ကျန်းဟိုင်၏ အင်အား
Vol. 10 Ch. 903
"သခင်... ကျုပ်တို့ ဘယ်ပြည်နယ်ကို သွားကြမှာလဲ..."
ကျိုးကျူရှင်းက မေးသည်။
"ကျန်းဟိုင် ပြည်နယ်ကို အရင် သွားကြတာပေါ့... ဝူမိသားစု အဘိုးကြီးက သူတို့မှာ ကောင်းကင် ဆေးအမယ်တွေ ရှိတယ် လို့ ပြောသွားတယ်... ငါတို့ သွားပြီး ကြည့်ရတာပေါ့ကွာ"
ချန်းဖန်က ပျင်းရိစွာဖြင့် နောက်ကို မှီထိုင်ရင်း ပြောလိုက်သည်။
"ကောင်းပါပြီ..."
ကျိုးကျူရှင်းက ခေါင်းညိတ်ကာ မြင်းရထားကို ကျန်းဟိုင် ပြည်နယ် ရှိရာ အရပ်သို့ ဦးတည် လိုက်၏။
ချန်းဖန်သည် ရှေးဟောင်းဆေး ပြည်နယ် ခရီးစဉ်၌ ကောင်းကင်ဆေး ခုနစ်ခု၊ တစ်ဝက်တစ်ပျက် ကောင်းကင်ဆေး ဆယ်ခု နှင့် ကမ္ဘာ အမတေ ကောင်းကင်ဆေးလုံး တစ်လုံးကို ပိုင်ဆိုင်ခဲ့သည်။ အထူးသဖြင့် ကမ္ဘာ အမတေ ကောင်းကင်ဆေးသည် အစစ်အမှန် ကောင်းကင်ဆေး တစ်လုံး ဖြစ်ကာ အမတေ အားဖြည့်ခြင်း ကောင်းကင်ဆေး များထက် ပို၍ အစွမ်းထက်သည်။
"ဟူး..."
ကမ္ဘာ အမတေ ကောင်းကင်ဆေးသည် လက်ဝါး အရွယ်ခန့် အဝါရောင် ချီလင် တစ်ကောင် အဖြစ် ပြောင်းလဲကာ ဟိန်းသံ အချို့ကို ထုတ်လွှတ်၏။ ထို့နောက် ၎င်းက ဒေါသ တကြီးဖြင့် မြင်းရထား အတွင်းမှ ထွက်ပြေးရန် ကြိုးစားလေ၏။ သို့သော်လည်း မြင်းရထား၏ နံရံများရှိ အစီအရင်များက တောက်ပစွာ လင်းလက်လာကာ သူ့အား တားဆီးလိုက်သည်။
"ခွန်အားကို ဖြုန်းတီး မနေနဲ့... ဒီ အစီအရင်တွေက ငါကိုယ်တိုင် ဆွဲထားတာ... ကောင်းကင် အရှင် အဆင့်ကို မရောက်မချင်း မင်း ဘယ်လိုမှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး"
ချန်းဖန်က အနည်းငယ် ပြုံးရင်း ပြောလိုက်၏။
ထိုအခါ ချီလင်က မျက်လုံးများ ပြူးကာ ချန်းဖန်အား ကြည့်သည်။ သူ၏ ပုံစံက ဒေါသထွက်နေပုံ ရ၏။
"ငါ မင်းကို ဖန်တီးထားတာ... မင်း ငါ့ အမိန့်ကို နာခံရမယ်... ငါ့ကို ဒေါသထွက်အောင် မင်းကို ငါ စားပစ်မယ်"
ချန်းဖန်က မျက်လုံးပြန်၍ ပြူးပြကာ ခြိမ်းခြောက် လိုက်သည်။ ထိုအခါမှသာလျှင် ချီလင်မှာ ကြောက်လန့်သွားကာ ထောင့် တစ်ထောင့်၌ သွားကုပ်နေ၏။
ချန်းဖန် အတွက် လောလောဆယ်၌ ထိုဆေးလုံးမှာ အသုံးမဝင်လှချေ။
အသွင်ပြောင်းခြင်း နတ်ဘုရား စက်ဝန်း ကိုးခု အောင်မြင်ရန် အတွက် အဓိက လိုအပ်သော အရာများမှာ နတ်ဘုရား ဆေးများ ဖြစ်သည်။
"ဒါပေမဲ့ အရေအတွက် များလာရင်တော့ အသုံးဝင်ကောင်း ဝင်လာမှာပါ"
ချန်းဖန်က သူ ပိုင်ဆိုင်ထားသမျှကို ထုတ်ကာ ရေတွက် လိုက်၏။
ချီကျွယ် နဂါး ဆေးမြစ်၊ ပုံရိပ်ယောင် နတ်ဘုရား သစ်သား၊ ငွေရောင် ကောင်းကင် ကြာပန်း...
အားလုံးထဲ၌ ခွန်ယွမ်သီးများမှာ အများဆုံး ဖြစ်သည်။ ကမ္ဘာနှစ်ခု ဆုံမှတ်၌ ရရှိထားသော အရာများပါ ပေါင်းပါက သူ့၌ ရှိသော ခွန်ယွမ်သီး အရေအတွက်မှာ ငါးလုံး အထိ ရှိနေပြီ ဖြစ်၏။
ခွန်ယွမ်သီးများကို မြင်လျှင် ချီလင် ပေါက်စမှာ သွားရည် တစ်မျှားမျှား ကျလာခဲ့သည်။ သို့သော်လည်း ချန်းဖန်က ၎င်းအား အလုံးစုံ လျစ်လျူထား၏။
"ကောင်းကင်ဆေး ဆယ့်ငါးခု..."
"တစ်ဝက်တစ်ပျက် ကောင်းကင်ဆေးက နှစ်ဆယ့် သုံးခု..."
"နောက်ပြီး အခြား ရှိသမျှကို ဆေးတွေ အားလုံးကို သုံးရင်တော့ ငါ့ရဲ့ အဇူရာ သက်ရှည် ကျင့်စဉ်က အောင်မြင်ဖို့ နီးကပ် သွားလိမ့်မယ်... အဲဒီ အခါကျရင် ငါ့ရဲ့ ဒုတိယမြောက် နတ်ဘုရား စက်ဝန်းက ပြည့်စုံဖို့ ခြေတစ်လှမ်းပဲ လိုတော့မှာ"
ဆေးများကို ကြည့်ရင်း ချန်းဖန်၏ မျက်လုံးများကား တလက်လက် တောက်ပလာ နေခဲ့၏။
"ငါ ပိုများတဲ့ ကောင်းကင်ဆေးတွေ လိုအပ်တယ်..."
ချန်းဖန်က ကျန်းဟိုင်ပြည်နယ် ရှိရာ အရပ်သို့ ကြည့်ကာ ရေရွတ် လိုက်၏။
...
ချန်းဖန်သည် ကျန်းဟိုင်သို့ သွားရာ လမ်းတစ်လျှောက်ရှိ မြို့တိုင်း၌ ရပ်နား၏။ အနက်ရောင် မြင်းရထား၊ အနက်ရောင် မြင်းနှင့် အနက်ရောင် ဝတ်စုံဝတ် အဘိုးအို တို့ကား ချန်းဖန်၏ သင်္ကေတများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
များစွာသော မိသားစုများသည် ချန်းဖန်အား တွေ့သည်နှင့် ခရီး ဦးကြိုပြုကာ ဖိတ်ခေါ်ကြသည်။ ချန်းဖန်သည် သူတို့အား ငြင်းဆိုခြင်း မပြုချေ။
သူက စည်းကမ်း တစ်ခုကို ထုတ်ပြန် ထားသည်။ ထိုစည်းကမ်း အရ သူသည် သူ့အား ထိပ်တန်း ဝိညာဉ် ဆေးပင်၊ ဆေးမြစ်များ ပေးသည့် မည်သည့် မိသားစုကို မဆို ဆေးဖော်စပ်ပေးမည် ဖြစ်သည်။
ဖိန့်ပန် ဒေသသို့ အရောက်၌ မန်မိသားစုက ချန်းဖန်အား ဖိတ်ခေါ်ကာ ရှားပါး တန်ဖိုးရှိသည့် ထိပ်တန်း ဆေးပင် တစ်မျိုး ဖြစ်သည့် "ထျန်းရှီ ဆေးပင်" ကို ပြသ၏။
"ဒီဆေးပင်ကို လွန်ခဲ့တဲ့ နှစ်ငါးထောင်တုန်းက ကျုပ်တို့ရဲ့ ဘိုးဘေး တစ်ယောက် ရှာတွေ့ခဲ့တာပါ... ကျုပ်တို့ မန်မိသားစု မျိုးဆက် အဆက်ဆက်ဟာ ထိပ်တန်း သမားတော်တွေကို ဖိတ်ခေါ်ပြီး ဒီဆေးပင်ကို ဆေးလုံး အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး... အဲဒါ သမားတော်ချန်းများ ဖော်စပ် ပေးနိုင်မလား"
"အင်း... ကျုပ် ခင်ဗျားတို့ အတွက် ဆေးဖော်စပ် ပေးနိုင်ပါတယ်"
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ဒါပေမဲ့ အပြန်အလှန် အနေနဲ့ ခင်ဗျားတို့က ကျုပ်ကို ဘာပေးမှာလဲ"
မန်မိသားစုဝင်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် နောက်ဆုံး၌ ခေါင်းဆောင်က ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ ဘိုးဘေးက ခရီးသွားရတာကို နှစ်ခြိုက်ပြီး ဆေးပင်၊ ဆေးမြစ် များစွာကို စုဆောင်း ခဲ့ပါတယ်... ဒါပေမဲ့ ထျန်းရှီ ဆေးမြစ်က ကျုပ်တို့ ပိုင်ဆိုင်ထားသမျှ ထဲမှာ အကောင်းဆုံး ပါပဲ... တကယ်လို့ သမားတော်ချန်းသာ စိတ်မရှိဘူး ဆိုရင် ကျုပ်တို့မှာ ရှိသမျှ ဆေးပင်၊ ဆေးမြစ်တိုင်းနဲ့ ကမ်းလှမ်းပါ့မယ်"
"ကောင်းပြီလေ..."
ချန်းဖန်က ခေါင်းညိတ်လိုက်၏။
ထျန်းရှီဆေးလုံး ပြုလုပ်ရန်မှာ ထျန်းဟောင်ဂြိုဟ် ပေါ်ရှိ သမားတော်များ အတွက် ခက်ခဲသော်လည်း ချန်းဖန် အတွက်မူ အလွန် လွယ်ကူသည်။ သူသည် နေ့တစ်ဝက် အတွင်းမှာပင် မန်မိသားစု အတွက် ထန်းရှီ ဆေးလုံး ပြုလုပ် ပေးခဲ့၏။
မကြာခင်မှာပင် မန်မိသားစု ထျန်းရှီဆေးလုံး ပြုလုပ် အောင်မြင် သွားသော သတင်းမှာ မြောက်နတ္ထိနယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
"ထျန်းရှီဆေးက မြောက်နတ္ထိနယ်ရဲ့ ထိပ်တန်း ကောင်းကင်ဆေး ဆယ်ခုထဲမှာ ပါတဲ့ တစ်ခုမလား... သမားတော်ချန်းက တကယ့်ကို ဆေးဧကရာဇ်ပဲ... သူ့ရဲ့ ဆေးသန့်စင်တဲ့ နေရာမှာ ကျွမ်းကျင်မှုက လုံးဝ မှန်းဆလို့ မရတော့ဘူး"
မရေမတွက်နိုင်သော မိသားစုများ၊ ဂိုဏ်းများမှာ ဆွံ့အ သွားကြ၏။ ထို့နောက် သူတို့က ချန်းဖန်အား သူ့ထက်ငါ အလျင် ဖိတ်ခေါ် ကြတော့သည်။
မြောက်နတ္ထိနယ်သည် ထိပ်တန်း ကောင်းကင်နယ် တစ်ခု မဟုတ်သည့်တိုင် ဂြိုဟ်ပေါ်ရှိ ဒေသခံ မိသားစု၊ ဂိုဏ်းတိုင်း လိုလိုသည် ကောင်းမွန်သော အရာ တစ်ခုခုကို ပိုင်ဆိုင် ထားကြ၏။
ချန်းဖန်သည် လမ်းခရီး တစ်လျှောက်၌ ထိုမိသားစုများ၊ ဂိုဏ်းများ အတွက် ဆေးများ ဖော်စပ်ပေးကာ အပြန်အလှန် အနေဖြင့် ကောင်းကင် အဆင့်၊ သို့မဟုတ် ကောင်းကင် တစ်ပိုင်း အဆင့် ဆေးပင်၊ ဆေးမြစ်များကို လက်ခံ ရယူသည်။
တစ်ချိန်တည်း၌ ချန်းဖန်၏ နာမည်ကား အလွန်တကြား ကျော်ကြား လာနေခဲ့ပြီ ဖြစ်သလို သူ၏ အဆင့်အတန်းမှာလည်း ပိုမို၍ မြင့်မား လာနေခဲ့၏။
များစွာသော ဂိုဏ်းချုပ်ကြီးများ၊ မိသားစု ခေါင်းဆောင်များ ပင်လျှင် သူ့အား လေးစားစွာ ဆက်ဆံကြရသည်။ ကျိုးကျူရှင်းကား ချန်းဖန်နှင့် ပို၍ အနေကြာလာ လေလေ၊ ပို၍ ဒဏ္ဍာရီဆန်လာ လေလေ ဆိုသလို ခံစား နေရတော့သည်။
"သူက အစွမ်းထက်တဲ့ ဓမ္မ အစီအရင်တွေ အများကြီးကိုလည်း တတ်ကျွမ်းတယ်... နောက်ပြီး သူ့ရဲ့ ဆေးဖော်စပ်ခြင်း ပညာကလည်း ကြောက်စရာ ကောင်းတဲ့ အဆင့်မှာ ရှိနေတယ်... သူ့ရဲ့ အစစ်အမှန် နောက်ခံနဲ့ အဆင့်အတန်းက ဘာလဲ..."
ကျိုးကျူရှင်းမှာ ထိုသို့ တွေးမိသော်လည်း ထုတ်ဖော် မေးမြန်းခြင်း မပြုချေ။ သူက ချန်းဖန်၏ နံဘေး၌ သစ္စာရှိ အစေခံ တစ်ယောက် အလားသာ ငြိမ်သက်စွာ လိုက်ပါ နေခဲ့လေ၏။
ချန်းဖန်တို့၏ ခရီးလမ်းကား အစဉ်အမြဲ အဆင်ပြေနေသည်တော့ မဟုတ်ချေ။ သူတို့သည် ကျန်းဟိုင် ပြည်နယ်သို့ အရောက်၌ "ငှက်မွေးပျံဂိုဏ်း" ၏ ကလိန်ကျခြင်းကို ခံရ၏။
ချန်းဖန်သည် သူတို့ အတွက် ကောင်းကင် တောင်ပံဆေးများ ပြုလုပ်ပေးသော်လည်း သူတို့က မည်သည့် ကောင်းကင်ဆေးကိုမျှ မပေးလိုချေ။ ထို့အပြင် ဂိုဏ်းချုပ်နှင့် ရွှေအမြုတေ အဆင့် အကြီးအကဲ ဆယ့်ခုနစ်ယောက်ကပင် ဝိုင်း၍ တိုက်ခိုက်လိုက်ကြ သေးသည်။
ကျိုးကျူရှင်းသည် တစ်ကိုယ်တည်းနှင့် "ငှက်မွေးပျံ" ဂိုဏ်း၏ ရွှေအမြုတေ အဆင့် ဆယ့်ခုနစ်ယောက်ကို ခုခံ ခဲ့ရသည်။ နောက်ဆုံး၌ "ငှက်မွေးပျံ" ဂိုဏ်းမှာ ပြန်လည် ဆုတ်ခွာ သွားသော်လည်း ကျိုးကျူရှင်း မှာလည်း ဒဏ်ရာများစွာ ရရှိ သွားခဲ့သည်။
ထိုသတင်းအား ကြားသည်နှင့် ဝူဝမ်တင်သည် အလွန် ဒေါသထွက်ကာ "ငှက်မွေးပျံ" ဂိုဏ်းသို့ ကိုယ်တိုင် သွားရောက် တိုက်ခိုက်၏။ သူသည် "ငှက်မွေးပျံ" ဂိုဏ်း တစ်ခုလုံးကို သူ၏ တစ်ဝက် တစ်ပျက် ကောင်းကင် ရတနာ ဖြစ်သည့် "ပင်လယ်မျို အိုး" အတွင်း စုပ်ယူကာ ရေ အဖြစ် ပြောင်းလဲ ပစ်ခဲ့သည်။
ထိုအကြောင်းအရာကား မြောက်နတ္ထိနယ်ရှိ လူတိုင်းအတွက် သတင်းထူး တစ်ခု ဖြစ်သွားခဲ့သည်။ သူတို့သည် ငှက်မွေးပျံဂိုဏ်း၏ သတ္တိကို ဝူဝမ်တင်၏ စွမ်းအားထက်ပင် ပိုမို၍ အံ့အားသင့် မိကြ၏။
ဤသို့ဖြင့် ငှက်မွေးပျံဂိုဏ်း၏ အန္တရာယ်မှ လွတ်မြောက် ပြီးနောက် ချန်းဖန်တို့သည် ဝူမိသားစု ပိုင်နက်သို့ ရောက်ရှိ လာခဲ့သည်။
ကောင်းကင်အရှင် မိသားစု တစ်ခု အနေဖြင့် ဝူမိသားစုသည် မိုင်တစ်ရာ ကျယ်ဝန်းသော သမုဒ္ဒရာ အတွင်း တည်ရှိ၏။ မိသားစု အခြေစိုက်ရာ နေရာကား သမုဒ္ဒအောက် ပေတစ်ထောင် အနက်တွင် ဖြစ်သည်။
ရေဥမင်ကို ဖြတ်ကျော်ပြီးနောက် ဧက တစ်ရာကျော် ကျယ်ဝန်းသည့် ရှေးဟောင်း မြို့တော်ကြီးက ချန်းဖန်တို့၏ အရှေ့တွင် ပေါ်လာခဲ့သည်။
"ဒီမြို့တော်က ကျွန်မတို့ရဲ့ ဘိုးဘေး တည်ဆောက် ခဲ့တာလေ... မြို့တော် ထွက်ပေါက်က မြောက်ပင်လယ်နဲ့ ချိတ်ဆက်ထားတာ... ရာစုနှစ် အနည်းငယ် ကြာတိုင်း မြောက်ပင်လယ်ရဲ့ သားရဲ အချို့က မြောက်နတ္ထိနယ်ကို လာပြီး တိုက်ခိုက်လေ့ ရှိတယ်... ဒါပေမဲ့ ကျွန်မတို့ ဝူမိသားစုက သူတို့ကို အမြဲတမ်း တားနိုင်ခဲ့တယ်"
ဝူချင်းယန်က ဂုဏ်ယူသော လေသံဖြင့် ပြောပြသည်။
"ကောင်းကင် အရှင် မိသားစု" ဆိုသည်ကား စွမ်းအား၏ သင်္ကေတ တစ်ခုသာ မဟုတ်ချေ။ ကြီးလေးသော တာဝန် တစ်ခုလည်း မည်၏။ သူတို့သည် ထိုတာဝန်ကို ထမ်းရွက် နိုင်ခြင်းကြောင့်သာ မြောက်နတ္ထိနယ်ကို ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် လွှမ်းမိုးနိုင်ခြင်း ဖြစ်သည်။
"ကောင်းတာပေါ့..."
ချန်းပင် ပင်လျှင် အနည်းငယ် လေးစား သွားမိ၏။
မြို့တော် အတွင်းသို့ ဝင်ပြီးနောက် ဝူမိသားစု ခေါင်းဆောင်နှင့် အကြီးအကဲများက သူတို့အား ခမ်းနားစွာ ကြိုဆို ကြသည်။ ဝူမိသားစုကား အမှန်တကယ်ပင် ကောင်းကင် အရှင် မိသားစု ပီသလှသည်။
သူတို့သည် ရွှေအမြုတေ ထိပ်ဆုံး အဆင့် ဆယ်ချီ အပြင် ပြည်နယ်သခင် အဆင့် အရှင် သခင် ရှစ်ယောက်ကို ပိုင်ဆိုင် ထားသည်။ ဝူမိသားစု ခေါင်းဆောင် ဆိုလျှင် အဆင့်မြင့် ရွှေအမြုကို ပိုင်ဆိုင်ထားကာ သူ၏ စွမ်းအားမှာ မခန့်မှန်း နိုင်လောက်အောင် ကြီးမားသည်။
ထို့အပြင် ဝူမိသားစုသည် ကျန်းဟိုင် တပ်ဖွဲ့ ခုနစ်ဖွဲ့ကို ထိန်းချုပ်ထား၏။ ထိုတစ်ဖွဲ့ချင်းစီ၏ အင်အားကား သွေးမိစ္ဆာ စစ်တပ်နှင့်ပင် ယှဉ်နိုင်သည်။ ဝူမိသားစုကား ဆန္ဒရှိလျှင် မြေရိုင်းနယ် တစ်ခုကိုပင် အသာလေး ဖျက်ဆီး ပစ်နိုင်ပေသည်။
"သူတို့က အရမ်း အစွမ်းထက်တယ်... အရမ်း ကြောက်ဖို့ ကောင်းတယ်"
ကျိုးကျူရှင်း၏ လက်များကား တုန်ရီ နေခဲ့ပြီ ဖြစ်သည်။
"သမားတော်ချန်း ဘယ်လိုထင်လဲ... ကျုပ်တို့ မိသားစုက အင်အားကြီးတယ် မလား"
ဝူဝမ်တင်က မေးလိုက်၏။
"မဆိုးပါဘူး..."
ချန်းဖန်က အလိုက်သင့် ခေါင်းညိတ် ပြလိုက်သည်။ သူ့အတွက် ထိုအင်အားလောက်ကို ရင်ဆိုင်ရန်မှာ အားသုံးစရာပင် လိုအပ်မည် မဟုတ်ချေ။
သို့သော်လည်း မြို့တော်အား ပတ်ထားသည့် အစီအရင်နှင့် ပေတစ်ထောင်ခန့် မြင့်သော အနက်ရောင် သုံးချောင်းထောက် အိုးကြီးကမူ သူ၏ မျက်လုံးများကို ကျဉ်းမြောင်း သွားစေခဲ့၏။
"ဟားဟား..."
ဝူဝမ်တင်က အားရပါးရ ရယ်မောကာ ချန်းဖန်အား မြို့တော် အတွင်းသို့ ဖိတ်ခေါ် လိုက်သည်။
ချန်းဖန်သည် ဝူမိသားစု၌ ရက်အနည်းငယ် ကြာအောင် နေ၏။ ဝူမိသားစုသည် သူ့အား ကောင်းကင်ဆေးမြစ် ရှစ်ခု ပေးအပ်ကာ အပြန်အလှန် အနေဖြင့် သူက ရေအမတေ ကောင်းကင် ဆေးလုံးများ ပြန်လည် ပြုလုပ်ပေး ရသည်။ ဝူမိသားစုသည် ထိုဆေးများကို အသုံးပြု၍ အဆင့်မြင့် ရွှေအမြုတေ ပိုင်ရှင် မျိုးဆက် ထောင်ချီကို မွေးထုတ် နိုင်လိမ့်မည် ဖြစ်သည်။
ဝူဝမ်တင်သည် ဝူပိုင်စုနှင့် ဝူချင်းယန်တို့ဖြင့်လက်ဆက်ပေးရန်ပင် ချန်းဖန်ကို ကမ်းလှမ်း၏။ သို့သော်လည်း ချန်းဖန် ငြင်းဆန်လိုက်သည်။
ချန်းဖန် ပြန်တော့မည့် နေ့၌ ဝူပိုင်စုနှင့် ဝူချင်းယန် တို့မှာ သူ့ထံသို့ ရောက်ရှိ လာခဲ့၏။
"သမားတော်ချန်း... လင်ကျင်းမြို့နားမှာ လူငယ် မျိုးဆက် တွေ့ဆုံပွဲ တစ်ခု လုပ်ဖို့ ရှိတယ်... အဲဒါက ရာစုနှစ် တစ်ခုမှ တစ်ခါ ကျင်းပတာလေ... အဲဒီ တွေ့ဆုံပွဲကို မြောက်နတ္ထိနယ်က လူတွေ အပြင် အခြား ကောင်းကင်နယ်တွေက လူတွေပါ လာမှာလေ... အဲဒါ သမားတော်ချန်း ကျွန်မတို့နဲ့ လိုက်ဖို့ ဆန္ဒများ ရှိမလား"
***