← Chapters

စည်းကမ်းဆိုတာ စည်းကမ်းပဲ

Vol. 6 Ch. 76

စည်းကမ်းဆိုတာ စည်းကမ်းပဲ

Vol. 6 Ch. 76

နွားခေါင်းဆိုတဲ့ ငနဲရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ယွီဟွေးဖေးတစ်ယောက် မျက်မြင်ကိုယ်တွေ့ ကြုံဖူးပြီးသား။ ဟိုတောဝက်အုပ်ကြီးကိုတောင် လက်ဝါးတစ်ချက်တည်းနဲ့ ဘောလုံးတစ်လုံးဖြစ်သွားအောင် ရိုက်ပြားပစ်နိုင်တဲ့ကောင်။

မြင်းမျက်နှာကတော့ အားနည်းနည်းသေးပေမယ့် အမြန်နှုန်းကတော့ ရှယ်ပဲ။ သူတို့နှစ်ယောက်သာ ပေါင်းလိုက်လို့ကတော့ နွားခေါင်းက မြင်းမျက်နှာကို စီးပြီးထွက်လာရင် လွီပုက ချစ်တူးမြင်းနီကြီးကို စီးတာထက်တောင် ပိုကြမ်းဦးမှာ။

ဒါပေမဲ့ အဲ့ဒီမြင်ကွင်းကတော့ အရက်မူးမှ မြင်ရတဲ့ရှားပါးပြကွက်ဆိုတော့ ပုံမှန်အချိန်မှာတော့ တွေ့ဖို့မလွယ်ဘူးပေါ့လေ။

ပြန်လမ်းတစ်လျှောက်လုံးမှာတော့ အားလုံးရဲ့အမြင်မှာတော့ အရာရာဟာ ချောမွေ့လွန်းနေခဲ့တယ်။ တစ်ခုပဲ စိတ်ထဲမှာ ကသိကအောက်ဖြစ်စရာကတော့ တောအုပ်ထဲကနေ မကြာမကြာထွက်လာတဲ့ ထူးထူးဆန်းဆန်းအသံတွေပဲ။

ဥပမာ ရုတ်တရက် အာ့ဆိုပြီး အော်လိုက်တဲ့ အသံကြီး ကြားလိုက်ရတာမျိုး၊ ဒါမှမဟုတ် ဝက်တစ်ကောင် အမောင်းခံရတဲ့အသံ၊ ဒါမှမဟုတ် ဝက်ဝံအိုကြီးတစ်ကောင် ဒေါသတကြီး ဟိန်းဟောက်ရင်း အသံက တဖြည်းဖြည်း ဝေးသွားတာမျိုးတွေပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်မရှိရင် ပြီးတာပဲဆိုပြီး အားလုံးကတော့ စိတ်အေးလက်အေးပဲ။

တောင်ထဲကထွက်ပြီး ရှို့လင်ရွာထဲကို ခြေချလိုက်တဲ့အချိန်မှာတော့ လူတော်တော်များများ မျက်ရည်တွေတောင် ဝဲလာကြတယ်။

ဒီတစ်ခေါက် တောင်တက်ခရီးကတော့ သူတို့ဘဝမှာ အကြမ်းတမ်းဆုံး အတွေ့အကြုံလို့ ပြောရမယ်။ ကွေ့ကောက်လိုက်၊ လိမ်လိုက်၊ ကိုးခါသေမတတ်ဖြစ်လိုက်နဲ့။ လျိုကျွမ်းရဲ့ စကားနဲ့ပြောရရင်တော့ တစ်သက်လုံး ကြွားလုံးထုတ်စားလို့ရတဲ့ အတွေ့အကြုံကြီးပေါ့။

ဖိန်ကောတို့အဖွဲ့လည်း လူစုခွဲသွားကြပြီ။ သေမင်းလက်က လွတ်လာတဲ့သူတွေလိုပဲ အိမ်ပြန်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး ဇနီးမယား၊ သားသမီးတွေနဲ့ နွေးနွေးထွေးထွေးနေဖို့ အိမ်ကို အမြန်ဆုံးပြန်သွားကြတော့တယ်။

ယွီဟွေးဖေးက သူ့နောက်က ကောင်မလေးနှစ်ယောက်နဲ့ လျိုကျွမ်းကို ကြည့်ပြီး "ကဲ... သွားကြစို့၊ တည်းခိုခန်းမှာ ခဏဝင်ထိုင်ကြမယ်။ ပြီးတော့ မင်းတို့ပစ္စည်းတွေယူပြီး ပြန်ဖို့ပြင်ကြတော့" လို့ ပြောလိုက်တယ်။

ဒီစကားကြားတော့ ခယ်လီက "သူဌေး၊ ကျွန်မ အခန်းထပ်ငှားချင်တယ်" လို့ ပြောတော့တာပဲ။

လျိုရှင်းနဲ့ လျိုကျွမ်းကလည်း ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံကြတယ်။

ယွီဟွေးဖေးက လျိုကျွမ်းကိုတစ်ချက်၊ လျိုရှင်းကိုတစ်ချက် ကြည့်လိုက်တာပေါ့။ ပြောရရင် ဒီသုံးယောက်ကို ယွီဟွေးဖေးက တော်တော်လေး သဘောကျပါတယ်။ ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပဲလေ။ သာမန်လူတွေက သူ့ဆိုင်မှာ အများဆုံး သုံးရက်ပဲ နေခွင့်ရှိတယ်။ ထပ်နေချင်ရင် တစ်ပတ်စောင့်ရမယ်။

ဒါနဲ့ ယွီဟွေးဖေးက "ငါ့ဆိုင်မှာ စည်းကမ်းရှိတယ်။ လူတစ်ယောက်က တစ်ပတ်မှာ သုံးရက်ပဲ နေခွင့်ရှိတယ်။ ထပ်နေချင်ရင် တစ်ပတ်စောင့်ရမယ်" လို့ ပြောလိုက်ရတော့တာပဲ။

"ဘာပေါက်တတ်ကရ စည်းကမ်းကြီးလဲ။ စီးပွားရေးလုပ်ပြီး ပိုက်ဆံရမှာကို မယူတဲ့လူ ရှိလို့လား" ခယ်လီက အော်ပါလေကော။

လျိုကျွမ်းကလည်း "ဟုတ်တယ်လေ သူဌေးရာ။ စည်းကမ်းဆိုတာ သေနေတဲ့အရာ၊ လူက အရှင်လတ်လတ်ကြီး၊ ပြင်လိုက်ပါလား" လို့ ဝင်ပြောတယ်။

ယွီဟွေးဖေးက ကောင်းကင်ကို မော့ကြည့်ရင်း စိတ်ထဲကနေ ‘ငါလည်း ပြင်ချင်တာပေါ့ကွာ’ လို့ ညည်းမိသား။

ဒါပေမဲ့ ကောင်းကင်ဘုံက မပြင်ပေးတာကို သူက ဘာတတ်နိုင်မှာလဲ။

ဒါနဲ့ ယွီဟွေးဖေးက စိတ်ကိုတင်းပြီး ခေါင်းခါလိုက်တယ်။ "မရဘူး။ ဒါက ငါ့အဘိုးချမှတ်ထားတဲ့ စည်းကမ်းပဲ။ သူဆုံးတုန်းက ငါနောက်ဆုံးခရီးတောင် လိုက်မပို့လိုက်ရဘူး။ သူ့ရဲ့နောက်ဆုံးဆန္ဒကိုတော့ ငါမလွန်ဆန်နိုင်ဘူး။ ခင်ဗျားတို့ ပစ္စည်းတွေပဲ သွားယူကြပါတော့။ တကယ်လို့ ထပ်နေချင်ရင် တစ်ပတ်နေမှ ပြန်လာခဲ့ကြပါ"

လျိုရှင်းက ငိုမဲ့မဲ့နဲ့ "တစ်ပတ်နေရင် ကျွန်မတို့ ကျောင်းပြန်ရောက်နေလောက်ပြီ။ ဒီတစ်ခေါက် ခွင့်ယူထားတာက တော်တော်ကြာနေပြီ..."

ခယ်လီက "ဟုတ်တယ်... ကျောင်းဆိုတဲ့ စကားကြားတာနဲ့ သေချင်စိတ်တောင် ပေါက်လာတယ်။ ငါ့ဘွဲ့ယူဖို့ ပရောဂျက်က အခုထိ မပြီးသေးဘူး။ အရင်ဆွဲထားတာတွေကလည်း တစ်ခုခုလိုနေသလိုပဲ..."

လျိုရှင်းကတော့ ခေါင်းငုံ့ပြီး ဘာမှမပြောဘဲ ခြေထိပ်လေးနဲ့ မြေကြီးကို ပွတ်ခြစ်နေတယ်။

လျိုကျွမ်းကလည်း မျက်နှာငယ်လေးနဲ့ "အရင်ရက်တွေက လျှောက်မလည်ဘဲ ပန်းချီပဲ သေချာဆွဲခဲ့ရင် ကောင်းသား" လို့ ညည်းနေတော့တာပဲ။

ယွီဟွေးဖေးက သူတို့နှစ်ယောက်ကို ကြည့်ပြီး "မနေ့ညက အတွေ့အကြုံကို ဘာလို့ ပန်းချီပြန်မဆွဲကြတာလဲ" ဆိုပြီး မေးလိုက်ကော။

ဒီစကားကြားတော့ နှစ်ယောက်လုံး ကြောင်သွားပြီး မျက်လုံးတွေက ချက်ချင်း အရောင်တောက်လာကြတယ်လေ။

နောက်တစ်ခဏမှာ လျိုကျွမ်းက ယွီဟွေးဖေးကို ပြေးဖက်ပြီး "ကျေးဇူးပဲ သူဌေးယွီ။ ဟားဟား..." လို့ အော်တော့တာပဲ။

ခယ်လီကလည်း လက်နှစ်ဖက်ဆန့်ပြီး ဖက်ဖို့ပြင်လိုက်ပေမယ့် လျိုကျွမ်းက ဦးသွားတာကို မြင်တော့ သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး လက်နှစ်ဖက်ကို အလိုက်သင့်ဆန့်ထုတ်ကာ ရင်ဘတ်ကော့လေ့ကျင့်ခန်းလုပ်သလို လုပ်ရင်း မျက်လုံးစွေကြည့်ပြီး "တောင်ပေါ်ကလေက အရမ်းလတ်ဆတ်တာပဲနော်..." လို့ ကြောင်တောင်တောင် ပြောပါလေရော။

ယွီဟွေးဖေးက လျိုကျွမ်းကွယ်နေလို့ ခယ်လီရဲ့ အရှက်ပြေလုပ်ရပ်ကို မမြင်လိုက်ဘူး။ သူက အားလုံးကို ပြုံးပြပြီး "နေ့လည်စာ သွားစားကြမလား" လို့ မေးလိုက်ချိန် အားလုံးက ချက်ချင်း လက်ထောင်ပြီး ထောက်ခံကြတော့တာပဲ

တစ်ဖွဲ့လုံး ယွီဟွေးဖေးအိမ်ကို ရောက်လာပြီး စားသောက်ပြီးတဲ့အခါမှာတော့ ခယ်လီက သမ်းဝေရင်း "အား... ပင်ပန်းပြီး အိပ်ချင်လိုက်တာ၊ မလှုပ်ချင်တော့ဘူး" လို့ ပြောပြီးတာနဲ့ ယိမ်းထိုးပြီး စားသောက်ခန်းထဲက ထွက်သွားတော့ကော။ ပြီးတော့ အရင်နေခဲ့တဲ့ အခန်းထဲကို တစ်လှမ်းတည်းဝင်ပြီး ကုတင်ပေါ်ကို မှောက်ချလိုက်တယ်။

"ငါမပြန်တော့ဘူး...။ ဒီနေ့ ဘယ်သူမှ ငါ့ကိုလာမနှိုးနဲ့၊ ဒီကုတင်ပေါ်မှာ ပျင်းပြီးသေမှာ"

ဒီမြင်ကွင်းကို မြင်တော့ ယွီဟွေးဖေးတစ်ယောက် ပါးစပ်အဟောင်းသားနဲ့။ ပိုက်ဆံမရှင်းဘဲ ထွက်ပြေးသွားတဲ့ကောင်၊ အခန်းစောစောပြန်အပ်တဲ့ကောင်တွေပဲ တွေ့ဖူးတယ်။ ဒီလို ဇွတ်အတင်းကပ်နေတဲ့ကောင်မျိုးတော့ တစ်ခါမှမကြုံဖူးဘူး။

တစ်ဖက်မှာလည်း လျိုကျွမ်းက အတုခိုးပြီး ကုတင်ပေါ်မှာ ပက်လက်လှန်ရင်း "မရတော့ဘူး၊ အိပ်ချင်လွန်းလို့ ငါအိပ်ပျော်သွားပြီ" လို့ အော်တယ်။

ယွီဟွေးဖေးက လျိုရှင်းကို ကြည့်လိုက်တော့ လျိုရှင်းက သူ့အခန်းကို တစ်ချက်ကြည့်ပြီး စမ်းသပ်တဲ့လေသံနဲ့ "ဒါဆို... ကျွန်မလည်း အိပ်ပျော်သွားပြီလို့ လုပ်လိုက်ရမလား" ဆိုရင်း မေးကြည့်တာပေါ့။

ယွီဟွေးဖေး - "@#¥2#¥……"

စိတ်ပျက်လက်ပျက်ဖြစ်နေပေမယ့် ယွီဟွေးဖေးလည်း သိပါတယ်၊ ဒီသုံးယောက် တကယ်ပင်ပန်းနေလောက်ပြီဆိုတာ။

လျိုရှင်းရဲ့ အခန်းကို ကြည့်လိုက်တော့ ယွီဟွေးဖေး ပိုပြီး စိတ်ပျက်သွားတယ်။ ဒီကောင်မလေးက အခန်းတောင် မရှင်းထားဘူး၊ ကြည့်ရတာ ပြန်ဖို့စိတ်ကူး လုံးဝမရှိတဲ့ပုံပဲ။

ယွီဟွေးဖေးက လျိုရှင်းကို ကြည့်လိုက်တော့ လျိုရှင်းက မျက်နှာလေးနီရဲပြီး အခန်းထဲကို ပြေးဝင်သွားတယ်။

"ကျွန်မ... အခုပဲ ရှင်းလိုက်ပါ့မယ်"

ယွီဟွေးဖေးက နောက်ကနေ လိုက်ဝင်သွားတော့ ပန်းချီတင်ခုံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့လိုက်တယ်။ ယွီဟွေးဖေးက သေချာကြည့်မလို့ လုပ်နေတုန်း လျိုရှင်းက ချက်ချင်း ခုန်ထွက်လာပြီး လက်နှစ်ဖက်ဆန့်ကာ "မကြည့်ရဘူး" လို့ အော်ပါလေရော။ သူ့မျက်နှာက ပိုပြီး နီရဲလာပြန်သေး။

ဒါကိုမြင်တော့ ယွီဟွေးဖေးက ကြောင်တောင်တောင်နဲ့ "ပန်းချီကားတစ်ချပ်ပဲဟာ၊ ဒီလောက်တောင် လျှို့ဝှက်နေရလား" လို့ မေးလိုက်တာပေါ့။

"ရှင်အပြင်ထွက်... ကျွန်မ ပစ္စည်းတွေ ရှင်းတော့မယ်၊ ဒါတွေက ကိုယ်ရေးကိုယ်တာတွေ" ပြောပြီးတာနဲ့ လျိုရှင်းက ယွီဟွေးဖေးကို အခန်းအပြင်ကို တွန်းထုတ်လိုက်ရော။

ယွီဟွေးဖေးတစ်ယောက်တော့ ဘာမှမတတ်နိုင်တော့ဘူး...

အဲ့ဒီအချိန်မှာ ရှောင်ထျန်းချန် (ခွေးနတ်) ထပ်ရောက်လာပြီး "ငါဘယ်မှာနေရမှာလဲ..." လို့ မေးတော့ ယွီဟွေးဖေးက "မင်းဘာသာ အခန်းတစ်ခန်း ရွေးလိုက်" လို့ ပြောတာပေါ့။

နောက်ဖေးခြံမှာ အခန်းငါးခန်းရှိတယ်။ အခု သရဲနက်သရဲဖြူက တစ်ခန်း၊ နွားခေါင်းမြင်းမျက်နှာက တစ်ခန်း၊ ယွီဟွေးဖေးက တစ်ခန်း၊ ချွေ့ကျွယ်က တစ်ခန်းဆိုတော့ အခန်းတစ်ခန်းပဲ ပိုနေတော့တယ်။

ရှောင်ထျန်းချန်လည်း ရွေးစရာမရှိတော့ဘူး။ ဒါပေမဲ့ အခုအချိန်မှာ သူလည်း ဒီဘက်က အခြေအနေကို နားလည်နေပြီ။ နေစရာအခန်းရှိတာကိုပဲ ကျေးဇူးတင်ရမယ်။ ဘယ်လောက်ဆိုးဆိုး ဟိုခွေးလှောင်အိမ်ထက်တော့ သာတာပဲ။

ယွီဟွေးဖေးက ခြံထဲက ကုလားထိုင်ကြီးပေါ်မှာ နေပူစာလှုံရင်း ထိုင်နေတယ်။ သူကတော့ လုံးဝအိပ်မချင်ဘူး။ မနေ့ညက ခေါင်းအုံးနဲ့ ဖက်ခေါင်းအုံးအကြောင်း တွေးမိတော့ ဒီကောင်ရဲ့ မျက်လုံးတွေက ပြုံးချင်ချင်ဖြစ်လာတယ်။

သရဲနက်က တိုးတိုးလေး "ငါ့ညီလေး ဘာဖြစ်နေတာလဲ။ သူ့အပြုံးက ဘာလို့ ဒီလောက် ယုတ်မာနေတာလဲ" ဆိုပြီး မေးပါလေရော။

"ဘာဖြစ်ရမှာလဲ၊ ဖွန်ကြောင်စိတ်ဝင်ပြီး ရာဂစိတ်ထနေတာပေါ့" သရဲဖြူက ဟဲဟဲရယ်ပြီး ဖြေတာပေါ့။

ယွီဟွေးဖေးက ဖိနပ်တစ်ဖက်ကို ချွတ်ပြီး ပစ်ပေါက်လိုက်တယ်။ "သွားစမ်း"

ခဏအကြာမှာ လျိုရှင်းက ပစ္စည်းတွေ ရှင်းပြီး ထွက်လာရင်း ပိန်သွယ်တဲ့ သူ့ခန္ဓာကိုယ်က အိတ်အကြီးကြီးနှစ်လုံးကို တွန်းလာတယ်။ ယွီဟွေးဖေးက လျိုရှင်းသာ ခွေခေါက်လိုက်ရင် အဲ့အိတ်ထဲကို ဝင်ဆံ့သွားမလားလို့တောင် သံသယဝင်မိသား။

"ကျွန်မ... ရှင်းပြီးပါပြီ" လျိုရှင်းက မလိုမကျတဲ့လေသံနဲ့ ပြောတယ်။

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်ရင်း "သရဲနက်၊ သရဲဖြူ၊ ဧည့်သည်ပို့လိုက်တော့"

သရဲနက်နဲ့ သရဲဖြူက ခယ်လီနဲ့ လျိုကျွမ်းရဲ့ အခန်းတံခါးဝမှာ ခပ်တည်တည် ရပ်ပြီး "မင်းတို့နှစ်ယောက် တော်လောက်ပြီ၊ လမ်းပေါ်တက်ဖို့ အချိန်တန်ပြီ" လို့ အော်ထည့်လေပါကော။

ဒီစကားက ပုံမှန်ဆို ဘာမှမဖြစ်ပေမယ့် သူတို့နှစ်ယောက်ပါးစပ်က ထွက်လာတော့ ယွီဟွေးဖေး ဘယ်လိုကြားကြား နားထဲမှာ တစ်မျိုးကြီးဖြစ်နေသလိုပဲ။ ချွေ့ကျွယ်ကတော့ စိတ်အိုက်နေတဲ့လေသံနဲ့ "ဒါ... ဒါက သူတို့ရဲ့ အလုပ်သုံးစကားလုံးတွေ ဖြစ်မယ်၊ အကျင့်ပါနေလို့ပါ" ဆိုပြီး ဖာထေးနေလေရဲ့။

ယွီဟွေးဖေးတစ်ယောက်တော့ ချွေးတွေပြန်နေပြီ။ ခွေးမသားတွေ၊ ဒါက လူကို သေဖို့တိုက်တွန်းနေတဲ့ စကားကြီးပဲ။

ဒါပေမဲ့ လျိုရှင်းကတော့ ဒီစကားက ယွီဟွေးဖေးရဲ့ ညီဝမ်းကွဲတွေ ဇာတ်ကောင်နဲ့ အရမ်းလိုက်ဖက်တယ်လို့ ထင်ပြီး ချီးကျူးစကားတောင် ဆိုလိုက်သေး။

ယွီဟွေးဖေးက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး စိတ်ထဲကနေ ‘မင်းသာ သူတို့နှစ်ယောက်ရဲ့ တကယ့်ဘဝမှန်ကို သိရင် ဒီလိုပြောမှာ မဟုတ်ဘူး’ လို့ တွေးလိုက်တယ်။

"ခလော... ခလူး..."

ပုံမှန်ဆို ဟောက်လေ့မရှိတဲ့ ခယ်လီနဲ့ လျိုကျွမ်းတို့နှစ်ယောက်က ချက်ချင်း ဟောက်သံတွေ ကျယ်လောင်စွာ ထွက်လာတယ်။ ဒါက ငါတို့အိပ်ပျော်နေတယ်၊ ဘာမှမကြားဘူးလို့ အားလုံးကို အသိပေးနေတဲ့ သဘောပဲ။

All Chapters