လေ့ကျင့်ထားတာ တော်တော်ကောင်း
Vol. 6 Ch. 84
ပြီးတော့ နောက်တစ်ခုက အုတ်ဂူပေါင်း ၁၇၃ခုကို သူတို့နှစ်ယောက် အစကနေအဆုံး ဦးချကန်တော့ကြတယ်။ တစ်ချိန်လုံး မျက်နှာထားတည်ကြည်ပြီး လှုပ်ရှားမှုတိုင်းက ရိုသေလေးစားမှုအပြည့်နဲ့ပေါ့။ အုတ်ဂူတွေကိုကြည့်တဲ့အကြည့်တွေကလည်း လေးစားကြည်ညိုမှုတွေနဲ့ ပြည့်နှက်နေတာပဲ။
ဒီမြင်ကွင်းကိုမြင်တော့ ယွီဟွေးဖေးက ပထမဆုံးအကြိမ်အဖြစ် ကိုယ်များအတွေးလွန်နေတာလားလို့ တွေးမိသွားတဲ့အထိပေါ့။
သူတို့နှစ်ယောက် အားလုံးကိုဂါရဝပြုပြီးတော့မှ ထပြီး သင်္ချိုင်းကုန်းကနေထွက်သွားကာ အခန်းထဲတန်းပြန်သွားကြတယ်။ ဒါပေမဲ့ ချင်ရှုပေါင် တံခါးဝင်ဝင်ချင်းမှာပဲ ဒေါသထွက်လွန်းလို့ သွေးအန်မတတ်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွေးနက်ကြီးတစ်ကောင်က သူ့ကုတင်ပေါ်မှာ အိပ်မောကျနေတာ သွားရည်တွေက ကုတင်အပြည့်စီးကျလို့။
ချင်ရှုပေါင် ဒေါသပေါက်ကွဲမလိုဖြစ်နေတုန်း ဒီခွေးက ရုတ်တရက်ခေါင်းထောင်လာပြီး သူ့ကိုမြင်တော့ မျက်လုံးတွေက ချက်ချင်းခက်ထန်သွားတယ်။ ဒါပေမဲ့ နောက်တစ်ခဏမှာပဲ အပြုံးမျက်နှာဖြစ်သွားပြီး အမြီးကိုခါရင်း သူ့ဘောင်းဘီနားလာပြီး ပွတ်သပ်နေလေရဲ့။
ချင်ရှုပေါင်ရဲ့ဒေါသတွေက အဲ့ဒီအချိန်မှာ ပျောက်ကွယ်သွားပြီး ဂုဏ်ယူစွာနဲ့ရယ်ပြီး "ညီမလေး၊ တွေ့လား။ ငါဘာပြောလဲ"
"ခွေးဆိုတာ မင်းဆီက တစ်လုတ်စားလိုက်တာနဲ့ နောက်ဆို ကိုယ့်လူဖြစ်သွားရော"
"ကြည့်စမ်း... ငါလေ့ကျင့်ထားတာ ဘယ်လောက်ယဉ်ကျေးသွားလဲ"
ချင်ရှုကျွမ်းကလည်း နည်းနည်းအံ့ဩသွားတယ်။ မနေ့ကတင် ချင်ရှုပေါင်က ဒီခွေးကို မျက်နှာမွဲခွေးလို့ညည်းနေတာ၊ ဒီနေ့ ဒီခွေးက အကျင့်ပြောင်းသွားပါလား။ ဒီခွေးက သူ့နည်းလမ်းကိုမကြိုက်တာမဟုတ်ဘဲ ဦးနှောက်က တစ်ရက်လောက်နောက်ကျပြီးမှ အလုပ်လုပ်တာလား။
ယွီဟွေးဖေးက ဒါကိုကြားလိုက်တော့ ရယ်လိုက်မိသား။ သူကောင်းကောင်းသိတယ်လေ။ အဲ့ဒီခွေးက အကွက်ဆင်နေတာ၊ တစ်က အရိုက်မခံချင်ဘူး၊ နှစ်က အကျိုးအမြတ်လိုချင်လို့ပဲ။
တကယ်ပဲ ရှောင်ထျန်းချန်က နှစ်ခါဟောင်ပြီး အရိုးတစ်ချောင်းကို ကန်ပေးလိုက်တယ်။ ချင်ရှုပေါင်က ရယ်ပြီး "ကောင်းတယ်၊ ခွေးလိမ္မာလေး။ မင်းစောင့်နေ... ငါအခုပဲ အရိုးပေါင်းသွားဝယ်ပေးမယ်။ ဟားဟား..."
ချင်ရှုပေါင် ထွက်သွားတုန်း ချင်ရှုကျွမ်းကိုတစ်ချက်ကြည့်ပြီး "ပြဿနာဖြေရှင်းပြီးပြီ" လို့ပြောနေသလိုပဲ။ ချင်ရှုကျွမ်းကလည်း ပြုံးနေလေရဲ့။
ချင်ရှုပေါင် လေလိုအလျင်နဲ့ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး ရှောင်ထျန်းချန်က ပါးစပ်ကိုမဲ့၊ ခေါင်းကိုခါပြီး နောက်ဖေးကိုသွားကာ တံတိုင်းပေါ်တက်နေတဲ့ နွားခေါင်းနဲ့ မြင်းမျက်နှာကို ဂုဏ်ယူစွာနဲ့မော့ကြည့်ပြီး ပြောပါလေကော။
"တွေ့လား... တွေ့လား။ ခွေးဘုရင်ငါက သူ့ကို ဘယ်လောက်ကောင်းကောင်းလေ့ကျင့်ထားလဲ မြင်ကြရဲ့လား"
နွားခေါင်းနဲ့ မြင်းမျက်နှာကတော့ စကားမပြောနိုင်အောင်ဖြစ်သွားရော။ ဒီစကားကိုသာ ချင်ရှုပေါင်ကြားရင် ဒေါသထွက်ပြီးသေသွားလောက်တယ်။
ခဏနေတော့ ချင်ရှုပေါင်ပြန်ရောက်လာပြီး ဝင်ဝင်ချင်းမှာပဲ "ရှောင်ထျန်းချန်၊ ရှောင်ထျန်းချန်" လို့အော်ခေါ်တယ်။ ဒါပေမဲ့ အော်ခေါ်နေတာကြာပေမယ့် အဲ့ဒီခွေးပေါ်မလာဘူး။ ခြံထဲမှာ နေပူစာလှုံနေတဲ့ ယွီဟွေးဖေးကိုမြင်တော့ သူက လှန်းမေးတော့တာပေါ့။
"သူဌေးယွီ... ခင်ဗျားတို့ရှောင်ထျန်းချန်ရော"
ယွီဟွေးဖေးက "ခင်ဗျားခေါ်တဲ့ပုံစံက မှားနေတာကိုး၊ သူဘယ်ကြားမှာလဲ"
"ဒါဆို ဘယ်လိုခေါ်ရမှာလဲ" ချင်ရှုပေါင်က နားမလည်တော့ဘူး။ ခွေးခေါ်တာ နာမည်ခေါ်တာမဟုတ်ဘူးလား။
ယွီဟွေးဖေးက ပြုံးပြီး အကြောတစ်ချက်ဆန့်လိုက်ကာ နောက်ဖေးကိုလှမ်းအော်လိုက်တယ်။
"ခွေးမသား"
နောက်တစ်ခဏမှာပဲ တံခါးပွင့်လာပြီး ရှောင်ထျန်းချန် ဒရောသောပါး ပြေးထွက်လာလေရော။ ဒီမြင်ကွင်းကိုမြင်တော့ ချင်ရှုပေါင်က စကားမပြောနိုင်အောင်ဖြစ်သွားတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ရှောင်ထျန်းချန်လည်း စကားမပြောနိုင်အောင်ဖြစ်သွားတော့တာပဲ။ သူက ယွီဟွေးဖေးနဲ့ရန်ဖြစ်ဖို့၊ အနည်းဆုံးတော့ ဆဲဆိုဖို့ပြေးထွက်လာတာ၊ ဒါပေမဲ့ ချင်ရှုပေါင်ကိုမြင်တော့ ဒီစကားတွေက ထွက်မလာတော့ဘူး။ ယွီဟွေးဖေးကို မကျေမနပ်နဲ့မျက်စောင်းထိုးပြီး ချင်ရှုပေါင်လက်ထဲက အိတ်ပေါ်ကို အကြည့်ရောက်သွားတယ်။
မြင်ကွင်းကပြောင်းသွားပြီး ရှောင်ထျန်းချန်က သူဌေးကြီးလို ကုလားထိုင်ပေါ်မှာဝပ်နေပြီး သူ့ဘေးမှာ ချင်ရှုပေါင်က ဒူးထောက်ပြီး အရိုးတစ်ခုပြီးတစ်ခုကို ပြုံးပြုံးကြီးနဲ့ကျွေးနေလေရဲ့။
ဒါကို ချင်ရှုပေါင်က ယွီဟွေးဖေးကို ဂုဏ်ယူစွာနဲ့ပြောသေး။
"ကြည့်... ကျွန်တော်ဒီခွေးကို ဘယ်လောက်ကောင်းကောင်းလေ့ကျင့်ထားလဲ"
အဲ့ဒီအချိန်မှာ ယွီဟွေးဖေးနဲ့ ချွေ့ကျွယ်တို့က သူ့ကိုတစ်ချက်ကြည့်ပြီး ပါးစပ်ကိုမဲ့ကာ တစ်ပြိုင်နက်တည်းပြောလိုက်ကြတာပေါ့။
"ဒီခွေးကို လေ့ကျင့်ထားတာ တော်တော်ကောင်းတယ်"
...
နေ့လယ်စာကို ရိုးရိုးရှင်းရှင်းစားပြီး ညနေပိုင်းမှာ ယွီဟွေးဖေးက သင်္ချိုင်းကုန်းကို ဆက်သန့်ရှင်းရေးလုပ်တယ်။
ချင်ရှုပေါင်က ရှောင်ထျန်းချန်နဲ့ ခင်မင်အောင်လုပ်နေတုန်းပဲ။ ဒီခွေးကလည်း သဘောပေါက်သွားပုံရတယ်။ မျက်နှာထားတင်းနေလို့ အသုံးမဝင်ဘူး၊ သတင်းချောင်းနားထောင်ချင်ရင် ချောင်းနားထောင်ရမယ်၊ စားချင်ရင် အရိပ်အမြွက်ပြရမယ်။ သူနဲ့တန်းပေါင်းလိုက်တာက ပိုကောင်းတယ်။
ဒီလိုဆိုတော့ ချောင်းနားထောင်စရာမလိုတော့ဘူး။ ချင်ရှုပေါင်ဘယ်သွားသွား သူကနောက်ကလိုက်တယ်။ ချင်ရှုပေါင် သေးပေါက်၊ အပေါ့အပါးသွားရင်တောင် သူကလိုက်တယ်။
ချင်ရှုပေါင်ကို ကိုယ်ပိုင်အချိန်လုံးဝမရှိအောင်လုပ်ထားတော့ သူနဲ့ချင်ရှုကျွမ်းတို့ရဲ့ စကားပြောဆိုမှုတွေကလည်း ဒီခွေးရှေ့မှာပဲ ပြောရတော့တယ်လေ။ ဘာပဲဖြစ်ဖြစ် ခွေးတစ်ကောင်ရှေ့မှာဆိုတော့ သူတို့နှစ်ယောက်က သတိမထားမိကြဘူး။
ဒီလိုနဲ့ ရှောင်ထျန်းချန်က အရိုးပေါင်းတွေ၊ ဝက်အူချောင်းတွေစားရင်း သတင်းတွေကို အကုန်အစင်စုံစမ်းနိုင်ခဲ့တယ်။
ချင်ရှုပေါင်တို့ထွက်သွားတော့ ယွီဟွေးဖေးက ချင်ရှုပေါင်အခန်းထဲက တူးဆွကိရိယာတွေကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ "ဒါက သင်္ချိုင်းတူးဖို့လာတာပဲ"
"သင်္ချိုင်းတူး၊ အုတ်ဂူဖောက်တယ်ဆိုတာ ဘယ်လောက်ကြီးတဲ့ရန်ငြိုးလဲ" နွားခေါင်းက တိုးတိုးလေးဆဲဆိုလိုက်ရော။
မြင်းမျက်နှာက "ရန်သူဖြစ်ချင်မှဖြစ်မှာပေါ့၊ ပစ္စည်းခိုးဖို့လာတာလည်းဖြစ်နိုင်တယ်"
သရဲဖြူကလည်း ယွီဟွေးဖေးကို "မင်းသူတို့ကို ဘယ်လိုလုပ်မလဲ"
ယွီဟွေးဖေးက "ရဲတိုင်ရင်လည်း ဒီပစ္စည်းတွေနဲ့ သူတို့ကိုဘာမှလုပ်လို့မရဘူး"
"တိုက်ရိုက်လက်ပါရင်လည်း ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူး"
"ပြီးတော့ တချို့ကိစ္စတွေက သူခိုးခိုးမှာကိုမကြောက်ဘူး၊ သူခိုးက မျက်စိကျနေမှာကိုကြောက်ရတာ"
"ဒါကြောင့် လက်မပါရင်မပါ၊ ပါရင်တစ်ခါတည်းအပြတ်ရှင်းရမယ်"
ဒီစကားကြားတော့ သရဲနက်က "ခုတ်ထစ်ပြီး အတူတူမြှုပ်လိုက်ရမလား"
ယွီဟွေးဖေးက သူ့ကိုမျက်စောင်းထိုးပြီး "မင်းက ငရဲတမန်တစ်ပါးပဲ၊ လူတိုင်းမှာ သက်တမ်းရှိတယ်ဟ။ မင်းတိုက်ရိုက်ဝင်စွက်ဖက်တာက ဘယ်လိုကျင့်ဝတ်မျိုးတုန်း"
သရဲနက်ကတော့ ဂရုမစိုက်ဘဲ "ဘာဖြစ်လဲ... သေစာရင်းက ချွေ့ကျွယ်လက်ထဲမှာပဲလေ။ သူတိုက်ရိုက်ပြင်လိုက်ရင် ပြီးရောပေါ့။ ပြီးတော့ အခုငါက သွေးနဲ့သားနဲ့ရှိတဲ့အကျဉ်းသားပဲ၊ ငရဲကိုကိုယ်စားမပြုဘူး"
ချွေ့ကျွယ်က သူ့ကိုမျက်စောင်းထိုးပြီး "လျှောက်မပြောနဲ့။ သေစာရင်းကလည်း အစောင့်အရှောက်ရှိတယ်၊ ငါ့စိတ်ကြိုက်ပြင်လို့ရမလား"
ပြီးတော့ ချွေ့ကျွယ်က တိုးတိုးလေးရေရွတ်တယ်။ "သေဆုံးကာလအတွင်းမှာတော့ နည်းနည်းပါးပါးလုပ်လို့ရပါတယ်..."
ယွီဟွေးဖေး "@#¥..."
ယွီဟွေးဖေးက လက်ကိုခါပြီး "တော်ပြီ... ခင်ဗျားတို့ကိုလူသတ်ခိုင်းတာမဟုတ်ဘူး။ ဒါပေမဲ့ ညကျရင် မဲကြီးနဲ့ဖြူကြီးကိုတော့ အကူအညီတောင်းရမယ်..."
သူတို့နှစ်ယောက်က ယွီဟွေးဖေးရဲ့အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်ပြီး ဟီးဟီးရယ်ကာ "စိတ်ချ၊ ခြောက်လှန့်တာတော့ ငါတို့ကျွမ်းတယ်"
ရှောင်ထျန်းချန်က စပ်စုပြီး "ခနနေပါဦးဟ... မင်းက သူတို့ဘာကိုလိုချင်လဲဆိုတာ မသိချင်ဘူးလား။ ဒီနောက်ဖေးခြံထဲမှာ ရတနာသိုက်တွေရှိနေနိုင်တယ်လေ။ ဥပမာ ရွှေတောင်၊ ကျောက်မျက်တောင်တို့... မင်းသာတူးရင် ချမ်းသာသွားမှာ"
ယွီဟွေးဖေးက ခေါင်းခါပြီး "ဘယ်လောက်ကြီးတဲ့စည်းစိမ်ဖြစ်ဖြစ် သူရဲကောင်းတွေရဲ့ငြိမ်းချမ်းမှုကိုတော့ မနှောင့်ယှက်နိုင်ဘူး"
ရှောင်ထျန်းချန်က ပါးစပ်ကိုမဲ့ပြီး "မင်းက နည်းနည်းလေးမှမသိချင်ဘူးလား"
ယွီဟွေးဖေး "သိချင်တယ်... ဒါပေမဲ့ သည်းခံထားတယ်"
အဲ့ဒီအချိန်မှာ ချွေ့ကျွယ်က "ဒါလည်းကောင်းတာပဲ။ ငါထင်တာတော့ ရှောင်ထျန်းချန်ပြောတာလည်း မမှားဘူး"
ယွီဟွေးဖေးက မျက်မှောင်ကြုတ်သွားတယ်။ ချွေ့ကျွယ်က လောဘကြီးတဲ့သူမဟုတ်ဘူး၊ ဘယ်လိုလုပ်ဒီလိုစကားပြောရတာလဲ။
ယွီဟွေးဖေးမမေးခင်မှာပဲ ချွေ့ကျွယ်က ရယ်ပြီး "မင်းစဉ်းစားကြည့်၊ ဒီနောက်တောင်မှာ တကယ်ရတနာသိုက်ရှိနေရင် မင်းက ချင်ရှုကျွမ်း၊ ချင်ရှုပေါင်ကို ခြောက်လှန့်မောင်းထုတ်လိုက်လို့ ဘာအသုံးဝင်မှာလဲ။ နောက်ဆို ချင်ရှုကျွမ်းနဲ့ ချင်ရှုပေါင်တွေ အများကြီးရောက်လာနိုင်တယ်။ သူတို့ကတောင် ပြန်လာနိုင်သေးတယ်။ ဒီတစ်ခါက ပေါ်တင်လာတာ၊ နောက်တစ်ခါ ခိုးကြောင်ခိုးဝှက်လာရင်ရော"
"နေ့တိုင်း စောင့်ကြည့်နေနိုင်မှာလား"
"ရတနာကိုတူးထုတ်ပြီး လူသိရှင်ကြားကြေညာလိုက်ရင် သူတို့ရဲ့စိတ်ကူးတွေလည်း ပျောက်သွားမှာပေါ့၊ အဲ့ဒီအခါမှ သူရဲကောင်းတွေက တကယ်ငြိမ်းချမ်းစွာအနားယူနိုင်မှာ"
"ရှေးယခင်ကတည်းက အနှောင့်အယှက်ကင်းကင်း အိပ်စက်နိုင်တာက ချမ်းသာတဲ့အုတ်ဂူတွေမဟုတ်ဘူးလေ"
"ဘာမှမရှိတာက အကောင်းဆုံးအုတ်ဂူလုံခြုံရေးပဲ"