← Chapters

ခွေးကို အကျပ်ကိုင်ခြင်း

Vol. 6 Ch. 77

ခွေးကို အကျပ်ကိုင်ခြင်း

Vol. 6 Ch. 77

ချွေ့ကျွယ်က ပြုံးပြီး “ဒါက ဇွတ်ကပ်နေချင်တဲ့ သဘောပဲ၊ သူဌေး... ခင်ဗျား ဘယ်လိုသဘောရလဲ” လို့ မေးလာပြီ။

ယွီဟွေးဖေးက ကောင်းကင်ကို မော့ကြည့်ပြီး “ငါက ဘာလုပ်ရမှာလဲ။ ပစ်ထုတ်လိုက်ပေါ့” လို့ ပြောရတော့တာပေါ့။

ပြောပြီးတာနဲ့ ယွီဟွေးဖေးက ထပြီး လျိုရှင်းကို ပစ္စည်းတွေ အပြင်ထုတ်ဖို့ ကူညီပေးလိုက်ပေမယ့် သူတံခါးဝကို ရောက်ခါနီးမှာပဲ နောက်ကနေ အော်သံစူးစူးတွေ ကြားလိုက်ရပါလေရော။

နောက်ပြန်လှည့်ကြည့်လိုက်တော့၊ အမလေး... သရဲဖြူက လက်တစ်ဖက်တစ်ချက်နဲ့ လျိုကျွမ်းနဲ့ ခယ်လီကို ဆွဲထုတ်လာတာပဲဟ။ သရဲနက်က နောက်ကနေ သရဲဖြူရဲ့ ငိုချင်းချတုတ်ကြီးကို ထမ်းပိုးလိုသုံးပြီး သားရေအိတ်သုံးလုံးကို ထမ်းထုတ်လာပြန်သေး။

တံခါးမကြီးပွင့်သွားပြီး နှစ်ယောက်သား သားရေအိတ်သုံးလုံးနဲ့အတူ “သွားပေတော့” ဆိုတဲ့ အော်သံနဲ့အတူ အပြင်ကို လွင့်ထွက်သွားကြတော့တာပဲ။

ယွီဟွေးဖေးက လျိုရှင်းကို ကြည့်ပြီး “တွေ့လား၊ မင်းက စကားနားထောင်တော့ ဒီလိုဒုက္ခမျိုး မခံရဘူး၊ ဘယ်လောက်ကောင်းလဲ” လို့ ပြောပြီးတာနဲ့ ယွီဟွေးဖေးက ခြေကုန်သုတ်ပြီး ပြေးတော့တာပဲ။ တစ်ချိန်တည်းမှာ နောက်ပြန်လှည့်ပြီး တံခါးမကြီးကို ဒုန်းခနဲ ပိတ်ချလိုက်တယ်။

ပြီးတော့ ချက်ချင်းဘဲ အပြင်ကနေ ခယ်လီရဲ့ ဒေါသတကြီး အော်ဟစ်သံတွေ ကြားလိုက်ရတယ်။ “ယွီဟွေးဖေး! @#!ကောင်မသား! ရှင်က တကယ်ပဲ ပစ်ထုတ်ရဲတယ်ပေါ့လေ၊ ရှင်နဲ့ကျွန်မ အဆက်ဖြတ်ပြီ။ သူငယ်ချင်းမလုပ်တော့ဘူး”

ဒီစကားကြားတော့ ယွီဟွေးဖေးက နှာခေါင်းကို ပွတ်သပ်ရင်း ခါးခါးသီးသီး ပြုံးလိုက်မိပေမယ့် ဘာမှတော့ ပြန်မပြောဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ သူလုပ်တာက တော်တော်လေး လူမဆန်ဘူးလေ။ ခယ်လီက ခဏလောက် ဆဲဆိုပြီးတော့ ခြေသံတွေက တဖြည်းဖြည်း ဝေးကွာသွားတယ်။

ယွီဟွေးဖေးက သက်ပြင်းချလိုက်တဲ့ တစ်ချိန်တည်းမှာပဲ စိတ်ထဲမှာ နည်းနည်းတော့ ဝမ်းနည်းသလိုလို ဖြစ်သွားမိသား။

သရဲဖြူက ကပ်လာပြီး “အိပ်မဝသေးဘူးလား။ ညကျရင် အပြင်ထွက်အိပ်မလား။ သူတို့နဲ့ တစ်ကုတင်တည်း သွားအိပ်လေ” လို့ ပြောတယ်။

“သွားစမ်းပါ” ယွီဟွေးဖေးက ဆဲဆိုပြီး စိတ်ညစ်ညစ်နဲ့ တံမြက်စည်းကိုင်ပြီး သင်္ချိုင်းဘက်ကို ထွက်သွားတော့တာပဲ။ အခုအချိန်မှာတော့ သင်္ချိုင်းရှင်းတာကပဲ သူ့စိတ်ကို နည်းနည်း သက်သာစေနိုင်တော့မှာ။

နောက်ရက်တွေမှာ ဧည့်သည်မလာပေမယ့် ယွီဟွေးဖေးရဲ့ WeChat ထဲမှာတော့ သူငယ်ချင်းအသစ်လျှောက်လွှာတွေ ရောက်လာတယ်။

“ကျွမ်းလျို” ဆိုတဲ့ နာမည်နဲ့ လျိုကျွမ်း၊ “မိုးမခစိမ်း” ဆိုတဲ့ လျိုရှင်းနဲ့ “မင်းအစ်ကိုကြီး” ဆိုတဲ့ ခယ်လီတို့ဆီကပေါ့။

“ယွီဟွေးဖေး... ရှင်စောင့်နေလိုက်။ နောက်တစ်ခါ ရှင့်တည်းခိုခန်းမှာ လာတည်းတဲ့အခါ ရှင့်ကို ဘယ်လိုအပြတ်ရှင်းမလဲဆိုတာ ကြည့်နေ” ဒါကတော့ ခယ်လီရဲ့ ခြိမ်းခြောက်စာ။

“သူဌေးယွီ... ဒီတစ်ခေါက် ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်နော်...” ဒါက လျိုရှင်း။

“သူဌေး... နောက်တစ်ခါကျရင် အရက်ထပ်ပြိုင်သောက်ကြမယ်နော်။ ခယ်လီပြောတာကို စိတ်ထဲမထားပါနဲ့။ သူက တကယ်တော့ ခင်ဗျားကို အရမ်းကျေးဇူးတင်နေတာ။ ဒါပေမဲ့ ခင်ဗျားက သူ့ကို ကျေးဇူးတင်ခွင့်မပေးတော့ သူစိတ်ထဲမှာ မွန်းကျပ်နေတာလေ။ ဒီကောင်မလေးရဲ့ စရိုက်ကို ခင်ဗျားလည်း မြင်သားပဲ။ သူများကျေးဇူးကို အတင်မခံနိုင်ဘူးလေ... ဟားဟားဟား... သူကျွန်တော် ခင်ဗျားကို စာပို့တာမြင်တော့ ကျွန်တော့်ကို ဆဲနေပြီ။ ကျွန်တော်တို့ သွားပြီနော်၊ နောက်တစ်ခါ အခွင့်သင့်ရင် ပြန်တွေ့ကြမယ်” ဒါက လျိုကျွမ်း။

ယွီဟွေးဖေးက ဒီစာတွေကို မြင်တော့ ပြုံးလိုက်ပြီး တစ်ယောက်ချင်းစီကို “ခရီးလမ်းဖြောင့်ဖြူးပါစေ” လို့ ပြန်စာပို့လိုက်တယ်။

“နည်းနည်းပိုမပြောတော့ဘူးလား” အဲ့ဒီအချိန်မှာ နွားခေါင်းကြီးတစ်လုံးက ကပ်လာရင်း မေးကြည့်တယ်။

ယွီဟွေးဖေးက မျက်စောင်းထိုးပြီး “ဘာပြောရမှာလဲ... ငါက သင်္ချိုင်းစောင့်တစ်ယောက်ပဲ။ အဲ့လောက်အများကြီး မတွေးတာကောင်းတယ်။ ကောင်မလေးတွေက ကောင်းပါတယ်၊ ဒါပေမဲ့ ငါမကျွေးမွေးနိုင်ဘူး” လို့ ပြောလိုက်တာပေါ့။

နွားခေါင်းက ပါးစပ်ဖြဲပြီး ရယ်တယ် “ကိုယ့်ကိုယ်ကို အထင်သေးနေတာလား”

ယွီဟွေးဖေး ဘာမှပြန်မပြောပေမယ့် သူကောင်းကောင်းသိတယ်၊ ခယ်လီဖြစ်ဖြစ်၊ လျိုရှင်းဖြစ်ဖြစ်၊ အိမ်က အသိုင်းအဝိုင်းကောင်းကြတယ်။ ဒါကို သူတို့သုံးတဲ့ ပစ္စည်းတွေနဲ့ ဝတ်စားဆင်ယင်မှုတွေက သက်သေပြနေတယ်လေ။

ဒီလိုကောင်မလေးမျိုးက ဘယ်လောက်ပဲ ရိုးရိုးကုတ်ကုတ်နေနေ၊ မင်းနဲ့အတူတူနေရင် သူတို့ဘဝကို အရင်ကထက် ဆိုးသွားအောင်တော့ မလုပ်သင့်ဘူးလေ။ ကောင်မလေးက ဂရုမစိုက်ရင်တောင် ယောင်္ကျားတစ်ယောက်အနေနဲ့ ယွီဟွေးဖေးက အရမ်းဂရုစိုက်တယ်။

အရည်အချင်းမရှိရင် သူများကောင်မလေးကို သွားမဖျက်ဆီးနဲ့၊ ဒါက ယွီဟွေးဖေးရဲ့ အတွေးအခေါ်ပဲ။ ကလေးဆန်တယ်လို့ ထင်ရပေမယ့် ဒါက သူ့ရဲ့ ခံယူချက်။

သုံးယောက်သား ထွက်သွားတာကို သိတော့ ယွီဟွေးဖေးရဲ့ စိတ်အခြေအနေက သိပ်မကောင်းဘူး။

အဲ့ဒီအချိန်မှာ ခွေးနက်ကြီးတစ်ကောင်က ယောင်လည်လည်နဲ့ ဝင်လာတာကို တွေ့လိုက်ရတယ်။ ဒီခွေးကို မြင်လိုက်တာနဲ့ ယွီဟွေးဖေးက သူ့ကို လက်ဝါးနှစ်ချက်၊ ခြေထောက်တစ်ချက်လောက် တီးပေးလိုက်ရင် အရမ်းကောင်းမှာပဲလို့ ခံစားလိုက်ရတယ်။ ပြီးတော့ ယွီဟွေးဖေးက တုတ်တစ်ချောင်းကောက်ပြီး “ရှောင်ထျန်းချန်” လို့ အော်လိုက်ပါလေရော။

ရှောင်ထျန်းချန်က ခေါင်းမော့ပြီး “ဘာလဲ” လို့ ပြန်မေးတာပေါ့။

ယွီဟွေးဖေးက လက်ထဲက တုတ်ကို ပစ်ပေါက်ပြီး “သွား... သွားကောက်ခဲ့” လို့ ပြောလိုက်တယ်။

ရှောင်ထျန်းချန် ကြားလိုက်တာနဲ့ မျက်နှာက ပိုမည်းသွားပြီး သွားဖြဲကာ “ယွီဟွေးဖေး... မင်းအရမ်းမလွန်လွန်းနဲ့။ ငါက နတ်မိစ္ဆာ ရှောင်ထျန်းချန်ကွ၊ ခွေးဝဲစားမဟုတ်ဘူး။ သောက်ပေါခွေးတွေပဲ ဒီလို ကလေးကလား၊ ပေါတောတော ကစားနည်းတွေ ကစားတာ” လို့ ပြန်အော်ဟစ်ပါလေရော။

“သွားမှာလား၊ မသွားဘူးလား” ယွီဟွေးဖေးက မေးတော့ ရှောင်ထျန်းချန်ကလည်း ခေါင်းမော့ပြီး “မသွားဘူး”

“သိပ်ကောင်းတယ်... လူတစ်ယောက်စာ ညစာလျှော့ဖို့ အကြောင်းပြချက်ရပြီ။ ပိုက်ဆံထပ်ချွေတာလို့ရပြီ...” ယွီဟွေးဖေးက အားရပါးရရယ်ရင်း ပြောထည့်တာပေါ့။

ဒါကို ရှောင်ထျန်းချန် ကြားလိုက်တာနဲ့ ချက်ချင်း ဒေါသထွက်ပြီး “ယွီဟွေးဖေး... မင်းအရမ်းမလွန်လွန်းနဲ့ကွ။ အကျပ်ကိုင်ရင် ငါဘာမဆို လုပ်ရဲတယ်” လို့ အော်တယ်။

ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို ကြည့်ပြီး ခေါင်းစောင်းကာ “မင်းသေချာလား” ဆိုပြီး သွေးတိုးစမ်းပါလေကော။

ရှောင်ထျန်းချန်က လည်ပင်းကို ဆန့်ပြီး “သေချာတယ်”

နောက်တစ်ခဏမှာ မီးဖိုချောင်တံခါးပွင့်လာပြီး ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို အထဲကို တွန်းထည့်ပြီး “ဝက်သားပေါင်းတစ်ပွဲ သွားချက်ခဲ့...” လို့ ပြောလိုက်ပါ‌ရော။

ရှောင်ထျန်းချန် ချက်ချင်း ကြောင်သွားပြီး “ဘာသဘောလဲ”

ယွီဟွေးဖေးက မျက်နှာသေနဲ့ သူ့ကို ကြည့်ရင်း “အကျပ်ကိုင်ရင် မင်းဘာမဆို လုပ်ရဲတယ်ဆို။ ကဲ... ကဲ... ဝက်သားပေါင်းတစ်ပွဲ ချက်ပြ”

ရှောင်ထျန်းချန် “မင်း@#¥# ငါ……&!”

နွားခေါင်းမြင်းမျက်နှာ၊ သရဲနက်သရဲဖြူတို့လည်း ကြောင်သွားကြတယ်။ သောက်ကျိုးနဲ ဒီလို ဂေါ်လီကျတဲ့ နည်းလမ်းလည်း ရှိသေးတာလား။

မိုက်တယ်ဟ...

ဒါပေမဲ့ ပိုမိုက်တာက ရှောင်ထျန်းချန်က ရုတ်တရက် ပြုံးလိုက်ပြီး “လွယ်လွယ်လေး... ခင်ဗျားတို့ ခွေးအရှင်သခင်ရဲ့ လက်ရာကို စောင့်ကြည့်နေလိုက်၊ ခဏနေရင် ကိုယ့်လျှာကိုယ် ပြန်မစားမိစေနဲ့” ဆိုပြီး လေလုံးထွားပစ်တာပေါ့။

ပြောပြီးတာနဲ့ ရှောင်ထျန်းချန်က နောက်ပြန်လှည့်ပြီး တံခါးပိတ်လိုက်တယ်။

ခဏအကြာမှာ...

ခွေးခေါင်းတစ်လုံးက ဘုန်းခနဲ မှန်ပြတင်းပေါက်နဲ့ ဆောင့်မိပြီး ခွေးနှာခေါင်းတောင် ပြားသွားကော။

ဒီကောင်က နာလွန်းလို့ သွားဖြဲပြီး “ဒီပြတင်းပေါက်စက္ကူက ဘာလို့ ကြည်နေတာလဲ။ ပြီးတော့ ဒီမီးဖိုက ဘာလို့ ထင်းမရှိတာလဲ”

အားလုံး ပါးစပ်အဟောင်းသားနဲ့...

ယွီဟွေးဖေးက တံခါးဖွင့်ပြီး “အဲ့ဒါက မှန်ပြတင်းပေါက်မို့ ကြည်နေတာ။ စက္ကူမဟုတ်ဘူး။ ငါတို့က ပုံမှန်ဆို ဂက်စ်သုံးတာ၊ အဲ့မီးဖိုက လောလောဆယ်မသုံးတော့ ထင်းမရှိတာပေါ့” လို့ ပြန်ဖြေပေးရတာပေါ့။

ပြီးတော့ ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို ဂက်စ်မီးဖိုဘယ်လိုသုံးရမလဲဆိုတာ သင်ပေးတယ်။ ယွီဟွေးဖေး အံ့ဩသွားတာက ဒီခွေးက ဂက်စ်မီးဖိုသုံးနည်းကို နားလည်သွားပြီးနောက် မတ်တပ်ရပ်ပြီး ဓားကိုကိုင်ကာ ဓားကွက်တစ်ကွက်တောင် နွှဲပြလိုက်သေး။ မျက်နှာကို ဘေးစောင်းပြီး ယွီဟွေးဖေးကို ကြည့်ရင်း ပါးစပ်ထောင့်ကို ကွေးကာ သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးပြချိန် သွားတွေက တောက်ပနေသလိုပဲ။ သူက ဟဲဟဲရယ်ပြီး...

“အစားအသောက်ကောင်းတွေ မြည်းစမ်းဖို့ အသင်ပြင်ထားကြစမ်း...”

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး “ကောင်းပြီလေ၊ ငါအပြင်ထွက်စောင့်နေမယ်”

ယွီဟွေးဖေး အပြင်ထွက်ခါနီးမှာ ခွေးခေါင်းတစ်လုံးက ပြတင်းပေါက်မှာ ကပ်ပြီး “ညီကို ရေရော”

ယွီဟွေးဖေး - “@@#¥%……”

ဘာကြောင့်မှန်းမသိ၊ ယွီဟွေးဖေးက အဲ့ခွေးခေါင်းကို ကြည့်လိုက်တိုင်း လက်သီးနဲ့ ထိုးချင်စိတ် ပေါက်လာသား။ ဒီကောင်က အရိုက်ခံချင်နေတဲ့ကောင်မို့ နေမယ်။

မတတ်နိုင်တော့ ယွီဟွေးဖေးက တံခါးတွန်းဖွင့်ပြီး ရှောင်ထျန်းချန်ကို ရေဘုံဘိုင်ဖွင့်နည်း သင်ပေးလိုက်ရတာပေါ့။

ဒီခွေးကလည်း ထူးဆန်းသား။ ခွေးလက်သည်းတွေနဲ့ ဖြစ်ပေမယ့် ဒယ်အိုးကို ကိုင်နိုင်တယ်လေ။ တော်တော်လေးတောင် မြန်သေး။ ဒါပေမယ့် ယွီဟွေးဖေးက ဘာမှမပြောညဲ ခေါင်းခါပြီး အပြင်ထွက်သွားလိုက်တယ်။

ဟင်းရှိတယ်၊ ရေရှိတယ်၊ မီးရှိတယ်၊ အိုးရှိတယ်၊ ခဏအကြာမှာ မီးဖိုချောင်ထဲကနေ မွှေးပျံ့တဲ့အနံ့တွေ ထွက်လာရော။ ယွီဟွေးဖေးက အစပိုင်းမှာ ဂရုမစိုက်ပေမယ့် ခဏအကြာမှာ သူ့မျက်ခုံးတွေ ပင့်တက်လာတော့တာပဲ။

ယွီဟွေးဖေးတင်မကဘူး၊ နွားခေါင်းတို့တောင် မီးဖိုချောင်ဘက်ကို စပ်စုတကြီး ကြည့်ပြီး နှာခေါင်းရှုံ့ရှုံ့လုပ်နေကြပြီ။

သရဲဖြူက “အမလေး၊ ဒီ... ဒီခွေးက ဘာလုပ်နေတာလဲ... မွှေးလိုက်တာ” လို့တောင် အော်နေပြီ။

ယွီဟွေးဖေးလည်း အံ့ဩပြီး “ကောင်းကင်မှာ နဂါးသား၊ မြေကြီးပေါ်မှာ မြည်းသား၊ ဒါပေမဲ့ ခွေးသားက သုံးခါလောက် ကျိုလိုက်ရင် နတ်ဘုရားတောင် မနေနိုင်ဘူးတဲ့။ ဒီကောင် သူကိုယ့်ကိုယ်ကို ပေါင်းလိုက်တာများလား” လို့ တိုးတိုးလေး ရေရွတ်လိုက်ရတဲ့အထိပဲ။

All Chapters