အပြစ်ပုံချခြင်း
Vol. 6 Ch. 85
ယွီဟွေးဖေးက ခေါင်းကိုညိတ်ပြီး "ဆရာ့သဘောက..."
"စောင့်... သူတို့လက်ပါလာတဲ့အထိစောင့်"
"ကြည့်... သူတို့ဘာကိုလိုချင်လဲဆိုတာကြည့်"
"ပြီးမှ အခွင့်အရေးကိုစောင့်ပြီး လက်ပါ၊ နောက်ထပ်ပြဿနာမဖြစ်အောင် အပြတ်ရှင်း" ချွေ့ကျွယ်က အကြံပြုတယ်။
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ဆရာ့စကားအတိုင်းပဲလုပ်မယ်"
ဒီလိုနဲ့ သူတို့အားလုံး အဲ့ဒီကိရိယာတွေကို နေရာဟောင်းမှာပြန်ထားလိုက်ကြချိန်မှာ ယွီဟွေးဖေးက ရုတ်တရက်အော်လိုက်တယ်။
"မလှုပ်နဲ့"
နွားခေါင်းက ကြောင်ပြီး "ဘာလုပ်တာလဲ"
ယွီဟွေးဖေးက နွားခေါင်းလက်ထဲက ဂေါ်ပြားငယ်လေးကို လက်ညှိုးထိုးပြီး "အပေါ်က ဆံပင်က မင်းဟာလား"
နွားခေါင်းက ငုံ့ကြည့်ပြီး အံ့ဩတကြီးနဲ့ "ဟင်၊ တကယ်ပဲ၊ ဒီအပေါ်မှာ ဆံပင်တစ်ချောင်း ဘယ်လိုလိပ်နေတာလဲ"
ချွေ့ကျွယ်က "လိပ်နေတာမဟုတ်ဘူး၊ ချည်ထားတာ။ ဒါက တစ်ယောက်ယောက်က တမင်ချည်ထားတာ..."
ယွီဟွေးဖေးက "လိပ်နေတာဆိုရင် တိုက်ဆိုင်မှုလို့ပြောလို့ရတယ်။ ဒါပေမဲ့ ချည်ထားတာဆိုတော့ တမင်လုပ်တာပဲ။ ငါတို့တွေက ဆံပင်ရှည်ပေမယ့် ဒီလိုအဓိပ္ပာယ်မရှိတဲ့အလုပ်မျိုးမလုပ်ဘူး။ ဆိုလိုတာက ဒါက ချင်ရှုပေါင်ထားခဲ့တာဖြစ်ရမယ်..."
ပြောပြီးတော့ ယွီဟွေးဖေးက တခြားကိရိယာတွေကို သေချာကြည့်လိုက်တယ်။ တကယ်ပဲ နှစ်ခုတစ်စုံစီမှာ ဆံပင်တွေချည်ထားပြီး နောက်တစ်ဖက်ကတော့ ပြတ်နေတယ်။
ယွီဟွေးဖေးက ချက်ချင်းပဲ ရဲရဲတင်းတင်းကောက်ချက်ချလိုက်တယ်။ ဒါက ချင်ရှုပေါင်စီစဉ်ထားတဲ့ ထောင်ချောက်ငယ်လေးဖြစ်ရမယ်။ ပြန်လာလို့ ဆံပင်တွေပြတ်နေတာတွေ့ရင် သူတို့ကိရိယာတွေကို တစ်ယောက်ယောက်ကိုင်ထားမှန်း၊ သူတို့အကြံပေါက်ကြားသွားမှန်း သိသွားမှာပဲ။
ယွီဟွေးဖေးက သူ့ယူဆချက်ကိုပြောပြတော့ မြင်းမျက်နှာက မျက်မှောင်ကြုတ်ပြီး "ဒါဆို ငါတို့က မြက်ပင်ကိုလှုပ်ပြီး မြွေကိုလန့်စေလိုက်တာပေါ့"
သရဲနက်က "ဘာဖြစ်လဲ၊ ငါတို့အားလုံးမှာ ဆံပင်ရှည်တွေရှိတာပဲ၊ သူ့ကိုတစ်ချောင်းချည်ပေးလိုက်ရင်ပြီးရောပေါ့"
ယွီဟွေးဖေး ခေါင်းခါပြီး "ပြန်လုပ်လို့မရဘူး။ ဒီဆံပင်တွေက သူ့နေရာနဲ့သူရှိတယ်။ ခုနက ငါတို့က အတင်းဖွင့်လိုက်တော့ သတိမထားမိဘူး၊ အခု ဆံပင်နေရာတွေပြောင်းသွားပြီ။ ဆံပင်ရဲ့မူလနေရာက ဘယ်မှာလဲဆိုတာ ငါတို့မသိတော့ဘူး..."
"ဒါဆိုရင် ဒါက ဖြေရှင်းလို့မရတော့ဘူးလား" မြင်းမျက်နှာက စိတ်ရှုပ်လို့ ခေါင်းကိုကုတ်နေရော။
အားလုံးလည်း ဖြေရှင်းနည်းကို စဉ်းစားကြရတော့တာပေါ့။ အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ရယ်ပြီး ရှင်းပြလိုက်တယ်။
"ဘယ်သူက ဖြေရှင်းလို့မရဘူးလို့ပြောလဲ။ မင်းနဲ့ငါပဲဆိုရင် တကယ်ဖြေရှင်းလို့မရဘူး။ ဒါပေမဲ့ ငါတို့ဆီမှာ နောက်တစ်ယောက်ရှိသေးတာကိုမမေ့နဲ့"
"ဘယ်သူလဲ" အားလုံး စပ်စုပြီးမေးကြချိန် ယွီဟွေးဖေးက ခွေးနက်ကြီးရှောင်ထျန်းချန်ကို ကြည့်လိုက်ရော။
ရှောင်ထျန်းချန်က သူ့ကိုယ်သူလက်ညှိုးထိုးပြီး "မင်းငါ့ကိုဘာကြည့်တာလဲ။ ငါက ခွေးတစ်ကောင်ပဲ၊ ငါ့အမွေးက မင်းဆံပင်လောက်မရှည်ဘူး၊ ဆံပင်ဘယ်လိုချည်ရလဲငါမသိဘူး"
ယွီဟွေးဖေးက ရယ်ရင် "ဘယ်သူက မင်းကိုချည်ခိုင်းလို့လဲ"
ရှောင်ထျန်းချန်က ကြောင်သွားပြီး "ဘာသဘောလဲ"
...
ခဏနေတော့ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ပြန်ရောက်လာတယ်။ သူတို့နှစ်ယောက်ရဲ့စိတ်အခြေအနေက ကောင်းမွန်နေပုံပဲ။ လမ်းတစ်လျှောက် စကားတွေပြောရင်း ရယ်မောပြီးပြန်လာကြတာပေါ့။
ဒါပေမဲ့ ချင်ရှုပေါင်က သူ့အခန်းတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ မျက်နှာကြီးစိမ်းသွားရော။ နောက်ပြတင်းပေါက်ကွဲနေပြီး အခန်းထဲမှာ ရှုပ်ပွနေလို့လေ။ အဝတ်အစားတွေက မြေပေါ်အပြည့်၊ အိပ်ရာခင်း၊ စောင်တွေက ရှုပ်ပွနေတာကလွဲရင် ဂွမ်းတွေကတောင် လေထဲမှာလွင့်နေတာကိုး။ သူ့ခရီးဆောင်သေတ္တာက ကိုက်ဖောက်ခံထားရပြီး အတွင်းက ကိရိယာတွေက မြေပေါ်ပြန့်ကျဲနေတာပဲ။
ကုတင်ပေါ်မှာ ခွေးနက်ကြီးတစ်ကောင်က ဝပ်နေပြီး ခေါင်းပေါ်မှာ အနီရောင် အတွင်းခံဘောင်းဘီတစ်ထည်တင်ထားသလို လက်နှစ်ဖက်ကလည်း ဂေါ်ပြားရိုးတစ်ချောင်းကိုပိုက်ပြီး အားရပါးရကိုက်နေတယ်။
"ခွေးမသ... ရှောင်ထျန်းချန်၊ ဒါမင်းလုပ်ထားတာလား"
စူးရှတဲ့အော်သံတစ်ခုထွက်ပေါ်လာချိန် နောက်ဖေးမှာ ယွီဟွေးဖေးက ပြုံးနေတော့တာပဲ။ နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်တို့မြင်တော့ လိုက်ရယ်ပြီး လက်မထောင်ပြကြတယ်။
"ဝိုးဟိုးဟိုး... မင်းနည်းလမ်းက တော်တော်မိုက်တာပဲ"
မြင်းမျက်နှာက "အဲ့ဒီအနီရောင်အတွင်းခံဘောင်းဘီက ပိုပြီးရှယ်မိုက်တာ။ ဟားဟားဟား..."
ယွီဟွေးဖေးက ခါးခါးသီးသီးရယ်ပြီး "ပြတင်းပေါက်တစ်ချပ်၊ စောင်တစ်ထည်၊ ဆုံးရှုံးမှုကလည်း မနည်းဘူး"
ချွေ့ကျွယ်က "ရတာရှိရင် ဆုံးရှုံးတာလည်းရှိတာပဲ၊ စိတ်ကိုဖြေလိုက်ပါ"
"အဲ့ဒီသူရဲကောင်းတွေ ငြိမ်းချမ်းစွာအိပ်စက်နိုင်ဖို့အတွက်တော့ စွန့်လွှတ်ရမှာပေါ့" ယွီဟွေးဖေးက ခေါင်းညိတ်ရင်း ဆိုရတာပေါ့။
တကယ်ပဲ ခဏနေတော့ ရှောင်ထျန်းချန်က အော်ဟစ်ပြီး နောက်ဖေးကိုပြေးလာသလို နောက်ကနေလည်း ချင်ရှုပေါင်ရဲ့ ဒေါသတကြီးအော်သံထွက်လာတယ်။
"ရှောင်ထျန်းချန်... မင်း... မင်း... ငါ့ကိုဒေါသထွက်အောင်လုပ်နေတာ"
ယွီဟွေးဖေးက အခြေအနေကောင်းပြီဆိုတော့ ပြုံးပြုံးကြီးနဲ့တံခါးဖွင့်ထွက်သွားပြီး ပျင်းရိစွာနဲ့ "မစ္စတာချင်... ဘာဖြစ်တာလဲ"
ချင်ရှုပေါင်က ယွီဟွေးဖေးကိုမြင်တော့ မျက်နှာတစ်ချက်ပြောင်းပြီး ခါးခါးသီးသီးရယ်ကာ "အဲ့ဒီခွေး... ကျွန်တော့်အခန်းကို ဖျက်ဆီးသွားတယ်"
"ခင်ဗျားကိုပြောသားပဲ။ အဲ့ဒီခွေးနဲ့ သိပ်မပတ်သက်နဲ့လို့ပေါ့။ ခင်ဗျားမှ နားမထောင်တာကိုး။ ဟူး... ကျုပ်ပြတင်းပေါက်နဲ့ စောင်တွေလည်းပါသွားတယ်လေ။ ဒီခွေးက တကယ့်ခွေးယုတ်မာပဲ"
ပြောပြီးတော့ ယွီဟွေးဖေးက "ကျုပ်ကူရှင်းပေးရမလား" ဆိုပြီး စေတနာပါပါနဲ့ မေးတော့တာပဲ။
ချင်ရှုပေါင်က ဘယ်လိုလုပ်ယွီဟွေးဖေးကိုကူရှင်းခိုင်းရဲမှာလဲ၊ အတွင်းထဲမှာ မမြင်စေချင်တဲ့ပစ္စည်းတွေအများကြီးရှိတာကိုး။ အမြန်ခေါင်းခါပြီး "မလိုဘူး၊ မလိုဘူး... ကျွန်တော်ကိုယ်တိုင်လုပ်လိုက်ပါ့မယ်"
ပြောပြီးတော့ ချင်ရှုပေါင်က အခန်းထဲပြန်ပြေးဝင်သွားပြီး တံခါးပိတ်ကာ ဆဲဆိုရင်း အခန်းကိုရှင်းနေတော့တယ်။
"ခွေးမသား... မင်းငါ့ပြတင်းပေါက်နဲ့ စောင်ကိုပြန်လျော်ပေးစမ်း၊ မဟုတ်ရင် မင်းကိုငါမသတ်ဘဲမနေဘူး"
ဒီအချိန်မှာတော့ ယွီဟွေးဖေးက နှုတ်ခမ်းကိုကွေးပြီး အသက်ကိုပြင်းပြင်းရှူကာ အော်လိုက်သလို နောက်ဖေးက ရှောင်ထျန်းချန်ကလည်း တကယ်အရိုက်ခံရသလို အော်ဟစ်ပြီး ပူးပေါင်းသရုပ်ဆောင်ပေးနေလေရဲ့။
ညရောက်တော့ ယွီဟွေးဖေးတို့အားလုံးမအိပ်ဘဲ မျက်လုံးပြူးကြီးတွေနဲ့ နောက်ဖေးမှာထိုင်ပြီး နားရွက်တွေကိုနံရံမှာကပ်ကာ အိမ်ရှေ့ကအခြေအနေကိုနားထောင်နေကြတယ်။ ရှောင်ထျန်းချန်ကလည်း သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကိုထုတ်သုံးပြီး မြေပေါ်မှာမလှုပ်မယှက်နဲ့ သေနေတဲ့ခွေးလိုမျိုး အိပ်နေပြန်တယ်လေ။
မနက် ၁ နာရီရောက်တော့ အိမ်ရှေ့မှာ လှုပ်ရှားမှုစတင်လာပြီ။ ချင်ရှုပေါင်ရဲ့အခန်းတံခါးက ဖြည်းဖြည်းချင်းပွင့်လာရင်း ချင်ရှုကျွမ်းလည်း လိုက်ထွက်လာတယ်။
အဲ့ဒီအချိန်မှာ ရှောင်ထျန်းချန်ရဲ့နားရွက်က တစ်ချက်လှုပ်ပြီး ခေါင်းထောင်လာတော့ ချင်ရှုကျွမ်း လန့်ပြီး မျက်နှာပျက်သွားတယ်။ ချင်ရှုပေါင်က ရှောင်ထျန်းချန်ကို အမြန်ပဲ ငါပါဆိုတဲ့လက်ဟန်ပြပြီး ပါးစပ်ကလည်း ပြောတာပေါ့။
"ငါပါဟ.. ခွေးနက်ကြီးရယ်။ ငါပါ... ဘာမှမဖြစ်ဘူး၊ မင်းဆက်အိပ်နေ"
ရှောင်ထျန်းချန်က ပါးစပ်ကိုမဲ့ပြီး ခေါင်းကိုခါကာ ထပြီး ချင်ရှုပေါင်ဘေးကိုလာပြီး သူ့ခြေထောက်ကိုပွတ်သပ်ကာ မှီခိုနေတဲ့ပုံစံလုပ်ပြတယ်။ ဒီမြင်ကွင်းကိုမြင်တော့ ချင်ရှုကျွမ်းက စိတ်အေးသွားပြီး ချင်ရှုပေါင်က အောင်မြင်တဲ့လက်ဟန်ပြလိုက်ရော။
ချင်ရှုကျွမ်းက စိတ်မချစွာနဲ့ "ဒီခွေးက ငါတို့နောက်လိုက်လာမယ့်ပုံပဲ"
ချင်ရှုပေါင်က "ခွေးတစ်ကောင်ပဲကို။ လိုက်ချင်လိုက်ပါစေလေ။ သူမဟောင်ရင်ပြီးရော"
ချင်ရှုကျွမ်းကလည်း စဉ်းစားကြည့်တော့ ဟုတ်တာပဲ...
သူတို့နှစ်ယောက်က တူးဆွကိရိယာတချို့ကိုကိုင်ပြီး ဘေးတံခါးကိုဖွင့်ကာ သင်္ချိုင်းကုန်းထဲဝင်သွားကြရော။ သူတို့ရဲ့ပစ်မှတ်က ရှင်းတယ်။ ရှေ့ကသာမန်အုတ်ဂူတွေကို လုံးဝမကြည့်ဘဲ မေပယ်တောထဲကို တန်းဝင်သွားကြတယ်။
သူတို့နှစ်ယောက်က ထောင့်ကပ်နေတဲ့အုတ်ဂူတစ်ခုကို ပစ်မှတ်ထားပြီး လက်ထဲက စစ်သုံးဂေါ်ပြားနဲ့ အမြန်တူးဆွကြတော့တယ်။ ချင်ရှုကျွမ်းရဲ့လက်က မကျွမ်းကျင်ပေမယ့် ချင်ရှုပေါင်ရဲ့လက်က တော်တော်ကျွမ်းပြီး တူးဆွနှုန်းက အတော့်ကိုမြန်ဆန်တာ။
ရှောင်ထျန်းချန်က ဘေးမှာပတ်လည်လျှောက်ရင်း စိတ်ထဲကနေ ‘ဒီနေရာက လောကီဘုံဖြစ်ပြီး သရဲမရှိမှန်းသာမသိရင် ငါလေ့ကျင့်ထားတဲ့အိမ်မွေးတိရစ္ဆာန်က မြေကြွက်သရဲဖြစ်နေပြီလို့ထင်မိမှာပဲ’
အဝေးမှာ ယွီဟွေးဖေးတို့လည်း ခိုးကြောင်ခိုးဝှက်နဲ့လိုက်လာကြတယ်။ သရဲဖြူနဲ့သရဲနက်က ဘယ်နေရာက ရန်သူ့အမြင်ကွယ်ရာဖြစ်ပြီး အလွယ်တကူရှောင်တိမ်းနိုင်လဲဆိုတာကို ရှင်းရှင်းလင်းလင်းခွဲခြားနိုင်လေ။
တစ်ဖွဲ့လုံးက ဟိုဘက်မှာ အလုပ်ရှုပ်နေတဲ့နှစ်ယောက်ကိုကြည့်ရင်း ယွီဟွေးဖေးက လက်သီးကိုဆုပ်ပြီး ဆဲဆိုလိုက်တယ်။
"ငါ့နှယ်ခွေးမသား... တကယ်သင်္ချိုင်းတူးနေတာပဲ။ မင်းအဘိုး၊ ဒါတွေက သူရဲကောင်းတွေ၊ စစ်မြေပြင်ကနေပြန်လာတဲ့သူတွေ၊ သူတို့ဆီမှာ ဘာတန်ဖိုးရှိတဲ့ပစ္စည်းရှိမှာလဲ"