မမျှော်လင့်ထားသော ဧည့်သည်
Vol. 10 Ch. 906
"ဘာဖြစ်လို့လဲ..."
ယွင်ရီအာမှာ မျက်လုံး အဝိုင်းသားဖြင့် အံ့အားသင့် သွား၏။
ချန်းပေ့ရွှမ်း ဆိုသော နာမည် ထွက်ပေါ် လာသည်နှင့် အဘယ်ကြောင့် ရှေးဟောင်း နတ်ဘုရား ကုန်းမြင့် တစ်ခုလုံးက တိတ်ဆိတ်သွားရ သနည်း။ အဘယ်ကြောင့် ရှန်းဝူရှန်း၊ ဖန်းရန်၊ လျူရှင်းနှင့် အခြားလူများ အားလုံးမှာ ဖြူရော် သွားရသနည်း။
လင်းဝူဟွာနှင့် မူဟုန်တိ တို့မှာလည်း နားမလည် နိုင်အောင် ဖြစ်နေကြသည်။ သူမတို့သည် ယခုမှ မြောက်နတ္ထိနယ်သို့ ရောက်ရှိခြင်း ဖြစ်ရာ ချန်းဖန်၏ အကြောင်းများကို ကြားဖူးခြင်း မရှိကြချေ။
တစ်ခဏတာ ဆွံ့အမှု အပြီး၌ လူတိုင်းက ချန်းဖန်ကို ကြည့်ကာ အံ့ဩတကြီး စတင်ကာ ဆွေးနွေး ကြ၏။
"သူက ဆေးဧကရာဇ်လား..."
"ဟုတ်တယ်... ငါ အရှင်ချန်းရဲ့ ဆေးဖော်တဲ့ မှတ်တမ်းရုပ်သံတွေကို ကြည့်ဖူးတယ်... သူက အတွေးတစ်ချက်တည်းနဲ့ ဆေးလုံး ဖန်တီးနိုင်တဲ့ ဆေးဧကရာဇ်နဲ့ တစ်ပုံစံတည်းပဲ"
"ဘုရားရေ... ဆေးဧကရာဇ်က ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်ကို ကိုယ်တိုင် ရောက်လာတာလား... ဒီတစ်ခေါက် ညီလာခံ ကတော့ ခမ်းနားတော့မှာပဲ"
ဆေးသခင်နှင့် ဆေးပညာ အစည်းအရုံးအား အနိုင်ယူပြီးနောက် ချန်းဖန်သည် မြောက်နတ္ထိနယ်၏ လေးစားမှုကို စတင်ကာ ရရှိလာခဲ့သည်။ ရှားပါးသော ဆေးများကို ဖော်စပ်ခြင်းနှင့် ငှက်မွေးပျံဂိုဏ်းကို ကွယ်ပျောက်စေ အပြီးတွင်မူ မည်သူမျှ သူ့အား စော်ကားရဲခြင်း မရှိတော့ချေ။
"သူက ချန်းပေ့ရွှမ်းလား..."
ဟူမေ့မှာ ဒေါသထွက် နေသည့်တိုင် ငြိမ်သက် နေခဲ့၏။
သူမသည် ကောင်းကင် အရှင် မိသားစုတွင် မွေးဖွားလာခဲ့သူ ဖြစ်သော်လည်း ကျော်ကြားသော ဆေးဧကရာဇ်၏ ရှေ့တွင်မူ မောက်မာရဲခြင်း မရှိချေ။ အရှင်ချန်းကား မိသားစု ခေါင်းဆောင်များ၊ အကြီးအကဲများနှင့် တစ်ဝိုင်းတည်း ထိုင်နိုင်သူ ဖြစ်သည်။
"အခု မင်းတို့ ဘာဆက်လုပ်ဖို့ စဉ်းစား ထားလဲ"
ချန်းဖန်က လျူရှင်းအား ကြည့်ကာ မေးလိုက်၏။
ထိုအခါ လျူရှင်း၏ မျက်နှာမှာ တိုး၍ ဖြူရော် သွားသည်။ သူက ချက်ချင်းပင် တုန်တုန်ရီရီဖြင့် ဦးညွှတ်ကာ တောင်းပန် လိုက်၏။
"အရှင်ချန်း... အားလုံးက ကျွန်တော်တို့ အမှားပါ ခင်ဗျာ... ဟူမိသားစု မျက်နှာနဲ့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
"အဲဒါက..."
မိန်းကလေး သုံးယောက်မှာ လျူရှင်း၏ အပြုအမူကို ကြည့်ကာ ထပ်မံ ဆွံ့အ သွားကြ၏။ ဝမ်ရှင်း တန်ခိုးရှင်ချန်းက မြောက်နတ္ထိနယ်တွင်လည်း နာမည်ကြီး နေသည်လား။
ချန်းဖန်က လျူရှင်းကို လျစ်လျူကာ ဟူမေ့ထံသို့ လျှောက်သွားလိုက်၏။
"နင်က လင်းဝူဟွာကို ပြည့်တန်ဆာအိမ် ရောင်းစားမယ် လို့ ပြောခဲ့တယ် မလား..."
ဟူမေ့မှာ ဘာမှ ပြန်မပြောနိုင်ပဲ ချန်းဖန်ကိုသာ ပြူး၍ ကြည့်နေခဲ့၏။
"ဖောင်း..."
ချန်းဖန်က ဟူမေ့၏ ပါးကို ရိုက်လိုက်ရာ ဟူမေ့မှာ နောက်သို့ မီတာ တစ်ထောင်ခန့် လွင့်စဉ် သွားသည်။ ပြန်လည် ထလာချိန်၌ သူမ၏ မျက်နှာ တစ်ခြမ်းလုံးမှာ ဆိုးရွားစွာ နီရဲနေ၏။
"ဒါက နင့်အတွက် သင်ခန်းစာပဲ... နောက် တစ်ကြိမ် အဲ့လိုလုပ်တာ တွေ့ရင် ဟူမိသားစုကို ငါကိုယ်တိုင် သွားပြီး ဟူယွမ်ရှိုကို တွေ့မယ်"
ချန်းဖန်က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"အ..."
ဟူမေ့၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့ သွားသည်။ သူမ၏ လှပသော မျက်လုံးများမှာလည်း ဒေါသဖြင့် မီးဝင်းဝင်းတောက် နေခဲ့၏။
ဟူမိသားစု၏ မျိုးဆက် တစ်ယောက် အနေဖြင့် သူမသည် ထိုသို့ ဆက်ဆံမှုကို တစ်ခါမျှ မခံခဲ့ရဖူးချေ။ ထိုအရာက သူမ၏ ဘဝတွင် ပထမဆုံး အကြိမ် အကြီးအကျယ် အရှက်ရမှုလည်း ဖြစ်သည်။
သို့သော်လည်း သူမ၏ ရှေ့တွင် ရှိနေသူကား ဆေးဧကရာဇ် ဖြစ်သည်။ ဆေးပညာ အစည်းအရုံးကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ ထိုသို့သော သူက သူမ စော်ကား၍ ရသောသူ မဟုတ်ချေ။
"ကျူရှင်း... လင်းဝူဟွာကို စော်ကားတဲ့ စကား ပြောတဲ့သူကို ရှာ... ပြီးရင် သူ့အမြုတေကို ထုတ်ပြီး သာမန် လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲ ပစ်လိုက်... အခြားလူတွေကိုတော့ သူတို့ရဲ့ အရိုးတွေကို ချိုးပြီး မြစ်ထဲ ပစ်ချလိုက်"
ထိုသို့ ပြောပြီးနောက် ချန်းဖန်က ထိုနေရာကို ကျောခိုင်းလိုက်၏။
"ကောင်းပါပြီ..."
ကျိုးကျူရှင်းက ခေါင်းညိတ်ကာ သူ၏ ခန္ဓာကိုယ်ကို ဆန့်တန်း၍ ပေတစ်ထောင် မြင့်မားသော ကောင်းကင်မြိုမြွေကြီး အသွင် ပြောင်းလဲ လိုက်သည်။
လျူရှင်းနှင့် အခြား လူငယ်များမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်လည် ခုခံရန် ကြိုးစား လိုက်ကြ၏။ သို့သော်လည်း ကံမကောင်းစွာပင် ကျိုးကျူရှင်းသည် အရှင် ပေ့ဟန် ဖြစ်ကာ ကောင်းကင်မြိုမြွေ၏ သွေးမျိုးဆက် ဖြစ်သည်။ မည်ကဲ့သို့ သာမန် ရွှေအမြုတေ အဆင့်များက သူ့အား ခုခံ နိုင်ပါမည်နည်း။
"ဘုန်း... ဘုန်း... ဘုန်း..."
တစ်ခဏ အတွင်းမှာပင် ကျိုးကျူရှင်းသည် လူငယ် အချို့၏ အရိုးများကို ချိုးကာ မြစ်ထဲသို့ ပစ်ချလိုက်၏။ ထို့အပြင် သူက လူငယ်များထဲမှ တစ်ယောက်၏ ရွှေအမြုတေ အတင်းအကြပ် ထုတ်ယူကာ သာမန် လူတစ်ယောက် ပြောင်းလဲ ပစ်ခဲ့သည်။
ညီလာခံသို့ တက်ရောက်လာသည့် လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်တရာ ထိတ်လန့် လာခဲ့ကြ၏။
ရန်ဝူဝမ်၊ ဖန်းယန်၊ ရှင်းဝမ်ရှန်း၊ ဟောင်ဝေ့ကျွင်း...
သူတို့ အားလုံးကား မြောက်နတ္ထိနယ်၏ ထင်ရှားသော လူငယ် သခင်လေးများ ဖြစ်ကာ အင်အားကြီး နောက်ခံကို ပိုင်ဆိုင် ကြသည်။ သို့တိုင်အောင် ဆေးဧကရာဇ်လေးသည် မည်သည့် အရာကိုမျှ ဂရု မစိုက်ပဲ သူတို့၏ အရိုးများကို ချိုးကာ မြစ်ထဲသို့ ပစ်ချ စေခဲ့သည်။
ရွှေအမြုတေ အဆင့်များ၏ အရိုးများသည် လျှင်မြန်စွာ ပြန်လည် ကောင်းမွန်နိုင်သည့်တိုင် သူတို့သည် ထိုအရှက်ခွဲ ခံရမှုကို တစ်သက် မေ့နိုင်တော့မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်း... ငါ မင်းကို သေတဲ့ အထိ လပ်စားချေမယ်"
ရေများ တစ်ကိုယ်လုံး စိုရွှဲနေသည့် လျူရှင်းက ရူးသွပ်စွာ အော်ဟစ်၏။
သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ ခွန်အား အစစ်အမှန်ကို ထုတ်ဖော် မပြလိုခြင်း ကြောင့်သာ မဟုတ်လျှင် သူတို့ အားလုံးကို သူ သတ်ခဲ့ပြီး ဖြစ်သည်။ သူ့ အတွက် ဟူမိသားစုမှာ အရေး မပါချေ။ စန့်ရှန်းဂိုဏ်း၊ ဝမ်ရှင်း တန်ခိုးရှင် ရွှမ်တု တို့မှာလည်း အတူတူပင် ဖြစ်သည်။ ယခု လက်ရှိ၌ ကောင်းကင် အရှင် တစ်ယောက်သာ မဟုတ်လျှင် မည်သူမျှ သူ့အား ခြိမ်းခြောက် နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
"သွားကြမယ်..."
ချန်းဖန်က မိန်းကလေး သုံးယောက် ဘက်သို့ လှည့်ကာ လက်အား တစ်ချက် ဝှေ့ယမ်း လိုက်သည်။
"ဝှစ်..."
ရုတ်တရက် အဇူရာ အလင်း တစ်ခုက သူတို့ သုံးယောက်၏ ပတ်လည်တွင် ဖြစ်ပေါ် လာကာ ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့် ထိပ်သို့ ကြယ်တစ်စင်း အလား ထိုးတက် သွား၏။ ကုန်းပြင်မြင့် ထိပ်ရှိ မိုးကြိုးများကား သူတို့အား တစ်စက္ကန့် တားနိုင်စွမ်း မရှိခဲ့ချေ။
မျက်စိ တစ်မှိတ် အတွင်းမှာပင် ချန်းဖန်တို့သည် ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့် ထိပ်သို့ ရောက်ရှိ လာခဲ့ကြသည်။
ထိုနေရာသည် မြေပြင် အထက် ပေတစ်သောင်း ခန့်တွင် ရှိကာ ပေတစ်ထောင်ခန့် ကျယ်ဝန်း၏။ မြောက်နတ္ထိနယ်နှင့် အခြား ကောင်းကင်နယ်များရှိ လူငယ် ပါရမီရှင်များနှင့် မိသားစု၊ ဂိုဏ်းခေါင်းဆောင်များမှာ ထိုနေရာ၌ စုစည်း နေကြသည်။
ချန်းဖန် ကုန်းပြင်မြင့်ထိပ်သို့ ရောက်သည်တွင် ဟူရှောင် နှင့် လူအချို့က သူ့အား စူးရဲစွာ ကြည့်ကြ၏။ မီးတောက် ဝတ်စုံကို ဆင်မြန်းထားသည့် အနီရောင် ဆံပင် ပိုင်ရှင် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်က ဆိုလျှင် ချန်းဖန်အား အစိမ်းလိုက် ဝါးစားချင်သည့်နှယ် ကြည့်နေခဲ့သည်။
"ကြည့်ရတာ အောက်မှာ ဖြစ်သွားတဲ့ ကိစ္စတွေကို မင်းတို့ မြင်ပြီးပြီ ထင်တယ်..."
ချန်းဖန်က ပြုံးလိုက်သည်။
"မင်း..."
ထိုအခါ ဟူရှောင်၏ မျက်နှာမှာ ဒေါသဖြင့် ပြည့်နှက် သွား၏။
ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်၏ နတ်ဘုရား စိတ်အာရုံသည် မိုင်ရာချီ ဒေသကို လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် အဖြစ်အပျက် အလုံးစုံကို မြင်တွေ့နိုင်ရန်မှာ သူတို့ အတွက် အလွယ်လေး ဖြစ်သည်။
ချန်းဖန်သည် ဟူမေ့၏ ပါးကို ရိုက်ကာ အခြား လူငယ်များ၏ အရိုးများကို ချိုးပစ်ခဲ့သည်။ ထိုအရာက ဟူမိသားစု အတွက် အကြီးအကျယ် အရှက်ရစရာ ကိစ္စ တစ်ခုပင် ဖြစ်သည်။
ထို့နောက် မကြာခင်မှာပင် ကုန်းပြင်မြင့် ထိပ်သို့ မျက်နှာ တစ်ခြမ်းလုံး ယောင်ကိုင်းနေသည့် ဟူမေ့ ရောက်ရှိလာသည်။ ဟူရှောင်မှာ အမ ဖြစ်သူ၏ အခြေအနေကို တွေ့သော အခါ ပို၍ ပင် ဒေါသထွက် လာခဲ့သည်။
"တစ်နေ့ကျ မင်း လုပ်ခဲ့တာတွေ အတွက် ပြမ်ပြီး ပေးဆပ်ရမယ်"
ဟူရှောင်က ချန်းဖန်အား အေးစက်သော လေသံဖြင့် ပြောလိုက်၏။
"ငါကလည်း မင်းတို့ မိသားစုနဲ့ စာရင်း ရှင်းစရာတွေ ကျန်ပါသေးတယ်"
ချန်းဖန်က တည်ငြိမ်စွာပင် ပြန်လည် ပြောလိုက်သည်။
များစွာသော ကျင့်ကြံသူများမှာ မည်သည့် ဘက်ကမျှ ဝင်မပါပဲ တိတ်ဆိတ် နေကြ၏။ အရှင်ချန်းသည် ဆေးဧကရာဇ် ဖြစ်သော်လည်း ဟူမိသားစုမှာလည်း အင်အားကြီး မိသားစု တစ်ခု ဖြစ်သည်။ ဤသို့သော အခြေအနေ၌ တစ်ဖက်ဖက်ကို ယိမ်းခြင်းက ဉာဏ်ရှိသော လုပ်ရပ် မဟုတ်ချေ။ ထိုအခိုက်၌ ဝူညီအမ ပင်လျှင် ငြိမ်သက် နေခဲ့၏။
"အမလင်း... ကြည့်ရတာ စီနီယာချန်းက ဒီမှာလည်း ကျော်ကြားနေတဲ့ ပုံပဲနော်"
ယွင်ရီအာက လေးစားအားကျသော လေသံဖြင့် ဆိုလိုက်၏။
"နင်က အခုမှ သိတာလား..."
လင်းဝူဟွာက သူမအား မျက်စောင်းထိုးကာ ချန်းဖန်အား ကြည့်လိုက်၏။ သူမ၏ အမြင်အရ ဆိုလျှင် ထိုကောင်လေး၏ အနာဂတ် အောင်မြင်မှုအား မြောက်နတ္ထိနယ်ပင်လျှင် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
"ငါ သူ့လို အစွမ်းထက် လာဖို့ နှစ်တွေ ဘယ်လောက်တောင် စောင့်ရဦးမယ် မသိပါဘူး..."
လင်းဝူဟွာက ခေါင်းခါကာ သက်ပြင်း တစ်ချက် ချလိုက်၏။
ထို့နောက် မကြာခင်မှာပင် ဝမ်ရွှမ်လုံက ညီလာခံ၏ သမိုင်းကြောင်းနှင့် စည်းမျဉ်းများကို ရှင်းပြသည်။ လင်ကျင်း ညီလာခံ၏ ရည်ရွယ်ချက်မှာ လူငယ်များ တစ်ယောက်ထံမှ တစ်ယောက် သင်ယူရန် ဖြစ်သည်။ နောက်ဆုံး အနိုင်ရသူမှာ ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်တွင် သုံးလကြာ နေထိုင်နိုင်ကာ ရှေးဟောင်း ကောင်းကင် အရှင်များ၏ ကျင့်စဉ်များကို သင်ယူခွင့် ရရှိမည် ဖြစ်သည်။
"အရှင်ချန်း... ခင်ဗျားက ကုန်းပြင်မြင့် ထိပ်ကို ရောက်လာပြီ ဆိုတော့ တိုက်ပွဲတွေမှာ ပါဝင်ရတော့မယ်... ခင်ဗျားဘက်က ဟူ မိသားစုကို တောင်းပန်ဖို့ ဆန္ဒ မရှိဘူး ဆိုရင်တော့... ဟဲဟဲ..."
ဟူရှောင်က ချန်းဖန်အား ကြည့်ကာ ရယ်မော လိုက်သည်။ သူ၏ မျက်လုံးများကမူ ခရမ်းရောင် သင်္ကေတ ခြောက်ခုဖြင့် တဖျတ်ဖျတ် လင်းလက် နေ၏။
ဆေးပညာ နယ်ပယ်တွင်မူ ဟူရှောင်သည် ချန်းဖန်အား မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း တကယ့် တိုက်ပွဲတွင်မူ သူသည် ချန်းဖန်အား အနိုင်ယူရန် ယုံကြည်ချက် ရှိသည်။
"နင် လုပ်ရဲလား..."
ဝူပိုင်စုက ချန်းဖန် အနားသို့ လျှောက်လာကာ ဟူရှောင်အား ကြည့်လိုက်၏။
"ဟမ့်..."
ဟူရှောင် ပြန်လည် ချေပရန် ဟန်ပြင် လိုက်စဉ်မှာပင် ကောင်းကင်၌ အလင်းတန်း သုံးခု ပေါ်လာခဲ့သည်။
"အဲဒါက ဘာလဲ..."
လူတိုင်းက စိတ်ဝင်တစားဖြင့် ကြည့်လိုက် ကြ၏။
"ဟူး... ဟူး..."
အလင်းတန်း သုံးခုသည် ကုန်းပြင်မြင့် ထက်သို့ ဆင်းသက်ပြီးနောက် ပုံရိပ်သုံးခု အသွင် ပြောင်းလဲသွားသည်။ သူတို့ကား လူငယ် နှစ်ယောက်၊ မိန်းမပျို တစ်ယောက်တို့ပင် ဖြစ်လေ၏။
ပထမ တစ်ယောက်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ ဓားတစ်ချောင်းကို ဆွဲကိုင်ထားသည်။ ဒုတိယ တစ်ယောက်မှာမူ နဂါး တစ်ကောင် အလား သန်မာဟန် ရကာ တတိယ တစ်ယောက် မှာ အနီရောင် မီးဖြင့် ဝန်းရံနေ၏။
ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်သို့ ခြေချသည်နှင့် သူတို့ ထံမှ အသံ တစ်ခု ထွက်ပေါ်လာသည်။
"ချန်းပေ့ရွှမ်း ဆိုတာ ဘယ်သူလဲ..."
***