← Chapters

အသေခံစမ်း

Vol. 10 Ch. 908

အသေခံစမ်း

Vol. 10 Ch. 908

"မင်းက ချန်းပေ့ရွှမ်းလား..."

လီချန်းက ချန်းဖန်အား ကြည့်ကာ မေးလိုက်သည်။

ထိုအခိုက် များစွာသော ဖိအားများ အောက်၌ယွင်ရီအာမှာ တုန်တုန်ရီရီပင် ဖြစ်နေ၏။ ဝူညီအမနှင့် မူဟုန်တိ တို့မှာလည်း စိတ်ပူ နေကြသည်။

"ဟုတ်တယ်... ငါပဲ..."

ချန်းဖန်က တည်ငြိမ်စွာပင် ခေါင်းညိတ် လိုပ်သည်။

"ငါသာ အမြင် မမှားရင် နက ရွှေအမြုတေ အစောပိုင်း အဆင့်မှာတင် ရှိသေးတာပဲ... ဒါတောင် နင့်ကိုယ်နင် ဆေးဧကရာဇ် လို့ ခံယူရဲတယ်ပေါ့"

လုံဟွာက နှာခေါင်းရှုံ့ကာ မေးစေ့အား မော့လိုက်သည်။

"မင်းက အရမ်းကို ပျော့ညံ့ပြီး အားနည်း လွန်းတယ်..."

ဂူဖန်ကလည်း ဆိုသည်။ လီချန်းကလည်း ဂူဖန်၏ စကားကို ထောက်ခံသည့်နှယ် ချန်းဖန်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းခါ လိုက်သည်။

"ဆေးဧကရာဇ် တစ်ယောက် ဖြစ်ဖို့ ဆိုရင် ဆေးပညာမှာ ကျွမ်းကျင်ဖို့တင် မကဘူး... ကျင့်ကြံခြင်းမှာလည်း အစွမ်း ထက်ရတယ်... ငါတို့ ဘိုးဘေး ဆေးဧကရာဇ် ဘွဲ့ကို ရတုံးကဆို သူက ဟန်ရှုံး သတ်မှတ်ချက်ရဲ့ နံပါတ် နှစ် နေရာကို ရောက်နေပြီ... လုံလောက်တဲ့ စွမ်းအား မရှိတဲ့သူက ဘယ်လို လုပ်ပြီး ကောင်းကင်ဆေးလုံး ဖော်စပ်ဖို့ ကောင်းကင် ဆေးအိုးကို ထိန်းချုပ် နိုင်မှာလဲ..."

လီချန်းက စကားဆုံးသည်နှင့် အရှိန်အဝါ ဖိအားကို ထုတ်လွှတ် လိုက်သည်။

"ဘုန်း... ဘုန်း..."

ချန်းဖန်၏ ဘေးရှိ မူဟုန်တိနှင့် ယွင်ရီအာ တို့မှာ ချက်ချင်းပင် ဖြူရော် သွားသည်။ အကယ်၍ ဝူပိုင်စု ကြောင့်သာ မဟုတ်လျှင် သူတို့ နှစ်ယောက်မှာ သေပင် နေလောက်ပြီ ဖြစ်သည်။

ချန်းဖန်နှင့် မလှမ်းမကမ်းတွင် ရှိနေသော လင်းဝူဟွာမှာလည်း နောက်သို့ တစ်လှမ်း ဆုတ်ကာ သွေးအန်ရ၏။ ဝူမိသားစုနှင့် ဆေးပညာ အစည်းအရုံးမှ အခြား လူငယ်များမှာလည်း ဆုတ်သို့ ဆုတ်ကြရသည်။

အဆုံး၌ ဝူညီအမ၊ ကျိုးကျူရှင်းနှင့် စီတုချန်း တို့သာ ချန်းဖန်၏ နောက်၌ တည်ငြိမ်စွာ ရပ်နေနိုင်ခဲ့၏။ သို့တိုင်အောင် သူတို့၏ နဖူးများကား ချွေးများဖြင့် စိုရွှဲ နေခဲ့ပြီ ဖြစ်လေသည်။

"ဓားမင်းသားလေး လီချန်းက အရမ်း အစွမ်းထက်တာပဲ..."

"ဒါတောင် သူက တိုက်ခိုက်သေးတာ မဟုတ်ဘူး... သူ့ရဲ့ ဓား အရှိန်အဝါနဲ့တင် ဒီလောက် ဆိုတော့ တကယ်တမ်း တိုက်ခိုက်မယ် ဆိုရင် ဘယ်လောက်ဝောာက် အစွမ်းထက် လိုက်မလဲ"

လူများစွာမှာ မျက်လုံးများ ပြူးကာ ထိတ်လန့် သွားကြ၏။

"လီချန်း... သိပ်လွန်မလာနဲ့... ဒါက မြောက်နတ္ထိနယ်... ငါတို့က နင့်ကို မတိုက်ခိုက်ရဲဘူး လို့ ထင်နေတာလား"

ဝူပိုင်စုက ချန်းဖန်၏ အရှေ့တွင် ရပ်ကာ လက်တစ်ဖက်အား ဝှေ့ယမ်း လိုက်သည်။

"ဟူး..."

ရုတ်တရက် သူမ၏ နောက်တွင် အနက်ရောင် သုံးချောင်းထောက် ဆေးအိုး ပုံရိပ်တစ်ခု ပေါ်လာ၏။  ထိုဆေးအိုးက ပေတစ်ရာခန့် အထိ ကြီးမားလာကာ လီချန်း၏ ဓားစွမ်းအားကို ပိတ်ဆို့သည်။

"ဟမ်..."

လီချန်း၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားသည်။

သူက ချက်ချင်းပင် ငွေရောင် ဓားစွမ်းအား တစ်ခုကို ပစ်လွှတ်ကာ တိုက်ခိုက် လိုက်ပြန်၏။ ဝူပိုင်စုမှာ နောက်သို့ ဆုတ်ခြင်း မရှိချေ။ တစ်ချိန်တည်း၌ ကောင်းကင်ရှိ သူမ၏ သုံးချောင်းထောက် ဆေးအိုးမှာ ကောင်းကင်ကို ဖောက်ထွက်တော့မည့် အလား ပိုမို၍ ကြီးမားလာ၏။

သူတို့ နှစ်ယောက် တိုက်ခိုက်ရန် တာဆူ နေကြချိန်မှာပင်...

"တော်လောက်ပြီ..."

ဝမ်ရွှမ်လုံက လက်တစ်ဖက်ကို ဝှေ့ယမ်း၍ သူတို့ နှစ်ယောက် အကြား ဝင်ရပ်လိုက်ကာ ဓားစွမ်းအားနှင့် သုံးချောင်းထောက် ဆေးအိုးကို တားဆီးလိုက်၏။

"ရောင်းရင်း လီချန်း... ဒါက မြောက်နတ္ထိနယ်... ကောင်းကင် ကျောက်စိမ်း ကျောင်းတော် မဟုတ်ဘူး"

သူက လီချန်း ဘက်သို့ လှည့်ကာ တင်းမာစွာ ပြောလိုက်သည်။

"ဟမ့်..."

လုံဟွာနှင့် ဂူဖန်တို့မှာ နှာခေါင်းရှုံ့ကာ ရှေ့သို့ တစ်လှမ်း တိုးလာကြ၏။

တစ်ချိန်တည်း၌ မြောက်နတ္ထိနယ်၏ လူငယ် ကျင့်ကြံသူများကလည်း သူတို့၏ ဓားများကို ဆွဲထုတ်ကာ ဝမ်ရွှမ်လုံ၏ နောက်၌ ရပ်လိုက်ကြသည်။ ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရာ၌ ဝမ်ရွှမ်လုံနှင့် ဝူပိုင်စုတို့ဖြင့် လုံလောက်လိမ့်မည် မဟုတ်ချေ။

"ကောင်းပါပြီ... ငါက စမ်းသပ်ရုံ သက်သက်ပါပဲ"

လီချန်းက အင်္ကျီလက်များကို ခါယမ်းကာ သူ၏ အပေါင်းအသင်း နှစ်ယောက်ကို တားဆီးလိုက်သည်။

"ဒါပေမဲ့ ကျေးဇူးပြုပြီး မှတ်ထားပါ... နောက်ဆို ဆေးဧကရာဇ် ဆိုတဲ့ ခေါင်းစဉ်ကို မသုံးကြပါနဲ့... အဲဒါက ငါတို့ ကောင်းကင် ကျောက်စိမ်း ကျောင်းတော်နဲ့ ဆေးပညာ လောက တစ်ခုလုံးကို စော်ကားတာနဲ့ အတူတူပဲ... တကယ်လို့ ဆက်သုံးနေရင်တော့ ဝမ်မိသားစု ကာကွယ်ပေးရင်တောင် ငါတို့က သူ့ကို ရအောင် သတ်မယ်"

သူ၏ စကားက လူတိုင်းကို ကြောက်လန့် သွားစေ၏။ ဝမ်ရွှမ်လုံ ပင်လျှင် ငြိမ်ကျ သွားသည်။

ဝမ်မိသားစုသည် လီချန်း၊ လုံဟွာနှင့် ဂူဖန် တို့ကို ကြောက်လန့်ခြင်း မရှိချေ။ သူတို့မှာ ဟန်ရှုံး သတ်မှတ်ချက်ဝင်များ ဖြစ်သော်လည်း ဝမ်မိသားစု၏ ကောင်းကင် အရှင်မှာ သူတို့ကို အလွယ်လေး သတ်ဖြတ် နိုင်သည်။ သို့သော်လည်း ကောင်းကင် ကျောက်စိမ်း ကျောင်းတော်၊ မီးသူတော်စင် မြို့တော်နှင့် လုံမိသားစုတို့မှာ ဟာသ မဟုတ်ချေ။

"ဓားမင်းသားလေး ပြောတာ မှန်တယ်... ဆေးဧကရာဇ် ဆိုတဲ့ အဆင့်အတန်းက ကောင်းကင် အရှင်တွေနဲ့တောင် ညီမျှတယ်... ဘယ်လို လုပ်ပြီး မြေရိုင်းနယ် တစ်ခုက လာတဲ့ တောသားက ဖြစ်လာနိုင်မှာလဲ... ဒီကိစ္စမှာ ငါတို့ မသိတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေနိုင်တယ်"

ရုတ်တရက် စကားသံ တစ်ခု ထွက်ပေါ် လာ၏။ လူတိုင်းက ထိုနေရာသို့ ကြည့်လိုက်ရာ တည်ငြိမ်စွာ မတ်တပ် ရပ်လာသော ဟူရှောင်ကို မြင်လိုက်ရသည်။

"ဟူရှောင်... နင်..."

ဝူပိုင်စုက စကားပြောရန် ဟန်ပြင်လိုက်စဉ် မှာပင် စန့်ရှန်းဂိုဏ်းချုပ်က...

"အမှန်ပဲ... ကျုပ်လည်း သူ့ကို ဆေးဧကရာဇ် အတုလို့ သံသယ ဝင်နေတာ ကြာပြီ... သူ့လို ရွှေအမြုတေ အစောပိုင်း အဆင့်လေးက ဘယ်လို လုပ်ပြီး ဆေးဧကရာဇ် ဖြစ်နိုင်မှာလဲ"

"ဟုတ်တယ်... ကျုပ်အထင် ဆေးပညာ အစည်းအရုံးက သူတို့ ဂုဏ်သတင်းကို တိုးမြှင့်ဖို့ လိမ်တာ ဖြစ်နိုင်တယ်"

ဝမ်ရှင်း တန်ခိုးရှင် ရွှမ်နုက ထောက်ခံ လိုက်သည်။

ထို့နောက် အခြား ဂိုဏ်းနှင့် မိသားစု ခေါင်းဆောင် ရှစ်ယောက်ကလည်း ချန်းဖန်မှာ ဆေးဧကရာဇ် အတု ဖြစ်နိုင်ကြောင်း ပြောဆိုကြ၏။ သူတို့ကား ချန်းဖန်က ဆေး ပြုလုပ်ပေးရန် အငြင်းခံခဲ့ရသော လူများ ဖြစ်သည်။

"ဟမ့်..."

ဝူချင်းယန်က အေးစက်စွာ နှာခေါင်းရှုံ့၏။ ထိုအရာက သူတို့သည် ချန်းဖန်ကို ထောင်ချောက်ဆင် နေရန် ကြိုစားနေခြင်း ဖြစ်ကြောင်း သူမ ရှင်းလင်းစွာ ခန့်မှန်း မိသည်။ သူမက ဝင်ရောက် ချေပရန် ဟန်ပြင် လိုက်စဉ်မှာပင် စကားသံ တစ်ခုက သူမထက် ဦးစွာ ထွက်ပေါ်လာခဲ့သည်။

"ဒါက တကယ့်ကို သံသယ ဖြစ်စရာပဲ... ကျုပ် ခင်ဗျားတို့ ပြောတာကို သဘောတူတယ်... ချန်းပေ့ရွှမ်းက ဆေးဧကရာဇ် ဟုတ် မဟုတ် ဆိုတာ ကျုပ်တို့ ပြန်ဆွေးနွေးဖို့ လိုအပ်တယ်"

စကားပြောသူကား အနက်ရောင်ဝတ် လူငယ် တစ်ယောက် ဖြစ်၏။ သူသည် မီးခိုးရောင် ဆံပင်များကို ပိုင်ဆိုင်ထားကာ သူ၏ အရှိန်အဝါမှာမူ ဝူပိုင်စု၊ ဟူရှောင်တို့နှင့်ပင် နှိုင်းယှဉ် နိုင်သည်။

နင်းဟိုင်ချိုး...

သူကား နင်းမိသားစု၏ သခင်လေး ဖြစ်ကာ မြောက်နတ္ထိနယ် လူငယ် မျိုးဆက်၏ ထိပ်တန်း ငါးယောက်ဝင်လည်း ဖြစ်သည်။ သူ၏ နင်းမိသားစုသည် ကောင်းကင် အရှင် မိသားစု တစ်ခု ဖြစ်ကာ ဝူမိသားစု၊ ဟူမိသားစု တို့နှင့် တန်းတူသော အဆင့်အတန်း ရှိ၏။

ထိုသို့သော လူတစ်ယောက် ကိုယ်တိုင်က ပြောလာခြင်း ဖြစ်ရာ လူများမှာ လီချန်း၏ စွပ်စွဲချက်ကိုပင် စတင် ထောက်ခံ လာကြသည်။

သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်၏။

"ဖန်မိသားစုကလည်း အကိုနင်း နဲ့ အတူ သဘောတူ ပါတယ်..."

"ကျုပ်တို့ တိုင်ရီဂိုဏ်းကလည်း သဘောတူ ပါတယ်..."

"ကုန်သယ် အစည်းအရုံးကလည်း သဘောတူ ပါတယ်..."

ဖန်မိသားစုမှ ဖန်ယုချင်၊ တိုင်ရီဂိုဏ်း ဆက်ခံသူ၊ ကုန်သယ် အစည်းအရုံးမှ သခင်လေး ရှန်းဟန်ကုန်း...

သူတို့ တစ်ယောက်ချင်းစီကား ကောင်းကင် အရှင် မိသားစုများ၊ ထိပ်တန်း ဂိုဏ်းအဖွဲ့များမှ ဆင်းသက် လာသူများ ဖြစ်သည်။ သူတို့သည် ဝူပိုင်စု၊ ဟူရှောင် တို့နှင့် တန်းတူသော အဆင့်အတန်းကို ပိုင်ဆိုင်ထား၏။ ထိုသို့သော လူများ ပေါင်းစပ်ထားသော အင်အားက လူတိုင်းအား မျှော်လင့်ချက် ကင်းမဲ့စေ၏။

"ဟူမိသားစု နင်းမိသားစု ဖန့်မိသားစု တိုင်ရီဂိုဏ်း ကုန်သယ် အစည်းအရုံး... သူတို့ရဲ့ အင်အားကတင် မြောက်နတ္ထိနယ် တစ်ဝက်ကို ကိုယ်စားပြုနိုင်နေပြီ"

ဝူမိသားစုဝင်များ၏ စိတ်ဓာတ်မှာ အဆုံးထိ ထိုးကျ သွားခဲ့သည်။ ထိုသို့သော မိသာစုများ ပေါင်းစပ်ထားသော အင်အားကို ဝမ်မိသားစု ပင်လျှင် ကြောက်လန့် ရပေလိမ့်မည် ဖြစ်သည်။

ရှေးဟောင်း နတ်ဘုရား ကုန်းပြင်မြင့် တစ်ခုလုံးသည် တိတ်ဆိတ်နေ၏။ ဝူမိသားစုဝင်များနှင့် ဆေးပညာ အစည်းအရုံးဝင်များ၏ မျက်နှာများမှာ ဖြူရော်နေကာ မြောက်နတ္ထိနယ်၏ များစွာသော ကျင့်ကြံသူများမှာလည်း စိုးရိမ်နေကြသည်။ ယွင်ရီအာသည် တုန်တုန်ရီရီဖြင့် ချန်းဖန်၏ လက်ကို ဖက်ထား၏။

"အကိုဝမ်နဲ့ အခြား ရောင်းရင်းတို့... ကျွန်မက ဆေးပညာ အစည်းအရုံးကပါ... ဒီကိစ္စမှာ ဆေးပညာ အစည်းအရုံးက အမှားလုပ်တာ မဟုတ်ဘူးလို့ ကျွန်မ အာမခံ..."

ဝူချင်းယန်က ဝင်ရောက် ညှိနှိုင်းရန် ကြိုးစား လိုက်၏။ သို့သော်လည်း သူမ၏ စကား မဆုံးခင်မှာပင် စီတုချန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

"ကျုပ် ဒီကို မလာခင်မှာ ကျုပ်ဆရာ ဆေးသခင်က ဆေးပညာ အစည်းအရုံးဟာ နှစ်ပေါင်း ထောင်ချီ သမိုင်းကြောင်း ရှိတဲ့ တော်ဝင် နေရာ တစ်ခုလို့ ပြောခဲ့တယ်... တကယ်လို့ ရောင်းရင်းတို့ ဘက်က ချန်းပေ့ရွှမ်းရဲ့ ဆေးဧကရာဇ် ဘွဲ့ကို သံသယ ရှိတယ် ဆိုရင် ကျုပ်တို့ ဆေးပညာ အစည်းအရုံးက ကျုပ်တို့ လုပ်နိုင်တဲ့ ဘယ်ကိစ္စကို မဆို လုပ်ပေးဖို့ ဆန္ဒ ရှိပါတယ်"

"နင်..."

ဝူချင်းယန်က စီတုချန်းအား အံ့အားသင့်စွာ ကြည့်လိုက်သည်။

အခြားလူများမှာ တုန့်ဆိုင်း သွားကြကာ ဆေးပညာ အစည်းအရုံး၏ တပည့်များမှာမူ ဆွံ့အ သွားကြ၏။

ဆေးပညာ အစည်းအရုံးကလည်း ချန်းပေ့ရွှန်း၏ ဘက်၌ မရှိသည်လား။ အဘယ်ကြောင့် သူတို့က သူ့အား သစ္စာဖောက် ရသနည်း။

"ဒါက ထောင်ချောက်... တကယ့်ကို ထောင်ချောက် တစ်ခုပဲ"

ဝူပိုင်စု၏ မျက်လုံးများမှာ အေးစက် သွားခဲ့သည်။

"ဘာပဲဖြစ်ဖြစ်... ဒီကိစ္စမှာ ဝမ်မိသားစု မပါဖို့ အရေးကြီးတယ်... အဲဒါဆိုရင် မျှော်လင့်ချက် ရှိသေးတယ်"

လူတိုင်းက ထိုသို့တွေးကာ ဝမ်ရွှမ်လုံအား ကြည့်လိုက်သည်။

ဟူရှောင်နှင့် လီချန်းတို့ မည်သို့ပင် စွပ်စွဲ စေကာမူ မြောက်နတ္ထိနယ်သည် ဝမ်မိသားစု၏ ပိုင်နက် ဖြစ်သည်။ အကယ်၍ ဝမ်မိသားစုသာ သဘောမတူပါက သူတို့ မည်သို့မျှ လုပ်နိုင်မည် မဟုတ်ချေ။

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင် ဝမ်ရွှမ်လုံက ချောင်းတစ်ချက် ဟန့် လိုက်၏။

"ဝမ်မိသားစုရဲ့ မျိုးဆက် တစ်ယောက် ဒီနှစ် ညီလာခံရဲ့ တာဝန်ခံ တစ်ယောက် အနေနဲ့ ကျုပ်က တရားမျှတမှုကိုပဲ လိုလားတယ်... ဒီနေ့က စပြီး ချန်းပေ့ရွှမ်းရဲ့ ဆေးဧကရာဇ် ဘွဲ့ထူး ကို ပြန်ရုတ်သိမ်းလိုက်ပြီလို့ ကျုပ် ကြေညာတယ်... အဲဒီ ဘွဲ့ထူး အတွက်ကောင်းကင်ဂိုဏ်း သုံးခုနဲ့ မြောက်နတ္ထိနယ် မိသားစုတွေက ပြန် စစ်ဆေးမယ်... မြောက်နတ္ထိနယ်က အတုအယောင် တစ်ယောက်ကို ဘယ်တော့မှ လက်မခံဘူး"

ဝမ်ရွှမ်လုံက ကြေညာလိုက်သည်။ သူ၏ အသံသည် လောကကို အုပ်စိုးသည့် ဧကရာဇ် တစ်ယောက် အလား တည်ငြိမ် ခမ်းနား နေ၏။

"ပြီးသွားပြီ... အားလုံး ပြီးသွားပြီ"

ဝူပိုင်စုက သူမ၏ မျက်လုံးများကို မှိတ်လိုက်သည်။

ချန်းဖန်ကား ရွှေအမြုတေ အဆင့် အစောပိုင်း တစ်ယောက်သာ ဖြစ်သည်။ ဆေးဧကရာဇ် ဟူသော ဘွဲ့ထူး မရှိပါက သူသည် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။ လူငယ် ပါရမီရှင်များ ပေါင်းစပ်ထားသော အင်အားကို မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

ဟူရှောင်က ချန်းဖန်ကို လှောင်ပြုံးပြုံးကာ ကြည့်၏။ နင်းဟိုင်ချိုး၊ ဖန့်ယုချင်၊ ရှန်းဟန်ငုန်း တို့မှာမူ တိတ်ဆိတ် နေကြသည်။ ခရမ်းရောင် လနတ်သမီးကမူ ခေါင်းခါကာ သက်ပြင်းချသည်။

"ဘယ်လောက်တောင် နှမြောဖို့ ကောင်းလိုက်လဲ... တစ်ခဏလေး အတွင်းမှာပဲ အမြင့်ကို ရောက်ပြီး တစ်ခဏလေး အတွင်းမှာပဲ အောက်ဆုံးကို ပြန်ကျ သွားတာ"

လင်းဝူဟွာ၊ မူဟုန်တိမှာမူ ဖြူရော် နေကြပြီ ဖြစ်ရာ ဝူချင်းယန်ကလည်း အားနည်းစွာ ပြုံးလိုက်မိ၏။ ဝူမိသားစုနှင့် ဆေးပညာ အစည်းအရုံး၏ လူများကမူ ချန်းဖန်ကို သနားစွာ ကြည့်နေကြသည်။ ထိုလူငယ်လေးမှာ ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း ဆက်လက်၍ ကြီးကျယ်ခမ်းနားတော့မည် မဟုတ်ချေ။ ဝမ်မိသားစုပင်လျှင် သူ့ဘက်တွင် မရှိရာ မည်သူက သူ့အား ကယ်တင် နိုင်ဝောာ့မည်နည်း။

"သမားတော်ချန်း... ဒီဆုံးဖြတ်ချက် အတွက် မင်းမှာ တစ်ခုခု ပြောစရာ စကား ရှိသလား..."

ဝမ်ရွှမ်လုံက ချန်းဖန်ကို ကြည့်ကာ မေးလိုက်၏။

"ဒါက မိသားစု အားလုံးရဲ့ ဆုံးဖြတ်ချက်ပဲ... မျှတပါတယ်"

ဖန့်ယုချင်က ပြုံးလိုက်၏။

"ဟုတ်တယ်..."

နင်းဟိုင်ချိုးကလည်း ခေါင်းညိတ်သည်။

ဟူရှောင်မှာ နှုတ်ခမ်းအား အနည်းငယ် တွန့်ကာ ပြုံးနေ၏။  လီချန်းတို့ သုံးယောက်မှာမူ ချန်းဖန်အား ဂရုစိုက်၍ပင် လှည့်မကြည့်တော့ချေ။

လူတိုင်းက ချန်းဖန်အား ငေးကြည့်လိုက် ကြ၏။ များစွာသော ဖိအားများ အောက်တွင် ထိုကောင်လေးတွင် ရွေးချယ်စရာ ရှိတော့မည် မဟုတ်ချေ။ ကျိန်းသေ အညံ့ခံ ရတော့မည် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က အညံ့ခံရမည့် အစား အားရပါးရ အော်ဟစ် ရယ်မောလိုက်၏။

"နင် ဘာလို့ ရယ်နေတာလဲ..."

လုံဟွာက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

သူမ၏ အမြင်၌ ချန်းဖန်သည် ဆေးဧကရာဇ် ဟူသော ဘွဲ့မရှိပါက သေးငယ်သော ပုရွက်ဆိတ်သာ ဖြစ်သည်။ သူတို့သည် သူ့အား အလွယ်လေး သတ်ဖြတ် နိုင်သည်။ သို့တိုင်အောင် သူက အားရပါးရ ရယ်မော နေသည်။ ထိုအရာက မည်သည့် အဓိပ္ပာယ်နည်း။

"ငါ ဘာလို့ရယ်လဲ ဆိုတော့ မင်းတို့တွေက ကိုယ့်ကိုယ်ကို အရမ်းကြီးကို ယုံကြည်ချက် ရှိနေလို့ပဲ..."

ချန်းဖန်၏ မျက်လုံးများက အေးစက်စွာ တောက်ပနေ၏။

"ဆေးဧကရာဇ် ဆိုတဲ့ အစုတ်ပလုတ် ဘွဲ့ကို ငါက ဘယ်တုန်းကမှ သောက်ဂရု မစိုက်ခဲ့ဘူး... ဆေးဧကရာဇ် ဆေးဘုရင် ဆေးသူတော်စင် မင်းတို့က အရှက်မရှိ ကိုယ့်ဘာသာ ကြီးကြီးကျယ်ကျယ် နာမည် လျှောက်တပ်နေကြတာ"

ချန်းဖန်က ခန္ဓာကိုယ်အား မတ်ကာ လက်နှစ်ဖက်အား နောက်ပစ် လိုက်၏။

"မင်းတို့ အားလုံး စကား ပြောလို့ ဝပြီလား... ဒါဆို လာပြီး အသေခံစမ်း"

" ... "

ရုတ်တရက် လူတိုင်းသည် တိတ်ဆိတ် သွားကြ၏။ သူတို့ကား လုံးဝ ဆွံ့အ နေကြလေသည်။

***

All Chapters