ခွေးဝတုတ်
Vol. 6 Ch. 79
အားလုံးလည်း အံ့ဩနေကြတယ်၊ ခုနကမှ မီးမွှေးတာ ခဏလေးပဲ ရှိသေးတယ်၊ ရေက ပွက်လာပြီလား။
ဒါပေမဲ့ သေချာကြည့်လိုက်တော့ အားလုံးရဲ့ မျက်နှာတွေ မည်းသည်းသွားတယ်။ ဒီသေနာကျခွေးက အိုးထဲမှာ ဆီးပေါက်နေတာဟ။
ရေနွေးနဲ့အတူ ဆူလိုက်တော့ ဆီးငွေ့တွေက တက်လာပြီး အနံ့က အရမ်းစူးတယ်။ ဒါကြောင့် အားလုံး နှာခေါင်းပိတ်ပြီး ခုန်ထွက်သွားကြတာပေါ့။ ခုန်တာ ဆယ်မီတာလောက်ရှိသား။
ရှောင်ထျန်းချန်က ဂုဏ်ယူစွာနဲ့ “မင်းတို့က ငါ့လိုခွေးအရှင်သခင်ကို စားချင်တယ်လား။ ဒါဆို ငါ့သေးပဲ အရင်စားလိုက်”
“ရေလဲကြ... သူဒီလောက်အများကြီး ဆီးပေါက်နိုင်မယ်လို့ ငါမယုံဘူး” နွားခေါင်းက ပြောပြီး ပထမဆုံး လက်ဦးမှုယူကာ အိုးကြီးကို ထမ်းပြီး ရေတွေကို သွန်ပစ်လိုက်တယ်။
ရေအသစ်ပြန်ထည့်၊ ရှောင်ထျန်းချန်ကို ထပ်ပစ်ထည့်၊ ဆက်ပြီး အပူပေး၊ မီးမွှေး။ ရလဒ်ကတော့ မီးပွက်ခါနီးမှာ ဒီသေမယ့်ခွေးက အားစိုက်လိုက်တော့...
“ခွေးမသားက အိုးထဲမှာ ချီးပါချလိုက်ပဟ” သရဲဖြူက ရှောင်ထျန်းချန်ကို အမြဲစောင့်ကြည့်နေတာလေ။ ဒီမြင်ကွင်းကို မြင်တော့ ဆဲဆိုတော့တာပဲ။
ဒီတစ်ခါတော့ သူတို့တင်မကဘူး၊ ယွီဟွေးဖေးလည်း ဆဲတာပဲ၊ နောက်ဖေးခြံကနေ တန်းပြေးထွက်လာပြီး အဲ့ခွေးခေါင်းကို လက်ဝါးနဲ့ တစ်ချက်ရိုက်ပြီး “ခွေးသတောင်းစား... မင်းတို့ ရန်ဖြစ်တာဖြစ်၊ ငါ့အိုးကို လာမဖျက်ဆီးနဲ့ဟ... အရမ်းဈေးကြီးတယ်” လို့ပြောပါလေရော။
ရှောင်ထျန်းချန်က မျက်လုံးလန်ပြီး “ငါတောင် အကျက်ခံရတော့မှာ၊ ဈေးကြီးတာ မကြီးတာ ငါဂရုစိုက်နေဦးမှာလား” လို့ ပြောလိုက်တယ်။
ယွီဟွေးဖေးက လက်ခါပြပြီး “ဆွဲထုတ်၊ နောက်ဖေးခြံမှာ သွားရိုက်၊ ငါ့အိုးကို လာမဖျက်ဆီးနဲ့”
ရှောင်ထျန်းချန်က နားလည်ချင်မှ နားလည်မယ်၊ ဒါပေမဲ့ နွားခေါင်းတို့ကတော့ ကောင်းကောင်းသိတယ်၊ ကိုးထပ်မှာ ပစ္စည်းသိပ်မရှိဘူး၊ ယွီဟွေးဖေးရဲ့ ပိုက်ဆံက ပိုတောင်နည်းသေးတယ်။
အိုးတစ်လုံး ပျက်သွားရင် သူတို့ရက်အနည်းငယ် အသားမစားရတော့ဘူးဆိုတာ သိလိုက်တော့ ပိုပြီး ဒေါသထွက်လာပြီး ရှောင်ထျန်းချန်ကို နောက်ကို ဆွဲခေါ်သွားတယ်၊ ခဏအကြာမှာ နောက်ဖေးခြံကနေ ခွေးအော်သံတွေ ထပ်ထွက်လာကော။
ယွီဟွေးဖေးက လက်ထဲက အိုးကြီးကို ကြည့်ပြီး မျက်နှာက အိုးဖင်လို မည်းနေပြီ။
ရေတွေကို သွန်ထုတ်ပြီး အိုးအောက်ခြေက ခွေးချီးတောင့်ရှည်တွေကို ကြည့်ပြီး ယွီဟွေးဖေး ရူးတော့မတတ်ပဲ။ အရမ်းချွေတာချင်ပေမယ့် ခွေးတစ်ကောင်က ဆီးရော ချီးရော ပါချထားတဲ့ ဒီအိုးကို သူဘယ်လိုမှ ထပ်မသုံးတော့ဘူး။
“ခွေးမသား... ခွေးမပေါင်းရတဲ့အပြင် အိုးတစ်လုံးပါ ရှုံးသွားတယ်”
ယွီဟွေးဖေး အရမ်းစိတ်ညစ်ပြီး နောက်ဆုံးတော့ အဲ့အိုးမည်းကြီးကို တစ်ဖက်ကို ပစ်ထားလိုက်တယ်။ နောက်ဖေးခြံမှာ တစ်ဖွဲ့လုံးလည်း ရိုက်ရတာ ပင်ပန်းနေပြီ...။ ခွေးရိုက်တယ်ဆိုပေမယ့် အားလုံးက အသေသတ်တာတော့ မဟုတ်ဘူး။
ရှောင်ထျန်းချန်က မသေပေမယ့် သူ့အရေပြားက ဘယ်လောက်ထူထူ၊ တစ်ညလုံး နှိပ်စက်ခံရပြီးနောက် လမ်းလျှောက်ရင် တင်ပါးဆုံရိုးကိုမပြီး ထော့နဲ့ထော့နဲ့ လျှောက်နေရပြီ။ တော်သေးတာက ဒီကောင်က ခွေးနက်မို့လို့ မျက်လုံးတွေ ညိုမည်းနေတာကို မမြင်ရဘူး။
ဒီခွေးက နောက်ဖေးခြံကနေ ထွက်လာပြီး ယွီဟွေးဖေးကို တွေ့တော့ ဟင်းခနဲတစ်ချက်မှုတ်ပြီး “ငါ့ညီ... မင်းက တော်တော်လေး လူမဆန်တဲ့ကောင်ပဲ။ ကိုခွေးကြီးက မင်းကို ကယ်ခဲ့ဖူးတာကို ဒီလို ကျေးဇူးဆပ်တယ်လား”
ယွီဟွေးဖေးက မျက်စောင်းထိုးပြီး “မင်းငါ့ကို ကယ်ခဲ့ဖူးလို့သာ၊ မဟုတ်ရင် မင်းအခု ခွေးသားပေါင်းတစ်အိုး ဖြစ်နေပြီ။ ငါ့နှယ်ခွေးမသား... ငါ့အိုးကောင်းကောင်းလေးတစ်လုံး၊ အခုတော့ သံတိုသံစပဲ ရောင်းစားရတော့မယ်။ ပိုက်ဆံအများကြီးပါ ထပ်ရှုံးဦးမယ်...”
ရှောင်ထျန်းချန်ကလည်း ယွီဟွေးဖေးကို မျက်စောင်းထိုးပြီး “ငါနဲ့ ဘာဆိုင်လဲ၊ ငါက ကိုယ့်ကိုယ်ကို ကယ်တာ”
ပြောပြီးတာနဲ့ ဒီကောင်က ခွေးလက်သည်းကို ဆန့်ထုတ်လာတယ်။
ယွီဟွေးဖေးက “ဘာလုပ်မလို့လဲ”
“ပိုက်ဆံနည်းနည်းပေး၊ ငါအပြင်ထွက်ပြီး အစားအသောက်ကောင်းကောင်းစားပြီး အားပြန်ဖြည့်မလို့။ ဒီလိုအရိုက်ခံရတာ တင်ပါးဆုံရိုးတောင် မကောင်းတော့ဘူး” ရှောင်ထျန်းချန်က ပြောပြီး ပိုက်ဆံတောင်းပါလေရော။
“သွားစမ်း” ယွီဟွေးဖေးက ခြေထောက်နဲ့ တစ်ချက်ကန်လိုက်တယ်၊ သောက်ကျိုးနဲ... ဒီကောင်က သူ့ဆီက ပိုက်ဆံတောင်းရဲသေးတယ်၊ သူ့မျက်နှာရော ရှိသေးရဲ့လား။
ဒီခွေးက လုံးဝဂရုမစိုက်ဘဲ ခေါင်းမော့ပြီး “မပေးရင် နေ၊ အိပ်တော့မယ်”
ညစာစားတဲ့အချိန်မှာ အားလုံးက အဲ့ခွေးကို မီးဖိုချောင်ထဲကို လုံးဝမဝင်ခိုင်းတော့ဘူး။ ဒီခွေးရဲ့ ချက်ပြုတ်လက်ရာက တကယ်ကောင်းမှန်း သိပေမယ့် တံတွေးထွေး၊ ဆီးပေါက်တဲ့ကိစ္စကတော့ ဘယ်လိုမှ ကျေအေးလို့မရတော့ဘူး။
သူဆီးမပေါက်၊ တံတွေးမထွေးရင်တောင် သူတို့က စွန့်စားရဲမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ်... မစားရတာက တစ်ပိုင်း။ အစားအသောက်ဖြုန်းတီးတာက အပြစ်ကြီး။
နောက်ဆုံးတော့ ယွီဟွေးဖေးပဲ မီးဖိုချောင်ဝင်ရတော့တယ်။ ချက်ပြုတ်လက်ရာက ရှောင်ထျန်းချန်ထက် အများကြီး ညံ့ပေမယ့် အားလုံးက စိတ်အေးလက်အေး၊ ယုံယုံကြည်ကြည် စားကြရတယ်လေ။
အားလုံး ပျော်ပျော်ပါးပါး စားကြနေချိန်မှာတော့ စားပွဲဘေးက မြေကြီးပေါ်မှာလှဲပြီး သနားစရာကောင်းတဲ့မျက်နှာနဲ့ ကြည့်နေတဲ့ အဲ့ခွေးနက်ကြီးကိုတော့ အားလုံးက တမင်တကာ လျစ်လျူရှုထားလိုက်ကြတာပေါ့။
ဒီလူတွေက သူ့ကို အစားမကျွေးတာကို တွေ့တော့ ရှောင်ထျန်းချန်က အမျိုးမျိုး ချစ်စရာကောင်းအောင် လုပ်၊ သနားစရာကောင်းအောင် လုပ်ပြီး မြေကြီးပေါ်မှာ လှဲရင်း “ညီအစ်ကိုတို့၊ ကျွန်တော့်ကို သနားကြပါဦး။ ကျွန်တော်က ဆာလောင်မွတ်သိပ်ပြီး သေခါနီးနေတဲ့ ခွေးအိုကြီးတစ်ကောင်ပါ... ကျွန်တော်မခံနိုင်တော့ဘူး” လို့ တတွတ်တွတ်ရေရွတ်ပြနေလေရဲ့။
“မနောက်နဲ့... မနောက်နဲ့။ မင်းရဲ့အဆီတစ်ကိုယ်လုံးက ဆယ်ရက်လောက် အငတ်ခံရင်တောင် မကျသွားဘူး” သရဲနက်က ဟင်းခနဲနှာတစ်ချက်မှုတ်ပြီး ပြောတော့တာပေါ့။
မြင်းမျက်နှာက ယုတ်မာတဲ့အပြုံးနဲ့ “စိတ်မပူနဲ့၊ မင်းသေသွားရင် ငါတို့လည်း စိတ်အေးလက်အေး မင်းကို ပေါင်းစားလို့ရပြီ။ မင်းက လူ့အဖွဲ့အစည်းကို အကျိုးပြုသွားတာပေါ့”
ဒါကို ရှောင်ထျန်းချန် ကြားလိုက်တာနဲ့ မျက်လုံးလန်ပြီး “ခွေးမသားတွေ... ငါက ချင်းယွမ်မြောင်တောက်ကျင်းကျွင်းရဲ့ ညီအစ်ကိုအရင်းခေါက်ခေါက်ကွ၊ ငါမင်းတို့ကို ချစ်စရာကောင်းအောင်၊ သနားစရာကောင်းအောင် လုပ်ပြနေတာတောင် မင်းတို့က ဘာထပ်ဖြစ်ချင်သေးတာလဲ။ အစားတစ်လုတ်လောက် ပေးလို့မရဘူးလား”
“ရော့... ယူလိုက်”
ယွီဟွေးဖေးက အရိုးတစ်ချောင်း ပစ်ပေးလိုက်တော့ ရှောင်ထျန်းချန် ကောက်ယူကြည့်ပြီး ဒေါသတကြီးနဲ့ “သောက်ကျိုးနဲ... အသားတစ်စက်မှ မပါဘူးဟ။ မင်းက ခွေးမျိုးလား”
ယွီဟွေးဖေးက ခေါင်းစောင်းပြီး သူ့ကို ကြည့်ပြီး “မင်းဘယ်တော့ အဲ့အိုးဖိုး ပြန်ရှာပေးမလဲ၊ အိုးဖိုးပြန်ရမှ မင်းကို အစားကျွေးမယ်”
“ငါ... မင်း...” ရှောင်ထျန်းချန်က ဒေါသတကြီးနဲ့ သွားဖြဲပြတော့ပါလေရော။
ယွီဟွေးဖေးက ဂုဏ်ယူစွာ ပြုံးလိုက်ချိန် ရှောင်ထျန်းချန်က ပါးစပ်ဖြဲပြီး “ငါ့ကို မကျွေးဘူးပေါ့လေ။ မင်းတို့ နောင်တမရနဲ့” လို့ ကြုံးဝါးလိုက်တယ်။
နွားခေါင်းက ဟားတိုက်ပြီး “နောင်တလား။ စိတ်မပူနဲ့ မင်းရဲ့ နွားကိုကိုက နောင်တဆိုတာ ဘာမှန်းမသိဘူး”
ရှောင်ထျန်းချန်က “ငါဆာလွန်းရင် အများဆုံးတော့ အလုပ်ဟောင်း ပြန်လုပ်ရုံပဲပေါ့။ မင်းတို့နောက်ဖေးခြံမှာ မုန့်ပဲသရေစာတွေ အများကြီး မြှုပ်ထားတယ်မလား။ မင်းတို့စောင့်နေ... ငါအကုန်တူးထုတ်ပြီး စားပြီးရင် ညသန်းခေါင်ကျ မင်းတို့ကို လာနမ်းမယ်။ တစ်ယောက်ချင်းစီကို နမ်းမယ်၊ လျှာနဲ့ယက်မယ်” လို့ ပြောလိုက်ကော။
အော့...
အားလုံး ကြားလိုက်တာနဲ့ တန်းအန်တော့တာပဲ။
နွားခေါင်းက စားပွဲကို ရိုက်ပြီး ဒေါသတကြီး အော်ဟစ်တယ် “ခွေးမသား... ဒီထမင်းကို စားလို့မရတော့ဘူး။ ဝိုင်းသမကြ”
“ရိုက်ကြ” မြင်းမျက်နှာကလည်း လိုက်အော်တာပေါ့။ ပြီးတော့ တစ်ဖွဲ့လုံးက လက်နက်တွေ ဆွဲကိုင်ပြီး ပြေးသွားကြချိန် ရှောင်ထျန်းချန်လည်း ဘာရမလဲ နောက်ပြန်လှည့်ပြီး ခြေကုန်သုတ်ပြီး ပြေးတော့တာပဲ။
ဒါပေမဲ့ နေ့ခင်းဘက်က အရိုက်ခံထားလို့ ခြေထောက်က သိပ်မကောင်းဘူး၊ ခြေသုံးချောင်းနဲ့ ပြေးတော့ ဟန်ချက်မညီဘဲ ခဏအကြာမှာ အဖမ်းခံလိုက်ရတယ်။ အဲ့နောက်တော့ အားလုံးက သူ့ကို နောက်တောင်နက်ထဲကို ဆွဲခေါ်သွားပြီး တောနက်ထဲကနေ စူးရှတဲ့ အော်သံတွေ ထွက်လာရော။
ဒီတစ်နေ့မှာ ရှို့လင်ရွာက လူတော်တော်များများ အိပ်မပျော်ကြဘူး။
ဘာလို့လဲဆိုတော့ ညရောက်ရင် ရှို့လင်ရွာက အရမ်းတိတ်ဆိတ်တော့ တောင်ကြီးထဲက အော်သံတွေကိုတောင် သူတို့နည်းနည်း မသဲမကွဲကြားရတယ်။ အဲ့စူးရှတဲ့အသံတွေက ကြားရသူတိုင်းကို ကြက်သီးမွေးညင်းထစေမတတ်ပဲ...
နောက်တစ်နေ့မှာ လူတော်တော်များများက ဘိုးဘေးအုတ်ဂူတွေကို သွားကန်တော့ကြလေကော။ ပါးစပ်ကနေလည်း “အဘိုးတို့ ကောင်းကောင်းအနားယူကြပါ၊ ညဘက် မခြောက်လှန့်ကြပါနဲ့...” လို့ ရေရွတ်နေကြလျှက်ပေါ့။
ဒီသတင်းကို ကြားတော့ ယွီဟွေးဖေး၊ နွားခေါင်းတို့အားလုံး ပါးစပ်အဟောင်းသားနဲ့၊ ပြီးတော့ အားပါတရ ရယ်ကြတော့တာပဲ။
ရှောင်ထျန်းချန်က အရမ်းမိုက်ရိုင်း၊ အရမ်းယုတ်မာ၊ အရမ်းအရိုက်ခံချင်စရာကောင်းပေမယ့် သူရောက်လာပြီးကတည်းက အားလုံးရဲ့ဘဝက ပိုပြီး စိတ်ဝင်စားစရာ ပျော်စရာကောင်းလာတာကိုတော့ ဝန်ခံရမယ်။
ကိစ္စရှိလား... ခွေးကိုရိုက်။ ကိစ္စမရှိဘူးလား... ခွေးကိုရိုက်။ ကိစ္စရှိရှိ မရှိရှိ... ခွေးကိုရိုက်။
မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညတစ်ခါ၊ ညလယ်စာစားတဲ့အချိန်မှာတောင် တစ်ခါရိုက်လို့ရသေးတယ်။
ဒါပေမဲ့ ယွီဟွေးဖေးလည်း ရှောင်ထျန်းချန်ကို လေးစားလာသား။ ဒီကောင်က ဘယ်လိုဖြစ်နေလဲမသိဘူး၊ အားလုံးကို သူ့ကိုရိုက်ချင်စိတ် ပေါက်လာအောင် အောင်မြင်စွာ လှုံ့ဆော်နိုင်တဲ့ နည်းလမ်းအမြဲရှိတယ်။
“မင်းဘာကြည့်နေတာလဲ။ ငါမင်းဆီရောက်တာ ဘယ်လောက်ကြာသေးလို့လဲ၊ ပိန်တောင်သွားပြီ” ရှောင်ထျန်းချန်က ဖူးယောင်နေတဲ့မျက်နှာနဲ့ မော့ပြီး ယွီဟွေးဖေးကို ညည်းညူနေလေရော။