မင်းက စိတ်စွမ်းအားရှင်လား ~
Vol. 7 Ch. 100
လင်းမို့သည် ယန်ယီမို ထွက်သွားသည်နှင့် ရေကန်ဘေးတွင် ငါးမကင်တော့ပေ ။
သို့သော်လည်း လီကျားရွှမ်က လင်းမို့ကို ရှာရန်မခက်ချေ ။ လင်းမို့က နာမည်ကြီး ဖြစ်သဖြင့် ဘယ်သူ့မေး မေး သိပေသည် ။
" မင်းက လင်းမို့လား..."
လီကျားရွမ်က အခန်း၏ အပြင်မှ နေ၍ ပြတင်းပေါက်မှ ငုံ့ကြည့်ကာ မေးလိုက်၏ ။
" ဘာလဲ..."
လင်းမို့သည် မှေးနေရာမှ ထ၍ သူ့အား ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသော လူစိမ်းကို မေးလိုက်၏ ။
သူက ငါးဆားနယ် တစ်ကောင်ဖြစ်သဖြင့် သတိရလိုက်သည် ။
' ငါးဆားနယ်တွေကို လိုက်ကြွားတက်တဲ့ ထူးထူးဆန်းဆန်း ပါရမီရှင်တွေ ဆိုတာများလား...'
' ဟုတ်လိမ့်မယ်... '
လင်းမို့ နားလည်သွား၏ ။ ပျင်းရိသော ကျောင်းသားများရှေ့ လိုက်ကြွားတက်သော ပါရမီရှင်တစ်ယောက် ရောက်လာခြင်းဖြစ်မည် ။
" ငါ့ကိုငါ မိတ်ဆက်ပေးမယ်... "
လီကျားရွှမ်က...
" ငါက ယန်ယီမိုရဲ့ ဝမ်းကွဲ... ငါ့နာမည်က လီကျားရွှမ်... "
" ယီမိုရဲ့ ဝမ်းကွဲလား... လက်မှတ်ရပြီလား..."
လင်းမို့က မေးလိုက်၏ ။ သူ့အား လက်မှတ်လာပို့သည့်သူဟု ထင်လိုက်သောကြောင့်ပင် ။ သူ ယီမို့အား ချီးကျူးမိလိုက်သည် ။ ယီမိုက စွမ်းဆောင်နိုင်စွမ်းက မြင့်မားလှပေ၏ ။ ခဏအတွင်းပင် လက်မှတ်လာပို့နေလေပြီ ။
" လက်မှတ်... ဘာလက်မှတ်လဲ..."
လီကျားရွှမ် နားမလည် ။
" ဟမ်...မင်းမသိဘူးလား..."
လင်းမို့က သူလူမှားကြောင်း နားလည်သွားသည် ။ ဤကောင်က လက်မှတ်လာပို့သည့်သူ မဟုတ် ။
" အဲ့တာဆို မင်းငါ့ကို ဘာလို့ လာရှာတာလဲ..."
လီကျားရွှမ်သည် လင်းမို့၏ နှောက်ယှက်ခြင်းကို ခံလိုက်ရသောကြောင့် သူ၏ မြင့်မြတ်သောရောင်ဝါက အနည်းငယ် အားနည်းသွားသည်ဟု ခံစားမိလိုက်၏ ။ သို့ပေမည့် သူပြောရန် ပြင်လာသည့် စကားများကို ဆက်ပြောရပေဦးမည် ။
" အဟမ်း...."
လီးကျားရွှမ်က ချောင်းဟမ့်၍ ခံတွင်းရှင်းလိုက်ပြီး...
" ငါမင်းကို သတိပေးဖို့လာတာ... ငါ့ ဝမ်းကွဲနား သိပ်မကပ်နဲ့ ဝေးဝေးနေပါ... "
" အ..."
လင်းမို့ အနည်းငယ် အံ့သြသွား၏ ။ သူဒီစကားကို ရင်းနှီးနေပေသည် ။
လင်းမို့ အံ့သြနေသည်ကို မြင်လျှင် လီကျားရွမ်က ဆက်ပြောလိုက်သည် ။
" မင်းသိထားရမှာက မင်းနဲ့ ယီမိုလေးနဲ့က ကမ္ဘာမတူဘူး... သူ့အနားမှာ နေချင်ရင် အနည်းဆုံး ငါ့လောက် ပါရမီ ရှိမှရမယ်... "
" မင်းလောက်လား..."
လင်းမို့ စပ်စုဟန်ဖြင့် ကြည့်လိုက်၏ ။
" ဟုတ်တယ်... "
လီကျားရွှမ်က ကြွားရန်ပြင်လိုက်သည် ။
" မင်းမေးတော့လဲ... မင်းနဲ့ ငါ့ကြား ဘယ်လောက်ကွာခြားလဲ ပြောပြရသေးတာပေါ့..."
လင်းမို့ ဆွံ့အ သွား၏ ။ သူဘယ်တုန်းက မေးလိုက်မိပါသနည်း ။ သို့သော်လည်း တစ်ဖက်လူ၏ အဝတ်အစားများမှာ ဖက်ရှင်ကျကျ ဝင်ဆင်ထားပြီး အထက်တန်းကျောင်းသား ဟုတ်ပုံမရ ။ တက္ကသိုလ် ကျောင်းသားသာ ဖြစ်ရမည် ။ သူနှင့် တက္ကသိုလ်ကျောင်းသားများကြား မည်မျှ ကွာခြားမှန်း သိချင်သွားပြီး...
" အဲ့တာဆိုလဲပြောလေ..."
" ဟမ့်..."
လီကျားရွှမ်က မာနကြီးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး...
" ငါ လီကျားရွှမ် ...ကျန်းနန် တက္ကသိုလ်ကကျောင်းသား...မနှစ်က ဝင်ခွင့်စာမေးပွဲမှာ ၄၂၉ မှတ်ရခဲ့တယ်... "
" ၄၂၉ မှတ်လား..."
ဝင်ခွင့်စာမေးပွဲ၏ အမှတ်ပြည့်မှာ ၆၀၀ ဖြစ်သည် ။ ဝင်ခွင့်စာမေးပွဲက အလွန်ခက်ခဲလှသဖြင့် ၄၂၉ မှတ်က မနည်းပေ ။ ရှားနိုင်ငံ ပါရမီစာရင်းဝင် ဖြစ်ပုံရသည် ။
သို့သော် လင်းမို့ အထင်မကြီး ။ 429 မှတ်က မဆိုးသော်လည်း ကောင်းလှသည်တော့ မဟုတ်ပေ ။
သူရက်အနည်းငယ် နေလျှင် စာမေးပွဲဖြေရတော့မည်ဖြစ်သည် ။ သူ့ ဘဝတွင် တစ်ခါသာ ဖြေခွင့်ရမည်ဖြစ်သဖြင့် သူအကောင်းဆုံး ကြိုးစားပြီး သမိုင်းမှတ်တမ်းကို ကျော်လွန်ရမည်ဖြစ်သည် ။ သူ ကြွားမည်ဆိုပါက အမြင့်ဆုံးအဆင့်ဖြင့် ကြွားရပေမည် ။
" အမ်..."
လီကျားရွှမ်သည် သူ၏ ဂုဏ်ယူဖွယ်ရာ အကောင်းဆုံး ဝင်ခွင့်စာမေးပွဲအမှတ်ကို ထုတ်ကြွားလိုက်သော်လည်း တစ်ဖက်လူက မည်သို့မျှမနေသဖြင့် စိတ်ဓာတ်ကျသွားပြီး သူ၏ ခွန်အားကို ဆက်ကြွားသည် ။
" ငါ တက္ကသိုလ် ပထမနှစ်ပဲ ရှိသေးတယ်... ငါ့လက်သီးပြင်းအားက ကီလို ၃၀၀၀ နီးနေပြီး...ငါ မကြာခင် ကြယ်နှစ်ပွင့် သိုင်းပညာရှင် ဖြစ်တော့မယ်... "
တက္ကသိုလ်သို့ ရောက်လျှင် ပထမနှစ်သည် ပညာရပ်များ သင်ယူရသဖြင့် ခွန်အားတိုးရန် မလေ့ကျင့်နိုင်ကြချေ ။ အစစ်အမှန် ခွန်အားက ဒုတိယနှစ်မှ ပေါက်ကွဲထွက်လာကြသည် ။ ထို့ကြောင့် လီကျားရွှမ်က သူ၏ လက်သီးပြင်းအားကို အလွန်ဂုဏ်ယူပေသည် ။
လင်းမို့က ပို၍ စိတ်ပျက်သွား၏ ။ လက်သီးပြင်းအားက သူနှင့် သိပ်မကွာပေ ။
လီကျားရွှမ်သည် လင်းမို့ထံမှ သူလိုချင်သော တုန့်ပြန်မှု မရ သဖြင့် မယုံကြည်နိုင်ဖြစ်သွား၏ ။ သူ၏ ခွန်အားကို ကျောင်းသားဆိုးတစ်ယောက်ကပင် အထင်မကြီးသဖြင့် အလွန်ရှက်သွားပြီး သူ၏ အစစ်အမှန် စွမ်းအားကို ဖော်ထုတ်ပြရန် ဆုံးဖြတ်လိုက်သည် ။
" ငါ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၄ အလယ်ဆင့် ရောက်နေပြီ..."
အသက် ၁၉ နှစ် အဆင့် ၄ အလယ်ဆင့်အား တစ်နိုင်ငံလုံးပတ်ရှာလျှင်ပင် ထီးဖြူ၍ ဖိနပ်ပါး သွားမည်ဖြစ်သည် ။ ရှားနိုင်ငံတစ်ခုလုံးတွင် ရှားပါးလှသည် ။
" ခွီး...."
လင်းမို့ ဒီတစ်ခါတော့ အောင့်မထားနိုင်ဘဲ ရယ်မိသွားသည် ။ အဆင့် ၄ အလယ်ဆင့် လေးက အဆင့် ၅ ရှေ့တွင် လာကြွားနေသဖြင့် သူအောင့်မထားနိုင်တော့ပေ ။
" ငါ... "
လင်းမို့ ရယ်လိုက်သောကြောင့် လီကျားရွမ်က အရှက်ကွဲသွားသည်ဟု ခံစားလိုက်ရသည် ။
လီကျားရွမ်က ဒေါသထွက်သွားပြီး နောက်ဆုံး သူ၏ စွမ်းရည်ကို ထုတ်ပြောရန် ဆုံးဖြစ်လိုက်သည် ။
" ငါ က အဆင့် ၃ စိတ်စွမ်းအားရှင်... "
" စိတ်စွမ်းအားရှင်လား..."
လင်းမို့ အလွန်အံ့သြသွား၏ ။ ပါးစပ် ဟောင်းလောင်းဖြင့် ကြက်သေသေနေသည် ။
" မင်းက တကယ်စိတ်စွမ်းအားရှင်လား..."
" သေချာတာပေါ့...."
လီကျားရွှမ်က ဂုဏ်ယူစွာ ပြုံးလိုက်သည် ။
အတည်ပြုချက် ရလိုက်သဖြင့် လင်းမို့က နွေးထွေးစွာ ပြုံးလိုက်သည် ။
စိတ်စွမ်းအားရှင်များက ရှားပါးလှသည် ။
ယန်ယီမို ရောက်ရှိလာတုန်းက သူ စိတ်ထိန်းချုပ်သူ အဆင့် ၂ သို့ ရောက်ရှိခဲ့ပြီး ခု အဆင့် ၄ သို့ရောက်ရှိနေပေသည် ။
စိတ်ပညာရှင်များထဲမှ ဒုတိယစွမ်းရည် ဖြစ်သော စိတ်စွမ်းအားကို သူမည်သို့ ရယူရမှန်း ခေါင်းခြောက်နေခဲ့၏ ။ ယခု လီကျားရွမ်က သူ့တံခါးဝသို့ ကိုယ်တိုင်ရောက်လာခဲ့ချေပြီ ။ သူဖြုန်းတီး၍ မဖြစ် ။
" အကိုကြီး..."
လင်းမို့က လီးကျားရွှမ်၏ လက်ကို စိတ်အားထက်သန်စွာဖြင့် ဆုပ်ကိုင်ထားလိုက်၏ ။
လီကျားရွှမ်က ထိတ်လန့်သွားပြီး ဘာပြန်ပြောရမှန် မသိတော့ချေ ။
' ဘာဖြစ်သွားတာလဲ... ငါသူ့ရှေ့မှာ လာကြွားပြနေတာကို စိတ်ဆိုးနေရမှာ မဟုတ်ဘူးလား...'
လီကျားရွှမ်က မျက်တောင် ပုတ်ခပ်ပုတ်ခပ် ဖြစ်သွား၏ ။ သူ ဘာဆက်လုပ်ရမည်မှန်း မသိတော့ ။ သူဒါမျိုး မကြုံဘူးသဖြင့် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ ချေ ။
' ငါ ဆက်ကြွားရမှာလား...'
' အိမ်ပြန်ပြေးရမလား...'
လီကျားရွမ်က အလွန်စိတ်အားထက်သန်နေသော လင်းမို့ကို ကြည့်၍ ကြောင်တောင်ကြီး ရပ်နေသည် ။
လင်းမို့က လီကျားရွှမ်အား ထွက်သွားခွင့် ပေးမည်မဟုတ်ချေ ။
' မင်း ပြန်ပြေးချင်လို့လား... အိမ်မက်သာ မက်နေလိုက်...'
စိတ်စွမ်းအား ရှင်များက ရှားပါးလှသဖြင့် ကြုံတုန်း ခြောက်သည်အထိ ညှစ်ရပေမည် ။
" အကိုကြီး..."
လင်းမို့က လီးကျားရွမ်၏ လက်အား ပျောက်ကွယ်သွားမည်ကို စိုးသည့်အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး...
" အကိုက ယီမိုရဲ့ ဝမ်းကွဲဆိုတော့... ကျွန်တော့ရဲ့ ဝမ်းကွဲပဲလေ ...အကို ဟိုင်းချန်မြို့ကို ရောက်လာမယ်လို့ ထင်တောင် ထင်မထားဘူး... အကိုရောက်တုန်း နှစ်ရက်သုံးရက်တော့နေရမယ်... "
လင်းမို့၏ အမြင်တွင် လီကျားရွှမ်က သူ၏ အတွေ့အကြုံရမှတ် အထုတ်ကြီးဖြစ်သဖြင့် သူစိတ်စွမ်းအား အသုံးပြုနိင်တော့မည့်အတွက် ပျော်ရွှင်နေပေသည် ။
" ငါ..."
လီကျားရွှမ်က လင်းမို့၏ စကားသည် မှားယွင်းနေမှန်းသိသော်လည်း အမှားကို မစဥ်းစားနိုင်တော့ချေ ။ လင်းမို့က အလွန်စိတ်အားထက်သန်စွာ လက်ဆွဲ နှုတ်ဆက်နေသဖြင့် သူရှက်သွားပြီး ပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်သည် ။
" အကိုလီ... "
လင်းမို့က လီးကျားရွှမ် အနားကို ကပ်လိုက်ပြီး ...
" ကျွန်တော် ဒီည ဒကာခံမယ်... အကိုတို့ တက္ကသိုလ်က အကြောင်းတွေကို ပြောပြအုံး... ဟောက်ရန်ရေ..."
လင်းမို့က အခန်းထဲမှ ဟောက်ရန်ကို အော်ခေါ်လိုက်ပြီး...
" မင်းအဖေရဲ့ ဝိုင်ခန်းထဲက ဝိုင်ပုလင်းနဲနဲလောက် သွားခိုးအုံး... ဒီည ငါတို့ အကိုလီနဲ့ အမူးသောက်မယ်..."