← Chapters

မိတ်ဆွေဟောင်း အချို့နှင့် ပြန်လည် တွေ့ဆုံခြင်း

Vol. 10 Ch. 904

မိတ်ဆွေဟောင်း အချို့နှင့် ပြန်လည် တွေ့ဆုံခြင်း

Vol. 10 Ch. 904

"လင်ကျင်း ညီလာခံ..."

ချန်းဖန်က ဝူချင်းယန်အား မေးမြန်းဟန် ကြည့်လိုက်၏။

"ရှေးဟောင်းခေတ်တွေတုန်းက လင်ကျင်းမြို့မှာ အခြား နာမည် တစ်ခု ရှိတယ်... နောက်ပိုင်း ကောင်းကင် အရှင် တစ်ယောက်က မြို့ကို ဖြတ်ပြီး မိုင်တစ်ထောင် ရှည်လျားတဲ့ မြစ်တစ်စင်း ဖန်တီးပြီးတဲ့ အခါကျမှ လင်ကျင်းမြို့ ဆိုပြီး ဖြစ်သွားတာ... အဲဒီ အချိန်က စပြီး ကောင်းကင်နယ် ဆယ်ခုရဲ့ ပါရမီရှင် လူငယ်တွေ ပါဝင်တဲ့ လင်ကျင်း ညီလာခံ ဆိုပြီး ကျင်းပလာခဲ့တာ ခုထိပဲ"

ဝူချင်းယန်က ရှင်းပြ လိုက်၏။

"ကောင်းကင်နယ် ဆယ်ခုရဲ့ ပါရမီရှင်တွေ ဟုတ်လား..."

ချန်းဖန်မှာ စိတ်ဝင်စား သွား၏။

"အမှန်ပါပဲ... ချန်ရှန်း ကောင်းကင် နယ်မြေရဲ့ လော့ချန်ရှန်းလည်း ညီလာခံကို တက်မယ် ပြောတယ်... သူက ဟန်ရှုံး သတ်မှတ်ချက်မှာ အဆင့် တော်တော်လေး မြင့်တယ်"

ဝူပိုင်စုက ခေါင်းညိတ် လိုက်သည်။ လေသံနှင့် အမူအရာ အရ သူမမှာ လော့ချင်ရှန်းကို အလွန်တရာ လေးစားကြောင်း ချန်းဖန် အကဲခတ် လိုက်မိ၏။

"ဒါနဲ့ ဟန်ရှုံး သတ်မှတ်ချက် ဆိုတာ ငါ ခဏခဏ ကြားဖူးတယ်... အဲဒါက ဘာလဲ... ဝမ်ရွှမ်လုံလည်း အဲဒီ သတ်မှတ်ချက်မှာ ပါတယ်ဆို... သူနဲ့ လော့ချင်ရှန်းနဲ့ ယှဉ်ရင်ရော ဘယ်လိုလဲ..."

ချန်းဖန်က မေးလိုက်၏။

"ဟန်ရှုံး သတ်မှတ်ချက်ကို ထျန်းရှုဂိုဏ်းက ပြဌာန်းထားတာလေ... အဲဒီ သတ်မှတ်ချက်မှာ အသက် ငါးရာအောက် ရွှေအမြုတေ အဆင့်တွေပဲ ပါဝင်နိုင်တယ်"

ဝူပိုင်စုက ချန်းဖန်ကို အနည်းငယ် အံ့ဩဟန် ကြည့်ကာ ရှင်းပြလိုက်သည်။ သူမသည် ချန်းဖန် ဟန်ရှုံး သတ်မှတ်ချက် အကြောင်း မသိခြင်းအား မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။

"ရွှေအမြုတေ အဆင့်တွေ အားလုံးက သတ်မှတ်ချက်မှာ မပါဝင်နိုင်ဘူး... သူ့မှာ စည်းကမ်း နှစ်ခု ရှိတယ်... ပထမ စည်းကမ်းက အဆင့်မြင့် ရွှေအမြုတေကို ပိုင်ဆိုင်ရမယ်... ဒုတိယ စည်းကမ်းက ရွှေအမြုတေ ထိပ်ဆုံး အဆင့်ကို ရောက်နေရမယ်"

"သတ်မှတ်ချက်မှာ နေရာ တစ်ရာ ပါဝင်ပြီး အဲဒီ တစ်ရာလုံးက လူငယ် မျိုးဆက်ရဲ့ အစွမ်း အထက်ဆုံးတွေ ချည်းပဲ... အဲဒီ တစ်ရာထဲက အများစုက ကောင်းကင်နယ်တွေက ချည်းပဲ"

"ဒါပေမဲ့ အချို့ ကောင်းကင်နယ်တွေဆို သတ်မှတ်ချက်ဝင် တစ်ယောက်တောင် မပိုင်ဆိုင်ထားဘူး... ကျွန်မတို့ မြောက်နတ္ထိနယ်တောင် ဝမ်ရွှမ်လုံ တစ်ယောက်ပဲ ရှိတာ... ဒါတောင် သူက သတ်မှတ်ချက်ရဲ့ အောက်ဆုံးမှာ..."

ဝူပိုင်စုက စကားအား ရပ်ကာ သက်ပြင်းချ လိုက်သည်။

ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။ ဝမ်ရွှမ်လုံ ကဲ့သို့သော လူမှာ သတ်မှတ်ချက်၏ အောက်ဆုံး၌ ရှိနေမည်ဟု သူ လုံးဝ မတွေးမိခဲ့ချေ။

"လော့ချန်ရှန်းကရော..."

သူက ထပ်မေးလိုက်သည်။

"သူက နှစ်ဆယ့်တစ်မှာ ရှိနေတာ.. သူက ရွှေအမြုတေ နောက်ဆုံး အဆင့်ကို လွန်ခဲ့တဲ့ နှစ်သုံးရာတည်းက ရောက်နေတာလေ... ကျွန်မတို့ မိသားစု ခေါင်းဆောင်တောင် သူ့ကို ရန်မစ ဝံ့ဘူး"

ဝူပိုင်စုက တောက်ပသော မျက်ဝန်းများဖြင့် ပြန်ဖြေ လိုက်သည်။

ထို့နောက် ချန်းဖန်က ရှန်းရှီ၏ သတ်မှတ်ချက်ကိုပါ ထပ်မံ မေးလိုက်သည်။

"နတ်မိမယ်လေး ရှန်းရှီလား..."

ဝူပိုင်စုမှာ ထိုမေးခွန်းကြောင်း အံ့အားသင့် သွား၏။

"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက နတ်မိမယ် ရှန်းရှီက အဆင့် သုံးဆယ်မှာ ရှိနေခဲ့တာ... ဒါပေမဲ့ ကောလဟာလတွေ အရဆို သူက ရွှေအမြုတေကို ကောင်းကင် အဆင့်ထိ မြှင့်တင် နိုင်ခဲ့တယ်တဲ့... အဲဒါသာ အမှန်ဆိုရင် ခု အချိန် သူ့ရဲ့ သတ်မှတ်ချက်က အဆင့် ငါး အတွင်း မဝင်ရင်တောင် အဆင့် တစ်ဆယ်တော့ ဝင်မှာ အသေအချာပဲ"

"ကောင်းကင် အဆင့် ရွှေအမြုတေနဲ့တောင် ထိပ်ဆုံး သုံးယောက်ထဲ မဝင်ဘူးလား... အဲဒါဆို ထိပ်ဆုံး သုံးယောက်က ဘာအမြုတေကို ပိုင်ဆိုင်ထားလို့လဲ"

ချန်းဖန်မှာ အံ့အားသင့် နေခဲ့သည်။

ကောင်းကင်အဆင့် ရွှေအမြုတေ ပိုင်ဆိုင်ထားသော ကျင့်ကြံသူများသည် အလွန် အစွမ်းထက်ကြသည်။ စကြဝဠာ တစ်ခုလုံးတွင်ပင် ထိုလူများသည် ထိပ်တန်း အဆင့်၌ ရပ်တည် နိုင်ကြသည်။ သို့သော်လည်း ထိုသို့သော ပါရမီရှင်မျိုးက ဟန်ရှုံး သတ်မှတ်ချက်၌ ထိပ်ဆုံး သုံးယောက်ပင် မဝင်ဟု ဆိုသည်။

"ဘယ်လိုဖြေရမလဲ... ကောင်းကင်အဆင့် ရွှေအမြုတေ ပိုင်ရှင်တိုင်းက အရမ်း ရှားပါးသလို အရမ်းလည်း အစွမ်းလည်း ထက်ကြပါတယ်... ဒါပေမဲ့ လူတစ်ယောက်ရဲ့ စွမ်းအားက ရွှေ အမြုတေ အပြင် တန်ခိုး အဆင့်၊ ဓမ္မ ရတနာ နဲ့ နတ်ဘုရား စွမ်းအား တွေပေါ်မှာပါ မူတည် နေသေးတယ်လေ"

ဝူပိုင်စုက တစ်ခဏ ရပ်၍ အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူမက ဆက်ပြော လိုက်သည်။

"ကျွန်မ ကြားရသလောက်ဆို ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်က ကောင်းကင် အရှင်တွေနဲ့တောင် ယှဉ်ပြီး တိုက်ခိုက်ဖူး တယ်တဲ့"

ချန်းဖန်မှာ နောက်တစ်ကြိမ် အံ့အားသင့် သွားပြန်၏။

အခြေတည် ဝိညာဉ် အဆင့် ကောင်းကင် အရှင်များ၏ စွမ်းအားကို သူ ကောင်းစွာ သိသည်။ သူတို့ကား ကောင်းကင်ကို ဖြို၍ မြေပြင်က်ု ချေမွှ ပစ်နိုင်စွမ်း ရှိ၏။ သူတို့၏ ထိန်းချုပ်မှု အောက်၌ အချိန်နှင့် ဟင်းလင်းပြင် ပင်လျှင် သဘာဝ တရားကို ဖီဆန်ရ၏။

ချန်းဖန် ပင်လျှင် ရွှမ်ဝူ အသွင် ပြောင်းမထားပါက  အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကို လက်ရည်တူ တိုက်ခိုက်ရန် ယုံကြည်ချက် မရှိချေ။

"ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ဒီလို အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိနေတာလား... ငါတော့ ဒီကမ္ဘာကို အထင်သေးမိပြီ ထင်တယ်"

ချန်းဖန်က ထိုသို့ တွေးကာ အနည်းငယ် ပြုံးလိုက်သည်။

အဆုံး၌ ချန်းဖန်သည် ညီလာခံသို့ တက်ရောက်ရန် သဘောတူ လိုက်သော်လည်း မိန်းကလေး နှစ်ယောက်နှင့် အတူ သွားရန်မူ ငြင်းဆို လိုက်၏။ ထို့အစား သူသည် မလိုလားအပ်သော အာရုံ စူးစိုက်မှုများကို ရှောင်လွှဲရန် အတွက် သူ၏ အစေခံအိုကြီးနှင့်သာ နှစ်ယောက်အတူ သွားမည် ဖြစ်သည်။

လင်ကျင်း ညီလာခံကို ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်၌ ကျင်းပမည် ဖြစ်သည်။ ထိုနေရာသည် ကောင်းကင်အရှင် မြစ်ကို ဖန်တီးခဲ့သော နေရာ ဖြစ်၏။ ညီလာခံသည် မစသေး သော်လည်း ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့် တစ်ဝိုင်မှာမူ လူငယ် ကျင့်ကြံသူများဖြင့် ပြည့်သိပ် နေခဲ့ပြီ ဖြစ်သည်။

တက်ရောက်လာသော အများစုမှာ မြောက်နတ္ထိနယ် ပြည်နယ် ဆယ့်သုံးခုမှ ဖြစ်ပြီး အချို့မှာမူ အခြား ကောင်းကင်နယ်များမှ ဖြစ်သည်။ ချန်းဖန်သည် ရွှေအမြုတေ အစောပိုင်း အဆင့်သာ ဖြစ်ရာ လူအများ၏ ထူးထူးခြားခြား စိတ်ဝင်စားမှုကို ရရှိခြင်း မရှိချေ။

"အဲဒါက ဟူမိသားစုရဲ့ ဟူရှောင် လေ... ငါ ကြားတာတော့ သူက ရွှေအမြုတေ နောက်ဆုံး အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီ တဲ့... သူ့ဘေးက ခရမ်းရောင် လနတ်သမီး ဆိုတာ ဖြစ်ရမယ်... ဘယ်လောက်တောင် လိုက်ဖက်လိုက်တဲ့ စုံတွဲလဲ"

"ဝူ ညီအမလည်း ရောက်လာတာလား... ဒါနဲ့ ဝူပိုင်စုက ဟန်ရှုံး သတ်မှတ်ချက်ကို ဝင်တော့မယ် ဆို"

"ဟိုတစ်ယောက်က ဝမ်မိသားစုက ဝမ်ရွှမ်ဖုန်း မလား..."

မရေမတွက်နိုင်သော လူများသည် ကုန်းပြင်မြင့် ထိပ်၌ ရှိနေသော နာမည်ကျော် ပါရမီရှင် လူငယ်များကို ကြည့်ကာ ဆွေးနွေး နေကြ၏။ သူတို့၏ မျက်လုံးများက အားကျမှုများဖြင့် တလက်လက် တောက်ပ နေခဲ့သည်။

"တစ်နေ့ကျ ငါလည်း သူတို့လို ကုန်းပြင်မြင့် ထိပ်ကို သွားနိုင်ရမယ်"

တစ်ယောက်က ခိုင်မာစွာဖြင့် လက်သီးကို ဆုပ်ကာ ပြော၏။

"ဟဟ... မင်းကလား..."

အခြားတစ်ယောက်က ရယ်မောကာ ပြက်ရယ် ပြုသည်။

"အရင်ဆုံး ရွှေအမြုတေ တစ်ခုရအောင် လုပ်ပါဦး ကိုယ့်လူရယ်..."

ထိုအချိန်၌ ချန်းဖန်တို့မှာလည်း လူအုပ်ကြား၌ ရောက်ရှိ နေခဲ့သည်။

"သခင်... ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်က ကောင်းကင် အရှင် သေဆုံးခဲ့တဲ့ နေရာလေ... အဲဒီ အပေါ်မှာ ရပ်တည်နိုင်တဲ့ ဘယ်သူမဆို မြန်မြန်ဆန်ဆန် နာမည်ကြီး လာလိမ့်မယ်... လုံလောက်တဲ့ စွမ်းအား မရှိပဲ ကုန်းပြင်မြင့်ကို တက်တဲ့ သူတွေကတော့ မြန်မြန်ဆန်ဆန်ပဲ ကျဆုံးခန်းကို ရောက်သွားရလိမ့်မယ်"

ကျိုးကျူရှင်းက အလိုက်တသိဖြင့် ရှင်းပြသည်။

ချန်းဖန်က ကုန်းပြင်မြင့်အား ကြည့်လိုက်ရာ ရွှေအမြုတေ အဆင့် များစွာမှာ လျှပ်စီးများ၏ တိုက်ခိုက်မှုကို ခံရကာ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျ နေသည်အား တွေ့လိုက်ရသည်။ ကုန်းပြင်မြင့်ထိပ်ပေါ်သို့ တက်ရောက်နိုင်သော အရေအတွက်မှာမူ တစ်ရာခန့်သာလျှင် ရှိ၏။

ချန်းဖန်က ကျိုးကျူရှင်အား တောင်ထိပ်သို့ တက်ခိုင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ၏ နာမည်အားခေါ်လိုက်သည်ကို ကြားလိုက် ရသည်။

"စီနီယာချန်း..."

ချန်းဖန်က လှည့်ကြည့်လိုက်ရာ သူ၏ မိတ်ဆွေဟောင်းများ ဖြစ်သည့် ယွင်ရီအာ၊ လင်းဝူဟွာနှင့် မူဟုန်တိ တို့အား မြင်လိုက် ရသည်။

"နင်တို့ ဘယ်လိုလုပ်ပြီး ရောက်လာကြ တာလဲ..."

ချန်းဖန်က တအံ့တဩဖြင့် သူတို့အား မေးလိုက်သည်။

ပေ့ဟန်နယ်နှင့် မြောက်နတ္ထိနယ်မှာ မိုင်ပေါင်း များစွာ ကွာဝေးကာ မူလ အဆင့် တစ်ယောက်ပင်လျှင် ခရီးသွားရန် လပေါင်းများစွာ အချိန်ယူ ရမည် ဖြစ်သည်။ ချန်းဖန်သည် သူမတို့အား တွေ့မြင်ရမည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။

"စီနီယာချန်း ပေ့ဟန်နယ်က ထွက်သွား ကတည်းက ဆရာက ကျွန်မတို့ကို အမြင် ကျယ်အောင် ဆိုပြီး ခရီးထွက်ဖို့ ခွင့်ပြု လိုက်တာ..."

လင်းဝူဟွာက ဦးညွှတ် အရိုအသေ ပြုကာ ပြောလိုက်သည်။

သူမ၏ အပြုအမူကား အလွန် ယဉ်ကျေး နေ၏။ လွန်ခဲ့သည့်နှစ်များ အတွင်း၌ သူမသည် မည်ကဲ့သို့ လေးစားရမည်ကို ကောင်းကောင်း သင်ယူခဲ့ပုံ ပေါ်သည်။

"စီနီယာချန်း... ဒီခရီးမှာ ကျွန်မတို့ အရမ်း အစွမ်းထက်တဲ့ လူတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်... ပေ့ဟန်နယ်မှာတုန်းက မန်ကူးနဲ့ ကျိုးတုလော့ တို့လောက် အစွမ်းထက်တဲ့သူ ရှိမှာ မဟုတ်ဘူး လို့ ထင်ခဲ့တာ... ဒါပေမဲ့ မြောက်နတ္ထိနယ်မှာဆို အစေခံ တစ်ယောက်ကတောင် သူတို့ထက် ပိုပြီး အစွမ်းထက် နေသေးတယ်... အခု လောလောဆယ်တောင် ကျွန်မတို့  ဒုက္ခရောက်နေတာ... စီနီယာချန်းနဲ့ ပြန်တွေ့ရတာ ကံကောင်းတာပဲ"

ယွင်ရီအာက ဝမ်းသားအားရဖြင့် ပြောသည်။

"ဒုက္ခရောက်တယ် ဟုတ်လား... ဘာဒုက္ခတုန်း..."

ချန်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ ထိုအချိန်မှာပင် ရုတ်တရက် ကျယ်လောက်သော အသံတစ်ခုကို ကြားလိုက်ရသည်။

"ဟိတ်... နင်တို့ သုံးယောက်... နင်တို့ ကုန်းပြင်မြင့် ထိပ်ကို တက်နိုင်တယ် လို့ ပြောထားတယ်နော်... ဘာကို စောင့်နေတာလဲ... တက်လေ"

ချန်းဖန်က အသံလာရာသို့ လှမ်းကြည့် လိုက်၏။

အသံရှင်ကား လှပ၍ ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမသည် ထီမထင်ဟန်ဖြင့် မေးစေ့အား မော့ထား၏။ သူမ၏ မျက်ဝန်းများမှာမူ မောက်မာမှုဖြင့် ပြည့်နှက် နေခဲ့သည်။

***

All Chapters