ဒိုင်ယာရီ
Vol. 6 Ch. 88
တံဆိပ်က အရမ်းဟောင်းနွမ်းနေပြီမို့ အပေါ်က အရာတွေကို သေချာမမြင်ရတော့ဘူး။ ပြီးတော့ ရွှေလည်းမဟုတ်ဘူး၊ ရွှေရောင်ဆေးနည်းနည်းပဲ ကျန်တော့တာ။
"ဒါက ဆုတံဆိပ်တစ်ခုလား" ယွီဟွေးဖေးက မေးလိုက်တယ်။
ချင်ရှုပေါင်က ခေါင်းခါပြီး "မဟုတ်ဘူး၊ ဒါက ကြယ်သီးတစ်လုံးပါ။ ကျွန်တော်တို့ဆီက လူတွေ၊ အိမ်ကထွက်သွားတဲ့အချိန်မှာ မိန်းမတွေက ယောင်္ကျားတွေအတွက် ဒီလိုကြယ်သီးတစ်လုံး လုပ်ပေးတတ်ကြတယ်။ အပေါ်မှာ ပုံမှန်ဆို သူ့ရဲ့ပုံစံတစ်ခုခုရှိတယ်... ဒါပေမဲ့ အချိန်ကြာလာတော့ ပွန်းစားသွားပြီ။ ဒီကြယ်သီးကိုမြင်တော့ အခြေခံအားဖြင့် ဒါက ကျွန်တော့်အဘိုးအရင်က ပျောက်ဆုံးသွားတဲ့တပ်ပဲလို့ အတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ အရင်က စစ်တိုက်တုန်းက အရမ်းဆင်းရဲတယ်၊ တစ်ခါတစ်လေ အဝတ်အစားမရှိရင် သေသွားတဲ့လူတွေရဲ့အဝတ်အစားကို ဝတ်ရတယ်။ ဒါကြောင့် ကြယ်သီးတစ်လုံးပဲမြင်ရုံနဲ့ ကျွန်တော်လည်း ၁၀၀ရာခိုင်နှုန်း သေချာတယ်လို့ မပြောနိုင်ဘူး"
ယွီဟွေးဖေးက ချင်ရှုပေါင်ရဲ့ဆိုလိုရင်းကို နားလည်ပြီး အဲ့ဒိုင်ယာရီစာအုပ်ကို ထုတ်ယူလိုက်တယ်။ ခုနက အလုပ်ရှုပ်နေတာနဲ့ သူလည်း ကြည့်ဖို့အချိန်မရလိုက်ဘူးလေ။ ဒိုင်ယာရီစာအုပ်ကို ဖွင့်လိုက်တော့ လူတချို့ရဲ့ခေါင်းတွေက ကပ်လာကြရော။
အပေါ်က စာလုံးတွေက အရမ်းလှတယ်၊ စစ်တိုက်တာပဲသိတဲ့ လူကြမ်းတစ်ယောက်နဲ့မတူဘဲ စာပေပညာရှင်တစ်ယောက်နဲ့ ပိုတူတယ်။ ဒိုင်ယာရီစာအုပ်ရဲ့ပိုင်ရှင်နာမည်က ကျန်းရွှမ်၊ ပထမစာမျက်နှာကို ဖွင့်လိုက်တော့မှ အားလုံးက ဒါက ဒိုင်ယာရီစာအုပ်ဖြစ်ပေမယ့် ရက်စွဲမရှိဘူးဆိုတာကို သိလိုက်ရတယ်။
စာမျက်နှာတိုင်းမှာ မှတ်တမ်းတင်ထားတဲ့အရာတွေက မများဘူး။ အရမ်းမြန်မြန်ရေးထားတဲ့ပုံနဲ့ မှတ်တမ်းတင်လိုက်တိုင်း အရမ်းလောနေသလိုပဲ။
ပထမစာမျက်နှာမှာ ရေးထားတာက...
"အားကြီးတဲ့ရန်သူကို ရင်ဆိုင်ရရင်တောင် နောက်မဆုတ်နိုင်ဘူး။ ငါက ငယ်သေးပေမယ့် ယောင်္ကျားတစ်ယောက်အနေနဲ့ သွေးမြေကျမှသာ ရှင်သန်လာတဲ့နှစ်ကို မဖြုန်းတီးရာရောက်မယ်။ မနက်ဖြန် ငါစေတနာ့ဝန်ထမ်းစစ်မှုထမ်းမယ်။ ငါ့တရုတ်ပြည်ရဲ့ တောင်တန်းမြစ်ချောင်းတွေကို ကာကွယ်မယ်။ အသက်ရှင်လျက်ပြန်လာပြီး ငါ့အမေကို ကျေးဇူးဆပ်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."
စာလုံးတွေထဲမှာ စိတ်အားထက်သန်မှုနဲ့ စိတ်လှုပ်ရှားမှုတွေနဲ့၊ အဲ့ဒီတုန်းက ကျန်းရွှမ်က အရမ်းစိတ်လှုပ်ရှားနေမှန်း သိသာသလို တစ်ချိန်တည်းမှာပဲ သူအဲ့ဒီတုန်းက အသက်သိပ်မကြီးသေးဘူးဆိုတာကိုလည်း မြင်နိုင်တယ်။
ဒုတိယစာမျက်နှာကို ဖွင့်လိုက်တော့...
"စစ်မှုထမ်းဖို့ စစ်ဆေးတာအောင်မြင်သွားပြီမို့ ငါအရမ်းစိတ်လှုပ်ရှားမိတယ်။ တပ်စုတစ်ခုထဲမှာ ရင်းနှီးတဲ့မျက်နှာတွေအများကြီး၊ ကိုနွားကြီး၊ ခွေးနှစ်ကောင်၊ ချင်ဝူရှု၊ ဝမ်အာမာဇီတို့အားလုံးရှိတယ်...။ ဟားဟားဟား... ဒီတစ်ခါ စစ်မြေပြင်မှာ အထီးမကျန်တော့ဘူး။ တစ်ခုပဲ စိတ်ညစ်စရာက သူတို့အားလုံး စာမရေးတတ်ဘူးလေ။ အဲ့တော့ နေ့တိုင်း ငါ့ကို သူတို့အတွက် အိမ်ပို့ဖို့စာရေးခိုင်းတယ်။ ငါက စစ်တိုက်ဖို့လာတာလေ။ အိမ်ပြန်စာရေးဖို့လာတာမဟုတ်ဘူး"
ဒီနေရာကိုမြင်တော့ ချင်ရှုပေါင်က စိတ်လှုပ်ရှားစွာနဲ့ "ဒါက ကျွန်တော့်အဘိုးအရင်က ပါဝင်ခဲ့တဲ့တပ်ပဲ" လို့ ပြောလိုက်တယ်။
ယွီဟွေးဖေးလည်း ခေါင်းညိတ်ပြမိသား။ အခုအချိန်မှာတော့ အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ၊ ချင်ရှုပေါင်မောင်နှမက လိမ်မပြောဘူး၊ သူတို့ပြောတာက တကယ်ပဲကိုး။ ဒါနဲ့ အားလုံးက စိတ်အေးလက်အေးနဲ့ ဆက်ကြည့်ကြတယ်။
တတိယစာမျက်နှာ...
"မြစ်ကမ်းနားမှာရပ်ရင်း တစ်ဖက်က ပို့ဆောင်တဲ့ပြည်သူတွေ၊ တစ်ဖက်က ငါတို့။ ဒါပေမဲ့ သူတို့က ဘာလို့ငါ့ကို ဒီလောက်အထင်သေးတာလဲ။ အဘိုးကြီးအဘွားကြီးတချို့က ငါ့ကိုဆွဲပြီး မသွားခိုင်းဘူး၊ ငါက အရမ်းငယ်သေးတယ်တဲ့။ ငါသာ ပါးနပ်ပြီး တပ်မှူးလာပြီလို့အော်ပြီး သူတို့အာရုံကိုဆွဲဆောင်ရင်း တိတ်တိတ်လေးမပြေးခဲ့ရင် တကယ်ပဲ သူတို့ငါ့ကို ထားခဲ့လောက်တယ်။ ဝမ်အဘွားကြီးက ငါ့ကိုမေးတယ်၊ ဒီလောက်ငယ်ငယ်နဲ့ စစ်မြေပြင်သွားရတာ ကြောက်လားတဲ့။ ငါရယ်ချင်လိုက်တာကွာ... မကြောက်ဘဲနေမလား။ ငါက နတ်ဘုရားမှမဟုတ်တာ။ ဒါပေမဲ့လည်း..."
စတုတ္ထစာမျက်နှာ...
"ဒီနေ့ စစ်တိုက်တယ်လေ... ငါအရမ်းကြောက်တာပဲ..."
ဒီစာလုံးအနည်းငယ်ပဲရှိပြီး စာလုံးတွေက ယိုင်နဲ့နေသလို အပေါ်မှာ မျက်ရည်စတွေပါရှိနေတာမို့ ကျန်းရွှမ်ရဲ့ပထမဆုံးတိုက်ပွဲက မချောမွေ့ဘူးဆိုတာ သိသာတယ်။ သူက ကြောက်နေပုံရပြီး တိတ်တိတ်လေး မျက်ရည်ကျနေပုံရတယ်...
ပဉ္စမစာမျက်နှာ...
"ကိုနွားကြီး သေပြီ... ငါသူ့အလောင်းကို ကောက်ချင်တယ်။ ဒါပေမဲ့ ဗုံးတွေက အရမ်းများတာမို့ တပ်စုမှူးက ငါ့ကိုမသွားခိုင်းဘူးလေ၊ အရမ်း စိတ်မကောင်းဘူး။ အိမ်ပြန်ချင်တယ်... ငါ့အမေကို သတိရတယ်... ဒါပေမဲ့... ငါပြန်လို့မရဘူး။ ငါ့သေနတ်ထဲမှာ ကျည်ဆံတွေရှိသေးတယ်၊ ငါလှုပ်ရှားနိုင်သေးတယ်..."
ဆဋ္ဌမစာမျက်နှာ...
"ချင်ဝူရှု ခြေထောက်တစ်ချောင်းပြတ်သွားတယ်၊ အခုထိ အော်ဟစ်နေတုန်းပဲ။ အာမာဇီက သူ့ကို သွေးတိတ်အောင်လုပ်ပေးနေပေမဲ့ သွေးကမတိတ်ဘူး"
သတ္တမစာမျက်နှာ။
"ချင်ဝူရှုကို နောက်တန်းဆေးရုံကို ပို့လိုက်ပြီ၊ သူအမြန်ဆုံးကောင်းသွားပါစေလို့ မျှော်လင့်ပါတယ်"
အဋ္ဌမစာမျက်နှာ...
"ငါတို့ဝိုင်းခံထားရတယ်၊ ငါတို့ထိုးဖောက်ထွက်နိုင်မလားဆိုတာကို ငါမသိဘူး။ ဒါမှမဟုတ်... နောက်ဆို ဒိုင်ယာရီရေးဖို့ အခွင့်အရေးမရှိတော့ဘူးထင်တယ်။ ဒီဒိုင်ယာရီစာအုပ်က အပြင်ကိုရောက်သွားပြီး၊၏ လူတိုင်းငါတို့ကိုသိအောင် တာလျိုကျွမ်းက ကျန်းရွှမ်၊ လီတာနျို၊ ဝမ်အာမာဇီ၊ လျိုအာကိုတို့ကို သိအောင်လုပ်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
ဒီနေရာကိုမြင်တော့ ယွီဟွေးဖေးတို့ရဲ့စိတ်ထဲမှာလည်း အရမ်းမကောင်းဘူး။
ဒိုင်ယာရီစာအုပ်က တကယ်တော့ တော်တော်လေးထူတာ။ ကျန်းရွှမ်က အဲ့ဒီတုန်းက ရှေ့တန်းမှာ စာရွက်မရှိမှာစိုးလို့ တမင်တကာ ထူထူတစ်အုပ်ဝယ်ထားမှန်း သိသာတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဋ္ဌမစာမျက်နှာအထိ မှတ်တမ်းတင်ပြီးတော့ အကြောင်းအရာမရှိတော့ဘူး...။
ဒါက သူတို့ရှေ့တန်းကို ရောက်ခါစမှာပဲ ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒီတိုက်ပွဲမှာ သူတို့ပြန်လာနိုင်မှာမဟုတ်တော့ဘူးဆိုတာ ညွှန်ပြနေတာပဲ။
နောက်ကိုလှန်ကြည့်တော့ နဝမစာမျက်နှာမှာ စာမရှိဘူး။ ဒသမစာမျက်နှာလည်း စာမရှိဘူး။
"ဒီကလေးက ဒီလိုနဲ့ သေသွားတာမဟုတ်လား။ ခေါင်းတလားထဲက အဲ့သူရဲကောင်းက တခြားလူရဲ့ဒိုင်ယာရီကို ကောက်ယူပြီး ပြန်ယူလာတာလား" သရဲဖြူက တိုးတိုးလေးရေရွတ်နေမိသား။
ယွီဟွေးဖေးက ဘာမှမပြောဘူး။ သူဒီလောက်နှစ်တွေအများကြီး ကျောင်းတက်ခဲ့တဲ့အတွေ့အကြုံအရ တစ်ခါမှမလှန်ဖူးတဲ့စာအုပ်နဲ့ စာအုပ်က ဘေးကနေကြည့်ရင် မလှန်ဖူးတဲ့နေရာက အရမ်းဖြူစင်နေမှာပဲ။ ဒါပေမဲ့ ဒီစာအုပ်က မတူဘူး။ အားလုံးက မည်းနေတယ်။ ကြည့်ရသလောက် လူတွေမကြာခဏလှန်လှောခဲ့လို့ဖြစ်မယ်။
တကယ်ပဲ ကြိုးစားမှုက အချည်းနှီးမဖြစ်ဘူး။ ယွီဟွေးဖေးက စာမျက်နှာနှစ်ဆယ်ကျော်လောက်မှာ စာတစ်ကြောင်းတွေ့လိုက်တယ်။ စာက ကျန်းရွှမ်ရဲ့စာပဲ။ ဒါပေမဲ့ နည်းနည်းလိမ်ကောက်နေတယ်။ စာလုံးတစ်လုံးနဲ့တစ်လုံးကြားက အကွာအဝေးကလည်း မတူတော့ဘူး။ မကြာခဏ စာကြောင်းကျော်နေတာကို မြင်နေရတယ်လေ။
ဒါပေမဲ့ သူဘာရေးနေလဲဆိုတာကိုတော့ မြင်နိုင်သေးတယ်...
"ငါအမြဲတမ်းမရေးချင်ဘူး၊ မပြန်တွေးချင်ဘူး။ ဒါပေမဲ့ ငါနောက်ဆုံးတော့ ရေးကိုရေးရမယ်။ ဘာလို့လဲဆိုတော့ ဒါက သူတို့ပုံရိပ်ကို မှတ်တမ်းတင်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းမို့လို့ပဲ"
"အဲ့ဒီနေ့ တိုက်ပွဲက အရမ်းကြမ်းတမ်းတယ်။ ကောင်းကင်မှာ လေယာဉ်တွေဗုံးကြဲ၊ အဝေးမှာ အမြောက်တွေပစ်ခတ်၊ အနီးမှာ တင့်ကားတွေက လမ်းဖွင့်၊ တိုက်ခိုက်ရေးကျင်းတွေကို ဖြတ်ကျော်ပြီး ငါတို့ဆီကို တန်းလာနေတာကို မြင်နိုင်တယ်။ ငါလျိုအာကိုက ဗုံးထုပ်ကိုပိုက်ပြီး ပြေးတက်သွားတာကို တွေ့လိုက်တယ်၊ ရလဒ်ကတော့ ဆယ်မီတာလောက်ပြေးပြီးတော့ စက်သေနတ်နဲ့ ခြေနှစ်ချောင်းလုံး အပစ်ခံလိုက်ရပြီးတော့ ဗုံးနဲ့အတူ ပျောက်ကွယ်သွားတယ်။ ငါတပ်ဖွဲ့ဝင်တစ်ယောက်က စက်သေနတ်ကိုပိုက်ပြီး ပြေးတက်သွားတာကို တွေ့လိုက်ဒါပေမဲ့ မကြာခင်မှာ လဲကျသွားတယ်"
"ငါကတော့... တစ်ယောက်ယောက်က ငါ့ကိုအော်တယ်၊ မှောက်ချလိုက်တဲ့။ ဒါပေမဲ့ နောက်တစ်ခဏမှာ ငါပျံတက်သွားကော။ ဘာမှမကြားရဘူး၊ မမြင်ရဘူး၊ အမှောင်ထုတစ်ခုပဲ ခံစားရသလို မျက်လုံးတွေကလည်း အရမ်းနာတယ်။ သွေးထွက်နေတာလား၊ မျက်ရည်ကျနေတာလား၊ ဒါမှမဟုတ် ချွေးတွေလားမသိဘူး။ ဘယ်လောက်ကြာသွားလဲမသိဘူး"
"ငါထလာတဲ့အချိန်မှာ တင့်ကားသံတွေကြားတယ်"
"ရန်သူရဲ့သားရေဖိနပ်ကြီးတွေ မြေကြီးပေါ်မှာ နင်းလျှောက်နေတဲ့အသံတွေလည်း ကြားတယ်"
"သူတို့လာနေပြီဆိုတာ ငါသိတယ်။ တပ်ရင်းမှူးက ငါ့ကိုပြောဖူးတယ်။ ရန်သူက မျက်စိရှေ့ရောက်လာရင် တုံ့ဆိုင်းမနေနဲ့၊ အမိန့်မစောင့်နဲ့၊ တိုက်ခိုက်ရေးခရာကို တန်းမှုတ်တဲ့။ လူသေနိုင်ပေမယ့် တပ်စခန်းကျလို့ဖြစ်ဘူး။ အဲ့တော့ ငါတိုက်ခိုက်ရေးခရာကို ကောက်ယူပြီး ထရပ်လိုက်ပြီး မှုတ်လိုက်တယ်"
"ငါမှုတ်တာ အရမ်းကျယ်တယ်... ဒါပေမဲ့... ဘာလို့လဲ"
"ဘာလို့ငါရင်းနှီးတဲ့တိုက်ခိုက်ရေးအော်သံတွေ မကြားရတာလဲ။ ရင်းနှီးတဲ့တိုက်ခိုက်ရေးအသံတွေ မကြားရတာလဲ။ ငါကျောက်တာ့ပေါင်ရဲ့အသံက အရမ်းကျယ်တာကို မှတ်မိတယ်။ အရင်က ခရာမှုတ်လိုက်တိုင်း သူ့ရဲ့တိုက်ခိုက်ရေးအော်သံတွေက ငါ့နားကိုတောင် နာကျင်စေတယ်။ ဒါပေမဲ့... သူဘာလို့မအော်တော့တာလဲ"
"ပြီးတော့ စွန်းဖူရှန်း၊ ဒီတောင်ပိုင်းသားလေးက လည်ပင်းမှာ ခေါင်းလောင်းလေးတစ်လုံးချိတ်ထားတာကို အကြိုက်ဆုံးမဟုတ်လား။ တိုက်ခိုက်လိုက်တိုင်း၊ သူက ခေါင်းလောင်းကို သေချာချိတ်ပြီး၊ ပြေးထွက်လာတဲ့အခါ၊ တီတီတာတာနဲ့... ဒီနေ့ ဘာလို့မမြည်တော့တာလဲ"
"တပ်စုမှူးကကော...၊ ဒီကောင်က အမြဲတမ်းငါ့ကို ကာကွယ်ပေးတယ်၊ အားပေးတယ်။ ဘာလို့လဲဆိုတော့ သူသိတယ်၊ ငါ့သတ္တိက တော်တော်နည်းတာလေ။ မြင့်တဲ့နေရာမှာရပ်ပြီး ခရာမှုတ်ရင် မကြာခဏ အားမရှိဘူး...။ ဒါကြောင့် သူက အမြဲတမ်းငါ့ရှေ့မှာရပ်ပြီး၊ ငါ့ကို ကျည်ကာကွယ်ပေးရင်း စိတ်အေးလက်အေးမှုတ်ခိုင်းတယ်"