောင်ထိပ်၌ရှိသော နတ်ဆိုးများအားလုံး ထိတ်လန့်သွားကြပြီး မျက်ဝန်းများထဲ၌ မယုံကြည်နိုင်သောအကြည့်များ ဖြစ်ပေါ်လာခဲ့သည်။
သူတို့က အလယ်ပိုင်းတိုက်ကြီးသို့ မရောက်ဖူးသော်လည်း လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ယုဖေးရွှယ်၏ စကားများမှတစ်ဆင့် အင်မော်တယ်နန်းတော်အကြောင်းကို အနည်းငယ် တီးမိခေါက်မိ ရှိခဲ့ကြသည်။
အဆိုပါ အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ရန် ကန့်သတ်ချက်များက အလွန်မြင့်မားလှ၏။
၎င်းသို့ ဝင်ရောက်နိုင်မည့် ဝင်ခွင့်အတွက် ယှဉ်ပြိုင်ရန် စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူများသာ အရည်အချင်း ပြည့်မီကြသည်။
ထို့အပြင် တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူဖြစ်တိုင်းလည်း အင်မော်တယ်နန်းတော်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း မရှိပေ။
၎င်းတို့အနေဖြင့် အင်မော်တယ်နန်းတော်၏ အဖွဲ့ဝင်ဖြစ်ရန်အတွက် စမ်းသပ်မှုများစွာကို ကျော်ဖြတ်နိုင်မှ ရပေလိမ့်မည်။
အင်မော်တယ်နန်းတော်မှ စမ်းသပ်မှုများကို နှစ်ပေါင်းသုံးထောင်ကြာတိုင်း တစ်ကြိမ်ပြုလုပ်လေ့ရှိ၏။
ထို့အပြင် ထိုစမ်းသပ်မှုတိုင်း၌ အလယ်ပိုင်းတိုက်ကြီးမှ စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူပေါင်း တစ်သောင်းထက်မနည်း ပါဝင်လေ့ရှိကြသည်။
သို့သော် နောက်ဆုံးတွင် ထိုအထဲမှ လူ(၁၀)ယောက်သာ အင်မော်တယ်နန်းတော်သို့ ဝင်ခွင့်ရမည်ဖြစ်၏။
အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲသည်ဖြစ်သော်လည်း လူပေါင်းများစွာတို့က ဝင်ရောက်ခွင့်ရရန်အတွက် အားတက်သရော ကြိုးစားနေကြဆဲပင်။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ခွင့်ရသည်နှင့် နဂါးတံခါးကို ခုန်ကျော်လိုက်နိုင်သော ငါးကြင်းများကဲ့သို့ ဖြစ်လာနိုင်သောကြောင့် ဖြစ်၏။
အများအားဖြင့် အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ခွင့်ရသူများမှာ စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပြီး ထိုအဆင့်အောက်မှ ကျင့်ကြံသူများအတွက်မူ အခွင့်အရေးက အလွန့်အလွန် နည်းပါးလွန်းလှသည်။
နှစ်ပေါင်းတစ်သောင်း မဆိုထားနှင့်၊ နှစ်ပေါင်းတစ်သန်း ကြာသွားလျှင်ပင် ထိုကဲ့သို့ ထူးခြားသော ကိစ္စမျိုး ဖြစ်ပေါ်လာရန် ခက်ခဲလှသည်။
နောက်ဆုံးအနေဖြင့် ပြောရမည်ဆိုလျှင် ယုဖေးရွှယ်က အင်မော်တယ်နန်းတော်သို့ အထူးဝင်ရောက်ခွင့်ရခဲ့သူတစ်ယောက်ဖြစ်၏။
ကျင့်ကြံခြင်း၌ဖြစ်စေ၊ မှော်တန်ခိုးစွမ်းရည်များ၌ဖြစ်စေ ယုဖေးရွှယ်က အရှေ့ပိုင်းတိုက်ကြီးရှိ မည်သူထက်မဆို အကြွင်းမဲ့သာလွန်သည်။
ထို့ကြောင့် ထန်းလီတောင်ထိပ်မှ နတ်ဆိုးများ ယုဖေးရွှယ်စကားကို ကြားပြီးနောက် အလွန်ထိတ်လန့်သွားခဲ့ရခြင်းဖြစ်သည်။
၎င်းတို့အားလုံး တစ်ယောက်ကိုတစ်ယောက် သံသယများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြ၏။
ထိုရွှမ်ယီဟုခေါ်သော လူသားအား သူတို့အရှင်သခင်က အလွန်တန်ဖိုးထားနေခဲ့သည်။
သို့ဖြစ်ရာ သူတို့အနေဖြင့် ထိုရွှမ်ယီအား သတ်ဖြတ်ရန် သင့်ဦးမည်လော...?
ရှုပ်ထွေးနေသော လက်အောက်ငယ်သားများကိုကြည့်ရင်း ယုဖေးရွှယ်က တခဏမျှ စဉ်းစားလိုက်ပြီးနောက်
“ မင်းတို့ သူနဲ့ရင်ဆိုင်ရတဲ့အခါကျရင် ထိန်းချုပ်ထားစရာ မလိုဘူး…”
ထို့နောက် ယုဖေးရွှယ်က ဆက်လက်ပြီး
“ တကယ်လို့ ငါမှတ်မိတာသာ မမှားရင် အဲဒီရွှမ်ယီက တောင်ပိုင်းနယ်စပ်မှာရှိတဲ့ မဟာပျက်စီးခြင်းနယ်မြေမှာ ဂိုဏ်းတစ်ခုတည်ထောင်ထားတယ် မဟုတ်ဘူးလား… ဒါဆိုရင် တောင်ပိုင်းနယ်စပ်မှာရှိတဲ့ နတ်ဆိုးမျိုးနွယ်တွေကို လှုပ်ရှားခိုင်းလိုက်ပါ…”
ယုဖေးရွှယ်က သူမလက်အား အသာအယာ ဝှေ့ယမ်းလိုက်ပြီး ဩဇာအာဏာဖြင့် ပြည့်ဝသော လေသံဖြင့်
“ ကောင်းပြီ… ငါအမိန့်ပေးမယ်… တောင်ပိုင်းနယ်စပ်မှာရှိတဲ့ နတ်ဆိုးမျိုးနွယ် (၃၆)ခုလုံး ပေါင်းစပ်ပြီး နက်နဲခြင်းအင်ပါယာဂိုဏ်းကို တိုက်ခိုက်စေလိုက်ပါ… တကယ်လို့ ရွှမ်ယီသာ နတ်ဆိုးမျိုးနွယ်စု (၃၆)ခုရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်ဆိုရင် ငါ သူနဲ့ သွားတွေ့မယ်…”
“ နားလည်ပါပြီ…”
ရင်ပြင်ထက်မှ နတ်ဆိုးများ ဦးညွှတ်ပြီး နားလည်ကြောင်း ပြောလိုက်ကြသည်။
…
တစ်ဖက်တွင်မူ နက်နဲခြင်းအင်ပါယာဂိုဏ်း၌ အလွန်ကွဲပြားခြားနားသော လေထုတစ်ခု ရှိနေခဲ့သည်။
ချီလင်းတန်၏ သွေးကျွန်ဝိညာဉ်ခန္ဓာအား ရွှမ်ယီက သတ်ဖြတ်လိုက်ပြီးနောက် နက်နဲခြင်းအင်ပါယာဂိုဏ်းတစ်ခုလုံး ပျော်ရွှင်ခြင်းပင်လယ်ကြီးအတွင်းသို့ ကျဆင်းသွားခဲ့သည်။
အရှေ့ပိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်မြေ…
၎င်းတို့အားလုံး လူသားကျင့်ကြံသူများ၏နယ်မြေများ ဖြစ်ကြသော်လည်း နယ်မြေဆိုင်ရာ ဆက်ဆံရေးများနှင့် အရှေ့ပိုင်းနယ်မြေမှ လူများ၏ မောက်မာသော သဘောထားများကြောင့် နှစ်ဖက်လုံးရှိ ကျင့်ကြံသူများအကြား ဆက်ဆံရေးက ရန်သူမဟုတ်သော်ငြား မိတ်ဆွေဟု ခေါ်ဆို၍လည်း မရချေ။
ဤသို့ဖြင့် အချင်းချင်းဆုံတွေ့ကြသောအချိန်တွင် နွေးထွေးစွာ ကြိုဆိုမှုမရှိခြင်းက သာမန်မျှသာဖြစ်သည်။
သို့သော် အရှေ့ပိုင်းနယ်မြေက အရှေ့ပိုင်းတိုက်ကြီး၌ အချမ်းသာအကြွယ်ဝဆုံးသော နေရာတစ်ခုဖြစ်သည်။
ဤသို့ဖြင့် အရှေ့ပိုင်းနယ်မြေမှလာသော ကျင့်ကြံသူများက ကျန်နယ်မြေများသို့ ရောက်လာလျှင် မောက်မာစွာ ပြုမူနေထိုင်ကြလေ့ရှိကြသည်။
သို့ဖြစ်ရာ တစ်ခါတစ်ရံတွင် သည်းမခံနိုင်သောလူများနှင့် ဆုံတွေ့ပါက တိုက်ပွဲများရှိဖြစ်ပေါ်လာတတ်၏။
တိုက်ပွဲတစ်ခုဖြစ်ပေါ်လာပါက တစ်ဖက်က ရှုံးနိမ့်ရခြင်းမှာ သဘာဝဖြစ်ပေသည်။
ရှုံးနိမ့်ခြင်းကြောင့် အသက်သေဆုံးမည် မဟုတ်သော်လည်း ဂုဏ်သိက္ခာအပေါ် နင်းချေခံရခြင်းကမူ လုံးဝရှောင်လွှဲ၍မရသော နိဂုံးတစ်ခု ဖြစ်၏။
ယခုတွင်မူ ရွှမ်ယီက အရှေ့ပိုင်းနယ်မြေမှ သာမန်ကျင့်ကြံသူမဟုတ်ဘဲ မဟာဂိုဏ်းကြီးမှ ကျင့်ကြံသူတစ်ယောက်အား အနိုင်ယူခဲ့သည်။
သို့ဖြစ်ရာ ရလဒ်အနေဖြင့် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၌ရှိသော တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူများအားလုံး ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်ဝမ်းသာပျော်ရွှင်လျက် ရှိနေကြ၏။
ယင်းက အရှေ့ပိုင်းတိုက်ကြီး ဇာတိမဟုတ်သော ရွှမ်ယီ နားမလည်နိုင်သော အရာတစ်ခုဖြစ်သည်။
သို့သော် ရွှမ်ယီနားမလည်သော်လည်း သတိမထားမိခြင်းတော့ မဟုတ်ပေ။
ချီလင်းတန် တောင်ပိုင်းနယ်စပ်သို့ စတင်ရောက်ရှိလာကတည်းက တိုင်ရွှမ်နှင့်ဖီးနစ်မီးတောင်အင်ပါယာတို့အား ခွေးရိုက်သလို ရိုက်နှက်ခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျူးယောင်နှင့်ရှီချီတို့ အလွန်ဒေါသထွက်သွားကြသော်လည်း စိတ်လွတ်လောက်အောင်အထိ ဒေါသထွက်ခြင်း မရှိခဲ့ပေ။
ယင်းမှတစ်ဆင့် ဤမတိုင်ခင်တွင်လည်း အလားတူဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့ပြီးဖြစ်ကြောင်း သိရှိနိုင်သည်။
ရွှမ်ယီက ပတ်ဝန်းကျင်မှ လူများ၏ ဝမ်းသာပျော်ရွှင်နေသော အကြည့်များကို ဝေ့ကြည့်လိုက်ပြီးနောက် ခေါင်းတစ်ချက်ညိတ်လိုက်သည်။
အစပိုင်းတွင် သူက ထိုမြင့်မြတ်နယ်မြေလေးခုမှ ကျင့်ကြံသူများရှေ့တွင် ခွန်အားကို ပြသနိုင်ရန်အတွက် တာအိုပြောင်းလဲခြင်းမဟာအစီအရင်အား ၎င်းတို့ရှေ့၌ အသုံးပြုရန် စိတ်ကူးထားခဲ့သည်။
ထိုအချိန်ကျလျှင် ထိုလူများအနေဖြင့် တိုက်ပွဲအတွင်း၌ သူ၏အမိန့်ကို ကောင်းမွန်စွာနာခံရန် ခက်ခဲတော့မည် မဟုတ်ပေ။
သို့သော် ယခုတွင်မူ သူ့အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ပြုလုပ်စရာ မလိုတော့ဟန်တူသည်။
သူ ချီလင်းတန်ကို အနိုင်ယူခဲ့ခြင်းက ထိုမြင့်မြတ်နယ်မြေလေးခုမှ လူများအမြင်တွင် သူ၏ ဂုဏ်သိက္ခာက အထွတ်အထိပ်သို့ ထိုးတက်သွားခဲ့သည်။
ထို့အပြင် လက်ရှိအချိန်တွင် ထိုသတင်းက ပြင်ပသို့ ပြန့်ပွားသွားခြင်း မရှိသေးချေ။
တကယ့်အစစ်အမှန်အခြေအနေက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှ ချီလင်းတန်၏ ဝိညာဉ်ခန္ဓာကို သူသတ်ပစ်လိုက်သော သတင်းများ တောင်ပိုင်းနယ်စပ်၌ ပျံ့နှံ့သွားသောအချိန်မှ အမှန်တကယ်စတင်ပေလိမ့်မည်။
ထိုအချိန်တွင် တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူများအမြင်၌ သူက ထိပ်ဆုံးသို့ရောက်ရှိသွားရန်ပင် ဖြစ်နိုင်၏။
တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်နှင့် တူညီသော အဆင့်အတန်းသို့ ရောက်သွားမည်ဆိုလျှင်ပင် ချဲ့ကားရာမရောက်ပေ။
သို့သော် သေချာသောအရာတစ်ခုက ထိုအချိန်များရောက်ရှိလာရန် ဝေးကွာခြင်းမရှိတော့ပေ။