← Chapters

ငါ့နာမည်က ချန်းပေ့ရွှမ်း ဖြစ်နေလို့ပဲ

Vol. 10 Ch. 905

ငါ့နာမည်က ချန်းပေ့ရွှမ်း ဖြစ်နေလို့ပဲ

Vol. 10 Ch. 905

မိန်းကလေးသည် ခရမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ အောက်သို့ လျှောကျနေသော လည်ပင်းပေါက်တွင်မူ သူမ၏ ရင်သား နှစ်ခုက ဆိုးရွားစွာ ထွက်ပေါ်လျှက် ရှိသည်။ များစွာသော ယောက်ျားသားများကား သူမအား တွေ့သည်နှင့် မျက်လုံးပင် မလွှဲနိုင်တော့ချေ။

သူမ ရောက်ရှိလာသည်နှင့် လင်းဝူဟွာတို့ သုံးယောက်၏ မျက်နှာများမှာ တင်းမာ သွားသည်။ ယွင်ရီအာက ရှေ့သို့ တစ်လှမ်းတိုးကာ မေးလိုက်၏။

"ဟူမေ့... နင်က ဘာလို့ ငါတို့ကို လိုက်ပြီး နှောက်ယှက် နေတာပဲ"

"ဟမ့်... ငါက လင်းဝူဟွာကို စကား ပြောနေတာ... နင့်ဆရာက စီနီယာတွေကို ဘယ်လို လေးစားရမလဲ ဆိုတာ နင့်ကို သင်မထားဘူးလား"

ဟူမေ့က နှာခေါင်းရှုံ့ကာ လက်အား ဝှေ့ယမ်း လိုက်သည်။

ရုတ်တရက် လေထု၌ ခရမ်းရောင် အလင်း တစ်ခု ဖြစ်ပေါ်လာကာ ယွင်ရီအာထံ တိုးဝင် သွားသည်။ ထိုတိုက်ခိုက်မှုကား ရွှေအမြုတေ အဆင့် တစ်ယောက်ထံမှ လာခြင်း ဖြစ်ရာ လေထု ပင်လျှင် ဖိအားဖြင့် လေးလံ ဖိစီး လာခဲ့၏။

"ကလန့်..."

လင်းဝူဟွာက လက်နှစ်ချောင်းအား ဓား အသွင် ဖွဲ့စည်းကာ ခရမ်းရောင် အလင်းကို ဖျက်ဆီး ပစ်လိုက်၏။

"ဟူမေ့... တော်လောက်ပြီ... နင်နဲ့ ငါ့ကြားက ကိစ္စက ရီအာနဲ့ ဘာမှ မဆိုင်ဘူး... နင် သူ့ကို တိုက်ခိုက်စရာ မလိုဘူး"

လင်းဝူဟွာက တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

"မိန်းကလေး မိန်က နင်တို့ကို သတ်တော့ရော ဘယ်သူက ဘာလုပ်နိုင်မှာလဲ... နင်တို့လို တောက တက်လာတဲ့ သူတွေကို ဘယ်သူမှ ဂရုမစိုက်ဘူး"

ဟူမေ့၏ ဘေးရှိ အဖြူရောင် ဝတ်စုံဝတ် ကျင့်ကြံသူက အေးစက်စွာ ပြုံးရင်း ဆိုလိုက်၏။

သူကား အရပ်ရှည်၍ ချောမောသော ရုပ်ရည် ရှိသည်။ ခန္ဓာကိုယ် တစ်ဝိုက်၌ ထွက်ပေါ်နေသော စွမ်းအားကမူ ထိုသူမှာ ရွှေအမြုတေ အလယ်ဆင့် တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေ၏။

"နင်တို့ ဆန့်ကျင်နေတဲ့သူက ဘယ်သူလဲ ဆိုတာရော နင်တို့ သိရဲ့လား..."

"မိန်းကလေးမိန် ဟူမိသားစုရဲ့ ဆက်ခံသူ တစ်ယောက်ပဲ... နောက်ပြီး သူက ဟူ သခင်လေးရဲ့ ဒုတိယ ညီမ... နင်တို့ အသက်က သူ့အတွက် ဘာမှ အဖိုး မတန်ဘူး... ခုချက်ချင်း ဒူးထောက်ပြီး အသက် ချမ်းသာပေးဖို့ တောင်းပန်စမ်း"

"မိန်းကလေးမိန်... ဟိုအနက်ရောင်ဝတ် ကောင်မလေးက ကျွန်တော့် အကြိုက်ပဲဗျ... သူ့ကို ကျွန်တော့် အတွက် ချန်ထားပေးပါ... အပျော် အနေနဲ့ အိမ်မွေး တိရစ္ဆာန် တစ်ကောင်လောက် ရလဲ မဆိုးဘူးလေ"

ဟူမေ့၏ ဘေး၌ ဝန်းရံနေသည့် အခြား လူငယ် ကျင့်ကြံသူများကလည်း မျက်နှာလို မျက်နှာရ ပြောကြ၏။ အမူအရာနှင့် စကားများ အရ သူတို့ကား ယွင်ရီအာတို့ သုံးယောက်ကို လူဟုပင် သတ်မှတ်ထားပုံ မရချေ။

ထိုအချိန်၌ မိန်းကလေး သုံးယောက်ကား ရှက်ရွံ့မှုနှင့် ဒေါသကြောင့် တဆတ်ဆတ် တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။

"ဘာတွေ ဖြစ်နေတာလဲ..."

ချန်းဖန်က မျက်မှောင်ကြုတ်ကာ မူဟုန်တိအား မေးလိုက်၏။

"စီနီယာချန်း... အဖြစ်အပျက်က အလုံးစုံက ဒီလိုပါ"

"ကျွန်မတို့ မြောက်နတ္ထိနယ်ကို ဝင်ဝင်ချင်း ဟူမေ့တို့ အုပ်စုနဲ့ တွေ့ခဲ့ပါတယ်... အဲဒီမှာ သူ့တို့ အဖွဲ့ထဲက တစ်ယောက်က အမလင်းကို သဘောကျ သွားပါတယ်... အဲဒါနဲ့ ဟူမေ့က မနာလို ဖြစ်ပြီး အမလင်းကို ပြဿနာ ရှာဖို့ ကြိုးစားတော့တာပဲ... နောက် ကျွန်မတို့ ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်ကို သွားမယ် ဆိုတာလည်း သိရော သူက ကျွန်မတို့ ကုန်းပြင်မြင့်ကို ဘယ်တော့မှ တက်နိုင်မှာ မဟုတ်ဘူးနဲ့ ရန်လာစပြန်ရော... အဲဒီမှာ ရီအာက မခံနိုင်လို့ ပြန်ပြောတာကို သူက သူ့ကို စော်ကားတယ် ဆိုပြီး ကျွန်မတို့ကို ခုထိ လိုက်ပြီး ပြဿနာ ရှာနေတာ"

မူဟုန်တိက ချန်းဖန်အား ရှည်လျားစွာ ရှင်းပြ လိုက်သည်။

ချန်းဖန်က ဟူမေ့နှင့် လင်းဝူဟွာ တို့၏ မျက်နှာများကို ကြည့်ကာ အဖြစ်အပျက်ကို ပို၍ သဘောပေါက် သွားခဲ့၏။ လင်းဝူဟွာသည် ဟောဟော့ရမ်းရမ်း ဝတ်ဆင်ထားခြင်း မရှိသော်လည်း အမှန်ပင် ဟူမေ့ထက် ပို၍ ဆွဲဆောင်မှု ရှိသည်။ သို့ဖြစ်ရာ ဟူမေ့သည် လင်းဝူဟွာကို မနာလိုနေခြင်း ဖြစ်ပုံ ရ၏။

"ဟမ့်... ဖန့်ယုရှန်း နင့်ကို ကြိုက်တာ မကြိုက်တာကို ငါ ဂရုမစိုက်ဘူး... စိတ်လည်း မဝင်စားဘူး... ဒါပေမဲ့ ဟိုကောင်မစုတ်လေး ငါ့ကို အရှက်ခွဲတာကိုတော့ ငါ ခွင့်မလွှတ်နိုင်ဘူး... ငါ့ကို ဒူးထောက် တောင်းပန်ရင် တောင်းပန် မဟုတ်ရင် နင်တို့ စွမ်းအားတွေကို ဖျက်ဆီးပြီး ပြည့်တန်ဆာအိမ် ပို့ပစ်မယ်..."

ဟူမေ့က မောက်မာသော လေသံဖြင့် ပြောလိုက်၏။

"နင် လုပ်ရဲလား..."

လင်းဝူဟွာကား ဒေါသကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ သူမက ဓားအား ဆွဲထုတ်ကာ တိုက်ခိုက် လိုက်တော့၏။

"ဟမ့်..."

ဟူမေ့က အေးစက်စက် နှာခေါင်းရှုံ့ကာ ပြန်လည် တိုက်ခိုက်လိုက်သည်။ သူမ၏ ဘေးရှိ လူငယ်များကလည်း သူတို့၏ ဓမ္မ ရတနာများကို ဆွဲထုတ်ကာ ဝိုင်းဝန်း တိုက်ခိုက် ကြ၏။

"ဘုန်း..."

"ဘုန်း..."

ရုတ်တရက် ပြင်းထန်သော တိုက်ပွဲ တစ်ခု ဖြစ်ပေါ်လာ၏။

"အမလင်း..."

မူဟုန်တိ၏ မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နှက် သွားခဲ့သည်။

လင်းဝူဟွာသည် အဆင့်ငါး အမြုတေကို ပိုင်ဆိုင်ထားသည့်တိုင် ရွှေအမြုတေ အစောပိုင်း အဆင့်သာ ဖြစ်သည်။ များစွာသော ပါရမီရှင် လူငယ်များ၏ တိုက်ခိုက်မှု အောက်၌ သူမသည် ဆိုးရွာစွာဖြင့် နောက်သို့ တဆုတ်တည်း ဆုတ်နေရ၏။

"စီနီယာချန်း... အမလင်းကို ကူညီ ပေးပါဦး..."

ယွင်ရီအာက ချန်းဖန်၏ လက်အား ဆွဲကာ အကူအညီ တောင်းလိုက်၏။ မူဟုန်တိကလည်း ချန်းဖန်အား အသနားခံသော မျက်ဝန်းများဖြင့် ကြည့်သည်။ ချန်းဖန်ကား ကျိုးကျူရှင်းထက်ပင် ပို၍ အစွမ်းထက်သူ ဖြစ်ရာ ဟူမေ့တို့အား ကိုင်တွယ်နိုင်မည်မှာ သေချာပေသည်။

သို့သော်လည်း ချန်းဖန် မလှုပ်ရှားရသေးခင် မှာပင် အဖြူရောင် အင်္ကျီဝတ် ကျင့်ကြံသူက သူ၏ လမ်းအား ပိတ်ထားလိုက်၏။

"မင်းက ဝင်ပါချင်တာ သေချာရဲ့လား... မိန်းကလေး ဟူမေ့က ရွှမ်တု ပြည်နယ် ဟူမိသားစုကနော်.... နောက်ပြီး သူက သခင်လေး ဟူရှောင်ရဲ့ အချစ်ဆုံး ညီမလေး... ဟူရှောင် ဆိုတာရော ဘယ်သူလဲ ဆိုတာ မင်းသိလား... မင်း မော့ ကြည့်ရမယ့်သူ ဆိုတာပဲ မှတ်ထားလိုက်"

"နောက်ပြီး ငါနဲ့ ငါ့ညီအကိုတွေ အားလုံး ကလည်း ကောင်းကင် အရှင် မိသားစုတွေက မျိုးဆက်တွေချည်းပဲ... အရပ် ရှည်ရှည်နဲ့ တစ်ယောက်က ရန်ဝူဝမ် တဲ့... သူက စန့်ရှန်း ဂိုဏ်းရဲ့ ကိုးဆက်မြောက် မျိုးဆက်လေ"

"ဟိုတစ်ယောက်ကတော့ ဖန်းယန်တဲ့... သူက ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုရဲ့ နောက်ဆုံး တပည့်ပေါ့... အာ နေဦး... ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နု ဆိုတာ ဘယ်သူလဲ မင်းသိလား... သူက မြောက်နတ္ထိနယ်ရဲ့ စွမ်းအား အမြင့်ဆုံး သတ်မှတ်ချက်မှာ နံပါတ် ငါးဆယ်‌မြောက် ပုဂ္ဂိုလ်လေ"

"နောက်ပြီး ငါနောက်မှာ ရပ်နေတာက ရှင်းဝမ်ရှန်း၊ ဟောင်ဝေ့ကျွင်းနဲ့ အန်ရှုဖုန်း တို့လေ... သူတို့ရဲ့ နောက်ခံတွေကလည်း အစွမ်းထက်တဲ့ လူတွေ ချည်းပဲ... ငါ့ နာမည်ကိုလည်း မှတ်ထား... လျူရှင်းတဲ့... ငါနဲ့ အဆင့်တူတွေကြားမှာ  ငါကနံပါတ် သုံးဆယ်ပေါ့ကွာ"

ဘေးမှ ကြည့်နေသော လူများမှာ လျူရှင်း၏ စကားကို နားထောက်ပြီးနောက် မျက်စိ မျက်နှာပျက် လာခဲ့၏။ ထိုလူငယ် အုပ်စု၏ နောက်ခံကား အံ့မခန်း တောင့်တင်း လှသည်။ သူတို့ကား ဆန့်ကျင်ရန် ကြိုးစားသည့် မည်သူမဆို အဆုံးသတ် ကောင်းလိမ့်မည် မဟုတ်ချေ။

တစ်ချိန်တည်း၌ လင်းဝူဟွာကား ပို၍ အရေးနိမ့် လာနေခဲ့ပြီ ဖြစ်သည်။ ဆက်၍ အချိန်ဆွဲ နေပါက လင်းဝူဟွာမှာ ဟူမေ့တို့၏ တိုက်ခိုက်မှုများ အောက်၌ အသက်ထွက် သွားမည်မှာ သေချာ၏။

"စီနီယာချန်း..."

မူဟုန်တိက ဖြူရော်စွာဖြင့် ချန်းဖန်အား ခေါ် လိုက်၏။ လင်းဝူဟွာ ကလည်း ချန်းဖန်အား အကူအညီတောင်းသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်သည်။

နောက်ဆုံး၌ ချန်းဖန်က သက်ပြင်းတစ်ချက်ချကာ ဟူမေ့အား ကြည့်လိုက်သည်။

"ငါ့အတွက် သူတို့ကို အသက်ချမ်းသာ ပေးလို့ ရမလား..."

သူ၏ စကားအား ကြားပြီးရာ တိုက်ခိုက်နေသော လူငယ်များက ရပ်ကာ အော်ဟစ် ရယ်မော လိုက်ကြ၏။ ဟူမိကလည်း လှောင်ပြောသော မျက်ဝန်းများဖြင့် ချန်းဖန်အား ကြည့်သည်။

ထိုရွှေအမြုတေ အစောပိုင်း အဆင့်က ပါရမီရှင် လူငယ်များကို တားဆီးရဲသည်လား။ သူက သူ့ကိုယ်သူ ဝမ်ရွှမ်လုံ သို့မဟုတ် လော့ချန်ရှန်း ဟုများ ထင်နေသည်လား။

"မင်းက ဘယ်ဂိုဏ်းက လာတာလဲ"

လျူရှင်းက ချန်းဖန်အား ကြည့်ကာ မေးလိုက်သည်။

"ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး..."

ချန်းဖန်က ခေါင်းခါ လိုက်၏။

"ဒါဆို ငါတို့က ဘာလို့ မင်းစကားကို နားထောင် ရမှာလဲ"

လျူရှင်းက အေးစက်စွာ ဆိုကာ ချန်းဖန်ထံ စွမ်းအင်လှိုင်း တစ်ခု ပစ်လွှတ် တိုက်ခိုက် လိုက်သည်။

သူကား ရွှေအမြုတေ အလယ်ဆင့် ဖြစ်ကာ ရေခဲစွမ်းအားကို ကျင့်ကြံသူ တစ်ယောက်လာလည်း ဖြစ်၏။ ရုတ်တရက် လေထု တစ်ခုလုံးကား ရေခဲနဂါးများဖြင့် ပြည့်နှက် သွားသည်။ ထိုနဂါးများမှာ လက်သည်းများကို ဆန့်တန်းကာ ချန်းဖန်အား ဝန်းရံ လိုက်ကြ၏။

ထိုအခါ ကြည့်ရှုသူများ၏ မျက်နှာများမှာ အရောင် ပြောင်းလဲ သွားကြသည်။ သို့သော်လည်း ချန်းဖန်ကမူ အနည်းငယ်ပင် တုန်လှုပ်ခြင်း ကင်းမဲ့နေ၏။ သူက အင်္ကျီ လက်အား ညင်သာစွာ ခါယမ်း၍ ဆိုလိုက်၏။

"ဘာလို့လဲ ဆိုတော့ ငါ့နာမည်က ချန်းပေ့ရွှမ်း ဖြစ်နေလို့ပဲ..."

ချန်းဖန်၏ စကားဆုံးသည်နှင့် လျူရှင်း၏ မျက်နှာရှိ အပြုံးမှာ အေးခဲသွား၏။ သူက သူ၏ ရေခဲနဂါးများကို ပြန်လည် သိမ်းဆည်းကာ တုန်ရီသော အသံဖြင့် ထပ်မံ မေးလိုက်သည်။

"ချန်းပေ့ရွှမ်း... ဆေးဧကရာဇ် ချန်းလား"

"ဟုတ်တယ်... ငါပဲ..."

ချန်းဖန်က ခေါင်းညိတ်လိုက်ရာ လူအုပ်ကြီးမှာ တိတ်ဆိတ်သွား၏။ အင်အားကြီး လူငယ်များ၏ မျက်နှာများမှာလည်း ရုတ်ချည်းပင် ဖြူရော်ကျ သွားတော့သည်။

***

All Chapters