အခန်း (၅၅၈)
Vol. 38 Ch. 558
ရဲ့ချင်းစုန်ထံမှစကားကြောင့် ဂျီကျူးယွဲ့ ပြန်လည်တည်ငြိမ်သွားခဲ့၏။
ဤမတိုင်ခင် ဖြစ်ပေါ်ခဲ့သော စိုးရိမ်မှုများက အကျိုးမရှိဖြစ်သွားခဲ့ရသည်။
ရဲ့ချင်းစုန်၏ အလွန်ယုံကြည်မှုရှိနေသော အမူအရာကိုမြင်လျှင် မိုးကြိုးကပ်ဘေးပြီးဆုံးသွားချိန်ကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့၏။
နောက်ဆုံးတွင် ကောင်းကင်ထက်၌ ရွှမ်ယီ၏ဓားချီအလင်းနှင့် မိုးကြိုးလျှပ်စီးပင်လယ်ကြီးတို့အကြား တိုက်ခိုက်မှုက ပြီးဆုံးသွားခဲ့သည်။
ထို့နောက် တစ်ခဏမျှ ငြိမ်သက်သွားခဲ့၏။
ကြည့်ရသည်မှာ မုန်တိုင်းမလာခင် လေပြေလာသည့်အလားပင်။
မကြာမီ အလွန်ကြီးမားကျယ်ပြန့်သော မိုးကြိုးလျှပ်စီးတိမ်တိုက်ကြီးများက ပြင်းထန်စွာ လှုပ်ခတ်လာလေသည်။
ထို့နောက် အနီရောင်လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ကာ အကာအကွယ်အလွှာတစ်ခုအဖြစ်သို့ စုစည်းလာခဲ့သည်။
သို့သော် အချည်းအနှီးသာ။
၎င်းတို့အားလုံး အနှိုင်းမဲ့ထက်ရှလွန်းသော ဓားချီအောက်တွင် ဖျက်ဆီးခြင်းခံခဲ့ရသည်။
“ မိုးကြိုးနဂါးကောင်းကင်ဓား... ဖျက်ဆီးစမ်း…”
ရွှမ်ယီက တောက်ပသောမျက်ဝန်းများဖြင့် ဟစ်ကြွေးလိုက်၏။
ထို့နောက် လက်အတွင်းမှဓားအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လျှင် အနီးပတ်ဝန်းကျင်တစ်ဝိုက်သို့ လျှို့ဝှက်ဆန်းကြယ်သော ဖိနှိပ်မှုကြီးတစ်ခု ကျရောက်လာခဲ့သည်။
ထို့အပြင် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး ရွှမ်ယီလက်အတွင်းမှ ဓားထံသို့ စုစည်းလာခဲ့ပြီး နောက်ဆုံးတွင် ဓားအလင်းတစ်ခု ပြေးထွက်သွားခဲ့သည်။
ဓားအလင်းက မိုးခြိမ်းသံများ တဂျိန်းဂျိန်းမြည်လျက် ကောင်းကင်ထက်သို့ ထိုးတက်သွား၏။
စနစ်ထံမှ ဆုလာဘ်ကြောင့် ၎င်းက အစတွင် အစစ်အမှန်နတ်တန်ခိုးစွမ်းရည်တစ်ခုသာ ဖြစ်သော်ငြား မဟာနတ်တန်ခိုးစွမ်းရည်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့အပြင် ရွှမ်ယီကိုယ်တိုင် ၎င်းအား ဖန်တီးထားခြင်းဖြစ်လေရာ သဘာဝအတိုင်း ထိုနတ်တန်ခိုးစွမ်းရည်နှင့် ရွှမ်ယီအကြား အလွန်သဟဇာတဖြစ်လှ၏။
ရွှမ်ယီက အင်ပါယာအဆင့်သို့ အမှန်တကယ်ရောက်ရှိသေးခြင်း မရှိသော်လည်း တိုင်ရှုတာအိုနယ်မြေကို အားကိုး၍ လက်ရှိအချိန်တွင် နတ်တန်ခိုးစွမ်းရည်များအား အသုံးပြုနိုင်စွမ်းရှိနေသည်။
ထိုအချိန်တွင် တိုင်ရှုတာအိုနယ်မြေက အပြင်းအထန်တုန်ခါသွားခဲ့ပြီး ၎င်းအတွင်း၌ စုဆောင်းထားသော နတ်တန်ခိုးစွမ်းအင်များ ဓားအလင်းထံသို့ စုရုံးဝင်ရောက်သွားလေသည်။
ထို့နောက် ဓားအလင်းက မိုင်ပေါင်းသောင်းနှင့်ချီ ရှည်လျားသော မိုးကြိုးကြီးတစ်စင်းအလား ပြောင်းလဲသွား၏။
၎င်းက ကောင်းကင်ထက်မှ အနီရောင်လျှပ်စီးများဖြင့် ပြုလုပ်ထားသော အတားအဆီးနှင့် နှိုင်းယှဉ်လျှင် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေဟန်တူသည်။
“ မဟာနတ်တန်ခိုးစွမ်းရည်... ပြီးတော့ အဲဒါ တာအိုနယ်မြေ မဟုတ်ဘူးလား…”
“ ရွှမ်ယီက တာအိုနယ်မြေကို တကယ်နားလည်ခဲ့တာပဲ…”
ကောင်းကင်ထက်မှ ရွှမ်ယီအသုံးပြုလိုက်သော နတ်တန်ခိုးစွမ်းရည်အား မြင်လိုက်ရလျှင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်မှ ကျင့်ကြံသူများအားလုံး ၎င်းနောက်ကွယ်မှ ရွှမ်ယီ၏စွမ်းအားကို အသိအမှတ်ပြုလိုက်ကြသည်။
သူတို့ စကားသံများအားလုံး တုန်ခါနေခဲ့၏။
ယခင် ရွှမ်ယီက လျူယန်မင်းဆက်ကို ဖျက်ဆီးခဲ့ချိန်တွင် သူ၏အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်းများကို ပြသခဲ့ပြီးဖြစ်သော်လည်း ၎င်းက တစ်ဆင့်စကားများသာဖြစ်ပြီး မိမိကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မဟုတ်ပေ။
လက်ရှိအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်မှ ကျင့်ကြံသူများအနေဖြင့် ရွှမ်ယီ၏တာအိုနယ်မြေစွမ်းအားကို ယခုမှသာ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်၏။
သူတို့အားလုံး စကားပင်မပြောနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ကြသည်။
ကောင်းကင်ထက်မှ ဓားအလင်းက ရှေ့တွင်ရှိသော အရာအားလုံးကို သိမ်းကျုံးဖျက်ဆီးသွားတော့မည်အလား ထင်မှတ်ရသည်။
မကြာခင် ၎င်းက အနီရောင်မိုးကြိုးအကာအကွယ်အလွှာများနှင့် တိုက်မိသွားလေသည်။
ဂျိန်း...
အုန်း...
ကောင်းကင်ထက်မှ တိမ်များ၊ လေဟာနယ်များ ပြိုကွဲသွားကာ ပတ်ဝန်းကျင်မှ တောင်များ၊ မြစ်များအားလုံးလည်း တုန်ခါသွားခဲ့၏။
ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင် ဂျီကျူးယွဲ့၏အမူအရာ ပြောင်းလဲသွားခဲ့ပြီး လက်နှစ်ဖက်အား အလျင်အမြန်လှုပ်ရှားလိုက်ကာ မဟာကောင်းကင်ဘုံကြယ်စင်စုအစီအရင်အား အသက်ဝင်စေလိုက်ပြီး ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်မှ လူတိုင်းကို ကာကွယ်ပေးလိုက်သည်။
တစ်ဖက်တွင်မူ ချီလင်းတန်၏မျက်နှာ အလွန်ရုပ်ဆိုးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ တောက်ပလာခဲ့သည်။
သူက ထိုတိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် သက်ရောက်မှုများကို မခုခံဝံ့ပေ။
၎င်းက သူ၏ဝိညာဉ်ခန္ဓာကို ဖျက်ဆီးနိုင်မည် မဟုတ်သော်လည်း ဝိညာဉ်ခန္ဓာက ဝိညာဉ်ခန္ဓာတစ်ခုသာ ဖြစ်သည်။
အကယ်၍ သူသာ ထိုစွမ်းအင်လှိုင်းလုံးကြီးကို ခုခံကာကွယ်လိုက်မည်ဆိုပါက စိတ်ဝိညာဉ်စွမ်းအင်များစွာ အသုံးပြုရမည်ဖြစ်ကာ နောက်ဆက်တွဲလုပ်ဆောင်မည့် အစီအစဉ်များအပေါ် ထိခိုက်သွားပေလိမ့်မည်။
ဤသို့ဖြင့် ချီလင်းတန် အဝေးသို့ ရှောင်ထွက်သွားလိုက်သည်။
သို့သော် တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက်အင်ပါယာတို့က ယခင်နေရာ၌သာ ကြိုးတန်းလန်းနှင့် ကျန်ရစ်နေခဲ့သည်။
သူတို့ထံသို့ တဖြည်းဖြည်းနီးကပ်လာနေသော စွမ်းအင်လှိုင်းလုံးကြီးကို ငေးကြည့်နေရုံသာ တတ်နိုင်၏။
ထို့နောက် နှစ်ယောက်သား စိတ်ဓာတ်ကျစွာနှင့် မျက်လုံးများမှိတ်လိုက်ကြသည်။
သို့သော် သူတို့မျှော်လင့်ထားသော နာကျင်မှုများ ရောက်မလာခဲ့ပေ။
ထိုအစား သူတို့နှစ်ယောက်၏ ကျင့်ကြံမှုများကို စည်းခတ်ကာ ချည်နှောင်ထားခဲ့သော သံကြိုးက ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။
တိုင်ရွှမ် နှင့် ဖီးနစ်မီးတောက် အင်ပါယာတို့ မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူတို့ရှေ့၌ ဓားရှည်တစ်ချောင်းကိုင်ဆောင်ကာ ပြုံးလျက် ရပ်နေသော အဖြူရောင်၀တ်စုံနှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ထို အဖြူ၀တ်လူငယ်၏ နောက်ကျောဘက်တွင် အနည်းငယ် ဝေဝါးနေသော ရွှေရောင် နတ်ဘုရားစင်မြင့်တစ်ခုလည်း ရှိနေ၏။
ထိုမျှမကသေးဘဲ ၎င်းက မိုးကြိုးလျှပ်စီးပင်လယ်အတွင်းသို့ ရောက်ရှိနေခဲ့ကာ ၎င်းထံမှ ထွက်ပေါ်နေသော နတ်တန်ခိုးကြောင့် မိုးကြိုးလျှပ်စီးကြောင်းများ အဆက်မပြတ်အက်ကွဲနေသည်။
ထို့နောက် ထွက်ပေါ်လာသည့် အလွန်ကြွယ်၀သော စွမ်းအားများကို ရွှေရောင် ထာ၀ရနတ်ဘုရားစင်မြင့်က ဝါးမြိုနေခဲ့၏။
…
ရွှမ်ယီက သူ့လက်အား အသာအယာဝှေ့ယမ်းလိုက်ကာ အပြင်းအထန် ဒဏ်ရာရနေသော တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက် အင်ပါယာတို့အား မဟာကောင်းကင်ဘုံ ကြယ်စင်စုအစီအရင်ကြီးအတွင်း တွန်းပို့လိုက်၏။
ထိုအခါ ကျူးယောင်နှင့် ရှီချီတို့က ၎င်းတို့အား ကုသပေးနိုင်ရန် အပြေးအလွှား သယ်ဆောင်လိုက်ကြသည်။
ရွှမ်ယီအား ကြည့်နေသော တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက် အင်ပါယာတို့၏ မျက်၀န်းများထဲတွင် ကျေးဇူးတင်မှု နှင့် ခါးသီးမှုတို့ ပြည့်နှက်နေ၏။
မကြာသေးမီအချိန်တုန်းက…
ရွှမ်ယီ စတင်ထွက်ပေါ်လာစဉ် ၎င်းက သူတို့ထက် များစွာ နိမ့်ကျသေးသည်။
သို့သော် တစ်နှစ်မပြည့်မီ အချိန်လေးအတွင်း ရွှမ်ယီဆိုသော အမည်က တောင်ပိုင်းနယ်စပ်၌ ကြယ်တံခွန်အလား ထွန်းတောက်လာခဲ့ကာ နက်နဲခြင်းအင်ပါယာဂိုဏ်းကို တည်ထောင်ခဲ့ပြီး မြင့်မြတ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ထို့နောက် သူ၏ ခွန်အားက ဒုံးပျံတစ်ခုအလား မြင့်တက်လာခဲ့၏။
အရှေ့ပိုင်းတိုက်ကြီးမှ ဒဏ္ဍာရီများအား အကြိမ်ကြိမ် ချိုးဖျက်ခဲ့သည်။
လက်ရှိအချိန်တွင် ကျူးယောင်နှင့် ရှီချီတို့ မသိသော်လည်း ရွှမ်ယီနှင့် ထိတွေ့ခဲ့သော တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက်တို့က ရှင်းရှင်းလင်းလင်းခံစားမိခဲ့ကြ၏။
ရွှမ်ယီထံမှ ထွက်ပေါ်နေသော ဖိအားက အထွတ်အထိပ် အင်ပါယာအဆင့် ကျင့်ကြံသူများထက် ကြီးမားကာ ချီလင်းတန်၏ ဝိညာဉ်ခန္ဓာအောက် လုံး၀ မလျော့ပေ။
ယင်းက သူတို့နှစ်ယောက်လုံးအား အလွန်အမင်း စိတ်ဓာတ်ကျသွားစေခဲ့သည်။
သို့သော် တဒင်္ဂမျှသာဖြစ်ပြီး စိတ်ပျက်အားငယ်မှုအစား ၀မ်းသာအားရမှုက အစားထိုး ၀င်ရောက်လာ၏။
တောင်းပိုင်းနယ်စပ် သို့မဟုတ် မြောက်ပိုင်းလွင်ပြင်ဖြစ်စေ ၎င်းတို့အား အရှေ့ပိုင်းနယ်မြေမှ လူများက ခေါင်ပါးကာ နိမ့်ကျသော နေရာများအဖြစ် အမြဲတစေ ခံယူထားခဲ့ကြသည်။
အရှေ့ပိုင်းတိုက်ကြီးမှလူများ သူတို့ထံသို့ ရောက်လာကြလျှင် မိမိကိုယ်ကိုယ် မြင့်မြတ်သူများအဖြစ် ဟန်လုပ်ကြလေ့ရှိသည်။
ဤသို့ဖြင့် တောင်ပိုင်းနယ်စပ်နှင့် မြောက်ပိုင်းလွင်ပြင်မှ မြင့်မြတ်နယ်မြေများအနေဖြင့် အရှေ့ပိုင်းနယ်မြေမှ မြင့်မြတ်နယ်မြေများနှင့် ယှဉ်ပါက သိသိသာသာ နိမ့်ကျသည့်အလား ခံစားလာခဲ့ရ၏။