ပါရမီရှင်များ စုစည်းမှု
Vol. 10 Ch. 907
ထိုသုံးယောက်၏ ရောက်ရှိလာသော ပုံစံမှာ အထက်စီး ဆန်လွန်းလှရကား မြောက်နတ္ထိနယ်၏ ကျင့်ကြံသူများမှာ မျက်မှောင်ကြုတ် သွားကြ၏။ ဝူမိသားစုနှင့် ဆေးပညာ အစည်းအရုံး၏ လူများဆိုလျှင် ဒေါသပင် ထွက်နေကြပြီ ဖြစ်သည်။
ချန်းပေ့ရွှမ်းသည် ဆေးဧကရာဇ် ဖြစ်ကာ ကောင်းကင် အရှင် မိသားစု ခေါင်းဆောင် များနှင့်ပင် တန်းတူသော အဆင့်အတန်း ရှိသူ ဖြစ်သည်။ သို့တိုင်အောင် ထိုလူများက သူ၏ နာမည်ကို တိုက်ရိုက် ခေါ်ဆို ခဲ့သည်။ ဟူရှောင် ကဲ့သို့သော လူ ပင်လျှင် ထိုသို့ မရိုင်းစိုင်း ရဲချေ။
"နင်တို့က ဘယ်သူတွေလဲ... ဘယ်က လာတဲ့ အရိုင်းအစိုင်းတွေလဲ..."
ဝူချင်ယန်က အော်ဟစ် လိုက်သော်လည်း ဝူပိုင်စုက သူ့အား ရုတ်တရက် တားဆီး လိုက်သည်။
"ညီမလေး... အလယ်က တစ်ယောက်က ကောင်းကင် ကျောက်စိမ်းဓား မင်းသားလေး လီချန်းရယ်"
"လီချန်း..."
ဝူချင်းယန်က အလယ်တွင် ရပ်ကာ ဓား တစ်ချောင်းကို ကိုင်ဆောင်ထားသည့် ဝတ်စုံဖြူဝတ်ကို ကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးများမှာ ပေါက်ထွက်မတတ် ပြူးကျယ် လာသည်။
တစ်ချိန်တည်း၌ ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်ရှိ လူအများစု မှာလည်း သူ့အား မှတ်မိ သွားကြပြီ ဖြစ်သည်။
"သူက တကယ်ပဲ လီချန်းလား... ဒါဆို သူက ထျန်းဟောင်ဂြိုဟ်ရဲ့ ထိပ်တန်း ဓားဂိုဏ်း သုံးခုဝင် ကောင်းကင် ကျောက်စိမ်း ကျောင်းတော်က ဓားမင်းသားလေးပေါ့... သူက ဝမ်ရွှမ်လုံ ထက်တောင် ဟန်ရှုံး သတ်မှတ်ချက်မှာ ပိုမြင့်သေးတယ် တဲ့"
"ဟုတ်တယ်... ဓားမင်းသားလေး လီချန်းက အမြဲတမ်း အဖြူရောင် ဝတ်စုံကို ဝတ်ပြီး ဓားတစ်ချောင်းကို ယူသွားလေ့ ရှိတယ် တဲ့... အဲဒီ တစ်ယောက်က ဓားမင်းသားလေး လီချန်းက လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး"
"ညီလာခံကို လီချန်း ကိုယ်တိုင် ရောက်လာပြီဟေ့... ငါတို့တော့ ဒုက္ခ ရောက်ပြီ ထင်တယ်"
များစွာသော လူငယ်များမှာ စတင် ကြောက်လန့် လာကြ၏။
လီချန်းကား ဟန်ရှုံး သတ်မှတ်ချက်၌ အဆင့် ခုနစ်ဆယ့် လေး ဖြစ်ကာ စစ်မှန်သော ဓားသမား တစ်ယောက် ဖြစ်သည်။ ထိုထက် ပိုသည်ကား သူ၏ ကောင်းကင် ကျောက်စိမ်း ကျောင်းတော်မှာ ပေ့ဟန်နယ် ဝမ်မိသားစုထက် များစွာ ပို၍ အင်အားကြီးခြင်းပင်။
သို့ဖြစ်ရာ သူ့အား မည်သူက မကြောက်လန့်ပဲ နေပါမည်နည်း။
မြောက်နတ္ထိနယ်၏ လူငယ် ပါရမီရှင်များ ဖြစ်သည့် ဝူပိုင်စု၊ ဖန့်ယုချင်၊ နင်းဟိုင်ချိုးနှင့် ဝမ်ရွှမ်ဖုန်း တို့ ပင်လျှင် မျက်မှောင်ကြုတ်ကာ စိုးရိမ် နေကြပုံ ပေါ်သည်။
ဝမ်ရွှမ်လုံကမူ ထိုင်ရာမှ ထရပ်ကာ ရယ်မောလိုက်၏။
"မြောက်နတ္ထိနယ်ကို ခင်ဗျားတို့ ဘယ်လိုများ ရောက်လာတာလဲ"
ဝမ်ရွှမ်လုံသည် ကြယ်တာရာများ၏ ဝန်းရံမှု အလယ်တွင် ရှိနေကာ သူ၏ မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပနေ၏။ သူကား မြောက်နတ္ထိနယ်၏ ဂုဏ်ဆောင် ဖြစ်ကာ လီချန်း ကဲ့သို့ အံ့ဩဖို့ ကောင်းသူ တစ်ဦးလည်း ဖြစ်သည်။
ကောင်းကင် ကျောက်စိမ်း ကျောင်းတော်သည် ကောင်းကင်ဂိုဏ်း တစ်ခု ဖြစ်ပြီး တောင်ပိုင်း ဒေသတွင် အခြေစိုက်သည်။ မြောက်နတ္ထိနယ် ကဲ့သို့သော မြောက်ပိုင်းနယ် တစ်ခုသည် ကောင်းကင် ကျောက်စိမ်း ကျောင်းတော်နှင့် အဆက်အစပ် သိပ် မရှိလှချေ။
"မင်းတို့ မြောက်နတ္တိနယ်က ဆေးဧကရာဇ် တစ်ယောက်ကို ရထားတယ် ဆို... ဒီတော့ ငါ လာရတာပေါ့"
လီချန်းက အေးစက်သော လေသံဖြင့် ပြန်ပြော လိုက်သည်။
သူက တစ်ချက်ဝှေ့ကြည့်လိုက်ရာ မရေ မတွက်နိုင်သော လူများမှာ ခေါင်းငုံ့ သွားကြ၏။ သူတို့သည် လီချန်း၏ အကြည့်များကို နတ်ဘုရား စိတ်အာရုံများကို ဖျက်ဆီး ပစ်နိုင်သည့် ဓားအရှိန်အဝါများ အလား ခံစား နေရသည်။
"သူက တကယ့်ကို ကောင်းကင် ကျောက်စိမ်း ဓားမင်းသားလေးပဲ... မဟုတ်ရင် သူက ဒီလောက် အစွမ်းထက်မှာ မဟုတ်ဘူး"
ထိုအတွေးဖြင့် များစွာသော လူများမှာ ပို၍ ကြောက်လန့် သွားကြ၏။
ချန်းဖန် ပင်လျှင် သူ၏ အရှိန်အဝါကို သတိထား မိသည်။ လီချန်းသည် ဟိုထျန်း ဓားဧကရာဇ်လောက် အစွမ်း မထက်သည့်တိုင် အားနည်းခြင်း မရှိချေ။ အတိတ်သို့ ပြန်သွားရလျှင် ပေ့ဟန်နယ်၏ ဓားဧကရာဇ်သည် ဟိုထျန်း ဓားမင်းသား၏ လက်၌ ရှုံးနိမ့်ခဲ့ ဖူးသည်။
သို့သော်လည်း လီချန်း မည်မျှ အစွမ်းထက်သည် ဆိုစေကာမူ ချန်းဖန်၏ မျက်လုံးတွင်မူ အားနည်းသော ပုရွက်ဆိတ်လေး တစ်ကောင်သာ ဖြစ်လေ၏။
"ရောင်းရင်းလီချန်းတောင် ဆေးဧကရာဇ် ချန်းရဲ့ အကြောင်းကို ကြားဖူးလိမ့်မယ် လို့ ကျုပ် ထင်မထားခဲ့ဘူး... ဘယ်လောက် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ"
ဝမ်ရွှမ်လုံက ပြုံးကာ လီချန်း၏ ဘေးရှိ ကျင့်ကြည့်လိုက်၏။
သူတို့ သုံးယောက်ကား အတူတကွ ရောက်ရှိလာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူတို့၏ အဆင့်အတန်းက လီချန်းထက် များစွာ နိမ့်ကျမည် မဟုတ်ချေ။ ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်မည်မှာ အသေအချာပင် ဖြစ်သည်။
"သူက နဂါး သင်္ချိုင်းနယ်က နတ်မိမယ် လုံဟွာ... သူကတော့ မီးသူတော်စင် မြို့တော်က သခင်လေး ဂူဖန်... ရောင်းရင်းဝမ် သူတို့ နာမည်တွေကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်"
လီချန်းက မိတ်ဆက် ပေးလိုက်၏။
နတ်မိမယ် လုံဟွာသည် အရပ် ၁၈၉ စင်တီမီတာခန့် ရှည်လျားကာ နတ်မြင်းပျံ တစ်ကောင် အလား ခွန်အား ပြည့်ဝနေ၏။ သူမသည် ခရမ်းရောင် ဆံပင်ရှည်များနှင့် ခရမ်းရင့်ရောင် မျက်လုံးများကို ပိုင်ဆိုင် ထားသည်။
ဂူဖန်မှာမူ ပိန်ပါးကာ ဖျော့တော့ဟန် ရှိသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ဝန်းရံနေသော အဖြူရောင် မီးများက သူ့အား ခန့်ညားစေ၏။
"နဂါးသင်္ချိုင်းနယ် လုံမိသားစုနဲ့ မီးသူတော်စင်မြို့ နှစ်ခု စလုံးက သမိုင်းကြောင်း ခမ်းနားကြတာချည်းပဲ... လုံဟွာနဲ့ ဂူဖန်တို့ဆိုလည်း ဟန်ရှုံး သတ်မှတ်ချက်မှာ အဆင့် ရှစ်ဆယ့်သုံးနဲ့ ရှစ်ဆယ့်ကိုး နေရာတွေမှာ ရှိနေကြတာ... ဝမ်ရွှမ်လုံတောင် သူတို့နဲ့ မယှဉ်နိုင်ဘူး"
လူများမှာ ကြောက်လန့်၊ အံ့အားသင့် သွားကြ၏။
ထိုသုံးယောက်ကား ဟန်ရှုံး သတ်မှတ်ချက်ဝင် ပါရမီရှင်များ ဖြစ်သည်။ သူတို့ကား ဝမ်ရွှမ်ဖုန်း၊ လော့ချန်ရှန်း တို့နှင့် ပခုံးခြင်း ယှဉ်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်သည်။ သို့ဖြစ်ရာ ယခု ဆိုလျှင် ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်၌ ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ် လေးယောက် ရောက်ရှိနေပြီ ဖြစ်သည်။ဝူပိုင်စုနှင့် အခြားလူများမှာ ထိုအတွေးဖြင့် မွမ်းကြပ် လာကြ၏။
"လီချန်း လုံဟွာ ဂူဖန် ဝမ်ရွှမ်လုံနဲ့ လော့ချန်ရှန်း... ဒီနှစ် လင်ကျင်း ညီလာခံကတော့ တကယ် စည်ကားဝာာပဲ... သမိုင်းမှာ ဒီလောက် တစ်ခါမှ မစည်ကားခဲ့ဖူးဘူး..."
လူငယ် တစ်ယောက်က ပင့်သက်ရှိုက်ရင်း ဆိုလိုက်သည်။
"ဟဟ... ရောက်လာတဲ့ ပါရမီရှင် လူငယ်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ မင်းသိလို့လား..."
ယပ်တောင် တစ်ချောင်း ကိုင်ထားသည့် ခပ်ပိန်ပိန် စာပေသမား လူငယ်က ခေါင်းအား ခါယမ်း လိုက်သည်။
"အဲဒါက ဘာအဓိပ္ပာယ်လဲ..."
အနီးအနားရှိ လူများက ချက်ချင်းပင် သူ့အား စိတ်ဝင်တစား ကြည့်ကြသည်။
စာပေသမား လူငယ်က အေးစက်စွာ ပြုံးလိုက်ရင်း...
"ထျန်းဟောင်ဂြိုဟ်ပေါ်က ကောင်းကင် နယ်တွေထဲမှာ ကျုပ်တို့ မြောက်နတ္ထိနယ်က မြောက်ဘက် အစွန်ဆုံးမှာ တည်ရှိတယ်... ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းက ဆိုးဆိုးရွားရွား ကျဆင်း နေပြီ... လွန်ခဲ့တဲ့ နှစ်တစ်သောင်း အတွင်း ကျုပ်တို့မှာ ကောင်းကင် အရှင် တစ်ယောက်ပဲ ပေါ်ထွက်ခဲ့တယ်... လွန်ခဲ့တဲ့ နှစ် သုံးထောင် အတွင်း ဝမ်ရွှမ်လုံ တစ်ယောက်ပဲ ဟန်ရှုံး သတ်မှတ်ချက်ကို ဝင်ခဲ့တယ်... တကယ်လို့ ကောင်းကင်နယ်တွေသာ အဆင့်စီမယ် ဆိုရင် မြောက်နတ္ထိနယ်က အောက်ဆုံးမှာပဲ... ဘာကြောင့် သူတို့က လင်ကျင်း ညီလာခံကို လာရမှာလဲ... သူတို့က ဆေးဧကရာဇ် အတွက် လာခဲ့တာ... ဒါပေမဲ့ ကောင်းတဲ့ သဘောထားနဲ့တော့ မဟုတ်ဘူး..."
လူများစွာမှာ အံ့အားသင့် သွားကြကာ မြောက်နတ္ထိနယ်သားများ မှာမူ ဒေါသထွက် လာကြ၏။
"ဆေးဧကရာဇ်က ငါတို့ မြောက်နတ္ထိနယ်ရဲ့ ဂုဏ်ဆောင်ပဲ... နောက်ပြီးတော့ ပြိုင်ဘက်ကင်း ဆေးပါရမီကိုလည်း ပိုင်ဆိုင် ထားတယ်... သူ့ကို စော်ကားတဲ့ ဘယ်သူ မဆို ငါတို့ရဲ့ ရန်သူပဲ",
"ဟုတ်တယ်... ကောင်းကင် အရှင်တွေတောင် ဆေးဧကရာဇ်ကို လေးစားရတယ်... သူတို့က သူတို့ကိုယ် သူတို့ အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူတွေလို့ ထင်နေတာလား..."
"လီချန်းတို့ ဘယ်လောက်ပဲ အစွမ်း ထက်ထက်... ဝမ်မိသားစုထက်တော့ မပိုပါဘူးကွာ..."
မြောက်နတ္ထိနယ်သည် ကောင်းကင်နယ်များ ထဲ၌ အားအနည်းဆုံး ဖြစ်ရာ နယ်ခံ ကျင့်ကြံသူများမှာ အခြား ကောင်းကင်နယ်များသို့ သွားပါက ခေါင်းငုံ့ရသည်။
သို့ဖြစ်ရာ ချန်းဖန် ရောက်ရှိလာချိန်မှ စ၍ သူတို့သည် သူ့အား မြောက်နတ္ထိနယ်၏ ဂုဏ်ဆောင် တစ်ယောက်၊ ကြီးကျယ် ခမ်းနားမှုကို ယူဆောင် လာပေးမည့် လူတစ်ယောက် အလား ဆက်ဆံခဲ့သည်။ သူတို့သည် သူ့အား အခြားသူ တစ်ယောက် စော်ကားမည်ကို ခွင့်မပြုနိုင်ချေ။
"ဆိုးရွားတာ မဖြစ်လာဖို့ပဲ မျှော်လင့် ရမှာပဲ..."
စာပေသမား လူငယ်က ခေါင်းခါကာ သက်ပြင်း ချလိုက်သည်။
ထိုအချိန် ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့် ထိပ်၌...
"ဝမ်ရွှမ်လုံ... ရှင်းရှင်းပဲ ပြောမယ်... ငါတို့ ဒီကို လာတာက နင်တို့ရဲ့ ဆေးဧကရာဇ် ဆိုတာ တကယ် ဟုတ်လား မဟုတ်လား ဆိုတာ လာကြည့်တာပဲ"
အရပ်ရှည်ရှည်နှင့် ဆွဲဆောင်မှု ရှိသော လုံဟွာက ပြောသည်။
"ဟုတ်တယ်..."
ဂူဖန်ကလည်း ခေါင်းညိတ်၏။
"မြောက်နတ္ထိနယ်မှာ ဆေးဧကရာဇ် အသစ် ပေါ်လာတယ် ဆိုတဲ့ သတင်းက ကောင်းကင်နယ်တွေ အများကြီး အထိ ရောက်နေပြီ... ဒီကို လာနေတာ ငါတို့ချည်းပဲ မဟုတ်လောက်ဘူး... မင်းတို့ ဂရုစိုက်ဖို့ လိုတယ်"
အခြားလူများသည် သူတို့ နှစ်ယောက်၏ စကား ထဲမှ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်ကြ၏။ သူတို့သည် ချန်းဖန်ကို ဆေးဧကရာဇ် အဖြစ် မယုံကြည်ကြချေ။ ထို့ကြောင့်ပင် ကြည့်ရှုရန် ကိုယ်တိုင် လာရောက်ကြခြင်း ဖြစ်သည်။
ဝမ်ရွှမ်လုံမှာ မျက်မှောင်ကြုတ် သွား၏။ ဝမ် မိသားစုသည် မြောက်နတ္ထိနယ်ကို သူတို့ ပိုင်သော အရာ အဖြစ် မြင်ခဲ့ရာ အခြားလူများ အထင်သေးသည်ကို မခံနိုင်ချေ။
"နတ်မိမယ် လုံဟွာ... ကျေးဇူးပြုပြီး လေးလေးစားစား ဆက်ဆံပေးလို့ ရမလား... အရှင်ချန်းက ဆေးဧကရာဇ် တစ်ယောက်ပါ... လုံမိသားစု ခေါင်းဆောင်တောင် သူ့ကို လေးစားဖို့ လိုလိမ့်မယ်"
"နောက်ပြီး ဒီကိစ္စကို ဆေးပညာ အစည်အရုံးရဲ့ ခေါင်းဆောင်တွေနဲ့ မိသားစုတွေ အများကြီးက လက်ခံထားတာ... ဆေးဧကရာဇ် ချန်းက ကောင်းကင်ဆေး တစ်လုံးကို လူတွေရှေ့မှာ ဖန်တီးပြခဲ့..."
သူ၏ စကားမဆုံးခင်မှာပင် လုံဟွာက ဖြတ်ကာ ပြောလိုက်၏။
"နင်တို့ မြောက်နတ္ထိနယ် ဘာတွေ ကြံစည်နေလဲ ဆိုတာ ဘယ်သူက သိနိုင်မှာလဲ... ချန်းပေ့ရွှမ်း ကျော်ကြားလာဖို့ ဆေးပညာ အစည်းအရုံးက ပုံပြင် တစ်ပုဒ် ဖန်တီးခဲ့တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့... သေချာအောင် ကျွန်မတို့ ပြန်စစ်ဆေးရမယ်"
"နတ်မိမယ် လုံဟွာ... အဲ့စကားက ဘာ အဓိပ္ပာယ်လဲ"
ဝမ်ရွှမ်လုံ၏ လေသံက အေးစက် တင်းမာ သွား၏။
လုံဟွာမှာ ချန်းဖန်ကိုသာ ဆေးဧကရာဇ် အတု ဟု စွပ်စွဲနေခြင်း မဟုတ်ချေ။ မြောက်နတ္ထိနယ် မိသားစုများ၏ သိက္ခာကိုပါ ချနေခြင်း ဖြစ်သည်။
ထိုအချိန်၌ ဝူမိသားစုနှင့် ဆေးပညာ အစည်းအရုံး၏ လူများမှာ ဒေါသထွက် နေကြပြီ ဖြစ်သည်။ စီတုချန်း တစ်ယောက် သာလျှင် ဘာမှ မပြောပဲ ထိုင်နေခဲ့၏။
"လုံဟွာရဲ့ ဆိုလိုရင်း အဓိပ္ပာယ်က အဲ့လို မဟုတ်ပါဘူး... ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့... နောက်ပြီး ကျုပ်တို့ ဂိုဏ်းချုပ်က ဆေးဘုရင်ကို တွေ့ပြီးပါပြီ... ဆေးဘုရင်က ကျုပ်တို့ လာတာကို သိပြီးပါပြီ"
လီချန်းက ဆိုသည်။
"ဆေးဘုရင် သိတယ်..."
ဝမ်ရွှမ်လုံမှာ အံ့အားသင့် သွား၏။
ဆေးဘုရင်သည် ထျန်းဟောင်ဂြိုဟ်၏ အကျော်ကြားဆုံး ကောင်းကင် သမားတော် တစ်ယောက် ဖြစ်သည်။ ကောင်းကင် အရှင်များပင် သူ့အား လေးစား ကြရ၏။ ဆေးဘုရင်၏ ခွင့်ပြုချက်နှင့် ဆိုလျှင် မည်သူက သူတို့အား တားဆီး ရဲတော့မည်နည်း။
"နောက်ပြီးတော့ နောက်ဆုံး ဆေးဧကရာဇ်က ကျုပ်တို့ ကောင်းကင် ကျောက်စိမ်း ကျောင်းတော်က ဆိုတာ မင်းတို့ သိမှာပါ..."
လီချန်းက တည်ငြိမ်စွာဖြင့် ဆက်ပြော လိုက်သည်။
"ကောင်းကင်ဆေး တစ်လုံး လုပ်နိုင်တာနဲ့ ဆေးဧကရာဇ် ဖြစ်လာမယ် လို့ မင်းတို့က ထင်နေတာလား"
"ဟုတ်တယ်... ဆေးဧကရာဇ် ဆိုတာက ကောင်းကင် သမားတော်တွေ ပြီးရင် အမြင့်ဆုံး အဆင့်အတန်းပဲ... ကောင်းကင် အရှင်တွေတောင် သူ့ကို လေးစားရတယ်... တကယ်လို့ အဲ့လောက်လွယ်မယ် ဆိုရင် ငါတို့ မီးသူတော်စင်မြို့မှာလည်း တစ်ယောက် ရှိနေပြီပေါ့"
ဂူဖန်က ခေါင်းညိတ်၏။
"တကယ်လို့ ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ ပေးမယ် ဆိုရင် ကောင်းကင်ဂိုဏ်းတွေ ကိုယ်တိုင် ပါဝင်ဖို့ လိုအပ်တယ်... ကောင်းကင်ဆေး တစ်လုံး ဖန်တီးရုံနဲ့ မရဘူး... အဲဒါက ရိုးရိုး ခေါင်းစဉ် တစ်ခုပဲ မဟုတ်ဘူး"
လီချန်းက ပြောသည်။ သူ၏ အသံက အေးစက် နေ၏။
သူ၏ စကားအဆုံး၌ လူတိုင်းမှာ ဆွံ့အ သွားကြသည်။ ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့်၏ လေထုမှာ ပို၍ လေးလံလာကာ ဝမ်ရွှမ်လုံမှာလည်း တိတိဆိတ် သွားခဲ့သည်။
"အမှန်ပဲ... ဆေးဧကရာဇ် ဆိုတာ ကောင်းကင် အရှင် မိသားစု ခေါင်းဆောင်တွေလောက်ကို အဆင့်အတန်း မြင့်တယ်... ကောင်းကင်ဆေး တစ်လုံး ဖန်တီးနိုင်တာနဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ထိုအတွေးက များစွာသော လူများ၏ ခေါင်းထဲ ဝင်ရောက်လာသည်။
လီချန်းက ဆက်ပြော၏။
"ငါတို့ သုံးယောက်က ချန်းပေ့ရွှမ်း ဆေးဧကရာဇ် ဟုတ် မဟုတ် ဆိုတာ ဆုံးဖြတ်ဖို့ အရည်အချင်း မရှိဘူး... ငါတို့ ဒီကို လာတာက သူ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာ ကြည့်ဖို့ လာတာ... သူသာ အစွမ်း မထက်ဘူး ဆေးကျင့်စဉ်တွေ အများကြီး မသိဘူး ဆိုရင် ဘယ်လိုလုပ်ပြီး ဆေးဧကရာဇ် ဖြစ်နိုင်မှာလဲ"
ရုတ်တရက် လူတိုင်းက ချန်းဖန်အား ကြည့်လိုက် ကြ၏။
***