ဆေးဧကရာဇ် ချန်းပေ့ရွှမ်း
Vol. 10 Ch. 901
လေသည် မိုးကြိုးသံများကို သယ်ဆောင်ကာ တိုက်ခတ်နေသည်။ ဆေးမျှော်စင် ထက်တွင်မူ အဝါရောင် အလင်း တစ်ခုသည် ကြယ်တစ်စင်း ကြွေကျသည့် အလား အမှောင်ညကို ဖြတ်ကာ ထွန်းလင်း နေ၏။
ထိုသို့ ခမ်းနားသော အရာ၏ အစပြုရာ ရင်းမြစ်ကား ချန်းဖန်၏ လက်ဖဝါးပင် ဖြစ်လေသည်။ ထိုနေရာ၌ အဝါရောင် နဂါး တစ်ကောင်သည် ကခုန်နေကာ ရွှေရောင် ဖီးနစ်မှာလည်း ချီလင် အဖြစ်သို့ အသွင်ပြောင်း နေလေ၏။
မြေဒြပ်စင်၏ သခင်ကား ချီလင် ဖြစ်သည်။ သို့ဖြစ်ရာ ခွန်ယွမ် သစ်သီးနှင့် ကမ္ဘာချီမှ ဖန်တီးသော ပုံရိပ်ယောင်သည် ချီလင် သားရဲ ဖြစ်နေခြင်းပင် ဖြစ်၏။
"သူက ကမ္ဘာ အမတေ ကောင်းကင်ဆေးကို ဖန်တီးလိုက်တာလား..."
တစ်ခဏတာ ငြိမ်သက် တိတ်ဆိတ်မှု အပြီး၌ ထိတ်လန့်တကြား အော်ဟစ်သံများက ဆေးမြို့တော် တစ်လွှား ပျံ့လွင့် လာသည်။ ပရိတ်သတ်များသည် အဝါရောင် ချီလင်ကို ကြည့်ကာ မျက်လုံးများပင် မမှိတ်နိုင်အောင် ဖြစ်နေကြ၏။
"မဖြစ်နိုင်ဘူး... သူက ရွှေအမြုတေ အဆင့် တစ်ယောက်ပဲလေ... ဘယ်လိုလုပ်ပြီး ကောင်းကင် အဆင့် ဆေးကို ဖန်တီး နိုင်မှာလဲ... ဆေးသခင်တောင် အခုမှ အသွင် ပြောင်းခြင်း သုံးခုပဲ ပြီးသေးတာ"
အကြီးအကဲ ချန်းယန်က ခေါင်းကို ခါကာ မယုံကြည်နိုင်စွာ ရေရွတ် လိုက်၏။ စီတုချန်း အပါအဝင် ဆေးပညာ အစည်းအရုံး၏ တပည့်များမှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။
ကမ္ဘာ အမတေ ကောင်းကင်ဆေးသည် အဆင့်နိမ့် ကောင်းကင်ဆေး တစ်ခုသာ ဖြစ်သော်လည်း ထိုအရာက ကောင်းကင် အဆင့် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် ထိုသို့သော ဆေးလုံးကို နေ့တစ်ဝက် အတွင်း ဖန်တီး ပြခဲ့သည်။ အဆိုးဆုံးကား ဆေးအိုး ပေါက်ကွဲချိန်မှာပင် သူသည် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်အား ပြီးမြောက်အောက် ဆက်လက် လုပ်ဆောင် နိုင်ခဲ့ခြင်း ဖြစ်သည်။
"အဲဒါက အစစ်အမှန် ကောင်းကင်ဆေး မဖြစ်နိုင်ဘူး... တစ်ဝက်တစ်ပျက် ကောင်းကင်ဆေးပဲ နေမှာ"
အကြီးအကဲ စီတုက သေချာသော လေသံဖြင့် ဆိုလိုက်၏။
သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် နဂါးဟိန်းသံနှင့် ဖီးနစ် တေးသံတို့ ပေါ်ထွက် လာသည်။
ကမ္ဘာ အမတေ ကောင်းကင်ဆေးသည် ချန်းဖန်၏ လက်မှ ပျံထွက်ကာ ကြီးမားသော ချီလင်ကြီး အဖြစ် ပြောင်းလဲ၏။ ထိုကောင်းကင် သားရဲသည် လေထုသို့ ပျံတက်ကာ မြို့တော်အား စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ် ပျံသန်းသည်။ ချီလင်၏ ပေါ်ထွက်မှု၌ ဝမ်ရှင်း တန်ခိုးရှင်များပင် ကြီးမားသော ဖိအားကို ခံစားလာရ၏။
"ဆေးလုံးက ကိုယ်ပိုင် အသိကို ပိုင်ဆိုင် လာခြင်း..."
များစွာသော လူများမှာ ထိတ်လန့် သွားကြ၏။
"အဲဒါက ကောင်းကင်ဆေး... အစစ်အမှန် ကောင်းကင်ဆေးပဲ..."
ကောင်းကင်ဆေးများသည် ထာဝရ တည်ရှိနိုင်ပြီး သာမန် သေမျိုးများ ကဲ့သို့ ကျင့်ကြံခြင်း၊ အစီအရင် ခင်းကျင်းခြင်း၊ တိုက်ခိုက်ခြင်းများ အမှုများကို ပြုလုပ် နိုင်သည်။ ၎င်းတို့သည် ရွှေအမြုတေ ထိပ်ဆုံး အဆင့်များ ကဲ့သို့ အစွမ်းထက်ကြသည်။
"ဘုန်း..."
သမားတော်အိုကြီး တစ်ယောက်သည် ဒူးထောက်ချကာ ချန်းဖန်အား ရှိခိုး ဦးခိုက် လိုက်၏။
"ကျုပ် လျူအန်းက ဆေးပညာကို နှစ်ပေါင်း ငါးရာတိုင်တိုင် လိုက်စားခဲ့တယ်... ဒီနေ့က ပထမဆုံး အကြိမ် အဖြစ် ကောင်းကင် သမားတော်ကို မျက်ဝါးထင်ထင် တွေ့ခွင့် ရခဲ့တာပဲ"
များစွာသော သမားတော်များကလည်း တစ်ယောက်ပြီး တစ်ယောက် ဒူးထောက် လိုက်ကြသည်။ သူတို့ကား ချန်းဖန်ကို ကြည့်ကာ နတ်ဘုရား တစ်ပါး ပေါ်ထွန်းလာသလို ခံစား နေကြရလေ၏။
"ရပ်ကြစမ်း အရူးတွေ... ကောင်းကင်ဆေး အစစ်က ဘယ်လို ဆိုတာ မင်းတို့ မြင်ဖူး ကြလို့လား... အဲဒါက အတု ဖြစ်နေရင် ဘယ်လို လုပ်မလဲ... မင်းတို့က ဆေးပညာ အစည်းအရုံးကို မလေးစားတာလား... နောက်ပြီး လျူအန်း မင်းက အစည်းအရုံး အကြီးအကဲ တစ်ယောက်မလား... ကိုယ့်ကိုယ်ကို ဆင်ခြင်စမ်း"
အကြီးအကဲ စီတုက ဒေါသတကြီး အော်ဟစ် လိုက်၏။
သို့သော်လည်း ချန်းဖန်၏ ရှေ့၌ ဒူးထောက်သော သမားတော် အရေအတွက်မှာ ပို၍ ပို၍သာ များပြား လာခဲ့သည်။ ထိုအထဲက ဆေးပညာ အစည်းအရုံး၏ အကြီးအကဲ များစွာပင် ပါဝင်နေလေ၏။
"မင်းတို့..."
အကြီးအကဲ စီတုက ထပ်မံ အော်ဟစ်ရင် ဟန်ပြင်လိုက်စဉ်မှာပင် သက်ပြင်းချသံ တစ်ခု ထွက်ပေါ် လာခဲ့သည်။
"ဟင်း..."
လူတိုင်းက ထိုနေရာသို့ ကြည့်လိုက်ရာ ကမ္ဘာ အဆုတ် မီးတောက်ကို အင်္ကျီလက်ဖြင့် ခါယမ်း၍ ငြိမ်းသတ်လိုက်သော ဆေးသခင်ကို တွေ့မြင်ကြရ၏။ သူက ဆေးတစ်ရာ ဆေးအိုးကိုပါ လက်စွပ်ကွင်းခန့် အရွယ်အစားသို့ ပြောင်းလဲကာ သိမ်းဆည်း နေခဲ့သည်။
ရှေးဟောင်းဆေး ပြည်နယ်သားများ၊ ဆေးပညာ အစည်းအရုံးဝင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခုကို သဘောပေါက် လိုက်ကြ၏။ ဆေးသခင်ကား အရှုံးပေး လိုက်ပြီ ဖြစ်လေသည်။
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင်...
ဆေးသခင်သည် ချန်းဖန်ကို လေးနက်သော အမူအရာဖြင့် ဦးခိုက်လိုက်၏။
"ဆေးပညာ အစည်းအရုံးက ရှုံးနိမ့် သွားပါပြီ..."
ကြေညာသံအား ကြားပြီးနောက် အကြီးအကဲ စီတု၏ မျက်နှာက အိုစာကျ သွားသည်။
များစွာသော တပည့်များမှာလည်း မျက်ရည်များ စီးကျ လာခဲ့၏။ စီတုချန်း ဆိုလျှင် အားပြတ်ကာ ပစ်လဲကျတော့မလိုပင် ဖြစ်သွားခဲ့သည်။
"ရှုံးတာလား... ငါ့ဆရာက တကယ်ပဲ ရှုံးသွားတာလား..."
သူက ရေရွတ်လိုက်၏။
တစ်ချိန်တည်း၌ ဝူချင်းယန်မှာ ကြောင်အအ ဖြစ်နေခဲ့သည်။ သူမသည် ချန်းဖန် အနိုင်ရသွားလိမ့်မည် ဟု လုံးဝ မယုံကြည်နိုင်ချေ။
"အရမ်းကောင်းတယ်ဟေ့... ဘယ်လောက်တောင် လှပလိုက်တဲ့ အလှည့် အပြောင်းလဲ... ဒီခရီးက တန်သွားပြီ"
ဝူဝမ်တင်က မိုးချုန်းသည့် အလား အော်ဟစ် ရယ်မော လိုက်သည်။ တစ်ချိန်တည်း၌ ဝမ်ရွှမ်လုံမှာ သူ၏ မျက်လုံးများကို ကျဉ်းမြောင်းကာ ချန်းဖန်အား စေ့စေ့စပ်စပ် အကဲခတ် နေခဲ့၏။
"အဘိုး... အကိုကြီး နိုင်သွားပြီ"
ကျို့ကျို့မှာမူ အော်ကြီးဟစ်ကျယ်ဖြင့် ထခုန် နေခဲ့ပြီ ဖြစ်လေသည်။
"ဟုတ်တယ်... သူ နိုင်သွားပြီ"
ကဲ့ရန်မှာ မျက်လုံးများ ရီဝေနေကာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေပုံ ရ၏။
ဆေးသခင်ကား သူ ငယ်စဉ်ကတည်းက လေးစားရသူ ဖြစ်သည်။ သူသည် သူ လေးစားရသူ၏ ကျဆုံးမှုကို ယခုကဲ့သို့ မျက်မြင် တွေ့မြင်ရမည်ဟု ထင်မှတ် မထားခဲ့ချေ။
"မဟာ အကြီးအကဲ... ကျုပ်တို့ ဘာလုပ်ကြ မလဲ"
အကြီးအကဲ ချန်းယန်က ရှုယွမ်အား ကြည့်ကာ မေးလိုက်သည်။
ရှုယွမ်သည် ရုပ်တု တစ်ခုအလား ငေးကြောင် နေခဲ့၏။ အစည်းအရုံး၏ ကျဆုံးမှုကား သူ့အား ကြီးစွာ ထိုးနှက်ခဲ့ပုံ ရသည်။ အတန်ကြာမှ သူက ဆေးသခင်အား ကြည့်ကာ မေးလိုက်သည်။
"ဆေးသခင်... သမားတော်ချန်းက ကမ္ဘာ အမတေ ကောင်းကင်ဆေးကို ဖန်တီးခဲ့တယ် ဆိုတာ သေချာလား... သူက အခုမှ ရွှေအမြုတေ အစောပိုင်း အဆင့်မှာပဲ ရှိသေးတာ မလား... သူက ဘယ်လိုလုပ်ပြီး ကောင်းကင် သမားတော် ဖြစ်ဦးမှာလဲ... ဆေးသခင်များ အမြင်မှား..."
"တော်စမ်း..."
ဆေးသခင်က အင်္ကျီလက်အား ခါယမ်းကာ ဆိုလိုက်သည်။
"ရှုယွမ်... သမားတော်ချန်းက ကောင်းကင် သမားတော် မဟုတ်ဘူး... သူက နှစ်တစ်သောင်းမှာ တစ်ယောက် ပေါ်ထွန်းတဲ့ ဆေး ဧကရာဇ်ပဲ..."
"ဆေးဧကရာဇ်..."
လူတိုင်းသည် တိတ်ဆိတ် သွား၏။ ထိုအရာက မည်သည်နည်း။ သူတို့သည် နားမလည် ကြချေ။
ဝူဝမ်တင်က အလိုက်တသိပင် အသံ ကျယ်ကျယ်ဖြင့် ရှင်းပြ လိုက်သည်။
"ဆေးဧကရာဇ် ဆိုတာက နှစ်တစ်သောင်းမှာ တစ်ယောက် ရှားပါးတဲ့ ပါရမီရှင်တွေသာ ပိုင်ဆိုင်နိုင်တဲ့ ဘွဲ့ထူး တစ်ခုပဲ... သူတို့ရဲ့ အရည်အချင်းကို သာမန် နည်းလမ်းတွေနဲ့ တိုင်းတာလို့ မရဘူး... သူတို့က တန်ခိုး အဆင့် ကန့်သတ်ချက်တွေကိုတောင် ကျော်လွန်ပြီး ဆေးသန့်စင်နိုင်ကြတယ်... ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ဆေးဧကရာဇ်တွေက ကောင်းကင် အရှင်တွေ ထက်တောင် ရှားပါးတယ်... နောက်ဆုံး ဆေးဧကရာဇ် ဖြစ်တဲ့ ရှေးဟောင်း ကောင်းကင်ဂိုဏ်း အကြီးအကဲ ဆိုရင် လွန်ခဲ့တဲ့ နှစ်လေးသောင်း လောက်က ပေါ်ထွန်း ခဲ့တာ"
ဝူဝမ်တင်၏ ရှင်းပြမှုကို နားထောင် ပြီးနောက် လူတိုင်း၏ ချန်းဖန် အပေါ် လေးစားမှုများမှာ ဒီရေအလား အဆများစွာ တိုးပွား လာခဲ့သည်။
ထိုလူငယ်လေးကား ဝမ်ရှင်း တန်ခိုးရှင် အစောပိုင်း အဆင့် ဖြင့်ပင် ကောင်းကင်ဆေးကို ဖော်စပ် နိုင်ခဲ့သည်။ သို့ဖြစ်ရာ သူ၏ အနာဂတ် အောင်မြင်မှုများကား တိုင်းတာ၍ ရတော့မည် မဟုတ်ချေ။
"ဆေးဧကရာဇ်ချန်း..."
မရေမတွက်နိုင်သော ကျင့်ကြံသူများက အော်ဟစ် လိုက်ကြ၏။
ဝူဝမ်တင်နှင့် အခြား မိသားစု ဘိုးဘေးများ ကလည်း ချန်းဖန်ထံ ပျံသန်း သွားရောက်ကာ နှုတ်ဆက် လိုက်ကြသည်။ ဆေးဧကရာဇ်ကား ကောင်းကင် သမားတော် များထက်ပင် ပို၍ လေးစားခံရသူ ဖြစ်သည်။ သူတို့ ကဲ့သို့ သာမန် ကောင်းကင် အရှင် မိသားစု ဘိုးဘေးများ အပြစ်ပြုနိုင်သော အဆင့်အတန်း တစ်ခု မဟုတ်ချေ။
"ဆေးဧကရာဇ်... ကျုပ်တို့ ဆေးမျှော်စင် ဧည့်ခန်းမကို ကြွပါ... ဆေးပညာ အစည်းအရုံးက အရှုံး အတွက် ကျသင့်သမျှကို ပေးဖို့ အဆင်သင့်ပါ... နောက်ပြီး အခွင့်ရှိရင် ဆေးဧကရာဇ် ဆီကနေ တစ်ခု နှစ်ခုလောက်လည်း သင်ယူချင်ပါသေးတယ်"
ဆေးသခင်က ချန်းဖန်အား ဧည့်ခန်းမသို့ ဖိတ်ခေါ်လိုက်သည်။ ချန်းဖန်ကလည်း ခေါင်းညိတ် လက်ခံလိုက်၏။
ထိုအခိုက်၌ အသက် နှစ်ထောင်ကျော် သမားတော်အိုကြီးကား အမိန့် နာခံတတ်သည့် အစေခံတပည့် တစ်ယောက် အလား ရိုကျိုး နေခဲ့ရာ ချန်းဖန်မှာ အနေပင် ခက်လာခဲ့ တော့သည်။
"မစိုးရိမ်ပါနဲ့... ကျုပ်က အစည်းအရုံးကို ဘာမှ ကြီးကြီးမားမား တောင်းဆိုမှာ မဟုတ်ပါဘူး... ကျုပ် လိုချင်တာက ခင်ဗျားတို့ ဆေးသိုလှောင်ခန်းထဲက ဝိညာဉ် ဆေးမြစ် နည်းနည်း လောက်ပါပဲ..."
ချန်းဖန်က ပြောလိုက်၏။
"အလိုရှိ သလောက် ယူနိုင်ပါတယ်... ကျုပ်တို့ရဲ့ ပစ္စည်းက ဆေးဧကရာဇ်ရဲ့ ပစ္စည်းပဲပေါ့..."
ဆေးသခင်က ဆိုလိုက်သည်။
ထို့နောက်ချန်းဖန်နှင့် ဆေးသခင် တို့သည် ကောင်းကင် အရှင် မိသားစု ဘိုးဘေးများနှင့် ဆေးပညာ အစည်းအရုံး အကြီးအကဲများကို ဝန်းရံကာ ဧည့်ခန်းမ အတွင်း ဝင်ရောက် သွားတော့၏။
ထျန်းဟောက်ဂြိုဟ်သက် ၁၂၉၆၅၃၊ ၇ လပိုင်း ၅ ရက်နေ့...
ချန်းဖန်သည် ဆေးခန်းမ ထိပ်ဆုံးထပ်၌ ဆေးသခင်အား အနိုင်ယူကာ မြောက်နတ္ထိ နယ်၏ အတော်ဆုံး သမားတော် ဖြစ်လာခဲ့၏။
ထိုသတင်း ပျံ့နှံ့သွားရာ မြောက်နတ္ထိနယ် တစ်ခုလုံး အံ့အားသင့် သွားကြတော့သည်။
***