အသားစားခွေးများလား
Vol. 6 Ch. 81
တစ်ဆက်တည်းမှာပဲ သူစဉ်းစားနေမိတာက လကုန်ရင် ဟိုတယ်ဘွတ်ကင်ဝက်ဘ်ဆိုက်ကို ပိုက်ဆံပေးရတော့မှာပါလား ဆိုတာပဲ...
ဒီဝက်ဘ်ဆိုက်က တခြားဘွတ်ကင်ဆိုက်တွေနဲ့ တစ်ခြားစီပဲ။ သူတို့က ကြားခမယူဘူး။ ဒါပေမဲ့ လစဉ်လတိုင်း သူတို့ဆိုက်ပေါ်မှာ ကြော်ငြာထားတဲ့ဆိုင်တွေက ဝင်ငွေအလိုက် ခွဲတမ်းတစ်ခုတော့ ပေးရတယ်။
သစ်ရွက်ကြွေတွေကို အေးအေးဆေးဆေးလှည်းကျင်းရင်း ယွီဟွေးဖေးရဲ့ စိတ်အစဉ်က တည်ငြိမ်အေးချမ်းသွားပြီး ဒီလို ငြိမ်းချမ်းတဲ့အချိန်လေးကို အရသာခံနေလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ့ကို မျက်လုံးနှစ်စုံက စိုက်ကြည့်နေတယ်ဆိုတာ ယွီဟွေးဖေး ခံစားမိလိုက်တယ်။
ဒါက သူကျင့်ကြံနေတဲ့ ပုစဉ်းခွံကိုးလွှာကျင့်စဉ်ကြောင့် ရလာတဲ့ ထူးခြားစွမ်းရည်တစ်ခုပဲ။
တကယ်တော့ ထူးခြားစွမ်းရည်လို့ ပြောဖို့လည်း ခက်ပါတယ်။ စစ်ပြန်ကြီးတွေ ဒါမှမဟုတ် အာရုံခံစားမှုစွမ်းအားမြင့်တဲ့သူတွေမှာ ဒီလို အငွေ့အသက်ကို ခံစားမိတတ်တဲ့အကျင့်မျိုး ရှိကြတာပဲ။ ယွီဟွေးဖေးက အခုမှ အဲ့ဒီအစွမ်းကို ထုတ်သုံးတတ်ကာစရှိသေးတာ။ သူ အလိုလို မော့ကြည့်လိုက်မိတယ်။
ကြည့်လိုက်တဲ့အချိန်မှာ ချင်ရှုကျွမ်းနဲ့ ချင်ရှုပေါင်တို့က သင်္ချိုင်းကုန်းထဲမှာရပ်ပြီး ဒီဘက်ကို လှမ်းကြည့်နေတာနဲ့ ကွက်တိသွားတိုးချိန် ယွီဟွေးဖေး နည်းနည်းတော့ ကြောင်သွားတာပေါ့။ သူအခု သန့်ရှင်းရေးလုပ်နေတာက အာဇာနည်သူရဲကောင်းတွေရဲ့ အုတ်ဂူတွေရှိတဲ့နေရာ။ သင်္ချိုင်းရဲ့ အတွင်းပိုင်းအထိ ရောက်နေပြီလေ။
ဒီလူနှစ်ယောက်က ဒီဘက်ကို လှမ်းကြည့်နေတယ်ဆိုတော့ တကယ်ပဲ ဒီက သူရဲကောင်းတွေကို ဂါရဝလာပြုကြတာလား။ ဒါပေမဲ့ ဒီနေရာမှာ ဘယ်သူတွေကျဆုံးခဲ့တယ်၊ နာမည်ဘယ်လိုခေါ်တယ်ဆိုတာ ဘယ်သူမှမှမသိဘဲ။ သူတို့ဘိုးဘေးတွေ ဒီမှာရှိမှန်း သူတို့က ဘယ်လိုလုပ်သိနေရတာတုန်း။
ချွေ့ကျွယ်ပြောခဲ့တဲ့စကားကို ပြန်စဉ်းစားမိတော့ ယွီဟွေးဖေး မျက်မှောင်ကြုတ်မိသွားတယ်။
ယွီဟွေးဖေး လှမ်းကြည့်လိုက်တာကို မြင်တော့ အဲ့ဒီနှစ်ယောက်သား တစ်ချက်ကြောင်သွားပြီး သူ့ကို ပြုံးပြနှုတ်ဆက်ရင်း လှည့်ထွက်သွားကြပါလေရော။
ယွီဟွေးဖေး သတိထားမိလိုက်တာက ချင်ရှုပေါင်ရဲ့ အိတ်ကပ်ထဲမှာ တစ်ခုခုထည့်ထားလို့ ဖောင်းကားနေတာပဲ။ ဒါပေမဲ့ ယွီဟွေးဖေးကတော့ နောက်ကလိုက်မသွားဘူး။ ဒီနေရာက သူ့ပိုင်နက်။ နွားခေါင်း၊ မြင်းမျက်နှာတို့၊ အဖြူအမည်းတို့ကို ထည့်မပြောရင်တောင် သူမွေးထားတဲ့ခွေးက သာမန်ခွေးမဟုတ်ဘူးလေ။ ဒီတော့ ဒီနေရာမှာ ဂလန့်ဂဆန်လုပ်ကြမှာကို သူမကြောက်ဘူး။
သစ်ရွက်ကြွေတွေ လှည်းပြီးသွားတော့ နေ့လယ်တောင်ရောက်နေပြီ။ ယွီဟွေးဖေးက ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းကို သိပ်အမြင်မကြည်တာကြောင့် သူတို့နဲ့အတူတူမစားဘဲ အိမ်နောက်ဘက်မှာပဲ စားလိုက်တယ်။
နေ့လယ်စာစားပြီးတော့ ယွီဟွေးဖေးက ရေပုံးတစ်ပုံးဆွဲပြီး သင်္ချိုင်းကုန်းထဲပြန်ဝင်သွားကာ အုတ်ဂူတွေကို တစ်ခုချင်းစီ လိုက်တိုက်ချွတ်နေတော့တာပဲ။ ဒီလိုနဲ့ ညနေ သုံးနာရီလောက်ရောက်တော့ အဲ့ဒီ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းကို ထပ်တွေ့ပြန်ရော။ ဒီတစ်ခါ သူတို့နှစ်ယောက်က သင်္ချိုင်းရဲ့တစ်ဖက်ခြမ်းမှာ ပေါ်လာပြီး သူရဲကောင်းတွေရဲ့ အုတ်ဂူရှိရာကိုပဲ လှမ်းကြည့်နေကြတုန်း။
ယွီဟွေးဖေး မျက်မှောင်ကိုကျုံ့ပြီး သူတို့ဆီ တန်းတန်းမတ်မတ် လျှောက်သွားရင်း "ကိစ္စတစ်ခုခုရှိလို့လား" ယွီဟွေးဖေးက မေးလိုက်ကော။
ချင်ရှုကျွမ်းက ပြုံးပြီးပြန်ပြောတယ် "မင်္ဂလာပါ သူဌေးယွီ။ ကျွန်မတို့ ဟိုတယ်ဘွတ်ကင်လုပ်ကတည်းက ပြောထားပါတယ်၊ အဘိုးကို ဂါရဝပြုဖို့လာတာပါလို့"
ယွီဟွေးဖေးက ခေါင်းညိတ်ပြလိုက်တာပေါ့။ "သိပါတယ်ဗျာ။ ဒါပေမဲ့ နာမည်နဲ့ အုတ်ဂူတွေက ရှေ့ဘက်မှာပါ၊ ဒီဘက်မှာ မဟုတ်ဘူး"
ချင်ရှုပေါင်ကလည်း "ကျွန်တော်တို့အဘိုးနာမည်က ချင်ဝူရှုပါ။ ကိုရီးယားစစ်ပွဲကို ဝင်တိုက်ခဲ့တာလေ။ နောက်ပိုင်း တပ်ဖွဲ့တွေပြန်လာကြပေမယ့် သူကတော့ အိမ်ပြန်မလာခဲ့ဘူး။ ကျွန်တော်တို့ စုံစမ်းကြည့်တော့ သူ့တပ်ဖွဲ့တစ်ခုလုံး ဘယ်သူမှ အိမ်ပြန်မရောက်ခဲ့ဘူးဗျ။ ကျွန်တော်နဲ့ ညီမလေး ဒီကိစ္စကို လိုက်နေတာကြာပြီ။ မကြာသေးခင်ကမှ သတင်းရတာက သူတို့ ဒီနေရာကို ဖြတ်သွားခဲ့ဖူးတယ်တဲ့။ ဒီမှာက သူရဲကောင်းသင်္ချိုင်းကုန်းလည်း ရှိနေတော့..."
ချင်ရှုကျွမ်းက ဆက်ပြောတယ် "ဒါကြောင့် ကျွန်မတို့အဘိုးကို ဒီမှာပဲ မြှုပ်နှံထားတယ်လို့ သံသယဝင်မိတာပါ။ တောင်းပန်ပါတယ်၊ တကယ်တော့ ကျွန်မတို့က သံသယပဲရှိတာပါ၊ မသေချာပါဘူး။ ဆရာ့ကို လိမ်ညာပြီးစာပို့လိုက်မိတာပါ"
သူတို့နှစ်ယောက် ဒီလိုပြောလာတော့ ယွီဟွေးဖေးရဲ့စိတ်ထဲမှာ နည်းနည်းတော့ နေသာထိုင်သာရှိသွားတယ်။
ယွီဟွေးဖေးက သူရဲကောင်းသင်္ချိုင်းကုန်းကို လက်ညှိုးထိုးပြပြီး "အဲ့ဒီမှာ လူပေါင်း ၁၇၃ယောက်ကို မြှုပ်ထားတာ၊ အုတ်ဂူပေါင်း ၁၇၃ခုရှိတယ်။ အထဲမှာ ဘယ်သူတွေလဲဆိုတာ ဘယ်သူမှမသိဘူး။ ခင်ဗျားတို့လာလည်း ဘယ်ဟာက ခင်ဗျားတို့အဘိုးလဲဆိုတာ ခွဲခြားနိုင်မှာမဟုတ်ဘူး။ အဓိကက ဒီနေရာက ခင်ဗျားတို့အဘိုးရဲ့တပ်ဖွဲ့ဖြစ်ချင်မှလည်း ဖြစ်မှာလေ..."
"နောက်ဆုံးတော့ အဲ့ဒီခေတ်က ထွက်သွားတဲ့သူတွေက အများကြီး၊ ပြန်လာနိုင်တဲ့သူက လက်တစ်ဆုပ်စာပဲကိုး..."
ဒီအကြောင်းပြောမိတော့ ယွီဟွေးဖေးရဲ့စိတ်တွေ လေးလံသွားတယ်။ သူက ရဲရဲတောက်စိတ်ဓာတ်နဲ့ သူရဲကောင်းတွေရဲ့ ပုံပြင်တွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့တာကိုး။
အရှေ့မြောက်ပိုင်းက ကူလင်မြို့ဆိုတာ ကိုရီးယားနဲ့နီးနီးလေး။
ဒီနေရာက လူတော်တော်များများက အဲ့ဒီရဲဘော်တွေ ထွက်ခွာသွားတဲ့မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသလို၊ အဲ့ဒီစစ်ပွဲရဲ့အရိပ်အာဝါသကနေ မလွတ်မြောက်နိုင်သေးတဲ့သူတွေလည်း အများကြီးပဲ။
တစ်ချိန်က ချစ်သူကောင်လေး ထွက်ခွာသွားတာကို စောင့်မျှော်နေတဲ့ ကောင်မလေးတွေ ဆံပင်ဖြူတဲ့အထိစောင့်ပြီး နောက်ဆုံးမှာ ချစ်သူရဲ့အသုံးအဆောင်ပစ္စည်းလေးကိုပိုက်ပြီး မြေမြှုပ်ခံသွားရတာမျိုးတွေ သူမြင်ခဲ့ဖူးတယ်။
ဒါကြောင့် ယွီဟွေးဖေးက အဲ့ဒီခေတ်အကြောင်းကို သိပ်မပြောချင်ဘူး။ ပြောလိုက်တိုင်း သူ့ခေါင်းထဲမှာ အဲ့ဒီတုန်းက ပုံပြင်တွေပေါ်လာပြီး စိတ်မကောင်းဖြစ်ရလို့ပဲ။
ချင်ရှုကျွမ်းက "တကယ်တော့ ကျွန်မတို့အဘိုး ဒီတပ်ဖွဲ့ထဲမှာ ပါမပါဆိုတာလည်း မသေချာပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့နေရာတိုင်းကို သွားပြီး ဂါရဝပြုနေရင် တစ်နေရာမဟုတ်တစ်နေရာတော့ မှန်မှာပါပဲလို့ တွေးမိတာပါ။ ပြီးတော့ ဒီနေရာက သူရဲကောင်းအစစ်တွေချည်းပဲဆိုတော့ ဂါရဝပြုသင့်တာပေါ့"
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ဒါဆို မနက်ဖြန်စောစောထကြပေါ့" လို့ပြောပြောပြီးတာနဲ့ ယွီဟွေးဖေးက သူတို့ကို ထွက်သွားဖို့ လက်ဟန်ပြလိုက်တယ်။
ထွက်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ကျောပြင်ကိုကြည့်ပြီး ယွီဟွေးဖေး မျက်မှောင်ကြုတ်မိတယ်။ ဒီလူနှစ်ယောက်က ပြောတော့ပြောတာပဲ၊ ဒါပေမဲ့ သူတို့က ရိုးရိုးသားသား ဂါရဝပြုဖို့လာတာမဟုတ်ဘူးလို့ သူ့စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရတယ်။ တကယ်လို့သာ ရိုးရိုးသားသားလာတာဆိုရင် ဘာလို့ ခိုးကြောင်ခိုးဝှက်နဲ့ ဒီနားမှာ ပတ်ချာလည်နေရမှာလဲ။ ယူလာတဲ့ပစ္စည်းတွေနဲ့ တန်းပြီးဂါရဝပြုလိုက်ရင် ပြီးနေရောပေါ့...
ညစာစားချိန်ရောက်တော့ ယွီဟွေးဖေးက သူတို့နှစ်ယောက် သင်္ချိုင်းကုန်းမှာ မကြာခဏလာပတ်လည်နေတဲ့အကြောင်းကို ချွေ့ကျွယ်တို့ကို ပြောပြလိုက်ချိန် ချွေ့ကျွယ်က "ဒါကတော့ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ ဒါပေမဲ့ သူတို့အဘိုး အဲ့ဒီမှာရှိမရှိ မသေချာတော့ လာကြည့်တာ၊ စုံစမ်းတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ်... အစစအရာရာ သတိထားတာတော့ ကောင်းတယ်"
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး ဟိုဘက်နားမှာ ထမင်းပန်းကန်ကြီးပိုက်ပြီး အားရပါးရစားနေတဲ့ ရှောင်ထျန်းချန်ကို တစ်ချက်စွေကြည့်ရင်း "ဟေ့ခွေး... မင်းကို အလုပ်တစ်ခုခိုင်းစရာရှိတယ်"
"မလုပ်ဘူး" ရှောင်ထျန်းချန်က အငြိုးအတေးတွေနဲ့ ပြန်အော်ပါလေရော။
ယွီဟွေးဖေးက "မင်းသာ ဒီအလုပ်ကို ကောင်းကောင်းလုပ်ပေးရင် နောက်ဆို ဒီစားပွဲဝိုင်းမှာ မင်းအတွက် နေရာတစ်နေရာရှိစေရမယ်။ နောက်ဆို ထောင့်မှာကပ်ပြီး စားစရာမလိုတော့ဘူး"
ရှောင်ထျန်းချန် ကြားလိုက်တာနဲ့ ချက်ချင်းခေါင်းထောင်လာပြီး "ဘာလုပ်ရမှာလဲ" လို့မေးကော။
ယွီဟွေးဖေးက အပြင်ဘက်ကို လက်ညှိုးထိုးပြပြီး "အပြင်မှာ အသစ်ရောက်နေတဲ့ နှစ်ယောက်၊ ငါ့စိတ်ထဲ တစ်မျိုးပဲ။ ငါတို့သွားရင် သူတို့က သတိထားမိသွားမှာ... ဒါပေမဲ့ မင်းက ခွေးတစ်ကောင်အနေနဲ့ သွားရင် သူတို့က ဘာမှထင်မှာမဟုတ်ဘူး"
ရှောင်ထျန်းချန်က ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးရင်း "မင်းက ငါ့ကို သူတို့လျှို့ဝှက်ချက်တွေ စုံစမ်းခိုင်းမလို့လား"
ယွီဟွေးဖေးက "သာမန်လျှို့ဝှက်ချက်တွေကို ငါစိတ်မဝင်စားဘူး။ ငါတို့ဆီ ဘာလာလုပ်တယ်ဆိုတာပဲ သိချင်တာ"
ရှောင်ထျန်းချန်က ခဏစဉ်းစားပြီး "ကောင်းပြီလေ" လို့ပြောရင်း အလုပ်လက်ခံလိုက်တာပေါ့။
ညစာစားပြီးတော့ ယွီဟွေးဖေးက ရှောင်ထျန်းချန်ကိုခေါ်ပြီး အိမ်ရှေ့ကိုထွက်လာခဲ့ပြီးတော့ ထင်းရှူးပင်တစ်ပင်အောက်မှာ ပစ်ထားလိုက်တယ်။ အဲ့ဒီထင်းရှူးပင်က ချင်ရှုကျွမ်းတို့တည်းတဲ့အခန်းနဲ့ နီးနီးလေး...။
တောက်ပြောင်နက်မှောင်နေတဲ့ အမွေးတွေနဲ့ ခွေးနက်ကြီးကိုမြင်တော့ ချင်ရှုပေါင်က "ဒီခွေးအမွေးအရောင်က တော်တော်မိုက်တာပဲ၊ ဘာအမျိုးအစားလဲ" လို့မေးတယ်။
ရှောင်ထျန်းချန်ကလည်း ဘာရမလဲ သူ့နာမည်ကြီးကို ခေါ်မယ့်အချိန်ကို စောင့်နေသလိုမျိုး ခေါင်းကိုမော့ထားလေရဲ့၊ ဒါပေမယ့်ယွီဟွေးဖေးက ဘာမှမစဉ်းစားဘဲ ဖြေချလိုက်ကော။
"တရုတ်ခွေးစစ်စစ်ပဲ။ နာမည်က ရှောင်ထျန်းချန်၊ နာမည်ပြောင်ကျ ခွေးမသား"
ဒီစကားကြားတော့ ရှောင်ထျန်းချန်က ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးလိုက်တယ်။ သူ့ရဲ့မကျေနပ်မှုကိုပြဖို့ နောက်တစ်ခါကိုက်လိုက်ရရင်တောင် အားမရသေးဘူးဆိုတဲ့ပုံစံနဲ့။
ဒီကောင်ရဲ့ လူလိုအမူအရာကိုမြင်တော့ ချင်ရှုပေါင်က အံ့ဩတကြီးနဲ့ "ဒီခွေး တော်တော်လည်တာပဲ"
ယွီဟွေးဖေးက "ဟုတ်တယ်၊ လိမ္မာတယ်... ခင်ဗျားတို့ အေးဆေးနေကြပါ" ပြောပြီးတာနဲ့ လှည့်ထွက်သွားလိုက်ရော။
ချင်ရှုပေါင်က ယွီဟွေးဖေးရဲ့ကျောပြင် နောက်ဖေးတံခါးထဲ ပျောက်ကွယ်သွားတဲ့အထိ ကြည့်ရင်း မျက်မှောင်ကြုတ်နေမိတယ်။ အဲ့ဒီအချိန်မှာ ချင်ရှုကျွမ်းထွက်လာပြီး ရှောင်ထျန်းချန်ကိုမြင်တော့ အံ့ဩတကြီးနဲ့ မေးတော့တာပဲ။
"ဒီခွေး... ရုပ်ရည်ကြည့်ရတာ... အသားစားခွေးများလား"