သုံးရက်
Vol. 6 Ch. 90
"အဘိုးက ထွက်သွားတုန်းက အရမ်းစိတ်ကျေနပ်ခဲ့ပါတယ်..."
ဒီစကားပြောရင်း ချင်ရှုကျွမ်းက ဖုန်းကိုထုတ်ပြီး "ဒါက အဘိုးက ခင်ဗျားကိုပြခိုင်းတာပါ"
ယွီဟွေးဖေးက ကပ်သွားကြည့်တော့ ချင်ရှုကျွမ်းရဲ့ဖုန်းပေါ်မှာ အဖြူအမည်းဓာတ်ပုံဟောင်းတစ်ပုံရှိတယ်။ အပေါ်မှာ လူငယ်ငါးယောက်ထိုင်နေပြီး တစ်ယောက်ချင်းစီက အရမ်းစိတ်ဓာတ်တက်ကြွနေတဲ့ပုံပဲ။ ပခုံးဖက်ပြီး ပါးစပ်အကျယ်ကြီးဖြဲပြီး အရမ်းပျော်ရွှင်စွာရယ်နေကြတယ်။
ယွီဟွေးဖေးက "ကျန်းရွှမ်တို့လား"
ချင်ရှုကျွမ်းက ခေါင်းညိတ်ပြီး "ဘယ်ဘက်အစွန်ဆုံးက မျက်မှန်တပ်ထားတာက ကျန်းရွှမ်ပါ၊ အရပ်အရှည်ဆုံးက နွားကြီး၊ ဒီမှာထိုင်နေတာက ကျွန်မအဘိုးချင်ဝူရှု၊ ဒါက ခွေးနှစ်ကောင်။ သူက အဲ့ဒီတုန်းက စစ်မှုထမ်းရင် ဆံပင်ညှပ်ရမယ်ထင်ပြီး ဒုက္ခများမှာစိုးလို့ မရွေးမှာစိုးလို့ တန်းပြီး ခေါင်းတုံးတုံးလိုက်တာ။ ရလဒ်ကတော့ ခေါင်းတုံးကြောင့် မရွေးခံရတော့မလိုဖြစ်သွားရော"
"ဒီမျက်နှာပြားကြီးက အာမာဇီ၊ သူ့မျက်နှာပေါ်က ဝက်ခြံတွေက များတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ကင်မရာက မရိုက်နိုင်ဘူး။ သူက ဒါက သူ့ဘဝမှာ အချောဆုံးဓာတ်ပုံတစ်ပုံလို့ပြောတယ်..."
ဒီနေရာမှာပြောရင်း အားလုံးက တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြကော ။ချင်ရှုကျွမ်းက ယွီဟွေးဖေးကို ဗီဒီယိုတစ်ခုဖွင့်ပြတယ်။ အဲ့ဒါက အဘိုးကြီးတစ်ယောက် ကုတင်ပေါ်မှာ လှဲနေတဲ့ဗီဒီယို။ သူတစ်ကိုယ်လုံး အရိုးခြောက်လိုဖြစ်နေပေမယ့် မျက်လုံးတစ်စုံကတော့ တောက်ပပြီး စူးရှနေတုန်းပဲ။
အဘိုးကြီးက ကင်မရာကို ကြည့်ရင်း "ယွီညီလေး၊ ကျုပ်ရဲ့ရဲဘော်ဟောင်းတွေကို ကောင်းကောင်းစောင့်ရှောက်ပေးပါဦး။ ကျုပ်ဒီနေရာကနေ ကျေးဇူးတင်ပါတယ်..."
အဘိုးကြီးက ကွယ်လွန်သွားပြီဆိုတာကို သိပေမယ့် ယွီဟွေးဖေးက နှာခေါင်းတစ်ချက်ရှုံ့ပြီး "အဘိုးကြီး... ခင်ဗျားစိတ်မပူပါနဲ့။ ဒီမှာကျွန်တော်ရှိပါတယ်။ သင်္ချိုင်းထဲမှာ ကြွက်တစ်ကောင်တောင်မရှိစေရဘူးလို့ ရဲရဲကြီးအာမခံတယ်" လို့ ပြန်ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာ ကြွက်တစ်ကောင်က ယွီဟွေးဖေးရဲ့ခြေထောက်အောက်ကနေ ပြေးထွက်သွားကော။
ယွီဟွေးဖေးက အဲ့ကြွက်ကိုကြည့်ပြီး ချောင်းတစ်ချက်ဟန့်ကာ "ဒါက လမ်းမှားလာတာ... မပါဘူး။ သရဲနက်၊ ဘာကြည့်နေတာလဲ ရိုက်ကြစမ်း။ ဒီလောက်မျက်နှာပျက်စရာကောင်းအောင် လုပ်တဲ့ကောင်ကို" လို့ ပြောလိုက်ပါလေရော။
သရဲနက်က "အော်" လို့တစ်လုံးပြောပြီး တုတ်ကိုင်ပြီး တရောသောပါးနဲ့ ကြွက်နောက်ကို ပြေးလိုက်သွားလေရဲ့။ ချင်ရှုကျွမ်းနဲ့ ချင်ရှုပေါင်တို့ ပါးစပ်အဟောင်းသားနဲ့ပေါ့။
ဒီတစ်ခါ ချင်ရှုကျွမ်းနဲ့ ချင်ရှုပေါင်တို့လာတာက အဓိကအားဖြင့် အဘိုးကြီးရဲ့မှာကြားချက်နဲ့ ကျေးဇူးတင်စကားကို ပို့ဆောင်ပေးဖို့ပဲ။
ယွီဟွေးဖေးက ရုတ်တရက် "ဓာတ်ပုံ... ချန်ထားခဲ့လို့ရမလား။ အဓိကက ကျန်းရွှမ်ရဲ့ပုံပဲ။ သူ့အုတ်ဂူမှာ ပျောက်ဆုံးနေတဲ့အကြောင်းအရာတွေကို ဖြည့်စွက်ချင်လို့"
ချင်ရှုကျွမ်းက ရယ်ပြီး "စိတ်မပူပါနဲ့၊ ကျွန်မတို့အားလုံး ပြင်ဆင်ပြီးပါပြီ။ အုတ်ဂူအသစ်က မကြာခင်ရောက်လာတော့မှာပါ... ပြီးတော့၊ ကျွန်မတို့က ရှင်နဲ့ ကိစ္စတချို့တိုင်ပင်ချင်ပါသေးတယ်"
ယွီဟွေးဖေးက အံ့ဩပြီး ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းကိုကြည့်ရင်း "ဘာကိစ္စလဲ" လို့ မေးလိုက်တယ်။
"ဖြစ်နိုင်ရင်... ကျွန်မတို့အဲ့အုတ်ဂူတွေကို တစ်ခုချင်းစီဖွင့်ချင်တယ်။ အသုံးဝင်တဲ့သဲလွန်စရှာတွေ့ပြီး ဘဝကိုအတည်ပြုနိုင်ရင်အကောင်းဆုံးပေါ့။ သဲလွန်စမတွေ့ရင်တော့ DNA တစ်စိတ်တစ်ပိုင်းယူပြီး စစ်ဆေးမလို့..." ချင်ရှုကျွမ်းက သူ့ရည်ရွယ်ချက်ကို ပြောပြတာပေါ့။
ယွီဟွေးဖေးကြားလိုက်တာနဲ့ တန်းပြီးလက်ခါပြတော့တာပဲ။
"မဖြစ်ဘူး"
"ဘာလို့လဲ... ကျွန်မတို့ဒီသူရဲကောင်းတွေရဲ့ရုပ်အလောင်းတွေကို တစ်ခုချင်းစီ DNA စစ်ဆေးရင်၊ သူတို့ရဲ့ပျောက်ဆုံးနေတဲ့ဆွေမျိုးတွေကို ရှာတွေ့နိုင်ခြေရှိတယ်။ နောက်ဆို သူတို့ကို ကန်တော့မယ့်လူရှိလာမယ်၊ သူတို့အောက်မှာလည်း သိပ်အထီးကျန်မှာမဟုတ်တော့ဘူး" ချင်ရှုကျွမ်းက ပြောလိုက်တယ်။
ချင်ရှုကျွမ်းရဲ့စကားက ယွီဟွေးဖေးကို နည်းနည်းစိတ်လှုပ်ရှားစေတယ်။ အဘိုးကြီးသာဆိုရင် စိုးရိမ်စရာတွေအများကြီးရှိမှာပဲ။ ဘာပဲဖြစ်ဖြစ် သေဆုံးသူရဲ့ငြိမ်းချမ်းမှုကို နှောင့်ယှက်တာက မကောင်းဘူးလေ။
ဒါပေမဲ့ ယွီဟွေးဖေးက နောက်ဆုံးတော့ လူငယ်ပဲ၊ အခုခေတ်နည်းပညာရဲ့စွမ်းအားကို ကောင်းကောင်းသိတယ်။ သူတို့မိသားစုဝင်မျိုးဆက်တွေကို တကယ်ပဲ ရှာတွေ့နိုင်တယ်။ အဲ့လိုဆိုရင် သူတို့ကို အိမ်ပြန်ပို့ပေးသလိုဖြစ်သွားမှာပဲ၊ သူတို့ရဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးသလိုဖြစ်သွားမှာပဲ။
ဒါက ကောင်းတဲ့ကိစ္စ...
ယွီဟွေးဖေးက "ဒါကို ကျုပ်သဘောတူတယ်။ ဒါပေမဲ့ ကျုပ်တစ်ယောက်တည်းသဘောတူရုံနဲ့ မပြီးဘူးမလား။ ခင်ဗျားတို့က သူဌေးလီနဲ့ အစိုးရကို အသိပေးရမှာပေါ့"
ချင်ရှုကျွမ်းနဲ့ ချင်ရှုပေါင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ယွီဟွေးဖေးကိုပြုံးကာ "ဒါကို စိတ်မပူပါနဲ့၊ မလာခင် ကျွန်မတို့အားလုံး ဖြေရှင်းပြီးပါပြီ။ သူတို့အားလုံးသဘောတူတယ်လေ။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ကိစ္စပဲ" လို့ ပြောလိုက်တယ်။
ယွီဟွေးဖေးက ခါးခါးသီးသီးပြုံးပြီး "ကျုပ်က နောက်ဆုံးမှသိရတာပေါ့လေ"
"ဒါဆို ကျုပ်ကဘာပြောနိုင်ဦးမှာလဲ... လုပ်ကြတာပေါ့"
"ဒီလိုဆိုရင်... ကျွန်တော်တို့ နောက်ထပ် အချိန်အတိုင်းအတာတစ်ခုအထိ သူဌေးယွီကို နှောင့်ယှက်ရတော့မှာပဲ"
ယွီဟွေးဖေးက ချက်ချင်း "နှောင့်ယှက်တာက ဘာမှမဖြစ်ဘူး၊ အိမ်ကို အခမဲ့ပေးတည်းမယ်။ ဒါပေမဲ့... ခင်ဗျားတို့က သုံးရက်အတွင်းမှာ အားလုံးပြီးအောင်လုပ်ပြီး ထွက်သွားရမယ်" လို့ ပြောလိုက်ရော။
သူ့စကားကြောင့် ချင်ရှုပေါင်နဲ့ ချင်ရှုကျွမ်းတို့ ချက်ချင်းကြောင်သွားကြတယ်...။
"သူဌေးယွီ... အခန်းခကို ကင်းလွတ်ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ဒီကိစ္စက သုံးရက်အတွင်းမှာ ဖြေရှင်းလို့မရလောက်ဘူး။ အုတ်ဂူတစ်ရာကျော်ကို တစ်ခုချင်းစီဖွင့်ရမယ်၊ ပြန်ထည့်ရမယ်၊ ဒါက အလုပ်သေးသေးလေးမဟုတ်ဘူး။ ကျွန်မတို့က မူလက တစ်လအချိန်ယူပြီး ဒီကိစ္စကို ပြီးအောင်လုပ်မလို့ပြင်ဆင်ထားတာ" ဆိုပြီး ချင်ရှုကျွမ်းက ပြောတော့တာပေါ့။
ယွီဟွေးဖေးလည်း သိတယ်။ သူက နည်းနည်းအတင်းအကျပ်လုပ်နေသလိုဖြစ်ပြီ။ ဒါပေမဲ့ သူလည်းမတတ်နိုင်ဘူးလေ၊ စည်းကမ်းမှာရေးထားတယ်။ အပြင်လူက ဆိုင်ထဲမှာ အများဆုံး သုံးရက်ပဲ ကြာရှည်စွာတည်းခိုခွင့်ရှိတယ်။
ယွီဟွေးဖေးက "သိပါတယ်။ ဒါပေမဲ့ နှစ်ယောက်သား ကျုပ်ကိုလည်း နားလည်ပေးပါဦး။ ဒါက အဘိုးမှာကြားခဲ့တဲ့စည်းကမ်းပါ။ ခင်ဗျားတို့က ခင်ဗျားတို့အဘိုးရဲ့ဆန္ဒကို ဖြည့်ဆည်းပြီးပြီလေ။ ကျုပ်ကိုလည်း ကူညီပေးရမှာပေါ့"
ချင်ရှုကျွမ်းက မနေနိုင်တော့ဘူး "အုတ်ဂူပေါင်း ၁၇၃ခု။ ရှင်က ကျွန်မတို့ကို သုံးရက်အတွင်းမှာ အုတ်ဂူတူး၊ ခေါင်းတလားဖွင့်၊ DNA ယူပြီး ပြန်ဖို့တဲ့အလုပ်အားလုံးကို ပြီးအောင်လုပ်ခိုင်းတယ်၊ ရှင်က ကျွန်မတို့ကို နတ်လို့ထင်နေတာလား။ နတ်တောင်မှ လုပ်နိုင်မှာမဟုတ်ဘူး" လို့ ပြောတော့တာပေါ့။
ယွီဟွေးဖေးက ရယ်ပြီး "အဲ့ဒါ... မသေချာဘူး" လို့ ပြောပြီးတော့ အမြန်စကားလမ်းကြောင်းလွှဲပြီး "တကယ်တော့ ခင်ဗျားနှစ်ယောက်လည်း အဲ့လောက်အလောတကြီးလုပ်စရာမလိုပါဘူး၊ သုံးရက်ဆိုတာက ခင်ဗျားတို့ ကျုပ်ဆီမှာ အကြာကြီးတည်းခိုလို့ မရနိုင်ဘူးပြောတာ။ ခင်ဗျားတို့ အပြင်မှာ တည်းခိုလို့မရနိုင်ဘူးလို့ မပြောဘူး။ နေ့ဘက်လာပြီး အလုပ်လုပ်လေ... ကျုပ်ဆီမှာ တည်းမခိုရင် ခင်ဗျားတို့ ကြိုက်သလောက်ကြာကြာ မွှေနှောက်လို့ရတယ်။ ဒါပေမဲ့ သုံးရက်ကလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်... ကျုပ်တို့လည်း ကူညီပေးမှာပဲ"
ချင်ရှုပေါင်ကတော့ ယွီဟွေးဖေးရဲ့အကြံပြုချက်က ဖြစ်နိုင်တယ်လို့ထင်တယ်၊ သူတို့က တကယ်ပဲ ယွီဟွေးဖေးဆီမှာ တည်းခိုစရာမလိုဘူး။ ရှို့လင်က ဒီလောက်လေးပဲကြီးတာ၊ ခြေလှမ်းအနည်းငယ်ပိုလျှောက်ရုံနဲ့ မသေနိုင်ဘူး...။
ချင်ရှုကျွမ်းကတော့ မျက်လုံးလန်ပြီး နည်းနည်းရွံရှာတဲ့လေသံနဲ့ "သူဌေးယွီတို့က စုစုပေါင်း လေးယောက်ပဲရှိတာ။ လေးယောက်က ဘယ်လောက်ကြီးတဲ့အကူအညီပေးနိုင်မှာလဲ။ တကယ်ပြောရရင် တစ်နေ့ကို ခေါင်းတလားနှစ်သုံးလုံးလောက် ပြီးအောင်လုပ်နိုင်ရင်ဘဲ တော်တော်ကောင်းနေပြီ။ ခေါင်းတလား ၁၇၃လုံးက နောက်စရာမဟုတ်ဘူး"
နောက်ဖေးခြံက ရှောင်ထျန်းချန်က မကျေမနပ်ဖြစ်ပြီး တိုးတိုးလေးပြောပါလေရော။ "ဒီမိန်းမက ခွေးအရှင်သခင်ကို လူရာမသွင်းဘူးပဲ"
နွားခေါင်းက ဟက်ဟက်ပက်ပက်ရယ်ပြီး "မင်းက လူလား"
ရှောင်ထျန်းချန် "ထွီး..."
ယွီဟွေးဖေးက ပြုံးပြီး ဘာမှမပြောတော့ဘူး။ သူသိတယ်လေ... အခုဘာပြောပြော နှစ်ယောက်လုံးက ယုံမှာမဟုတ်ဘူး။
ဒါပေမဲ့ နွားခေါင်းအဲ့ကောင်ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ဆိုရင် တစ်ယောက်တည်းက တူးစက်တစ်စီးလိုသုံးလို့ရတယ်ဆိုတာ ယွီဟွေးဖေး ကောင်းကောင်းသိတယ်။
ပြီးတော့ မြင်းမျက်နှာနဲ့ ရှောင်ထျန်းချန်ဆိုတဲ့ တူးစက်ငယ်လေးနှစ်စီးလည်း ရှိသေး။ မြန်မြန်လုပ်ရင် ဒီနေ့ည သူတို့တူးဖော်ရေးအလုပ်ကို ပြီးအောင်လုပ်နိုင်တယ်။ နောက်တစ်နေ့ DNA ယူ၊ တတိယနေ့ ပြန်ဖို့တာ လုံးဝလုံလောက်တယ်။
"ဒီလိုလုပ်... ကျွန်တော်တို့မောင်နှမက ခင်ဗျားဆီမှာ သုံးရက်တည်းမယ်။ သုံးရက်အတွင်းမှာ ပြီးအောင်လုပ်နိုင်ရင်အကောင်းဆုံးပဲပေါ့။ မပြီးရင်... ထပ်ပြီး အပြင်ပြောင်းမယ်..." ချင်ရှုပေါင်က စကားပြောနေတုန်း ခြံထဲမှာ ဟိုဟိုဒီဒီကြည့်နေတယ်။ ရှောင်ထျန်းချန်ကို ရှာနေမှန်း သိသာသား။
စကားပြောနေတုန်း ချင်ရှုပေါင်က ပိုက်ဆံပေးပေမယ့် ယွီဟွေးဖေးက အမြန်ငြင်းလိုက်တယ်။
နောက်တာလား... သူရဲကောင်းတွေကို ဆွေမျိုးရှာပေးတဲ့သူဆီက ပိုက်ဆံယူရဦးမှာလား။ ဒီကိစ္စကိုသာလုပ်ရင် သူအောက်ကိုဆင်းသွားတဲ့အခါ သူ့အဘိုးနဲ့အဘွားက သူ့ကို လည်ပင်းညှစ်သတ်လောက်တယ်။ ပြီးတော့... ယွီဟွေးဖေးက သူတို့ကို ဒီမှာတည်းခိုခိုင်းဖို့ လုံးဝအစီအစဉ်မရှိဘူး။
"ဒီနေ့ နှစ်ယောက်သား အပြင်မှာပဲ အရင်တည်းလိုက်ပါဦး။ ခင်ဗျားတို့လည်း စည်းကမ်းကိုသိတယ်၊ ခင်ဗျားတို့ လူအင်အားစုံမှ တစ်ခါတည်းလာ။ အဲ့တော့မှ သုံးရက်ကို အစကနေပြန်မှတ်၊ အချိန်က ပိုပြီးကျယ်ဝန်းတယ်"