အခန်း (၅၆၀)
Vol. 38 Ch. 560
ဤသို့ဖြင့် လက်ရှိအချိန်တွင် ချီလင်းတန်အနေဖြင့် မဟာဂိုဏ်းကြီးတစ်ခု၏ ဂုဏ်သိက္ခာ ဘာညာ စသည်တို့ကို ဂရုမစိုက်နိုင်တော့ပေ။
ထို့နောက် အံကြိတ်လိုက်ပြီး နီရဲနေသော မျက်ဝန်းများဖြင့် ဒေါသတကြီး ဟစ်အော်လိုက်သည်။
“ ပျံသန်းခြင်းအင်မော်တယ် ဓားပညာ… သတ်ဖြတ်ခြင်းဓား...”
ပျံသန်းခြင်းအင်မော်တယ် ဓားပညာရပ်မှာ လွန်ခဲ့သောနှစ်များအတွင်း ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ဂိုဏ်းချုပ်ကိုယ်တိုင် ဖန်တီးထားခဲ့သည့် မဟာနတ်တန်ခိုးစွမ်းရည်တစ်ခုဖြစ်သည်။
၎င်းက ယနေ့ထိတိုင် အရှေ့ပိုင်းတိုက်ကြီး၌ အလွန်ကျော်ကြားသော မဟာနတ်တန်ခိုးစွမ်းရည်များထဲမှ တစ်ခုဖြစ်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ပျံသန်းခြင်းအင်မော်တယ်ဓားပညာက အကွက်ပေါင်းများစွာ ပါဝင်သော အလွန်ရှားပါးသည့် မဟာနတ်တန်ခိုးစွမ်းရည်တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။
ဒဏ္ဍာရီများအရဆိုလျှင် ပျံသန်းခြင်းအင်မော်တယ်ဓားပညာမှ နောက်ဆုံးအကွက်ဖြစ်သော ကိုးကွက်မြောက်ကို နားလည်ပါက မြင့်မြတ်သော သူတော်စင်တစ်ယောက်၏ နတ်တန်ခိုးဖြင့်ပင် ယှဉ်နိုင်သည်ဟုဆိုသည်။
သို့သော် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းချုပ် သေဆုံးသွားပြီးကတည်းက ပျံသန်းခြင်းအင်မော်တယ်ဓားပညာ၏ ကိုးကွက်မြောက်ကို ကျွမ်းကျင်သူဟူ၍ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၌ တစ်ယောက်မှ ရှိမလာတော့ပေ။
ချီလင်းတန်ပင်လျှင် ပျံသန်းခြင်းအင်မော်တယ်ဓားပညာရပ်မှ စတုတ္ထမြောက်အကွက်ဖြစ်သော သတ်ဖြတ်ခြင်းဓားကိုသာ ကျွမ်းကျင်သည်။
သို့သော် ယင်းမှထွက်ပေါ်လာသော စွမ်းအားက အလွန်ကြောက်မက်ဖွယ်ပင်။
ကောင်းကင်ထက်တွင် ချီလင်းတန်က ၎င်း၏ ဘယ်လက်ကို မြှောက်လိုက်ပြီး မြားတစ်စင်း ပစ်လွှတ်လိုက်သည့်အလား ရှေ့သို့ ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။
ထို့နောက် သူ့ဘယ်လက်နှင့် ညာလက်ကြားတွင် နတ်တန်ခိုးစွမ်းအင်က အနည်းငယ် ဝေဝေဝါးဝါးဖြစ်နေသော ကြက်သွေးရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထို့နောက် စိတ်ဝိညာဉ်တာအိုအရှင်သခင်တစ်ယောက်သာ အသုံးပြုနိုင်သော ကောင်းကင်နှင့်မြေကြီးအကြားမှ စွမ်းအားများကို ပေါင်းစပ်လိုက်လျှင် အစောပိုင်း၌ ဝေဝေဝါးဝါးဖြစ်နေသော ပုံရိပ်က တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
၎င်းက သွေးရောင်ကဲ့သို့ နီရဲတောက်ပနေသော ဓားတစ်လက်ဖြစ်၏။
ထိုသွေးရောင်ဓားအထက်တွင် မရေမတွက်နိုင်သော ရုန်းအမှတ်အသားများ ရှိနေခဲ့ပြီး အလွန်ပြင်းထန်သော သတ်ဖြတ်ငွေ့များကို ထုတ်လွှတ်နေသည်။
ထိုသွေးရောင်ဓားက စက္ကန့်တိုင်းတုန်ခါနေပြီး တစ်ချက်တုန်ခါသွားလိုက်တိုင်း ၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါက ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။
ချီလင်းတန်၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတစ်ချက်လက်သွားခဲ့ပြီး သွေးရောင်သတ်ဖြတ်ခြင်းဓား အသက်ဝင်လာသည်နှင့် မိုးကြိုးလျှပ်စီးပင်လယ်အတွင်းမှ ရွှမ်ယီ၏ ခန္ဓာကိုယ်ထံသို့ ပစ်လွှတ်လိုက်သည်။
သို့သော် ရွှမ်ယီ၏အမူအရာက အနည်းငယ်မျှ ထူးမခြားသွားပေ။
သူက သွေးရောင်ကဲ့သို့ နီရဲတောက်ပနေသော ဓားအား ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်စွန်း အနည်းငယ်တွန့်ကွေးရုံမျှ ပြုံးလိုက်ပြီး
“ မဟာဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အရမ်းအားနည်းလွန်းပါလား...”
ရွှမ်ယီ၏ စကားသံနှင့်အတူ မိုးခြိမ်းသံတစ်ခု ဂျိန်းခနဲ ထွက်ပေါ်လာသည်။
ရွှမ်ယီ အင်ပါယာအဆင့်သို့ ရောက်ရှိပြီးနောက်တွင် တာအိုအသစ်တစ်ခုကို နားလည်ခဲ့၏။
လျှပ်စီးတာအို…
သူက နီဗားနားကျင့်စဉ်မှ ဖန်တီးပေးထားသည့် အလွန်ထူးခြားသော ရုပ်ခန္ဓာကို အားကိုးအားထားပြုကာ ဘုရင်အဆင့်၌ ရှိစဉ်ကတည်းက မိုးကြိုးလျှပ်စီးများအား အဆက်မပြတ် စုပ်ယူခဲ့သည်။
တခြားသူများ၏အမြင်တွင် မိုးကြိုးလျှပ်စီးများက ရုန့်ရင်းကြမ်းတမ်းသော သားရဲကြီးတစ်ကောင်နှင့် ဆင်တူသော်လည်း ရွှမ်ယီ၏ မျက်ဝန်းများထဲတွင်မူ ၎င်းက အလွန်ကောင်းမွန်သော ဖြည့်စွက်စာတစ်ခု ဖြစ်နေခဲ့သည်။
ထို့အပြင် ကောင်းကင်ဘုံအတိဒုက္ခ တစ်ကြိမ်ကျော်ဖြတ်ပြီးတိုင်း မိုးကြိုးလျှပ်စီးပေါ်၌ သူ၏နားလည်မှုက သိသိသာသာ တိုးတက်လာခဲ့သည်။
ဤသို့ဖြင့် အင်ပါယာအဆင့်သို့ ဖြတ်ကျော်ပြီး မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင် ယခင်စုစည်းထားခဲ့သော နားလည်မှုအစိတ်အပိုင်းလေးများက အရေအတွက်မှ အရည်အသွေးအဖြစ်သို့ ပြောင်းလဲသွားတော့၏။
လက်ရှိအချိန်တွင် ရွှမ်ယီကျွမ်းကျင်သော တာအိုက ဓားတာအိုတစ်ခုတည်းသာ မဟုတ်တော့ဘဲ လျှပ်စီးတာအိုပါ ပါဝင်လာချေပြီ။
လက်ရှိအချိန်သို့ ပြန်သွားရမည်ဆိုလျှင်…
တောက်ပသော လျှပ်စီးကြောင်းများက တိုင်ရှုတာအိုနယ်မြေအတွင်း တဖျပ်ဖျပ်တောက်ပလာခဲ့ပြီး နဂိုက ကြယ်ရောင်များ ပြည့်နှက်နေသည့် ညကောင်းကင်ယံကဲ့သို့ဖြစ်နေသော တာအိုနယ်မြေကို နက်ရှိုင်းသော ခရမ်းရောင်ချီစွမ်းအင်အလွှာဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
ဤဖြစ်ပေါ်လာသော ခရမ်းရောင်ချီစွမ်းအင်များထဲတွင် တည်ငြိမ်သော အရှိန်အဝါမျိုးမရှိဘဲ အဆုံးမဲ့သတ်ဖြတ်လိုစိတ်နှင့် ကြမ်းတမ်းသော အရှိန်အဝါများ ပြည့်နှက်နေသည်။
ရွှမ်ယီ၏ စကားဆုံးသည်နှင့် တိုင်ရှုတာအိုနယ်မြေအတွင်းမှ လျှပ်စီးကြောင်းများက ခရမ်းရောင်နဂါးကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားကာ တိုင်ရှုတာအိုနယ်မြေ၏ စွမ်းအားထောက်ပံ့မှုအောက်၌ ချက်ချင်းအပေါ်သို့ ဝေ့ကာဝိုက်ကာ တက်သွား၏။
သတ်ဖြတ်ခြင်းစွမ်းအားနှစ်ခု ပေါင်းစပ်သွားကာ ရွှမ်ယီ၏ ခန္ဓာကိုယ်ကို ကာကွယ်လျက် ချီလင်းတန်၏ ဝှက်ဖဲတစ်ခုဖြစ်သော သတ်ဖြတ်ခြင်းဓားကို တားဆီးလိုက်သည်။
တစ်ချိန်တည်းတွင် ရွှမ်ယီက အတိဒုက္ခမိုးတိမ် အစိတ်အပိုင်းနှစ်ခုကို ထပ်မံစုပ်ယူလိုက်ရာ သူ၏ ကျင့်ကြံမှုက တစ်ဖန်ပြန်လည်၍ မြင့်တက်လာပြန်သည်။
မကြာမီ ရွှေရောင်ထာဝရနတ်ဘုရားစင်မြင့်ထက်၌ (၅)ခုမြောက် နတ်ဘုရားအမှတ်အသား အစပျိုးကာဖြစ်ပေါ်လာ၏။
တဖက်တွင် ချီလင်းတန်၏ မျက်နှာထက်၌ စိတ်အားထက်သန်မှုနှင့် ထိတ်လန့်မှုတို့ ပျောက်ကွယ်သွားပြီး ၎င်းနေရာတွင် တည်ငြိမ်မှုများ အစားထိုး ၀င်ရောက်လာသည်။
သို့သော် ထိုတည်ငြိမ်သောမျက်နှာထက်ရှိ မျက်၀န်းများထဲ၌ လူသတ်ငွေ့များဖြင့် ပြည့်နှက်နေ၏။
“ အစတုန်းကတော့ မင်းကို ဂိုဏ်းဆီခေါ်သွားပြီး ငါ့ဓားကျွန်ဖြစ်စေချင်ခဲ့တယ်… ဒါပေမယ့် ဒီအခြေအနေအထိ ရောက်လာမှတော့ သေလိုက်တော့ပေါ့ကွာ…”
ချီလင်းတန်၏ လေသံ၌ မောက်မာမှုအပြည့် ပါ၀င်နေသည်။
သူက တိမ်ပင်လယ်အထက်၌ ရပ်နေခဲ့ကာ ရွှမ်ယီအား ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
“ စောနက မဟာဂိုဏ်းကြီးတစ်ခုရဲ့ အခြေခံအုတ်မြစ်က အားနည်းလွန်းတယ်လို့ မင်းပြောခဲ့တယ်… အေး မဟာဂိုဏ်းကြီးတစ်ခုနဲ့ ဒီလို နံချာတဲ့နေရာ အကြားက ကွာဟချက်က ဘာလဲဆိုတာ မင်းသိအောင် အခု ပြပေးမယ်…”
စကားဆုံးသည်နှင့် ချီလင်းတန်၏ ပုံရိပ် နေရာမှ ပျောက်ကွယ်သွားသည်။
ထို့အပြင် ၎င်း၏ အရှိန်အဝါများကိုပါ အစအနရှာမရတော့ပေ။
ယင်းက ရွှမ်ယီ ကောင်းကင်ဘုံအတိဒုက္ခ စတင်တုန်းက အခြေအနေနှင့် တူညီ၏။
“ ဘာ.. ဘာတွေ ဖြစ်နေတာလဲ…”
“ ချီလင်းတန် ထွက်ပြေးသွားတာလား… ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ ကြံစည်နေတာလား…?”
ကောင်းကင်ပြိုလဲခြင်းတောင်းထိပ်မှ ကျင့်ကြံသူများ ပဟေဠိဖြစ်စွာ ရေရွတ်လိုက်ကြ၏။
သူတို့က မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးအောက်၌ ရှိနေသည်ဖြစ်ရာ တိုက်ပွဲအကျိုးသက်ရောက်မှုများအား စိတ်ပူစရာမရှိချေ။
ဤသို့ဖြင့် လူတိုင်း အသက်ရှုရန်ပင် မေ့လျော့နေကြပြီး တိုက်ပွဲနေရာမှ အခြေအနေအား နတ်အသိပို့လွှတ်ကာ စစ်ဆေးနေကြသည်။
ထိုအဆင့် တိုက်ပွဲက သူတို့အတွက် အလွန်အကျိုးရှိလှပြီး သူတော်စင် အင်ပါယာအဆင့် ကျင့်ကြံသူများဖြစ်ကြသော ကျူးယောင်းနှင့် ရှီချီတို့ပင် ၎င်းအား လက်လွတ်မခံနိုင်ကြပေ။
သို့သော် ချီလင်းတန်က အလွန်ဆန်းကြယ်သော နည်းလမ်းအား အသုံးပြုလာမည်ဟု လုံး၀ မမျှော်လင့်ထားခဲ့ကြချေ။
၎င်းက လူမြင်ကွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။
ချီလင်းတန် ထွက်ပြေးသွားပြီလော ဆိုသည်မှာလည်း မှန်းဆချက်တစ်ခုထက် မပိုပေ။
ဤသို့ဖြင့် ကျူးယောင်နှင့် ရှီချီတို့ အလွန်လေးနက်သော အမူအရာနှင့် ရွှမ်ယီရှိရာသို့ စိုက်ကြည့်နေခဲ့ကြသည်။
ချီလင်းတန်ဆိုသည်မှာ မဟာဂိုဏ်းကြီးမှ ဆင်းသက်လာခြင်းဖြစ်ပြီး အလွန်များပြားသော ဝှက်ဖဲများ ပိုင်ဆိုင်ထားရန် သေချာသည်။
ထို့ကြောင့် နောက်ဆုံးအချိန်မရောက်သ၍ တိုက်ပွဲရလဒ်အား ခန့်မှန်းရန် ခက်ခဲပေသည်။
၎င်းက ဤနေရာသို့ ဝိညာဉ်ခန္ဓာဖြင့် ရောက်လာခြင်းဖြစ်လျှင်တောင် လျှော့တွက်၍ မရချေ။
“ ဂိုဏ်းချုပ်ရွှမ်… လုံး၀ ပေါ့ဆလို့မရဘူးနော်…”
ကျူးယောင် မနေနိုင်ဘဲ အော်ဟစ်သတိပေးလိုက်၏။
တစ်ဖက်တွင် ရွှမ်ယီကမူ ချီလင်းတန် ပျောက်ကွယ်သွားသည့်အပေါ် အနည်းငယ်မျှ ဂရုမစိုက်ခဲ့ချေ။
အတိဒုက္ခမိုးတိမ် နောက်ဆုံးအပိုင်းရှိရာဆီသို့ တည်ငြိမ်စွာ ပျံသန်းသွားလိုက်၏။
၎င်းအား စုပ်ယူပြီးပါက ဆန်းကြယ်ပလ္လင် အင်ပါယာအဆင့်သို့ ချိုးဖျက် ရောက်ရှိသွားပေလိမ့်မည်။
သို့သော် ရွှမ်ယီ၏ လုပ်ရပ်က ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်မှ လူများအမြင်တွင် အနည်းငယ် လွန်ကဲနေခဲ့သည်။