← Chapters

ကမ္ဘာ အမတေ ကောင်းကင် ဆေး

Vol. 9 Ch. 900

ကမ္ဘာ အမတေ ကောင်းကင် ဆေး

Vol. 9 Ch. 900

"ဘယ်လို ကမ္ဘာ အမတေ ကောင်းကင်ဆေး ဟုတ်လား..."

လူတိုင်းမှာ အလွန်တရာ အံ့အားသင့် သွားကြ၏။

ကမ္ဘာ အမတေ ကောင်းကင်ဆေး...

ထိုဆေးတွင် ရိုးရှင်းသော လုပ်ဆောင်ချက် တစ်ခုသာ ရှိကာ အမတေချီကို တိုးမြှင့် ပေးခြင်း ဖြစ်သည်။ ဆေးတစ်လုံးသည် ရွှေအမြုတေ အဆင့် တစ်ယောက်ကို မွေးထုတ်  ပေးနိုင်သည်။ ၎င်းသည် အဆင့် အနိမ့်ဆုံး ကောင်းကင်ဆေး ဖြစ်သော်လည်း ကောင်းကင် သမားတော်များသာ ပြုလုပ်နိုင်သော အရာ ဖြစ်သည်။

"ကမ္ဘာ အမတေ ကောင်းကင်ဆေးကို ပြုလုပ်မယ် ဆိုတော့ ဆေးသခင်က ကောင်းကင် သမားတော် ဖြစ်နေပြီလား..."

ထိုအတွေးက လူတိုင်း၏ စိတ်အတွင်း ဝင်ရောက် လာခဲ့သည်။

ဝူဝမ်တင်နှင့် အခြား မိသားစု ဘိုးဘေး များမှာ အလွန် စိတ်လှုပ်ရှား သွားကြ၏။ ဝမ်ရွှမ်လုံ ပင်လျှင် မျက်လုံးများ တလက်လက် တောက်ပ သွားခဲ့သည်။

"ဆေးသခင်က ကောင်းကင် သမားတော် တစ်ယောက် ဖြစ်နေပြီလား... တကယ်လို့ သူသာ ကမ္ဘာ အမတေ ကောင်းကင်ဆေးကို ဖော်စပ်နိုင်ရင် ချန်းပေ့ရွှမ်းကို အနိုင်ယူနိုင်မှာ သေချာတယ်"

အကြီးအကဲ ချန်းယန်က တုန်ရီနေသော လက်များကို ထိန်းချုပ်ရင်း ခပ်တိုးတိုး ရေရွတ် လိုက်သည်။

အခြားသော အကြီးအကဲများမှာလည်း ဆေးသခင်ကို မျက်တောင် မခပ်စတမ်း ငေးကြည့် နေမိကြသည်။ အကယ်၍ ဆေးသခင်သာ ကောင်းကင် သမားတော် တစ်ယောက် ဖြစ်လာပါက ဆေးပညာ အစည်းအရုံးမှာ ဝမ်မိသားစုနှင့် ပခုံးချင်း ယှဉ်နိုင် လာလိမ့်မည် ဖြစ်သည်။

မကြာခင်မှာပင် ဆေးပညာ တိုက်ပွဲကား စတင်တော့မည် ဖြစ်သည်။

ကမ္ဘာ အမတေ ကောင်းကင်ဆေး ဖော်စပ်ခြင်း လုပ်ငန်းစဉ်မှာ ရိုးရှင်းကာ ပါဝင်သော ဆေးအမယ်များမှာလည်း အလွန် ရှားပါးခြင်း မရှိချေ။ ၎င်း၏ အဓိက ဆေးအမယ်မှာ ခွန်ယွမ်သီး ဖြစ်သည်။ ခွန်ယွမ်သီးသည် ကမ္ဘာမြေချီကို စုပ်ယူ ကြီးထွားကာ မြေအောက် မီတာ တစ်သောင်းခန့်၌ တွေ့ရလေ့ ရှိသည်။

ဆေးသခင်က အဝါရောင် သစ်သီး နှစ်လုံးကို ထုတ်ယူ၍ တည်ငြိမ်စွာ ဆိုလိုက်၏။

"ကျုပ်တို့ နှစ်ယောက် ခွန်ယွမ်သီးကို တစ်ယောက် တစ်လုံး ယူမယ်... ဒီ အသီးကို သုံးရက် အတွင်း ကောင်းကင်ဆေး အဖြစ် အရင်ဆုံး ပြောင်းလဲနိုင်တဲ့ ဘယ်သူ့ကိုမဆို တိုက်ပွဲမှာ အနိုင်ရတယ် လို့ သတ်မှတ်မယ်"

ခွန်ယွမ်သီးသည် အုန်းသီးတစ်လုံး အရွယ်အစား ရှိကာ ဥသဖရား ကျောက်နှင့် သဏ္ဌာန် တူသည်။ ချန်းဖန်သည် ၎င်း၏ ကြည်လင်သော မျက်နှာပြင်ကို ဖြတ်၍ အထဲရှိ ကမ္ဘာချီများကိုပင် တွေ့မြင် နေရ၏။ ထိုအရာသည် အရွယ်အစား သေးသော်လည်း တန်ချိန် တစ်သိန်းခန့် လေးရာ မူလ အဆင့် တစ်ယောက်ပင် မနိုင်လိမ့်မည် မဟုတ်ချေ။

"ကောင်းပြီလေ..."

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

နောက်ဆုံး၌ ဆေးပညာ တိုက်ပွဲကား စတင်ခဲ့ပြီ ဖြစ်သည်။

ဆေးသခင်သည် တိုက်ပွဲ စင်မြင့် တစ်ဖက်၌ ထိုင်ချကာ ကြီးမားသော ဆေးအိုးကြီး တစ်ခုကို ဆင့်ခေါ်လိုက်၏။

ထိုဆေးအိုးကြီး၏ မျက်နှာပြင်သည် ရှုပ်ထွေးသော သင်္ကေတများ၊ ဆေးပင်ပုံများ၊ ဝိညာဉ် သားရဲပုံများဖြင့် ချယ်သ ထား၏။ ၎င်း၏ ကိုယ်မှ ရှေးဆန်သော အငွေ့အသက် တစ်ချို့ ထွက်ပေါ်နေရာ လူများမှာ အသက်ရှု မွမ်းကြပ်မှုကိုပင် ခံစား လိုက်ရသည်။

ထိုဆေးအိုးကား တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ တစ်ခုပင် ဖြစ်လေ၏။

"ကမ္ဘာမီးတောက်... လောက်ကျွမ်းစမ်း..."

ဆေးသခင်က ကြမ်းပြင်အား ခြေဖနှောင့်ဖြင့် ပေါက်လိုက်ရာ မီးညွန့်တစ်ခု လောင်ကျွမ်းလာ၏။

မီးတောက် ပေါ်ထွက်လာသည်နှင့် မျှော်စင် ထိပ်ဆုံးထပ် အပူချိန်မှာ အဆများစွာ တိုးမြင့် သွားသည်။ အဝေးမှပင် ပရိသတ်များမှာ နေတစ်စင်း ထွက်လာသည့် အလား အပူဓာတ်ကို ခံစား လိုက်ရသည်။

"ကမ္ဘာ အဆုပ် အစစ်အမှန် မီးတောက်... အဲဒါက  လွန်ခဲ့တဲ့ နှစ်တစ်သောင်းတည်းက မျှော်စင်အောက်မှာ ထိန်းသိမ်းထားတဲ့ မီးတောက် မလား... ဆေးသခင်က ဒီမီးတောက်ကိုတောင် ထုတ်သုံး နေပြီပေါ့..."

ဝူချင်းယန်က အလန့်တကြားဖြင့် ရေရွတ် လိုက်၏။ သူမ၏ စကားကြောင့် ဝူပိုင်စုပင် မျက်လုံးပြူး သွားခဲ့သည်။

ကမ္ဘာအဆုပ် အစစ်အမှန် မီးတောက်ကား ဂြိုဟ်၏ မျက်နှာပြင်အောက် မီတာ တစ်သိန်း၌ တည်ရှိသော နတ်ဘုရား မီးတောက် တစ်ခု ဖြစ်သည်။ ၎င်းသည် ရွှေအမြုတေ အဆင့်များကိုပင် ပြာချ ပစ်နိုင်သည် အထိ ကြောက်မက်ဖွယ် ကောင်းသော်လည်း သုံးတတ်လျှင်မူ ဆေးဖော်စပ်ခြင်း၌ အလွန် အသုံးဝင်သည်။

ဒဏ္ဍာရီများ အရဆိုလျှင် ရှေးဟောင်းဆေး ကောင်းကင်အရှင်သည် ကမ္ဘာ အဆုပ် အစစ်အမှန် မီးတောက်အား မြေအောက် မရဏ နိုင်ငံမှ ထုတ်ယူကာ ဆေးပညာ အစည်းအရုံး မျှော်စင် အောက်ခြေဟု မြှုပ်နှံခဲ့သည် ဟူ၏။

"ဘုရားရေ... ဒါက ရှေးဟောင်းဆေး ကောင်းကင် အရှင် သုံးခဲ့တဲ့ ဒဏ္ဍာရီလာ မီးတောက်ပေါ့... ဆေးသခင်က အဲဒါကို ထုတ်ယူလိမ့်မယ်လို့ ငါ လုံးဝ မထင်ထား ခဲ့ဘူး... သူက တကယ်ပဲ ဒီပွဲမှာ အနိုင်လိုချင်နေတာ ဖြစ်ရမယ်"

ဝူဝမ်တင်က တအံ့တဩဖြင့် ရေရွတ် လိုက်သည်။ အခြားသော ဘိုးဘေးများကလည်း လိုချင် တပ်မက်စွာဖြင့် မီးတောက်အား ကြည့်နေကြ၏။

"ဒါက သက်သက် ညစ်တာပဲ... အကိုကြီး ချန်းမှာ ကမ္ဘာ အဆုပ် အစစ်အမှန် မီးတောက်မှ မရှိတာကို"

ကျို့ကျို့က မကျေမနပ်ဖြင့် အော်ဟစ် လိုက်၏။

"မဟုတ်ဘူး ကျို့ကျို့ရဲ့... ဆေးသခင်က ဘယ်နည်းလမ်း ဘာ ပစ္စည်းကို မဆို သုံးလို့ ရတယ်လို့ ပြောထားတယ်လေ"

ကဲ့ရန်က ဖြူရော်စွာ ပြုံးရင်း ပြောလိုက်သည်။

"ဟူး... ဟူး..."

မီးတောက်၏ လောင်ကျွမ်းမှုတွင် ဆေးအိုးသည် ရဲရဲနီလာကာ ၎င်း၏ အတွင်းရှိ မရေ မတွက်နိုင်သော ဝိညာဉ် ဆေးအမယ် များမှာလည်း ဆူပွက် လာခဲ့၏။

တစ်ခဏ အကြာ၌ ဆေးသခင်၏ မျက်နှာမှာ လေးနက်လာကာ ဓမ္မ အစီအရင်များကို ရေးဆွဲ လိုက်သည်။ ထိုအခါ ကောင်းကင်တွင် ရှစ်ထောင့် ဓမ္မ သင်္ကေတ တစ်ခု  ပေါ်လာကာ ရောင်စုံမီးတောက် ရှစ်ခုကို ထုတ်လွှတ်၏။ စက္ကန့် အနည်းငယ် ကြာပြီးနောက်၌ ဆေးအိုး၏ ပတ်လည်တွင် မီးတောက် အခု တစ်ရာ နီးပါး ဝန်းရံ လာခဲ့သည်။

"အာကာသ ဆေးသန့်စင်ခြင်း ကျင့်စဉ်... ဆရာရဲ့ ဆေးပညာ အပေါ် ကျွမ်းကျင်မှုနဲ့ ချောမွေ့မှုက ငါ့ထက် အဆတစ်ရာလောက် ပိုပြီး သာနေတာပဲ"

စီတုချန်း၏ မျက်လုံးများက လေးစားမှုများဖြင့် ပြည့်နှက် သွားသည်။

ဆေးသခင်နှင့် နှိုင်းယှဉ်ပါက ချန်းဖန်၏ လှုပ်ရှားမှုများက ကြီးကျယ် ခမ်းနားခြင်း မရှိလှချေ။ သူသည် အစည်းအရုံးက ပေးထားသော သာမန် ကြေးရောင် ဆေးအိုးကို မြှောက်ကာ သူ၏ ယီသစ်သား ဝိညာဉ်မီးတောက်ဖြင့် အပူပေး နေခဲ့၏။

"ငါ မပြောဘူးလား သူက လူလိမ်ပါ ဆိုတာ... ခုတော့ ကြည့်လေ... သူ့ရဲ့ အတွေးတစ်ချက်နဲ့ ဆေးလုပ်ခြင်း ဆိုတဲ့ နည်းလမ်းဟောင်းက ဘယ်ရောက်သွားတာလဲ"

ပရိသတ် အကြားရှိ အကြီးအကဲ စီတုက အော်ဟစ် လိုက်၏။ အခြားလူများမှာလည်း ချန်းဖန်အား ကြည့်ကာ သံသယ ဖြစ်သွားကြသည်။

"သူက ဆေးပညာကို တကယ် မတတ်ကျွမ်း ပဲနဲ့ မျက်လှည့်ပြကွက်ကို သုံးပြီး လိမ်ညာ ခဲ့တာလား..."

တစ်ချိန်တည်း၌ ဆေးပညာကို နက်နဲစွာတတ်ကျွမ်းသော အကြီးအကဲများမှာ ချန်းဖန်ကို ကြည့်ကာ ခေါင်းခါ နေကြ၏။

"သူက ဝိညာဉ် ရတနာ အဆင့် ရှိတဲ့ ဆေးအိုးနဲ့ ကောင်းကင် အဆင့် ဆေးကို သန့်စင်ချင် နေတာလား... ဘယ်လောက်တောင် မိုက်ရူးရဲ ဆန်လိုက်သလဲကွာ"

"ဟုတ်တယ်... ဆေးသခင်တောင် ဆေးတစ်ရာ ဆေးအိုးကို သုံးနေတာ... အဲဒါက ရှေးဟောင်းဆေး ကောင်းကင် အရှင် သုံးခဲ့တဲ့ ဆေးအိုး ခုနစ်ခုထဲက တစ်ခုလေ... ဆေးတစ်ရာ ဆေးအိုးက ကောင်းကင် တစ်ပိုင်း အဆင့် ဆိုပေမဲ့ ဝိညာဉ် ရတနာ တစ်ခုထက်တော့ အများကြီး ပိုပြီး အစွမ်းထက်တယ်"

အကြီးအကဲ ချန်းယန်က ခေါင်းခါရင်း ပြောလိုက်သည်။

ပညာရှင်များ၏ စကားကို နားထောင်ပြီးနောက် လူများစွာ၏ ချန်းဖန် အပေါ် မျှော်လင့်ချက်များ ကျဆင်းလာခဲ့၏။ သို့သော်လည်း အချို့ကမူ ချန်းဖန် တစ်ခုခု လုပ်ပြနိုင်မည်ဟု မျှော်လင့် နေကြတုန်း ဖြစ်သည်။

"ဘုန်း... ဘုန်း..."

ခွန်ယွမ်သီးအား ထည့်သွင်းပြီးနောက် ဆေးသခင်သည် မီးအားကို ပိုမို မြှင့်လိုက်၏။ ထိုအခါ ဆေးတစ်ရာ ဆေးအိုးမှာ နတ်ဆိုး တစ်ကောင်၏ ရုန်းကန် ထိုးနှက်မှုကို ခံရသည့် အလား ပိုမို တုန်ရီ လာခဲ့သည်။ ဆေးအိုး၏ အဖုံးထက်၌ ဆေးသခင် ချမှတ်ထားသော အစီအရင် အချို့ပင်လျှင် စတင်ကာ ယိုယွင်း ပျက်စီး လာခဲ့၏။

တစ်ချိန်တည်း၌ ချန်းဖန်၏ ဆေးအိုးမှာလည်း မထိန်းချုပ်နိုင်အောင် တုန်ရီကာ အချိန် မရွေး ပေါက်ကွဲတော့မလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"တွေ့လား... ငါပြောသားပဲ..."

အကြီးအကဲ စီတုက လှောင်ပြုံး ပြုံးကာ ဆိုလိုက်၏။

ထိုအချိန်၌ လူတိုင်းကား အသက်ပင် မရှူနိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့သည် တိုက်ပွဲ စင်မြင့်ကို ရင်ဖိုစွာဖြင့် ကြည့်နေ မိကြ၏။

ကမ္ဘာ အမတေ ကောင်းကင်ဆေး တစ်လုံး ဖော်စပ်ရန် အတွက် အသွင် ပြောင်းလဲခြင်း ကိုးခုကို ပြုလုပ်ရန် လိုအပ်၏။

ဆေးသခင်သည် အသွင် ပြောင်းလဲခြင်း နှစ်ခုကို အောင်မြင်ခဲ့ပြီး ဖြစ်ကာ ယခု တစ်ကြိမ်မှာ တတိယ အကြိမ် အသွင် ပြောင်းလဲခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းဖန်မှာမူ ယခုထိ တစ်ကြိမ်မျှ မပြောင်းရသေးချေ။

တစ်နာရီမျှ ကြာပြီးနောက်...

"ဘုန်း..."

ချန်းဖန်၏ ဆေးအိုးမှာ ခံနိုင်ရည် ကင်းမဲ့ကာ ပေါက်ကွဲ သွားတော့၏။ ၎င်း၏ အတွင်းပင် ပါဝင်သော အဝါရောင် အရည်များမှာလည်း လေထဲ၌ ပျံ့နှံ့ သွားသည်။

တိုက်ပွဲ စင်မြင့်မှာမူ ဓမ္မ အစီအရင်များဖြင့် ကာကွယ်ထားရာ ပေါက်ကွဲမှုကြောင့် ကြီးကြီးမားမား အကျိုး သက်ရောက်မှု မဖြစ်ပေါ် ခဲ့ချေ။

"ပေါက်ကွဲသွားပြီ..."

လူများက ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းများ ချလိုက်ကြသည်။ ကျို့ကျို့၏ မျက်နှာမှာမူ စက္ကူ တစ်ချပ် အလား ရုတ်ချည်း ဖြူရော်သွား၏။

သူမနှင့် ဆန့်ကျင်စွာပင် ဆေးပညာ အစည်းအရုံး၏ တပည့်များမှာမူ ပြုံးရွှင် နေကြပြီ ဖြစ်သည်။ သူတို့ကား ဆေးသခင် အတွက် အောင်ပွဲခံရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်၏။

တစ်ချိန်တည်း၌ ဝမ်ရွှမ်လုံ၊ ဝူမိသားစု ဘိုးဘေးနှင့် အခြား မိသားစု အကြီးအကဲ များမှာ ဆေးသခင် ဂုဏ်ပြုရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

သို့သော်လည်း နောက်ထပ် ဖြစ်လာသည့် အရာများက လူတိုင်းအား ဆွံ့အ ငြိမ်သက် သွားစေ၏။

"ကပ်ဘေး တစ်ထောင် ဆေး သန့်စင်ခြင်း နည်းစနစ်..."

"ပထမ အသွင်ပြောင်းခြင်း..."

ချန်းဖန်က ကျင့်စဉ် တစ်ခုကို အသက်သွင်းကာ ဝိညာဉ် အလင်း တစ်ခုကို ပစ်လွှတ် လိုက်သည်။

လူတိုင်း၏ အကြည့်များ အောက်တွင်ပင် အဝါရောင် အရည်များမှာ လေထဲ၌ ပြန်လည် စုစည်းကာ အေးခဲလာ၏။ ထို့နောက် ၎င်းတို့အား ကမ္ဘာချီများက ဆေးအိုး သဏ္ဌာန် ဝန်းရံကာ စတင် လှည့်ပတ်ကြသည်။

"ဒုတိယ အသွင်ပြောင်းခြင်း ကောင်းကင် မီးတောက်..."

ချန်းဖန်က လက်ကို မြှောက်ကာ သင်္ကေတ တစ်ခုကို ရေးဆွဲ လိုက်သည်။ ရုတ်တရက် ခရမ်းရောင် မီးတောက် တစ်ခု ဖြစ်ပေါ်လာကာ ကမ္ဘာချီ ဆေးအိုးအား ဝန်းရံ၏။

"အဲဒါက ဘာလဲ..."

လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေကြပြီ ဖြစ်လေသည်။ သို့သော်လည်း ချန်းဖန်က ထိုမျှဖြင့် ရပ်တန့်ခြင်း မရှိချေ။

"တတိယ အသွင်ပြောင်းခြင်း..."

"စတုတ္ထ အသွင်ပြောင်းခြင်း..."

" ... "

"နဝမ အသွင်ပြောင်းခြင်း..."

နာရီဝက်မျှ ကြာပြီးနောက်၌ မြေကမ္ဘာ ဆေးအိုးသည် ပုံရိပ်ယောင် အဖြစ် လွင့်ပြယ်ကာ အဝါရောင် အလင်း ပုံရိပ် ထွက်ပေါ်လာသည်။

ထိုအလင်း ပုံရိပ်သည် နဂါးတစ်ကောင် အလား ကောင်းကင်သို့ ပျံတက်၍ တိမ်များ အကြား၌ မိုးကြိုးကပ်ဘေးကို ခံယူ၏။ ထို့နောက် ၎င်းက တဖိတ်ဖိတ် တောက်ပသော ဆေးလုံး အဖြစ် ပြောင်းလဲကာ ချန်းဖန်၏ လက်အတွင်း ဆင်းသက် လာခဲ့သည်။

ကမ္ဘာ အမတေ ကောင်းကင်ဆေးကား အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ ဆေးသခင်မှာမူ တတိယ အသွင်ပြောင်းခြင်းကို အောင်မြင်ရုံသာ ရှိသေးကာ အပြည့်အဝ ဖြစ်ပေါ်ရန် များစွာ ကွာဝေးသေး၏။

သို့ဖြစ်ရာ တိုက်ပွဲ စည်းမျဉ်းအရ ချန်းဖန်မှာ အနိုင်ရရှိ သွားခဲ့ပြီ ဖြစ်တော့၏။

***

All Chapters