တကယ်တော့ ငါက လူသတ်သမား ~
Vol. 7 Ch. 95
နောက်တနေ့ မနက် ...
လင်းမို့သည် သူ၏ ကိုယ်ပိုင်နေရာလေးတွင်ထိုင်၍ ငါးမျှားနေပြီ ဖြစ်သည် ။
သူနှင့် ယန်ယီမို နားလည်မှု ယူထားပြီးသဖြင့် သူအေးဆေး ငါးမျှားနိုင်ပြီဖြစ်သည် ။ ငါးမျှားရာတွင် စိတ်စွမ်းအားက အရေးပါလှ၏ ။
လင်းမို့ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ သို့ရောက်ချိန်တွင် စိတ်စွမ်းအားလည်း အများကြီးတိုးလာခဲ့သည် ။
လင်းမို့ အရင်က သူမည်မျှ နောက်ကျနေမှန်း သိအောင် ထိပ်တန်းပါရမီရှင်များဖြင့် နှိုင်းယှဥ်နေခဲ့သည် ။ ယခု သူနှိုင်းယှဥ်စရာမလိုတော့ ။ အဆင့် ၂ ဖြစ်သူ ယဲ့ရီပင်လျှင် သူ့အမြီးအား မမြင်ရတော့ပေ ။ သူ့ထက် အသက် တစ်နှစ် နှနှစ်ကြီးသူများသာ သူနှင့် နှိင်းယှဥ်၍ ရတော့မည်ဖြစ်သည် ။
သူ စိတ်တည်ငြိမ်နေသဖြင့် ငါးမျှားရသည်က ပိုကောင်းနေသည် ။ မိနစ်အနည်းငယ်အတွင်းပင် ငါးကြီးသုံးကောင် ဖမ်းမိခဲ့ပြီး ဖြစ်သည် ။
လင်းမို့ ရုတ်တရပ် သူနှင့် သိပ်မဝေးသော နေရာရှိ လူလတ်ပိုင်းအရွယ် သန့်ရှင်းရေးသမားတစ်ယောက်ကို လှမ်းကြည့်မိလိုက်၏ ။
" ဟမ်..."
လင်းမို့ မျက်လုံးထဲတွင် သံသရအရိပ်အယောင်များ ဖြတ်သန်းသွားသည် ။
သူ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်၏ ။
" သန့်ရှင်းရေးသမားက သာမန်လူပဲ ဖြစ်သင့်တာကို..."
လင်းမို့ ရှုပ်ထွေးသွား၏ ။
" ငါဘာလို့ အန္တရာယ်များတယ်လို့ ခံစားနေရတာလဲ..."
သိုင်းပညာရှင်များ၏ ခွန်အားကို အမြင်ဖြင့် သိနိုင်ရန် မလွယ်ကူလှပေ ။ စမ်းသပ်ရန် အထူးစက်ပစ္စည်းများ လိုအပ်သည် ။
သို့သော်လည်း လင်းမို့က တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၅ ရှိသည့်အပြင် အဆင့် ၄ စိတ်ထိန်းချုပ်သူလည်း ဖြစ်သဖြင့် စိတ်အာရုံက ငွေလအဆင့်ထက်ပင် သာနေပြီဖြစ်သည် ။
ထို့ကြောင့် သိုင်းပညာရှင်များ၏ ခွန်အားကို အမြင်ဖြင့် မဆုံးဖြတ်နိုင်သော်လည်း စိတ်အာရုံဖြင့် သိနိုင်သည် ။
လင်းမို့၏ အထင်က မှန်ပေသည် ။ ထိုသန့်ရှင်းရေးသမား နံပါတ် ၄၇ ပင်ဖြစ်သည် ။
နံပါတ် ၄၇ က အလွန်စိတ်လှုပ်ရှားပြီး ကြောက်လန့်နေသည် ။ ဤသည်က သူ့ဘဝ၏ ပထမဆုံး လုပ်ကြံရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည် ။ သူအရင်က မစ်ရှင်များလုပ်လျှင် အလုပ်ပြ၍ အသာနှပ်နေသည်ကများသည် ။ ယခု အသက်ကို ရင်း၍ လုပ်ရပေတော့မည် ။
သူ၏ ပစ်မှတ်မှာ ယန်ယီမိုပင်ဖြစ်သည် ။
' ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်က မနက်အစောကြီး သန့်ရှင်းရေးလုပ်နေရတယ် ...'
နံပါတ် ၄၇ အနည်းငယ် ရှက်သွား၏ ။ သို့သော် သူ နံပါတ် ၇ ၏ အစီအစဥ်ကို မငြင်းရဲခဲ့ချေ ။
ပို၍ ကြောက်စရာကောင်းသည်က သူ ဤမစ်ရှင်ပြီးလျှင် သေရတော့မည်ဖြစ်သည် ။
နံပါတ် ၇ က ယန်ယီမိုကို လုပ်ကြံရန် တာဝန်ယူထားပြီး သူက ကာကွယ်ရန်လာမည့် ကျွမ်းကျင်သူများကို နံပါတ် ၇ အချိန်ပိုရစေရန် တားဆီးပေးရမည်ဖြစ်သည် ။
' ငါက သာမန် ကြယ်လေးပွင့် သိုင်းသမားလေးလေ... အဲ့လူတွေကို ငါတစ်ယောက်ထဲ ဘယ်လိုလုပ်တားရမှာလဲ... '
နံပါတ် ၄၇ က ကြောက်လန့် နေ၏ ။ သို့သော် သူထွက်မပြေးရဲ ။ သူထွက်ပြေးလျှင် သူ၏ မိသားစု အသတ်ခံရမည်ဖြစ်သည် ။ သူလွတ်အောင်လည်း ထွက်ပြေးနိုင်မည် မထင် ။
' ငါ အသက်ရှင်ဖို့ အချိန်အများကြီးမကျန်တော့ဘူး...နံပါတ် ၇ စလှုပ်ရှားရင် ငါသေရမယ့်အချိန်ပဲ... '
နံပါတ် ၄၇ စိတ်ဓာတ်ကျသွား၏ ။ သူမသေချင်သေး ။
' အဲ့တာ Black Earth ကြောင့်ပဲ... '
နံပါတ် ၄၇ က မုန်းတီးစွာ တွေးလိုက်မိသည် ။ သူ Black Earth မည်သူမှန်း သိပါက မစ်ရှင်ကို အကြောင်းပြ၍ အသာနှပ်နေရုံပင် ။ ယခုကဲ့သို့ အန္တရာယ်တောထဲ ရောက်နေမည်မဟုတ် ။
' Black Earth ဘယ်သူမှန်းသိလို့ကတော့ ချီးထွက်အောင်ရိုက်ပစ်မယ်... '
နံပါတ် ၄၇ သည် Black Earth က သူနှင့် ဆယ်မီတာလောက်အကွာတွင် ငါးမျှားနေမည်ဟု အိမ်မက်ပင် မက်ဖူးမည်မဟုတ်ပေ ။ ဂြိုလ်ပြာပေါ်တွင် သူနှင့် အနီးဆုံးလူမှာ Black Earth သာဖြစ်သည် ။
" အယ်..."
သူ အနားရှိ ငါးမျှားနေသော ကျောင်းသားက ငါးဖက်တီးတစ်ကောင် ထပ်မိသွားသည်ကို မြင်လိုက်ရ၏ ။
နံပါတ် ၄၇ က အံ့သြစွာဖြင့် အနားသို့လျောက်သွားပြီး ချီးကျူးလိုက်သည် ။
" ညီလေး... မင်း စကေးက ဘယ်ဆိုးလို့လဲဟ..."
" ဟားဟားဟား... ကံကောင်းလို့ပါ... ကံကောင်းလို့ပါ..."
လင်းမို့လည်း သတိထားပြီး နှိမ့်ချ ပြောလိုက်၏ ။
" ငါ ထိုင်လို့ရမလား..."
နံပါတ် ၄၇ က ငါးမျှားဝါသနာပါသည် ။ ပုံမှန်သာဆိုလျှင် သူငါးမျှားရန် ငါးမျှားတံရှာတော့မည်ဖြစ်သော်လည်း သူအခု စိတ်မပါတော့ ။ သူနောက်ထပ် ငါးမျှားခွင့် ရတော့မည် မဟုတ်ပေ ။ သူ စကားပြောချင်၍သာ လာခဲ့ခြင်းဖြစ်သည် ။ သူ၏ စိတ်များ မွန်းကြပ်လှလေပြီ ။
" ထိုင်လေ..."
လင်းမို့က ထိုင်ရန်ဖိတ်ခေါ်လိုက်ပြီး ဘီယာအေးအေးလေး တစ်ပုလင်းကို ထုတ်ပေးလိုက်သည် ။
" လာလာ ဘီယာသောက်..."
နံပါတ် ၄၇ က ဘီယာ ပုလင်းကို ယူ၍ အားရပါးရ မော့သောက်လိုက်သည် ။ အရက်အရှိန်ကြောင့် သူသေဆုံးတော့မည်ကို ပြန်သတိရသွားပြီး အရာအားလုံး ဖွင့်ထုတ်ချင်လာသည် ။
" ညီလေး... ငါထင်တာမမှားရင် မင်းက လင်းမို့ ဖြစ်မယ် ..."
နံပါတ် ၄၇ က ပုလင်းတစ်ဝက်လောက် မော့သောက်လိုက်ပြီး ပြောလိုက်၏ ။
" ခင်ဗျားဘယ်လိုသိလဲ... "
လင်းမို့ လန့်သွားပြီး သတိကြီးကြီးထားလိုက်သည် ။
" ဒီကျောင်းထဲ ဒီအချိန်မှာ ငါးလာမျှားနေနိုင်တာ လင်းမို့က လွဲလို့ ဘယ်သူရှိမှာလဲ..."
နံပါတ် ၄၇ က အချက်အလက်စုဆောင်းရာတွင် ကျွမ်းကျင်သူဖြစ်သည် ။
တစ်ညအတွင်းပင် ဟိုင်းချန်ကျောင်း၏ အခြေအနေကို နားလည်ထားပြီးသားပင် ။ အမှိုက် လင်းမို့မှာ နာမည်ကြီးသဖြင့် သူသတိထားမိသွားခြင်းဖြစ်သည် ။
" ဒီအချိန် ကျောင်းသားတွေအကုန် အခန်းထဲမှာလေ... အပြင်မှာရှိနိုင်တယ့်သူဆိုလို့ မင်းတစ်ယောက်ပဲရှိတာ..."
နံပါတ် ၄၇ က ပြုံး၍ တံမြက်စည်းကို ချကာ လင်းမို့အနားတွင် ဝင်ထိုင်လိုက်သည် ။
" ဟားဟား... ဦးလေးမှန်တယ် ..."
လင်းမို့ ဝန်ခံလိုက်သည် ။
ယခုအချိန် လင်းမို့သည် သူ့ဘေးရှိလူမှာ အကြောင်းတစ်ခုခုကြောင့် ကျောင်းထဲ ခိုးဝင်လာသူမှန်းသိလိုက်၏ ။ သူ့ကို လာရှာသည်တော့ မဖြစ်နိုင် ။ ငါးဆားနယ်တစ်ကောင်အား လုပ်ကြံရန် မည်သူက ကျောင်းထဲသို့ ခိုးဝင်ပါမည်နည်း ။ သတ်ချင်လျှင်ပင် သူအိမ်ပြန်သည့်အချိန်ကိုစောင့်၍ လုပ်ကြံပေလိမ့်မည် ။
' ယန်ယီမိုအတွက် လာတာလား...'
လင်းမို့ ဖြစ်နိုင်သည်ကို တွေးလိုက်မိ၏ ။ ပါရမီစာရင်းဝင်များအား နှစ်တိုင်း လုပ်ကြံရန် ကြိုးစားကြသည်ဟု သူကြားဖူးသည် ။ ဤလူက လူသတ်သမား ဖြစ်နိုင်ပေသည် ။
' ဒါပင်မယ့် သူက ဘာလို့ ငါ့အနားလာထိုင်နေတာလဲ... ယန်ယီမိုကို လုပ်ကြံမယ်ဆိုရင် ဗီလာအနားကို မသွားဘူးလား...ငါ သေချာသိအောင် စမ်းသပ်ကြည့်မှ..."
လင်းမို့ စမ်းသပ်ချိန်ပင် မရလိုက်ချေ ။ သန့်ရှင်းရေးသမားက ရင်ဖွင့်တော့သည် ။
" ညီလေးလင်း... ငါမင်းကို မြင်မြင်ချင်း ခင်မင်မိတယ်... ငါမင်းကို ဖုံးကွယ်မထားချင်ဘူး..."
နံပါတ် ၄၇ က မွန်းကြပ်လွန်းသဖြင့် လင်းမို့ကို ရင်ဖွင့်ရန် ဆုံးဖြတ်လိုက်သည် ။
" တကယ်တော့ ငါက လူသတ်သမား..."