ရင့်ကျက်သော ယောင်္ကျား ယွီဟွေးဖေး
Vol. 6 Ch. 87
စကားလမ်းကြောင်းလွှဲပြီး ယွီဟွေးဖေးက "ဒီလောက်တောင် မနိုးသေးဘူး၊ ဓာတ်မီးက အလင်းအားမကောင်းလို့လား"
သရဲနက်က "ငါပြောရရင်... သူတို့ကို ဓားနဲ့တစ်ချက်လောက် ပေးလိုက်၊ သေချာပေါက်နိုးလာမှာ" လို့ ပြောရော။
နွားခေါင်းက ပြောဖူးတယ်။ သရဲနက်ဒီကောင်က မကောင်းမှုကို မုန်းတီးတဲ့ ငတုံးတစ်ယောက်ပဲ၊ လူဆိုးနဲ့တွေ့ရင် ဓားနဲ့တစ်ချက်တည်းနဲ့ သတ်ပစ်ပြီး ဝိညာဉ်ကို ငရဲတစ်ဆယ့်ရှစ်ထပ်ကို ပစ်ချချင်နေတဲ့ကောင်။ ဒါကြောင့် လူဆိုးနဲ့တွေ့တိုင်း ဒီကောင်က အတက်ကြွဆုံးပဲ။ ဒါပေမဲ့ သူအကြံပြုလိုက်တိုင်း ယွီဟွေးဖေးကို ချွေးပြန်စေသား။ တစ်ချိန်တည်းမှာပဲ စိတ်ထဲမှာ တိုးတိုးလေး သတိပေးနေမိတယ်။ လူဆိုးကို သရဲနက်တစ်ယောက်တည်း အရေးယူခိုင်းလို့ လုံးဝမဖြစ်ဘူး၊ မဟုတ်ရင် အဖမ်းခံရမှာကို စောင့်နေရုံပဲ။
ယွီဟွေးဖေးက ရေနည်းနည်းယူပြီး သရဲနက်ကို ပေးလိုက်တယ်။
"ခင်ဗျားလာ"
"ငါမသောက်ဘူး၊ ရေမဆာဘူး" သရဲနက်က ခေါင်းခါရင်း ငြင်းပါလေရော။
ယွီဟွေးဖေးက မျက်စောင်းထိုးပြီး "ဘယ်သူက ခင်ဗျားကိုသောက်ခိုင်းလို့လဲ။ သူတို့ကို မှုတ်ခိုင်းတာဟ"
သရဲနက်က အော်လို့ တစ်လုံးပြောပြီး ရေတစ်ငုံကြီးသောက်ပြီး ဖူးခနဲ နှစ်ယောက်လုံးရဲ့မျက်နှာကို ရေနဲ့မှုတ်လိုက်ချိန် ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့မှ သွားဖြဲပြီး အေးစက်စက်လေကို ရှူသွင်းရင်း နိုးလာကြပါကော။
နှစ်ယောက်ရဲ့မျက်နှာအမူအရာကိုကြည့်ပြီး ယွီဟွေးဖေးတောင် သူတို့အတွက် နာကျင်ပေးမိတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်လုပ်ခဲ့တဲ့ကိစ္စကို စဉ်းစားမိတော့ ယွီဟွေးဖေး ဒေါသထွက်ပြီး သူတို့ကို အုတ်ခဲနဲ့ နှစ်ချက်လောက် ထပ်ပေးချင်စိတ် ပေါက်သွားတယ်။
"နိုးပြီလား"
ချင်ရှုပေါင်က မျက်လုံးကို မှေးမှိန်မှိန်ဖွင့်ပြီး ယွီဟွေးဖေး၊ သရဲနက်၊ သရဲဖြူနဲ့ ချွေ့ကျွယ်တို့ကိုမြင်တော့ ချက်ချင်းတုန်လှုပ်သွားပြီး "ငါသေပြီလား" လို့ ချက်ချင်း မေးလိုက်ပြီးတော့ ဦးနှောက်က ကြည်လင်သွားပြီး အံ့ဩတဲ့လေသံနဲ့...
"သူဌေးယွီလား"
ယွီဟွေးဖေးက လက်ခါပြပြီး "နိုးပြီပေါ့လေ။ မှတ်မိတယ်ဆိုရင် အပိုစကားမပြောတော့ဘူး။ ခင်ဗျားပြော... ကျုပ် ခင်ဗျားကို ရဲစခန်းပို့ရမလား၊ ဒါမှမဟုတ် ရဲကားတစ်စီးခေါ်ပြီး ဆွဲခေါ်သွားရမလား"
ချင်ရှုပေါင်က ခါးခါးသီးသီးပြုံးရင်း "သူဌေးယွီ အထင်လွဲနေပါပြီ"
"အထင်လွဲတယ်တဲ့လား...၊ ကျုပ်က ခင်ဗျားတို့နှစ်ယောက် သူရဲကောင်းတွေရဲ့အုတ်ဂူကို တူးတာကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့တာလေ။ ခေါင်းတလားအဖုံးကိုတောင် ဖွင့်ပြီး လက်ထိုးထည့်ပြီး ပစ္စည်းနှိုက်သေးတယ်...။ ကျုပ်ဒီကိစ္စကို မပြောနိုင်တော့ဘူး၊ ပြောလေ ဒေါသထွက်လေပဲ။ သရဲနက် အုတ်ခဲရော။ သူ့ကို နှစ်ချက်လောက်ရိုက်ပြီး ဒေါသဖြေလိုက်ဦးမယ်" ယွီဟွေးဖေးက နောက်ဆုံးမှာ မထိန်းနိုင်တော့ဘဲ အုတ်ခဲရှာတော့တယ်။
သရဲနက်က ချက်ချင်းငိုချင်းချတုတ်ကို ပေးလိုက်တာပေါ့။ "ဒါသုံး... ရိုက်လို့ ရှယ်ကောင်းတာ"
ယွီဟွေးဖေးက လက်ထဲမှာတုတ်ကိုင်ပြီး ရိုက်တော့မလို့ပဲ။ ဒါပေမယ့် ချင်ရှုပေါင်မြင်တော့ အမြန်အော်ပြီး "သူဌေးယွီ... ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါ" လို့ ပြောလိုက်တယ်။
ယွီဟွေးဖေးက နောက်ဆုံးတော့ မရိုက်ဖြစ်ဘဲ ဒေါသတကြီးနဲ့ ချင်ရှုပေါင်ကိုကြည့်ပြီး "ခင်ဗျားကို သုံးခွန်းနဲ့ ရှင်းပြဖို့ အခွင့်အရေးပေးမယ်၊ မဟုတ်ရင် ကျုပ်ကို ခင်ဗျားတစ်ကိုယ်လုံး အဖုတွေထပ်ထွက်အောင် ရိုက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
ချင်ရှုပေါင်က အမြန်ခေါင်းညိတ်ပြတော့ ယွီဟွေးဖေးက ငိုချင်းချတုတ်ကို ချလိုက်တာပေါ့။
"ပြော"
"ကျွန်တော့်နာမည်က ချင်ရှုပေါင်၊ ကျွန်တော့်အဘိုးက ချင်ဝူရှုပါ၊ သူအရင်က ကိုရီးယားစစ်ပွဲမှာ ပါဝင်ခဲ့ပါတယ်၊ တိုက်ပွဲတစ်ခုမှာ သူဒဏ်ရာရပြီး နောက်တန်းဆုတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ သူ သူ့တပ်က ပြန်လာပြီလို့ကြားပေမယ့် သတင်းအစအနမရတော့ စိတ်မချဖြစ်ပြီး ဒီနှစ်တွေမှာ အမြဲတမ်းစုံစမ်းနေခဲ့တာပေါ့။ ဒါပေမဲ့ သူအသက်ကြီးလာတော့ မခံနိုင်တော့ဘူး။ အခု ICU ထဲမှာ လှဲနေရပါပြီ။ သူကျွန်တော်တို့ကိုပြောတယ်... တပ်ဖွဲ့ဝင်ဟောင်းတွေကို မတွေ့ရဘဲ သူမျက်စိမမှိတ်နိုင်ဘူးတဲ့။ ဒါကြောင့် ကျွန်တော်တို့လာခဲ့တာပါ၊ ကျွန်တော်တို့က သူ့ကို တပ်ဖွဲ့ဝင်ဟောင်းတွေကို ရှာပေးပြီး စိတ်အေးလက်အေး ထွက်ခွာသွားနိုင်အောင် ကူညီပေးချင်လို့ပါ"
ဒီလောက်ရှည်တဲ့စကားကို ချင်ရှုပေါင်က တစ်ဆက်တည်းနဲ့ ပြောလိုက်တာ၊ နောက်ဆုံးမှာ ကိုယ်တိုင်တောင် အသက်ရှူမဝတော့ဘဲ မေ့လဲတော့မလိုဖြစ်သွားရော။
"ဇာတ်လမ်းထွင်နေတာလား။ ဒီအချိန်ရောက်နေတာတောင် ငါ့ကို ဇာတ်လမ်းထွင်ပြနေတုန်းပဲလား" ယွီဟွေးဖေးက ဒီဇာတ်လမ်းကို အရင်က ကြားဖူးပြီးသား၊ အခု လုံးဝမယုံတော့ဘူး။
"ကျွန်တော်ပြောတာ တကယ်ပါ။ ကျွန်တော့်အဘိုး အခု ICU ထဲမှာ လှဲနေရပါတယ်။ ဆရာဝန်က သူမျက်စိမှိတ်သင့်တာ ကြာပြီလို့ပြောတယ်၊ ဒါပေမဲ့ အမြဲတမ်း အောင့်အီးပြီး ခံနိုင်ရည်ရှိနေတယ်။ အဲ့နောက်ဆုံးအသက်ကို မရှူထုတ်ချင်ဘူးလေ။ ကျွန်တော်သူ့ကို နောင်တတွေနဲ့ ထွက်ခွာသွားတာကို မကြည့်ရက်နိုင်ဘူး၊ ဒါကြောင့် ကျွန်တော်လာခဲ့တာပါ။ ကျွန်တော်ဒီမှာမြှုပ်ထားတာက သူအရင်ကနေခဲ့တဲ့တပ်ဟုတ်မဟုတ်ဆိုတာကို မသိဘူး။ ဒါပေမဲ့ ကျွန်တော်လောင်းကြေးထပ်ရမယ်၊ ခေါင်းတလားဖွင့်ရမယ်၊ တစ်ခုခုကို ရှာထုတ်ပြီး ပြန်ယူသွားပြီး သူ့ကိုပြရမယ်၊ ကျရှုံးသွားရင်တောင် ကျွန်တော်ကြိုးစားခဲ့ပြီးပြီ။ အောင်မြင်ရင်... ကျွန်တော်တာဝန်ကျေပြီ"
ချင်ရှုပေါင်က အော်ဟစ်နေရင်း မျက်လုံးတစ်စုံက နီရဲနေပြီး မျက်ရည်တွေက တသွင်သွင်စီးကျနေရော။ ယွီဟွေးဖေးက မြှောက်ထားတဲ့လက်ကို မသိစိတ်နဲ့ ချလိုက်တယ်။
သရဲနက်က "ငါ့ညီ... ဒီကောင်က သရုပ်ဆောင်နေတာဖြစ်မယ်" လို့ ကပ်ပြီး သတိပေးလေရဲ့။ ဒါပေမယ့် ယွီဟွေးဖေးက ချင်ရှုပေါင်ကိုကြည့်ပြီး ဘာမှမပြောဘူး။
ချင်ရှုပေါင်ကလည်း ယွီဟွေးဖေးကိုကြည့်နေတာပဲ။ နီရဲနေတဲ့မျက်လုံးတစ်စုံက မကြောက်မရွံ့၊ မတုန်လှုပ်ဘဲ အရမ်းရိုးသားစွာနဲ့ ယွီဟွေးဖေးကိုကြည့်နေတာ။
ယွီဟွေးဖေးက သက်ပြင်းချပြီး လက်ထဲက ငိုချင်းချတုတ်ကို ဖြည်းဖြည်းချင်းချလိုက်တယ်။ "သရဲနက်... သူ့ကို ကြိုးဖြေပေးလိုက်။ သရဲဖြူ... ရေနည်းနည်းယူလာပြီး သူ့ကို မျက်နှာသစ်ပေးလိုက်..."
သရဲနက်က အံ့ဩပြီး "ငါ့ညီ... မင်းက သူ့ကို လိမ်တာကို ယုံသွားပြီလား" ဆိုရင်း မေးတော့တာပေါ့။
ယွီဟွေးဖေးက ငိုချင်းချတုတ်ကို တစ်ဖက်ကို ပစ်လိုက်ပြီး "သူ့သရုပ်ဆောင်စွမ်းရည်က ကျုပ်ကို သူ့ရဲ့ဝမ်းနည်းမှုကို ခံစားမိစေနိုင်ရင် နောက်တစ်ခါ အလိမ်ခံရတာကို ကျေနပ်တယ်။ တစ်ခါအလိမ်ခံရတာ အသားတစ်စက်မှ မပဲသွားပါဘူး။ ဒါပေမဲ့ ဒီလောင်းကြေးကို မထပ်ရင် သူရဲကောင်းအိုကြီးတစ်ယောက် မျက်စိမမှိတ်နိုင်ဘဲ သေသွားနိုင်တယ်။ ဒါကြောင့် ကျုပ်သူ့ကို ယုံကြည်ဖို့ ရွေးချယ်လိုက်တာ"
ဒီစကားကြားတော့ သရဲနက်က သက်ပြင်းချပြီး အရမ်းမလိုမကျန်နဲ့ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းကို ကြိုးဖြေပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ ချင်ရှုကျွမ်းက သတိလစ်နေရာကနေ လုံးဝပြန်လည်နိုးထလာပြီး အရမ်းဖြူဖျော့နေတဲ့ မျက်နှာနဲ့ ယွီဟွေးဖေးကိုကြည့်၊ ချင်ရှုပေါင်ကိုကြည့်၊ အခန်းထဲက တခြားလူတွေကိုကြည့်နေလေရဲ့။
"သူဌေးယွီ... ကျွန်မတို့ကို ရှင်းပြခွင့်ပေးပါ"
ယွီဟွေးဖေးက လက်ခါပြပြီး "ရှင်းပြစရာမလိုတော့ဘူး၊ ဘာပြောပြော နားထောင်ချင်စိတ်မရှိတော့ဘူး။ ခင်ဗျားအစ်ကိုပြောတာကို ကျုပ်ယုံလိုက်ပြီ"
ချင်ရှုကျွမ်းက ပါးစပ်ဟလိုက်ပေမယ့် နောက်ဆုံးတော့ ခါးခါးသီးသီးနဲ့ ပါးစပ်ပိတ်လိုက်တယ်၊ ဘာမှမပြောတော့ဘူး။
မျက်လုံးတစ်စုံကတော့ ယွီဟွေးဖေးကို မကြာခဏကြည့်နေလေရဲ့။ အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက တိတ်တဆိတ် ထိုင်နေတာပေါ့။ အရင်က ပေါ့ပေါ့ပါးပါးနဲ့ လျှောက်သွားနေတဲ့ပုံစံပျောက်သွားပြီး ယောင်္ကျားတစ်ယောက်ရဲ့အလေးအနက်နဲ့ တည်ကြည်မှုတွေ ပေါင်းထည့်ထားတော့ မီးရောင်အောက်မှာ ယွီဟွေးဖေးရဲ့မျက်နှာက ရင့်ကျက်မှုနဲ့ ယောင်္ကျားရဲ့ကျက်သရေတွေ ပိုတိုးလာတယ်။
...
ခဏအကြာမှာ သရဲဖြူက ရေယူလာပြီး ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ မျက်နှာသစ်ကြတယ်။ လူတချို့က ထပ်ထိုင်ပြီးတဲ့အခါမှာ ချင်ရှုပေါင်က ကိစ္စကို ယွီဟွေးဖေးကို သေချာပြောပြပြန်ကော။
အကြောင်းအရာက သူခုနက အမြန်ပြောလိုက်တာနဲ့ အတူတူလောက်ပဲ...။ ယွီဟွေးဖေးကို ယုံကြည်စေဖို့အတွက် ချင်ရှုပေါင်က ဖုန်းကိုထုတ်ပြီး သူ့အဘိုးရဲ့သူနာပြုဆီကို ဗီဒီယိုခေါ်ပြီး သက်သေပြမလို့ပဲ။
ဒါပေမဲ့ ယွီဟွေးဖေးက ခေါင်းခါပြီး "မလိုတော့ပါဘူး၊ ကျုပ် ခင်ဗျားတို့ကို မယုံရင်မယုံဘူး၊ ယုံကြည်ပြီးရင် ထပ်ပြီးသက်သေပြစရာမလိုတော့ဘူး။ ခင်ဗျားတို့ ကျုပ်ကို ထပ်မလိမ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ လိမ်ခဲ့ရင်... ခင်ဗျားတို့သေပြီးနောက် နောင်တရလိမ့်မယ်"
ဒီစကားကြားတော့ ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ ကြောင်သွားကြတယ်။
ချင်ရှုကျွမ်းက နည်းနည်းရယ်ချင်စိတ်ပေါက်သွားတယ်။ သူက ယွီဟွေးဖေးက တကယ်ပဲ ကိုယ့်ကိုယ်ကို သရဲနတ်ဘုရားလို့ထင်နေတယ်လား။ သေပြီးနောက် နောင်တရမယ်တဲ့... အရင်က သူ့အစ်ကို တစ်ချက်ကန်လိုက်တာကို လုံးဝမေ့သွားပုံပဲ။
ဒါပေမဲ့ ချင်ရှုပေါင်ကတော့ မရယ်ဘဲ ထပြီး လေးလေးနက်နက်နဲ့ "ယွီသူဌေး၊ ခင်ဗျားစိတ်မပူပါနဲ့၊ ကျွန်တော်ချင်ရှုပေါင်က ဒီနာမည်ကို ယူရဲတယ်၊ သမိုင်းထဲက ချင်ရှုပေါင်ရဲ့အောင်မြင်မှုကို မမီနိုင်ပေမယ့် ပြောထွက်တဲ့စကားကတော့ အလေးချိန်ရှိပါတယ်" လို့ ပြောလိုက်တယ်။
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ခင်ဗျားတို့ ဘာပစ္စည်းတွေယူခဲ့လဲဆိုတာကို ကျုပ်ကိုပြပါ"
ချင်ရှုပေါင်က ခါးခါးသီးသီးပြုံးပြီး "ကျွန်တော့်ကိုယ်ပေါ်မှာမရှိဘူး၊ တိုက်ခိုက်နေတုန်းက ပျောက်သွားတယ်"
အဲ့ဒီအချိန်မှာ ရှောင်ထျန်းချန်က ကပ်လာပြီး ပါးစပ်အကျယ်ကြီးဟကာ၊ ပျစ်ခနဲ့ ခွေးလိုက်တဲ့အသံနဲ့အတူ ရွှေရောင်ပစ္စည်းတစ်ခုက စားပွဲပေါ်ကို ကျလာရော။
အားလုံးကြည့်လိုက်တော့ အဲ့ဒါက ရွှေရောင်တံဆိပ်တစ်ခု။