ဒန်း
Vol. 6 Ch. 82
မြေပေါ်မှာလှဲနေတဲ့ ရှောင်ထျန်းချန်က ဒေါသထွက်လွန်းလို့ အဲ့ဒီမိန်းမကို ပါးတစ်ချက်ရိုက်ပစ်ဖို့ စိတ်ကိုမနည်းထိန်းထားရတယ်။ သူ့လို အာဂရှောင်ထျန်းချန်က အသားစားခွေးဘဝအထိ ရောက်သွားရတယ်လို့လား။ ဟင်းချက်စားမယ်လို့ မပြောတာပဲ ကံကောင်း။ သူ စိတ်ကိုထိန်းထားပေမယ့် ချင်ရှုကျွမ်းကိုတော့ မျက်စောင်းတစ်ချက်ထိုးပစ်လိုက်တယ်။
ချင်ရှုကျွမ်းက အံ့ဩပြီး "အမယ်... ဒီခွေးက ငါ့ကို မျက်စောင်းထိုးနေပါလား"
ချင်ရှုပေါင်က ရယ်ပြီး "ဒါက တရုတ်ခွေးလေ။ ဒီလိုခွေးမျိုးက ဘယ်လောက်လည်လဲဆိုတာ နင်လည်းသိသားပဲ။ လိမ္မာတာနဲ့ လည်တာကတော့ သဘာဝပဲ"
ချင်ရှုကျွမ်းက သဘောပေါက်သွားပြီး "ဪ... တရုတ်ခွေးကိုး။ ဒါကြောင့် နိုင်ငံခြားခွေးတွေလို အူကြောင်ကြောင်ပုံစံမပေါက်တာ။ သွားရအောင်၊ နင့်ကိုပြောစရာရှိတယ်..." ပြောပြီးတာနဲ့ သူတို့နှစ်ယောက် အခန်းထဲလှည့်ဝင်သွားကြတယ်။
သူတို့ဝင်သွားတာနဲ့ ရှောင်ထျန်းချန်က လျှပ်စီးလက်သလို သူတို့အခန်းတံခါးနားကို ပြေးကပ်ပြီး နားရွက်နှစ်ဖက်ကိုထောင်၊ တံခါးမှာကပ်ပြီး ချောင်းနားထောင်တော့တာပဲ။
"မနက်ဖြန် ဂါရဝပြုဖို့ပစ္စည်းတွေ ပြင်ပြီးပြီလား"
"အကုန်အသင့်ပဲ။ အမွှေးတိုင်၊ စက္ကူပိုက်ဆံ၊ ရွှေတုံးစက္ကူ အစုံပဲ"
"ဒီလောက်ရှာခက်တာ၊ ဒီတစ်ခါတော့ မမှားလောက်ပါဘူးနော်"
"မမှားလောက်ပါဘူး။ ငါတို့စုံစမ်းထားတာ ဒီတပ်ဖွဲ့ကပဲ အဘိုးတို့တပ်ဖွဲ့နဲ့ အတူဆုံးပဲ"
ပြီးတော့ သူတို့နှစ်ယောက် အိမ်တွင်းရေးအကြောင်းတွေ စပြောကြတော့တယ်။ သူတို့စကားပြောပြီးလို့ ချင်ရှုပေါင် တံခါးဖွင့်ပြီး အပြင်ထွက်လာတဲ့အချိန်မှာ...
"အမလေး..."
ချင်ရှုပေါင် ခြေထောက်အောက်မှာ တစ်ခုခုနဲ့တိုက်မိပြီး လဲကျမလိုဖြစ်သွားတယ်။ ငုံ့ကြည့်လိုက်တော့ အဲ့ဒီခွေးနက်ကြီးက မြေပေါ်မှာ အိပ်မောကျနေတာ သွားရည်တွေတောင် အရှည်ကြီးကျလို့... ချင်ရှုပေါင် စိတ်ပျက်လက်ပျက်နဲ့ ညည်းညူတော့တာပဲ။
"ဒီခွေး ဘယ်လိုလုပ် ဒီမှာလာအိပ်နေတာလဲ"
ချင်ရှုကျွမ်းက ရှောင်ထျန်းချန်ကိုကြည့်ပြီး "ဒါက ပြဿနာပဲ။ သူ့နဲ့ အဆင်ပြေအောင်ပေါင်းထားမှ ဖြစ်မယ်။ မဟုတ်ရင် ငါတို့အလုပ်ပျက်သွားနိုင်တယ်"
ချင်ရှုပေါင်က ရယ်ပြီး "စိတ်မပူပါနဲ့။ ငါက ပြည်တွင်းပြည်ပစစ်စခန်းတွေမှာ ခွေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေ အများကြီးသင်ခဲ့ပြီးသား။ ဒီလိုခွေးမျိုးကို ငြိမ်ငြိမ်လေးနေအောင်လုပ်ဖို့ ငါ့မှာ နည်းလမ်းတစ်ရာလောက်ရှိတယ်"
ဒါကြားမှ ချင်ရှုကျွမ်းက စိတ်အေးသွားတယ်။
ချင်ရှုပေါင်က အပြင်ထွက်ပြီး ပစ္စည်းတချို့ဝယ်လာတယ်။ ယွီဟွေးဖေး တစ်ချက်လှမ်းကြည့်လိုက်တော့ အသားပေါင်း၊ ဝက်အူချောင်းနဲ့ အရိုးပေါင်းတွေပဲ။ ညစာစားချိန်မှာ ချင်ရှုပေါင်က အရိုးပေါင်းတစ်ထုပ်ကိုင်ပြီး ယွီဟွေးဖေးဆီ တလေးတစားနဲ့ ရောက်လာတယ်။
"သူဌေးယွီ... ညစာ အတူတူစားကြမလား"
ယွီဟွေးဖေး တစ်ချက်ကြည့်လိုက်တော့။ အိုး... အဲ့ဒီအရိုးပေါင်းတွေပေါ်က အသားတွေက အများကြီးပဲ၊ ကြည့်ရတာနဲ့တင် စားချင်စရာ။ အဲ့တော့ ယွီဟွေးဖေးက မငြင်းဘဲ ခေါင်းညိတ်လိုက်တော့တာပေါ့။
"ကောင်းသားပဲ"
ပြီးတော့ ယွီဟွေးဖေးက အဖြူအမည်း၊ ချွေ့ကျွယ်တို့နဲ့အတူ ချင်ရှုပေါင်၊ ချင်ရှုကျွမ်းတို့နဲ့ အခန်းရှေ့မှာ စားပွဲခင်းပြီး စားသောက်ကြတော့တာပဲ။ နောက်ဖေးမှာတော့ နွားခေါင်းနဲ့ မြင်းမျက်နှာက ထုံးစံအတိုင်း တံတိုင်းပေါ်တက်ပြီး တစ်လှည့် ယွီဟွေးဖေးတို့စားနေတဲ့ အရိုးပေါင်းပေါ်က အသားတွေကိုကြည့်၊ တစ်လှည့် ကိုယ့်လက်ထဲက ပေါင်မုန့်ခြောက်ကြီးကိုကြည့်နဲ့ ရင်ကွဲမတတ် ဝမ်းနည်းနေကြတယ်။
ဒီနှစ်ကောင်က သူတို့ဘဝမှာ ပထမဆုံးအကြိမ် လူမျက်နှာမပေါက်တာကို နောင်တရနေကြတာပေါ့။
ယွီဟွေးဖေးတို့ကတော့ နွားခေါင်းနဲ့ မြင်းမျက်နှာကို ဂရုမစိုက်အားဘူး။ စားရင်းသောက်ရင်း စကားတွေဖောင်ဖွဲ့နေကြတယ်။ ချင်ရှုပေါင်က စကားပြောကောင်းတော့ အမြဲတမ်း စကားစကို ဖန်တီးပေးနိုင်တယ်လေ။
ချွေ့ကျွယ်ကလည်း ခေသူမဟုတ်ဘူး။ သူ့စကားကို အပြန်အလှန်တုံ့ပြန်ရင်း စားပွဲဝိုင်းက စည်ကားလို့နေသဗျ။
"ရှောင်ထျန်းချန်ရော" ခဏစားပြီးတော့ ချင်ရှုပေါင်က ရုတ်တရက်မေးတော့တာပဲ။
ယွီဟွေးဖေးက နောက်လှည့်ပြီး အော်လိုက်တယ် "ဟေ့ကောင် ခွေးမသား"
အသံကြားတာနဲ့ ရှောင်ထျန်းချန်က နောက်ဖေးကနေ ဒရောသောပါးပြေးထွက်လာကော။ သူ့မျက်လုံးတွေက စားပွဲပေါ်က အသားတွေကို တောက်ပြောင်စွာ စိုက်ကြည့်နေတယ်။ သူစောင့်နေတာ ကြာလှပြီကိုး။
ယွီဟွေးဖေးက ဘေးကိုနည်းနည်းတိုးပေးလိုက်ပြီး ရှောင်ထျန်းချန်အတွက် ပန်းကန်နဲ့ အရိုးတွေထည့်ပေးရင်း နောက်ဖေးက နွားခေါင်း၊ မြင်းမျက်နှာတို့နဲ့ အတူတူစားဖို့ ပေးမလို့ပဲ။ ဒါပေမဲ့ ယွီဟွေးဖေး ဘာမှမလုပ်ရသေးခင်မှာပဲ ဖြူဖွေးနေတဲ့ အရိုးတစ်ချောင်းက လေထဲမှာပျံဝဲလာပြီး ရှောင်ထျန်းချန်ရှေ့မှာ ဖောင်းဆိုတဲ့အသံနဲ့ ကျလာတယ်။
ချင်ရှုပေါင်က ပြုံးပြုံးကြီးနဲ့ "ခွေးနက်ကြီး... စားလေကွာ"
ယွီဟွေးဖေး ဒီမြင်ကွင်းကိုမြင်တော့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်သွားပြီး ခေါင်းငုံ့ကာ ထမင်းကိုသာ အမြန်စားနေလိုက်တယ်။ ချွေ့ကျွယ်တို့လည်း မျက်နှာတွေက တစ်မျိုးကြီးဖြစ်နေကြပြီ။ ဒါပေမဲ့ အထူးဆန်းဆုံးက မဲကြီးပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီနာမည်က သူ့နာမည်နဲ့ နည်းနည်းဆင်နေသလို ခံစားနေရလို့။
ရှောင်ထျန်းချန်ရဲ့မျက်နှာကတော့ ပြောမနေနဲ့တော့။ မြေပေါ်မှာ လိမ့်လာတဲ့အရိုးကိုကြည့်ပြီး သူ့လက်နဲ့ တစ်ချက်ပုတ်လိုက်ရင်း "ခွေးမသား... အသားတစ်စက်မှမပါဘူး။ ခွေးကိုက်ထားတာတောင် ဒီလောက်ပြောင်မှာမဟုတ်ဘူး" လို့ တိုးတိုးလေး ကျိန်ဆဲလိုက်ရော။
သူ့အသံက တော်တော်တိုးတော့ ဘယ်သူမှမကြားမှာကို မစိုးရိမ်ဘူး။ ဒါပေမဲ့ အဲ့ဒီကောင်ရဲ့ မျက်နှာအမူအရာနဲ့ နှုတ်ခမ်းပုံစံကိုကြည့်ပြီး ယွီဟွေးဖေးကတော့ ဒီကောင် ကျိန်းသေပေါက် ဆဲနေမှန်း သိလိုက်နေတယ်။
ရှောင်ထျန်းချန်ကတော့ အသားမပါတဲ့အရိုးကို ကိုက်မှာမဟုတ်ဘူး။ အဲ့ဒီအရိုးကို လက်နဲ့တစ်ချက်ပုတ်ထုတ်ပြီး ချင်ရှုပေါင်ကို မထီမဲ့မြင်အကြည့်နဲ့ စိုက်ကြည့်နေပါလေရော။
ချင်ရှုပေါင်က ကြောင်ပြီး "သူက အရိုးမကြိုက်ဘူးလား"
ဒီစကားကြားတော့ ရှောင်ထျန်းချန်ရဲ့မျက်လုံးတွေက မီးတောက်မတတ်ဖြစ်သွားပြီး စိတ်ထဲကနေ "မင်းမှ အရိုးကြိုက်တာ၊ မင်းတို့တစ်မျိုးလုံး အရိုးကြိုက်တာ။ အသားတစ်စက်မှမပါဘဲ ငါက မင်းအဖွားရဲ့ခြေသလုံးကို ကိုက်ရမှာလား" လို့ ဆက်တိုက်ဆဲနေပြီလေ။
ယွီဟွေးဖေးက အမြန်ပဲ ပန်းကန်တစ်လုံးယူပြီး သူ့ရှေ့က အရိုးပန်းကန်ကြီးထဲက တစ်ဝက်ကိုထည့်ပေးလိုက်တယ်။ ပြီးတော့ မြေပေါ်ချပေးရင်း "လာလာ... ဒီဟာလေးကိုစား။ ဒါကပိုကောင်းတယ်"
ရှောင်ထျန်းချန်က ဒါကိုမြင်တော့ မျက်နှာနည်းနည်းပြန်ကြည်သွားပြီး ပြေးလာကာ သံပန်းကန်ကြီးကိုကိုက်ပြီး လှည့်ပြေးသွားတော့တာပဲ။
ဒီမြင်ကွင်းကိုမြင်တော့ ချင်ရှုပေါင်က စိတ်ပျက်လက်ပျက်နဲ့ ခါးခါးသီးသီးရယ်ပြီး "ငါပေးတာနည်းသွားလို့ စိတ်ကောက်သွားတာကိုး"
ယွီဟွေးဖေးက ချင်ရှုပေါင်ကို "ခင်ဗျား အဲ့ဒီသေခွေးနဲ့ သိပ်မပတ်သက်တာကောင်းမယ်။ ဒီခွေးက လောဘကြီးတယ်"
ချင်ရှုပေါင်ကတော့ နားမထောင်ဘဲ ခေါင်းခါပြီး ရယ်တယ် "ကျွန်တော်က ခွေးချစ်တတ်တဲ့သူဆိုတော့ မြင်ရင် စချင်နောက်ချင်စိတ်ပေါက်တာပေါ့။ ပြီးတော့ ကျွန်တော်က ခွေးလေ့ကျင့်တာ ကျွမ်းကျင်တယ်... တောခွေးတွေက လည်လွန်းလို့ လေ့ကျင့်ရခက်ပေမယ့် စိတ်ချပါ၊ ကျွန်တော်မပြန်ခင် သူနဲ့ သူငယ်ချင်းဖြစ်အောင်လုပ်ပြမယ်"
ချင်ရှုပေါင်ရဲ့စကားကြောင့် ယွီဟွေးဖေးက ဟက်ဟက်ပက်ပက်ရယ်ပြီး "ဒါဆိုရင်တော့ မစ္စတာချင်ကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်"
"အားလုံးကံကောင်းကြပါစေ... ဒါနဲ့ ခင်ဗျား သူ့ကို အရိုးတွေအများကြီးပေးလိုက်တာ သူစားနိုင်ပါ့မလား"
ယွီဟွေးဖေးက လျှောက်ပြောတာပေါ့လေ။ "သူတစ်ကောင်တည်းစားတာမဟုတ်ဘူး။ နောက်ဖေးမှာ မြင်းတစ်ကောင်နဲ့ နွားတစ်ကောင်လည်းရှိသေးတယ်"
"မြင်းနဲ့နွားကလည်း အသားစားလို့လား" ချင်ရှုကျွမ်း မနေနိုင်ဘဲ မေးလိုက်တာနဲ့ ယွီဟွေးဖေးက မျက်နှာပြောင်တိုက်ပြီး ခပ်တည်တည် ဖြေပါလေကော။
"စားတယ်၊ တော်တော်စားနိုင်တာ"
ချင်ရှုကျွမ်းနဲ့ ချင်ရှုပေါင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဒီဆရာယွီက တော်တော်လျှောက်ပြောတတ်တဲ့သူပဲ၊ မရိုးသားဘူးလို့ တွေးလိုက်ကြတာပေါ့။
ဒါပေမဲ့ ချင်ရှုပေါင်ကတော့ "သူဌေးယွီခွေး..."
"ရပ်... ငါခွေးကို ကောင်းကောင်းမွေးထားတာ" ယွီဟွေးဖေးက အမြန်ပြင်ပေးလိုက်ချိန် ဘေးက အဖြူအမည်းက ခွီးဆိုပြီး ရယ်လိုက်ကြတယ်။
ချင်ရှုပေါင်ကတော့ မျက်နှာကြီးနီရဲပြီး "စကားမှားသွားတာ၊ စကားမှားသွားတာ..."
နောက်ဖေးမှာတော့ နွားခေါင်းနဲ့ မြင်းမျက်နှာက မြေပေါ်မှာလှဲပြီး ရယ်နေကြပြီ။ ဝဋ်လည်တာ၊ ငါတို့ကို နွားနဲ့မြင်းလို့ပြောတဲ့အတွက် ဝဋ်လည်တာပဲ။
ခံပေါ့...
ခံထိုက်တယ်...
ကျွီးအီးအီး... အဲ့ဒီအချိန်မှာ နောက်ဖေးတံခါးပိတ်သံကြားလိုက်ရတော့ သူတို့နှစ်ယောက် ကြောင်ပြီး လှည့်ကြည့်လိုက်ချိန် မျက်လုံးတွေနီရဲသွားကြကော။ ဘာလို့လဲဆိုတော့ ရှောင်ထျန်းချန်က သံပန်းကန်ကြီးကိုကိုက်ပြီး တစ်ယောက်တည်းစားဖို့ ခိုးပြေးမလို့လုပ်နေတာကိုး။ သူတို့နှစ်ယောက် မြင်သွားတာကိုသိတော့ ရှောင်ထျန်းချန်က ခြေကုန်သုတ်ပြီး ပြေးတော့တာပဲ။
"သောက်ကျိုးနဲ... မင်း ခွေးမသား တစ်ယောက်တည်းစားရဲတယ်လား။ မင်းကို ငါပြုတ်စားပစ်မယ်"
...
အိမ်ရှေ့မှာတော့ ယွီဟွေးဖေးတို့ ခဏစားပြီး လူစုခွဲလိုက်ကြတယ်။ နှစ်ဖက်စလုံးက ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ စားသောက်ပြီး စကားပြောဖို့ စိတ်မပါကြတော့ဘူး။
ယွီဟွေးဖေးက စားသောက်ပြီး နောက်ဖေးပြန်လာတော့ ရှောင်ထျန်းချန်ကို နွားခေါင်းနဲ့ မြင်းမျက်နှာက ဖက်ထုပ်လိုမျိုးကြိုးတုပ်ပြီး ဖျောက်ဆိတ်ပင်အိုကြီးမှာ ချိတ်ဆွဲထားတာကို တွေ့လိုက်ရတယ်။ လေတိုက်တိုင်း ဒန်းစီးနေသလိုပဲ။
မြေပေါ်မှာတော့ နွားခေါင်းနဲ့ မြင်းမျက်နှာက မျက်လုံးနီကြီးတွေနဲ့ ထိုင်နေကြလေရဲ့။
"ဘာတွေဖြစ်နေတာလဲ"