ရန်ပွဲ
Vol. 6 Ch. 86
ယွီဟွေးဖေးက ဆဲဆိုနေရင်း တစ်ဖက်ကလည်း ဒီနှစ်ယောက်ကို ဘယ်လိုအပြတ်ရှင်းရမလဲဆိုတာကို ကြံဆနေတယ်။
ချင်ရှုကျွမ်းက ချောမောပြီး ကျက်သရေရှိတာမှန်ပေမယ့် လူဆိုတာကလည်း... မျက်စိထဲဝင်သွားရင် အဲ့ဒါကို လှတယ်၊ ကျက်သရေရှိတယ်လို့ မြင်တယ်။ မျက်စိထဲမဝင်ရင်တော့ ဘယ်လောက်လှလှ ကြည့်ရတာ စိတ်မသက်သာဘူး၊ ရွံစရာကောင်းနေတာပဲ။
ဒါကြောင့် ယွီဟွေးဖေးက ခယ်လီတို့နဲ့ ပေါင်းလို့ရပေမယ့် ချင်ရှုကျွမ်းနဲ့တော့ လုံးဝမဆက်ဆံဘူး။ စိတ်ထဲမှာ အကြံအစည်များတဲ့ မိန်းမတွေကို သူက အမြင်ကတ်တယ်။ ဒါကို ရှေးစကားအတိုင်း ပထမအမြင်လို့ ခေါ်မလားပဲ။
ခဏစောင့်ပြီးတဲ့နောက်မှာ ချင်ရှုကျွမ်းက "တူးမိပြီ" လို့ အော်လိုက်ပါလေရော။
ချင်ရှုပေါင်က "ဖြည်းဖြည်းလုပ်၊ မပျက်စီးစေနဲ့" လို့ လှမ်းပြောတယ်။
ယွီဟွေးဖေးရဲ့ အာရုံကြောတွေလည်း တင်းမာသွားပြီး မျက်လုံးပြူးကြီးနဲ့ ဟိုဘက်ကို စိုက်ကြည့်ရင်း အကြောင်းစုံကို သိချင်နေပြီ။ ဒါပေမဲ့ တောင်ပေါ်ဆိုတော့ မူလကတည်းက မှောင်မည်းနေတဲ့အပြင် သစ်တောထဲမှာဖြစ်နေပြန်တော့ ပိုပြီး မမြင်ရတော့ဘူး။ ရှောင်ထျန်းချန်ကတော့ ကလိမ်ကကျစ်နိုင်သား။ ချက်ချင်းပြေးသွားပြီး ခွေးခေါင်းကြီးကို အထဲကို တန်းထိုးကြည့်လိုက်တယ်။
တွင်းအောက်မှာ အနီရောင်ခေါင်းတလားတစ်ခုရှိတယ်၊ နှစ်တွေကြာနေပြီဖြစ်လို့ ခေါင်းတလားက နည်းနည်းဟောင်းနွမ်းနေပြီ။ ချင်ရှုပေါင်က ခေါင်းတလားပတ်လည်ကို အမြန်တူးဖော်ပြီး ခဏအကြာမှာ ခေါင်းတလားတစ်လုံးရဲ့ တစ်စိတ်တစ်ပိုင်းကို တူးထုတ်လိုက်နိုင်တယ်။
ပြီးတော့ ဒီကောင်က မြေကြီးပေါ်မှာ ဒူးထောက်ပြီး ခေါင်းတလားကို ဦးချကန်တော့ရင်း တိုးတိုးလေး ဘာတွေပြောနေလဲမသိဘူး၊ ယွီဟွေးဖေးကတော့ မကြားရဘူး။ နောက်ဆုံးတော့ ချင်ရှုပေါင်က ခေါင်းတလားကို ဖွင့်လိုက်ရော။
ချင်ရှုကျွမ်းကတော့ လက်အိတ်နဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီး ကပ်သွားရင်း လက်ကို အထဲထိုးထည့်လို့ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်တယ်။ ယွီဟွေးဖေးက သေချာမမြင်ရပေမယ့် သစ်ရွက်တစ်ရွက် လှုပ်ရှားသွားတော့ လရောင်က ကျလာပြီး အဲ့ပစ္စည်းက ရွှေရောင်ဖြစ်နေသလိုပဲ။
တစ်ချိန်တည်းမှာပဲ ချင်ရှုပေါင်က စိတ်လှုပ်ရှားစွာနဲ့ "ဟုတ်တယ်၊ ဒါပဲ" လို့ ပြောချိန်မှာပဲ ချင်ရှုကျွမ်းက စာအုပ်တစ်အုပ်ကို ထပ်ထုတ်ယူပြီး "ဒိုင်ယာရီဖြစ်မယ်" လို့ ပြောလိုက်တယ်။
ချင်ရှုပေါင်က ပိုပြီး ရတနာတွေ့သလိုဖြစ်သွားရင်း "ပြန်သွားပြီး ကြည့်မယ်၊ ငါတို့ရဲ့ခန့်မှန်းချက်ကို အတည်ပြုနိုင်လောက်တယ်"
ယွီဟွေးဖေးက သူတို့လိုချင်တာကို တွေ့သွားပြီဆိုတာ သိလိုက်ရတယ်၊ လက်ပါဖို့ အချိန်တန်ပြီလေ။ ဒါနဲ့ ယွီဟွေးဖေးက "ရပ်လိုက်" လို့ အော်ဟစ်ပြီး ကြိုတင်ယူလာတဲ့ အုတ်ခဲကိုကိုင်ကာ ရှေ့ဆုံးကနေ ပြေးထွက်သွားသလို သရဲနက်သရဲဖြူကလည်း နောက်ကနေ တန်းလိုက်လာတယ်။ ချွေ့ကျွယ်က နေရာမှာရပ်ပြီး နွားခေါင်းမြင်းမျက်နှာကို နောက်ကနေ ပတ်တိုက်ဖို့ အချက်ပြလိုက်တယ်။
ရှောင်ထျန်းချန်မြင်တော့ ရုတ်တရက်ထပြီး ခေါင်းနဲ့ ချင်ရှုပေါင်ကို တိုက်လှဲလိုက်ပြီးတော့ အမြီးနဲ့ ချင်ရှုကျွမ်းကိုပါ လှဲချလိုက်ရော။
ယွီဟွေးဖေးက ပြေးသွားပြီး ဘာစကားမှမပြောဘဲ လက်ထဲက အုတ်ခဲနဲ့ ချင်ရှုပေါင်ရဲ့မျက်နှာကို တန်းရိုက်ချလိုက်တယ်။
ခွပ်...။
ချင်ရှုပေါင်က ဓာတ်ငွေ့ကာမျက်နှာဖုံးတပ်ထားတော့ အုတ်ခဲက မျက်နှာဖုံးပေါ်ကို ကျလာပြီး မျက်နှာဖုံးရဲ့ဘောင်က မျက်နှာနဲ့ဆောင့်မိတော့ နာလွန်းလို့ မျက်လုံးတွေတောင် လန်သွားတယ်။ ဒါပေမဲ့ ချင်ရှုပေါင်ရဲ့တိုက်ခိုက်ရေးအခြေခံက မြင့်တယ်၊ အရေးကြီးတဲ့အချိန်မှာ ယွီဟွေးဖေးရဲ့ခြေထောက်ကို ဖမ်းဆွဲပြီး အားနဲ့ဆွဲလိုက်တော့တာပဲ။
ယွီဟွေးဖေးက တန်းပြီး မြေကြီးပေါ်ကို လဲကျသွားတယ်၊ တစ်ချိန်တည်းမှာဘဲ ချင်ရှုပေါင်က တစ်ပတ်လှည့်ပြီး ယွီဟွေးဖေးရဲ့ဗိုက်ကို တစ်ချက်ကန်လိုက်တော့ ယွီဟွေးဖေးက တစ်မီတာလောက် လွင့်ထွက်သွားရော။ ဒီတစ်ချက်က အားအပြည့်နဲ့ကန်လိုက်တာဆိုတော့ နာလွန်းလို့ ယွီဟွေးဖေး မျက်ရည်တွေတောင် ထွက်ကျလာတယ်။
ဟိုဘက်မှာ ချင်ရှုကျွမ်းလည်း ထလာပြီး အိတ်ကပ်ထဲက အမည်းရောင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်တယ်။
ရှောင်ထျန်းချန်မြင်တော့ တန်းပြေးသွားပြီး လက်ဝါးနဲ့ ချင်ရှုကျွမ်းကို လှဲချလိုက်ပြီး ခြေသည်းကြီးနဲ့ ချင်ရှုကျွမ်းကို ဖိထားရင် မလှုပ်ရှားနိုင်အောင်လုပ်လိုက်တယ်၊ အဲ့တော့မှ အဲ့အမည်းရောင်ပစ္စည်းက လျှပ်စစ်တုတ်မှန်း သိလိုက်ရတာ။
တစ်ဖက်မှာ ချင်ရှုပေါင်က ကျွမ်းဘားသမားလို ခုန်ထပြီး တစ်ချိန်တည်းမှာ ဓားမြှောင်တစ်ချောင်းက သူ့လက်ထဲမှာ ပေါ်လာတယ်။ လက်ပင့်ပြီး ယွီဟွေးဖေးကို ထိုးတော့မလို့လုပ်နေတုန်း သူကြောင်သွားကော။
"သူဌေးယွီလား"
ဘုန်း...။
တုတ်ဖြူတစ်ချောင်းက သူ့နောက်စေ့ကို ကျလာတော့ ချင်ရှုပေါင်က အသံတိတ်ညည်းညူပြီး တန်းပြီး မြေကြီးပေါ်ကို လဲကျသွားကော။
သရဲနက်က ဝိညာဉ်ဖမ်းကြိုးကိုကိုင်ပြီး ပြေးလာတယ်၊ ကျွမ်းကျင်စွာနဲ့ ချင်ရှုပေါင်ရဲ့ညှပ်ရိုးကို ထိုးဖောက်တော့မလို့ပဲ။ ယွီဟွေးဖေးမြင်တော့ အမြန်တားလိုက်တာပေါ့။
နောက်တာလား၊ အခုက တရားဥပဒေစိုးမိုးတဲ့ခေတ်လေ။
အုတ်ဂူဖောက်တဲ့သူကို ဖမ်းတာက ကုသိုလ်ရတယ်၊ ဒါပေမဲ့ အုတ်ဂူဖောက်တဲ့သူကို ကိုယ်တိုင်တရားစီရင်တာကတော့ နောက်တစ်ခုဖြစ်သွားပြီ။
"ယွီသူဌေး၊ အထင်လွဲနေပါပြီ!" တစ်ဖက်က ချင်ရှုကျွမ်းက အော်ဟစ်နေပေမယ့် သရဲဖြူက လှည့်ပြီး တုတ်နဲ့တစ်ချက်ရိုက်ချလိုက်တော့ ချင်ရှုကျွမ်းလည်း လှုပ်ရှားမှုမရှိတော့ဘူး။ အဲ့ဘုန်းဘုန်းအသံတွေကိုကြားပြီး ယွီဟွေးဖေးတောင် ချင်မိသားစုမောင်နှမအတွက် နည်းနည်းသနားမိသား။
ဒါပေမဲ့ တော်သေးတာက နှစ်ယောက်လုံးကို ထိန်းချုပ်နိုင်လိုက်ပြီ...
သရဲဖြူက "ငါ့ညီ... ဒီနှစ်ယောက်ကို ဘယ်လိုလုပ်မလဲ"
သရဲနက်က ဟဲဟဲရယ်ပြီး "တွင်းက သူတို့တူးပြီးသားပဲ၊ အတူတူမြှုပ်လိုက်ပေါ့" လို့ ပြောရော။
"လျှောက်မပြောနဲ့... သူတို့က ငါတို့ဆီမှာ တည်းနေတာ။ ပြဿနာဖြစ်ရင် ရဲက ပထမဆုံး ငါတို့ဆီလာမှာလေ။ အဲ့တော့မှ ဒုက္ခတွေများကုန်မယ်။ ခေါ်သွား... မေးမြန်းပြီးမှ ဆုံးဖြတ်မယ်" ယွီဟွေးဖေးက ကမန်းကတန်းတားရပါလေကော။
သရဲနက်သရဲဖြူက ခေါင်းညိတ်ပြီး ကြိုးနဲ့ နှစ်ယောက်လုံးကို ချည်ပြီး ဆွဲခေါ်သွားတယ်။ ဒီလမ်းတစ်လျှောက်မှာ ယွီဟွေးဖေးက ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ရဲ့ခေါင်းတွေက အုတ်ဂူ၊ ကျောက်တုံး၊ သစ်ပင်ပင်စည်တွေနဲ့ အပြန်အလှန်ဆောင့်နေတာကို တွေ့လိုက်ရတယ်... သရဲနက်သရဲဖြူအဲ့နှစ်ကောင်က တမင်တကာ လုပ်နေတာပဲ။
ယွီဟွေးဖေးကလည်း ဂရုမစိုက်ဘဲ နွားခေါင်းမြင်းမျက်နှာကိုခေါ်ပြီး ခေါင်းတလားကို ပူးပေါင်းပြီး ပိတ်လိုက်ရင်း မြေကြီးကို ပြန်ဖို့လိုက်တယ်။
နောက်ဆုံးတော့ ယွီဟွေးဖေးက အုတ်ဂူရှေ့မှာ ဦးချကန်တော့ပြီး "ကျွန်တော်တို့က အဘိုးတို့ကို တမင်တကာ နှောင့်ယှက်တာမဟုတ်ပါဘူး။ မတတ်နိုင်လို့ပါ၊ အဘိုးတို့ နောက်ဆို ငြိမ်းချမ်းစွာ အိပ်စက်နိုင်ဖို့အတွက် သူတို့ကို ခဏလောက် မွှေနှောက်ခိုင်းလိုက်ရတာပါ၊ အဘိုး အပြစ်မယူပါနဲ့နော်"
နွားခေါင်းမြင်းမျက်နှာက လက်ကိုဘောင်းဘီအိတ်ထဲထည့်ပြီး မျက်လုံးစွေကြည့်ပြီး ယွီဟွေးဖေးကို ကြည့်နေတယ်၊ အဲ့အကြည့်က ငတုံးကိုကြည့်နေသလိုပဲ။
ယွီဟွေးဖေးထလာတော့ နှစ်ယောက်က ဟက်ဟက်ပက်ပက်ရယ်ပြီး "ဒီမှာ ဝိညာဉ်မရှိဘူး၊ မင်းဘာပြောပြော သူကမသိဘူး"
ယွီဟွေးဖေးကလည်း "ခင်ဗျားတို့ပြောတာမှန်တယ်ဆိုတာ ကျုပ်သိပါတယ်၊ ဒါပေမဲ့ ကျုပ်အဘိုးပြောဖူးတယ်။ လူဆိုတာ... တစ်ခါတစ်လေ ကြောက်ရွံ့တဲ့အရာတွေက တကယ်မရှိနိုင်ပေမယ့် ရှိကိုရှိရမယ်။ ဒါကို ရိုသေလေးစားမှုလို့ခေါ်တယ်၊ ကိုယ့်အတွက်ရော၊ နောက်လူတွေအတွက်ရော ချန်ထားရမယ်။ မဟုတ်ရင် စိတ်ထဲမှာ ရိုသေလေးစားမှုမရှိရင် လွတ်နေတဲ့မြင်းရိုင်းလိုပဲ။ အနာဂတ်မှာ ဘယ်လိုအမှားမျိုးတွေလုပ်မိမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ၊ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုပဲ သင်္ဂြိုဟ်လိုက်ရမှာပဲ။ ရိုသေလေးစားမှုဆိုတာ ကိုယ့်ကိုယ်ကို နောက်ဆုံးကာကွယ်မှုပဲ"
ဒီစကားကြားတော့ နွားခေါင်းမြင်းမျက်နှာက လေးစားစွာနဲ့ နောက်ပြန်လှည့်ပြီး အဲ့အုတ်ဂူကို လက်အုပ်ချီပြီး "ဟေ့... ညီလေး၊ မင်းသာ ဘဝကူးမသွားသေးရင်။ ငါတို့ညီအစ်ကိုနှစ်ယောက် ပြန်သွားတဲ့အခါ မင်းကို အရက်တိုက်မယ်..." လို့ ပြောပါလေကော။
နွားခေါင်းမြင်းမျက်နှာက ဘယ်လောက်နှစ်တွေအများကြီး အသက်ရှင်ခဲ့လဲမသိဘူး၊ ကွယ်လွန်သွားတာ ဆယ်စုနှစ်အနည်းငယ်ပဲရှိသေးတဲ့ အဘိုးကြီးတစ်ယောက်ကို ညီလေးလို့ခေါ်တာကလည်း မှားတယ်လို့မဆိုနိုင်ဘူး။ အဲ့စကားက ပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် သူတို့ရဲ့ဘဝကိုစဉ်းစားကြည့်ရင်တော့ ကျိုးကြောင်းဆီလျော်နေသား။
ယွီဟွေးဖေးက အဲ့ဒိုင်ယာရီကို ကောက်ယူလိုက်တယ်၊ ဒိုင်ယာရီစာအုပ်က အရမ်းဟောင်းနေပြီ၊ ကောက်ယူလိုက်တာနဲ့ ပြန့်ကျဲ ကြွေကျသွားတော့မယ့်အတိုင်းပဲမို့ သတိထားပြီး သိမ်းဆည်းလိုက်တယ်။ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းမောင်နှမကို ဒီလောက်တောင် အလေးအနက်ထားစေတဲ့ ဒီဒိုင်ယာရီထဲမှာ ဘာတွေမှတ်တမ်းတင်ထားလဲဆိုတာကို သူလည်း သိချင်တာပေါ့။ ပြီးတာနဲ့ ယွီဟွေးဖေးက နွားခေါင်းမြင်းမျက်နှာတို့ကို ခေါ်ပြီး ပြန်သွားကြတော့တာပဲ။
ကလစ်...
အသံစူးစူးတစ်ခုနဲ့အတူ အလင်းရောင်တစ်ခုက ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ရဲ့မျက်နှာပေါ်ကို တန်းကျလာတယ်။ ရလဒ်ကတော့ နှစ်ယောက်လုံး ဘာမှမတုံ့ပြန်ဘူးလေ။ အဲ့တော့ ယွီဟွေးဖေးကို လန့်သွားစေရော။ ဒီနှစ်ယောက်က မူလက ချောမောလှပပြီး အထူးသဖြင့် ကျက်သရေရှိတဲ့အမျိုးအစား၊ ဒါပေမဲ့ အခုအချိန်မှာ သူတို့က တစ်လမ်းလုံး ဆွဲခေါ်ခံလာရတော့ အဲ့မျက်နှာက ဆောင့်မိတာ၊ နှာခေါင်းသွေးထွက်၊ မျက်နှာဖူးယောင်နေတာ ဝက်ခေါင်းလိုပဲ။
ယွီဟွေးဖေးက ပါးစပ်ဖြဲပြီး "ခင်ဗျားတို့က တကယ်ပဲ..."
သရဲဖြူက သရဲနက်ကို လက်ညှိုးထိုးပြပြီး "သူဆွဲတာ" လို့ ပြောလိုက်တယ်။
သရဲနက်က စိတ်ပျက်လက်ပျက်မျက်နှာနဲ့ "တောင်းပန်ပါတယ်... နောက်တစ်ခါ သေချာပေါက် လက်စွမ်းပြပြီး အဖွဲ့အစည်းကို စိတ်ပျက်အောင်မလုပ်တော့ပါဘူး"
ယွီဟွေးဖေး "@#¥%……"