သေခြင်းတရားလက်
Vol. 65 Ch. 1041
“ဖေဖေ!” ချန်လွေ့က ခြံထဲသို့ ရောက်လာသည်နှင့် သော်သော်က သူ့ဆီသို့ အရင်ဆုံး ပြေးလာသည်။ “သော်သော် ဒီနေ့ ဘယ်ရီပြာမစ်ရှိတ်၊ ပုလဲပေါက်စီ၊ ငှက်ပျောကိတ်ဖြူ၊ သစ်အယ်သီးနီ ဆန်ပြုတ်နဲ့ မျိုးစုံ ပူတင်းတွေ စားချင်တယ်…”
ဟင်းများစွာ နားထောင်ပြီးနောက် ချွဲကျိကောင်သည်ပင် သွားရည်များ ကျလာသည်။ ချန်လွေ့ ပြုံးလိုက်ပြီး သမီးလေး၏ ချောမွေ့သော မျက်နှာလေးကို ဖွဖွလေး ပွတ်သပ် လိုက်၏။ “ဒါပေါ့။ စားစေရမယ်! ဖေဖေ ချက်ချင်းပဲ လုပ်ပေးမှာ!”
ချန်လွေ့က သိုလှောင်ဂိုဒေါင်ထဲမှ ကိရိယာများနှင့် ပါဝင်ပစ္စည်းများကို အလျင်အမြန် ထုတ်ယူကာ အထူး အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး၏ အရှိန်အဟုန်ဖြင့် မနက်စာကို ပြင်ဆင် နေတော့သည်။ သူ၏ အမူအရာက တိုက်ပွဲ တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ အလေးအနက် ရှိနေသည်။ ယခုအချိန်တွင် သူက ယောက္ခမကြီး အက်ဂ်လက်စ်နှင့် မစ်-နဂါးနက်တို့ တွေ့ဆုံသည့် အချိန်က ခံစားချက်ကို နောက်ဆုံး နားလည် သွားခဲ့သည်။ နတ်ဘုရားတစ်ပိုင်း ဖြစ်စေ၊ နတ်ဘုရား-ယောင် ဖြစ်စေ၊ သမီးရှေ့တွင်မူ ဦးလေးကြီး ပုံစံမျိုး ဖခင်တစ်ဦးသာ ဖြစ်လေသည်။
သမီးလေး၏ ရင်ထဲမှ အပြုံးလေး အတွက်ဆိုလျှင် အရာအားလုံးက ထိုက်တန်လှသည်။ သို့သော်လည်း၊ လောကကြီးတွင် အံ့သြဖွယ်ရာများ ပြည့်နှက်နေလေသည်။ ခြင်းချက်နှင့် “မိဘ” ဟု လုံးဝ မခေါ်နိုင်သော “မိဘ” အနည်းငယ်လည်း ရှိကြပေသည်။ ချန်လွေ့က ထောင့်တွင် ထိုင်နေသော ပုံရိပ်ကို လှည့်ကြည့်ပြီး သက်ပြင်း ချလိုက်သည်။
“အစ်ကို။ ကျွန်မ အစ်ကိုနဲ့ ပူတင်း အတူတူလုပ်မယ်။” ချန်လွေ့က ရောက်လာသည်ဖြစ်ရာ အဲလစ်က ကရန် စိတ်မပါတော့ပေ။ သူက ကရင်း လာခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုအကသည် သူ့ကို “ရင်သားကြီးသောကြယ်ပွင့်” ဖြစ်လာစေမည့် အကမျိုး မဟုတ်ပေ။ အသီနာနှင့် အခြားသူများကတော့ အလေးအနက်ထားပြီး ကခုန်နေဆဲ ဖြစ်လေသည်။
ချန်လွေ့က ထောင့်မှ တစ်ဖနီကို ကြည့်နေကြောင်း မြင်သောအခါ အဲလစ် မကျေမနပ်ဖြစ်ကာ ရှေ့သို့ တိုးလာပြီး တိုးတိုးလေးပြောလိုက်၏။ “အစ်ကို။ ဒီတစ်ဖနီက အတော်လေး စိတ်ရှုပ်စရာ ကောင်းတယ်။ ကျွန်မ သူ့ကို ခဏခဏ စကားပြောခဲ့ပေမယ့် ကျွန်မကို လျစ်လျူရှုထားတယ်။”
ချန်လွေ့က ရှင်းပြခြင်း မရှိဘဲ ခေါင်းခါလိုက်သည်။ အဲလစ်က စိတ်ကောင်းသည်။ သူက တစ်ဖနီ အငြင်းခံရသော ပထမဆုံး ပုဂ္ဂိုလ် မဟုတ်ပေ။ ထိုရက်ပိုင်းအတွင်းတွင် တစ်ဖနီနှင့် ဆက်သွယ်ရန် ကြိုးစား ခဲ့ကြသော ချန်လွေ့ အပါအဝင် လူတိုင်း ခြွင်းချက်မရှိ ရှုံးနိမ့်ခဲ့ကြ၏။
အချို့ဒဏ်ရာများအတွက် “စာနာမှု” သည် ဒဏ်ရာကို မပျောက်စေဘဲ ပို၍ နက်ရှိုင်းစေနိုင်သည်။ ထို့အပြင် တစ်ဖနီ၏ လက်ရှိအခြေအနေက သူကိုယ်သူ လုံးဝ အထီးကျန်အောင် လုပ်ထားခြင်းနှင့် တူနေ၏။ မည်မျှ ကောင်းမွန်သော ဆေးပင် ဖြစ်ပါစေ၊ အရာရာကို ပယ်ချသည့် အခွံမှ တစ်ဆင့် ဒဏ်ရာကို ကုသရန် ထိတွေ့နိုင်မည် မဟုတ်ပေ။
သူ ကိုယ်တိုင် ထိုစိတ်ဒဏ်ရာမှ ရုန်းထွက်နိုင်မှသာ ရလိမ့်မည်။
နောက်ဆုံးတွင် အက ပြီးသွားပြီး ချန်လွေ့၏ နတ်ဘုရား တစ်ပိုင်း အဆင့် မြန်နှုန်းကြောင့် မနက်စာမှာ အဆင်သင့် ဖြစ်လုနီးပါး ဖြစ်နေ၏။ လူတိုင်းက ရယ်မော ပျော်ရွှင်စွာဖြင့် ဝိုင်းအုံလာကြသည်။ ဧည့်သည် စားဖိုမှူး ဖြစ်ခဲ့သော ချန်လွေ့က ချက်ချင်းပင် အားပေးသူ အဖြစ် ပြောင်းလဲသွားကာ လက်သုတ် ပုဝါများနှင့် ရေများကို ဝီရိယရှိစွာ ပေးနေခဲ့သည်။
သိချင်စိတ်ပြင်းပြသော မင်းသမီးလေး - အသီနာ။ နင့်ရဲ့ ပန်းကန်ထဲက စားစရာက ဘာလဲ။ အစ်ကိုက မတရားဘူး။ ငါ ဘာလို့ မရတာလဲ။
ပျော်ရွှင်နေသော အသီနာ - အဲလစ်၊ တကယ်တော့ ဒါက…
ပြုံးဖြီးနေသော မဒမ်-ဒေါ်လေး -အဲလစ်၊ အဲဒါက ငါတို့ အားလုံး အားကျရတဲ့အရာပဲ… အသီနာ အတွက် မင်းအစ်ကိုရဲ့ အထူး အာဟာရ ဖြစ်တဲ့ ကိုယ်ဝန်ဆောင် မနက်စာလေ။
အားကျသော အဖွဲ့ထဲ ဝင်ရောက် သွားသော မင်းသမီးလေး - အိုး…
ပြုံးနေသော မဒမ်-ဒေါ်လေး - ခီရာ၊ နင် စားချင်ရင်တော့ ဒီည ပိုပြီးတော့ ကြိုးစားရလိမ့်မယ်။
စိတ်အားတက်ကြွနေသော ကဝေမလေး - နားလည်ပါပြီ! ကြိုးစားမယ်! ကြိုးစားမယ်! အာ… ဒီညက ဇိုလာ အလှည့် မဟုတ်လား။ လဲချင်လား။
ငေးဟန်ဆောင်သော မစ်-နတ်မိမယ်နဂါး - ဘာပြောတာလဲ...
အတော်လေး ပြောစရာမဲ့နေသော ဒေလီယာ - ဟေ့ ဟေ့! နင်တို့ စကား ဆင်ခြင်ကြပါဦး။ ပါးစပ်ကြီးတွေနဲ့။ အဲလစ်နဲ့ သော်သော်လေးလည်း ရှိနေ သေးတယ်လေ!
ဆရာမ မစ်-နတ်မိမယ်နဂါး၏ အမူအရာကို အတုခိုးနေသော မင်းသမီးလေး - ကိစ္စမရှိပါဘူး။ ကျွန်မ နားမလည်ဘူး။ ဆက်ပြောကြပါ။
တကယ်တမ်း နားမလည်သော သော်သော်လေး - ဖေဖေ။ သမီး ငှက်ပျောကိတ်ဖြူ နောက်ထပ်တစ်ခု လိုချင်တယ်။
အစားအသောက်ကိုသာ အမြဲပင် အာရုံစိုက်နေသော မြနဂါး - (အွမ်းအွမ်းအွမ်း...)
အစားအသောက်ကိုသာ အမြဲပင် အာရုံစိုက်နေသော ဆရာသခင် တကယ်ခန့်ညား - (အွမ်းအွမ်းအွမ်း...)
.....
ယခုတစ်ကြိမ်တွင် ချန်လွေ့က ဆမ်မြူရယ်နှင့် သူ့ဇနီးကို နတ်ဆိုးဘုံ တရားဝင် ပြန်ခေါ်ဆောင်လာခဲ့သည်။ မင်းသား၏ သရုပ်နှင့် နတ်ဆိုးဘုံ၌ ဂုဏ်သတင်း ကျော်ကြားသော လုပ်ဆောင်ချက်များကို သိလိုက်ရ သောအခါ ဆမ်မြူရယ်နှင့် ဇနီး နှစ်ဦးတို့က ကြက်သေသေသွား၏။
နတ်ဆိုးဘုံက အင်ပါယာ နှစ်ခုရဲ့ ဧကရီတွေရဲ့ ကြင်ရာတော် မင်းသား။ အိုး... သိပ်မကြာခင် တတိယမြောက် ဧကရီရဲ့ ကြင်ရာတော် မင်းသား ဖြစ်တော့မယ်။ ပြီးရင် ဒီအင်ပါယာ သုံးခုက မဟာမိတ် ဖွဲ့တော့မယ်။ ဆိုလိုတာက နတ်ဆိုးဘုံ ပေါင်းစည်း သွားတော့မယ်ပေါ့။
မဟာမိတ်ဖွဲ့စည်းမှုကို အစကနေ အဆုံးအထိ မင်းသား တစ်ပါးက စီစဉ်ခဲ့တာ။။ အင်ပါယာ သုံးခုရဲ့ ဧကရီတွေရဲ့ တစ်ဦးတည်းသော ခင်ပွန်း ဖြစ်တဲ့ ‘အာသာ’ မဟုတ်ဘူး.. ‘အရှင်မင်းသားချန်လွေ့’လို့ ခေါ်ရမယ့်သူက တကယ်တမ်း နတ်ဆိုးဘုံတစ်ခုလုံး နောက်ကွယ်က ထိန်းချုပ်သူ ဖြစ်နေတာပဲ။
ဒီသရုပ်မျိုးကို လူသားလောကရဲ့ မင်းသားနဲ့ အုပ်စိုးသူနဲ့ ဘယ်လိုမျိုး နှိုင်းယှဉ်နိုင်မှာလဲ!
အဲဒီ တိုက်ပွဲတွေနဲ့ ပြိုင်ပွဲတွေရဲ့ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတွေက ပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာ ကောင်းသေးတယ်။
ဆမ်မြူရယ်က ယခု အမှောင်လ သခင်စံအိမ်တော်တွင် အခြေချ နေထိုင်ပြီး အမှောင်လ နယ်မြေ၏ စစ်ရေး ကိစ္စများကို တဖြည်းဖြည်း တာဝန်ယူလာခဲ့သည်။ ဂျိုအန်နာနှင့် အီနာတို့သည်လည်း သူတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသ ခဲ့ကြ၏။ ဂျိုအန်နာက စီးပွားရေးနှင့် ပြည်တွင်းရေးကိစ္စများ တာဝန်ယူပြီး အီနာက လုံခြုံရေး လုပ်ငန်းများကို တာဝန်ယူခဲ့သည်။ အမှောင်လတွင် သူက ကြေးစား အဖွဲ့အစည်း တစ်ခု တည်ထောင်ရန် ရည်ရွယ်ထား၏။
ထိုသုံးယောက်က ချန်လွေ့နှင့် စိတ်ဝိညာဉ်ကွင်းဆက် ရှိနေသော လူယုံများ ဖြစ်ကြသည်။ သူတို့၏ သစ္စာရှိမှုအပေါ် သံသယ ဖြစ်စရာ မရှိပေ။ သူတို့ ထမ်းဆောင်သော ရာထူးများက အမှောင်လ၏ မူလ အာဏာအပေါ် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိနိုင်မည် ဖြစ်သော်လည်း တစ်ခါ ညှိယူ ပြီးသည်နှင့် နောက်ပိုင်း အသီနာ၏ ဝန်ထုပ်ဝန်ပိုးများ လျော့ပါးသွားမည် ဖြစ်သည်။ ယခုအချိန်အထိ သူတို့ သုံးဦး ပေါင်းလိုက်ရာ အသီနာနှင့် ခီရာတို့အတွက် အများကြီး သက်သာ သွားခဲ့ပြီ ဖြစ်သည်။
အမှောင်လအတွင်း ရှုပ်ထွေးမှု အချို့အတွက် ချန်လွေ့ လုံးဝမပူပေ။ စစ်ရေးနှင့် နိုင်ငံရေး အာဏာကို ထိန်းချုပ်ထားခဲ့သော အသီနာက အမှောင်လအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ ပြဿနာရှာသူ အသေးလေးများက မည်သည့် ဖရိုဖရဲမျှ မဖြစ်စေနိုင်ပေ။ သူ့တွင် ပိုမို၍ မြင့်မားသည့် အာဏာ ကလည်း ရှိနေသေးသည်ကို ပြောစရာပင် မလိုပင်။
“ဒါနဲ့ ဒီရက်ပိုင်း မင်းတို့အားလုံး ဘယ်လို ခံစားရလဲ။” ဗာရိုနီကာ၏ သတိပေးချက်ကို ရရှိပြီးနောက်တွင် ချန်လွေ့က အသီနာနှင့် အခြား သူများအား ကြယ်နှစ်ပွင့် [ကြယ်အဆင့်တိုးမြှင့်မှု] ပေးခဲ့သည်။
နှစ်ပွင့် တိုးမြှင့်ခြင်းက တစ်ပွင့် တိုးမြှင့်ခြင်းနှင့် ကွဲပြားသည်။ တစ်ပွင့် တိုးမြှင့်ခြင်းက တစ်လအထိ ကန့်သတ်ချက်ရှိပြီး ခွန်အားများ ဆုတ်ယုတ်သွားပြီးမှ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာလေသည်။ ၎င်းက အခြေခံအုတ်မြစ် အသစ် ပြန်ချကာ ပြန်လည်၍ တည်ဆောက်ခြင်းနှင့် တူညီသည်။ တစ်ဖက်တွင် နှစ်ပွင့် တိုးမြှင့်တင်ခြင်းက တိုက်ရိုက်ပင် ယုံကြည်မှု“မျိုးစေ့”ကို ပေးလိုက်ခြင်း ဖြစ်ပြီး အချိန်ကန့်သတ်ချက် မရှိပေ။ ကြယ်ပွင့်အဆင့် တိုးမြှင့်ခြင်း၏ အကျိုးသက်ရောက်မှုသည် တစ်ဦးချင်းစီ၏ နားလည်နိုင်စွမ်းအပေါ် မူတည်၏။ တစ်နည်းအားဖြင့် နားလည်နိုင်စွမ်း မလုံလောက်သူများက နှစ်ပွင့် တိုးမြှင့်ခြင်းကို လက်ခံရရှိလျှင်ပင် အကျိုးသက်ရောက်မှု မရှိသလောက် နည်းပါးလေသည်။
“ခေါင်းဆောင်။ ကျွန်မ ဘာကိုမှ ထူးထူးခြားခြား မခံစားရဘူး။ အရင် တိုးမြှင့်မှုနဲ့ လုံးဝ ကွဲပြားနေတယ်။” ဒေလီယာက ခေါင်းခါလိုက်သည်။ “ကျွန်မရဲ့ပါရမီက နိမ့်လို့ ဖြစ်မယ်။”
“ကျွန်မလည်း ထူးထူးခြားခြား ဘာမှ မခံစားရဘူး။” ခီရာက မျက်ရည်များ ဝဲနေကာ သနားစဖွယ် ပုံစံဖြင့် ကြည့်လိုက်သည်။ “ဒါပေမယ့် … ချန်လွေ့။ ကျွန်မ တကယ်ပဲ ကြယ်ဘုရင်မ ဖြစ်ချင်တယ်!”
“ကြယ်ဘုရင်မနဲ့ ဒါက ဘာမှ မဆိုင်ပါဘူး။ ဟုတ်ပြီလား။” အစ်ဇဘယ်လာက ကဝေမလေး၏ ကြိုးစားမှုကို ဖော်ထုတ်လိုက်သည်။ အဆင့်မြင့် ကြယ်အပ်နှင်းစင်မြင့်တွင် “ကြယ်ဘုရင်မ” ရာထူး အသစ် ထပ်တိုးလာသော်လည်း နေရာလွတ် သုံးခုသာ ရှိသည်။ မည်သည့် အစွမ်းမျိုးရှိရှိ ဂရုမစိုက်ဘဲ နာမည်က မောင်းမဆောင်ထဲမှ မိန်းမများ၏ ယှဉ်ပြိုင်ခြင်းကို ဆွဲဆောင်ခဲ့သည်။ အရှားပါးဆုံး “ကြယ်ကိုယ်လုပ်တော်” နေရာကို (၇)နေရာအထိ တိုးမြှင့် ထားသော်လည်း အရှားပါးဆုံးကိုသာ တန်ဖိုးထားသည်ဖြစ်ရာ ထိုအရာက လျစ်လျူရှုခံခဲ့ရ၏။
ကဝေမလေးက သူ၏ လှည့်ကွက် ပေါ်သွားသောအခါ ဒေါသမထွက်ပေ။ ထိုအစား သူက အစ်ဇဘယ်လာ အကြိုက်ဆုံး ဖြစ်သော နှင်းပန်း ဆန်ပြုတ်ကို ပေးလိုက်သည်။ မဒမ်- ဒေါ်လေးက သူ့ဆီမှ အကျိုးအမြတ် ရရှိပြီးနောက် ဘာမှမပြောတော့ပေ။
“ကျွန်မရဲ့ ခံစားချက်က… အရမ်း သက်သောင့်သက်သာ ရှိနေသလိုပဲ။ ဒါပေမယ့် ဘယ်လိုမျိုးလဲ တိတိကျကျ မပြောတတ်ဘူး။” အသီနာက ရိုးသားစွာ ပြောလိုက်သည်။
ဇိုလာက ပြောသည်။ “ကျွန်မ ဒါကို ပြောတော့မလို့ပဲ။ ခဏတလော ကျွန်မရဲ့ ဝိညာဉ်က တစ်ခုခု လွဲနေသလိုပဲ။ ကွဲထွက်တော့မလို လက္ခဏာတွေ ပေါ်လာတယ်။ ဒါက အထင်မှားတာပဲလား မသိဘူး။”
“ကျွန်မကတော့ ဇိုလာနဲ့ ဆန့်ကျင်ဘက်ပဲ။ ကျွန်မရဲ့ ဝိညာဉ် စွမ်းအားက အဆုံးမရှိ ကျယ်ပြန့် လာသလို ခံစားရပြီးတော့ ညတိုင်း အိပ်မက်တွေ မက်တယ်။” အစ်ဇဘယ်လာက ပြုံးလိုက်ပြီး နားစွင့်နေသော အဲလစ်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်တောင်ခတ် လိုက်၏။ “ဘယ်လို အိပ်မက်လဲ ဆိုတာ အသေးစိတ် မပြောတော့ဘူး။”
“ဟွန့် ဟွန့်... မြေခွေးမ။ ဘာတွေ လျှို့ဝှက်နေတာလဲ။ ကျွန်မ အစ်ကိုကို နမ်းတဲ့ အိပ်မက် မဟုတ်ဘူးလား။” မင်းသမီးလေးက တီးတိုး ပြောလိုက် လေသည်။
“အဲဒီလို အိပ်မက်မျိုး ဆိုရင် ကျွန်မလည်း မက်တယ်။” ကဝေမလေးက ပြုံးပြီး ထပ်ပြော လိုက်သည်။
.....
လူတိုင်း၏ ခံစားချက်များက မတူညီကြပေ။ ချန်လွေ့ အနေဖြင့် ဆုံးဖြတ်ရန် လွယ်ကူ၏။ အထူးသဖြင့် ဇိုလာတွင် “ဝိညာဉ်ကွဲ” လက္ခဏာ ရှိနေသေးသည်။ သို့သော် ကြယ်ပွင့် အဆင့်တိုးမြှင့်ခြင်း၏ ဆိုးကျိုးများ မဟုတ်လောက်ပေ။ ဘာဖြစ်မလဲ ဆိုတာ ဆက်ပြီးတော့ စောင့်ကြည့် တာပေါ့။
ခဏအကြာတွင် ခမ်းနားပြီး ပျော်ရွှင်စရာ မနက်စာ ပွဲတော် ပြီးဆုံး သွားခဲ့သည်။ အသီနာ၊ ခီရာနှင့် ဒေလီယာတို့သည် သခင်စံအိမ်သို့ ပြန်သွားကြသည်။ ဇိုလာက သူ၏ ကိုယ်ပိုင် ဝိညာဉ် ပြဿနာများကို လေ့လာရန်အတွက် သက်တန့် တောင်ကြားသို့ ပြန်သွားခဲ့သည်။ အစ်ဇဘယ်လာနှင့် ခရိုဘဲလက်စ် တို့က သော်သော်လေးကို ခေါ်ပြီး လမ်းမများပေါ်သို့ ထွက်သွားကြ၏။ ဒိုဒိုက အပိုငွေရှာရန် အိတ်ဆွဲသမား အဖြစ် အလုပ်လုပ်ပေးနေသည်။
အဲလစ်သည် မူလက ချန်လွေ့နှင့် တိတ်တိတ်လေးနေရန် စိတ်ကူး ထားသော်လည်း “မြေခွေးမ”က စတိုးဆိုင်၌ အံ့ဩဖွယ် မှော်အရပ်ရှည် ဖိနပ်များ ရောင်းနေကြောင်းကို ‘မရည်ရွယ်ဘဲ’ ပြောလိုက်သောအခါ အရပ်နှင့် ရင်သားတို့နှင့် ပတ်သက်ပြီး စိုးရိမ် ပူပန်နေသော မင်းသမီးလေးက ပြင်းထန်သော စိတ်လွန်ဆွဲမှုများ ဖြစ်ပြီးနောက် ဈေးဝယ်ထွက်ရန် ဆုံးဖြတ်ခဲ့လေသည်။
အိမ်တစ်အိမ်လုံးတွင် ချန်လွေ့နှင့် အရိပ်ထဲ၌ ပုန်းနေသော တစ်ဖနီသာ ကျန်တော့သည်။
တစ်ဖနီက ချန်လွေ့နှင့် အခြားသူ ကဲ့သို့ပင် မနက်စာ စားသော်လည်း သူ၏ လှုပ်ရှားမှုများနှင့် အမူအရာက စက်ရုပ်သဖွယ် ဖြစ်နေသည်။
ထိုရက်များအတွင်း၌ သူ့ကို မည်သူက စကားပြောသည်ဖြစ်စေ၊ အစ်ဇဘယ်လာက ခနဲ့သော စကားများ ပြောသည်ဖြစ်စေ၊ သူ၏ အမူအရာက အမြဲပင် ကွက်လပ် ဖြစ်နေခဲ့သည်။
‘တစ်ဖနီ’က အမှန်တကယ်တွင် အသက်ရှင်နေဆဲ ဖြစ်သော်လည်း သူ၏ဝိညာဉ်က သိဒ္ဓိအလင်းတောင်ရှိ စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းတွင် သေဆုံး သွားခဲ့လေပြီ။ ထို့ကြောင့် သူက သွေးရောင် အင်ပါယာ၏ အုပ်စိုးသူ ဖြစ်လာရန် မပြောနှင့်၊ သာမန်လူ တစ်ယောက် ဖြစ်ရန်ပင် မလွယ်ကူလှပေ။
ချန်လွေ့က တစ်ဖနီ အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ သူကို စည်းရုံးရန်၊ သွန်သင်ဆုံးမရန် မကြိုးစားခဲ့ပေ။ ထိုအစား သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
“မင်းရဲ့ဘဝက မျှော်လင့်ချက်မဲ့တဲ့ အရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားရလား။”
“မင်းရဲ့ ဘဝက အဓိပ္ပါယ် မရှိတော့ဘူးလို့ ခံစားရလား။”
“မင်း တကယ် သေချင်လား။”
တစ်ဖနီက ပုံမှန်အတိုင်းပင် ထုံထိုင်းစွာ ထိုင်နေဆဲ ဖြစ်သည်။
“မင်း တကယ် သေဖို့အတွက် ပြင်ဆင်ထားပြီးပြီ ဆိုရင်တော့…”
“ငါ့နောက်လိုက်ခဲ့။”
ထိုစကား ထွက်ပေါ်လာသောအခါ တစ်ဖနီ၏ ခန္ဓာကိုယ် နောက်ဆုံးတွင် တုန်လှုပ်သွားခဲ့သည်။
သူ၏ စိတ်က အပြင်လောကရှိ အားလုံးမှ ကာဆီးထားသော်လည်း ထိုစကားကို ဖျောက်ဖျက်နိုင်ရန် မပြောနှင့်၊ သူ၏ မှတ်ဉာဏ်ထဲမှ အသံကိုပင် မကာဆီးနိုင်ခဲ့ပေ။
ယခုတွင် တတိယ အကြိမ်မြောက် ဖြစ်သည်။
ပထမအကြိမ် လျို့ဝှက်နယ်မြေ၌ ဖြစ်သည်။ ငွေသေတ္တာအတွက် ပြိုင်ဘက် တစ်ယောက် အနေဖြင့် ထိုသူက ခက်ခဲသော အလုပ်များကို လုပ်ဆောင်ပြီးနောက် နောက်ဆုံး၌ သေတ္တာကို ရယူနိုင်ခဲ့သည်။ သူ၏ တန်ဖိုးများ ကုန်ဆုံးသွားပြီ ဖြစ်ပြီး သေခြင်းကို ရင်ဆိုင်ရတော့မည်ဟု တွေးမိလိုက်ချိန်တွင် ထိုသူက မမျှော်လင့်ဘဲ သူအား ထိုစကား တစ်ခွန်းကို ပြောခဲ့သည်။ ထို့နောက် သူက သေစေနိုင်သော နေရာမှ ခေါ်သွားပြီး ကိုယ်ပိုင်လွတ်လပ်မှုနှင့် လဲလှယ်နိုင်သော ငွေသေတ္တာကို ပေးခဲ့သည်။ သူ၏ ရည်ရွယ်ချက် မည်သို့ပင် ဖြစ်စေကာမူ၊ ၎င်းမှာ နွေးထွေးမှုကို သူ ပထမဆုံးအကြိမ် ခံစားရခြင်းပင်။
ဒုတိယအကြိမ်က သိဒ္ဓိအလင်းတောင်တွင် ဖြစ်သည်။ အလွန်အမင်း အရေးတကြီး အချိန်တွင် ထိုသူက ရန်သူများ အားလုံး၏ ရှေ့မှောက်တွင် သူ့ဆီကို လျှောက်လာပြီး ထိုနွေးထွေးသော စွမ်းအားက ပျောက်ကွယ်လုနီးပါး အေးစက်နေသော နှလုံးသားထဲသို့ စီးဝင်လာခဲ့သည်။ သူ သတိလစ် သွားပြီးနောက် မည်သို့အရာများ ဖြစ်ပျက်ခဲ့ကြောင်း မသိခဲ့သော်လည်း ထိုနေရာက မည်သို့သော နေရာ ဖြစ်ပြီး မည်သို့ ကြောက်စရာ ကောင်းသော ရန်သူများ ရှိကြောင်း သူ အတိအကျ သိပေသည်။ သူက ယခုအခါ ထိုနေရာသို့ ဘေးကင်းစွာ ရောက်ရှိနေခြင်းက တိုက်ပွဲ မည်မျှ ပြင်းထန်ခဲ့ကြောင်း တွေးနိုင်ပေ၏။
ကမ်းလှမ်းလာသော လက်ကို ကြည့်နေရင်း တစ်ဖနီ၏ အမြင်က အနည်းငယ် ဝေဝါးသွားသည်။ သူက လက်ကို တုန်တုန်ယင်ယင်နှင့် မြှောက်လိုက်သည်။
အသံက နောက်တစ်ခေါက် ထွက်လာပြန်သည်။ “မင်း သေချာ စဉ်းစားရမယ်။ ဘာလို့လဲ ဆိုတော့ ငါ့လက်ကို ဆုပ်ကိုင် လိုက်တာက သေခြင်းတရားကို ဆုပ်ကိုင်တာနဲ့ အတူတူ မို့လို့ပဲ။”
သေခြင်းတရားလား။
ထူးထူးဆန်းဆန်းပင် တစ်ဖနီက တည်ငြိမ်သွားခဲ့သည်။ သူက ခွန်အား တစ်ခုခုကို စုစည်းပြီး ထိုလက်ကို တင်းတင်း ဆုပ်ကိုင်လိုက်၏။
အသေအချာပင် ၎င်းက သူ၏ မှတ်ဉာဏ်ထဲမှအတိုင်း နွေးထွေးနေဆဲ ဖြစ်သည်။
ထိုလက်ကို ဆုပ်ကိုင်လိုက်သော အခိုက်တွင် မယုံနိုင်စရာ အားတစ်ခု သူ့ကို ရစ်ပတ်လိုက်ကြောင်း ခံစား လိုက်ရပြီး သူ၏ဝိညာဉ်က ခန္ဓာကိုယ် အထဲမှ ဖောက်ထွက် တော့မလို မငြိမ်မသက် ဖြစ်လာခဲ့သည်။
ငါ သေရတော့မှာလား။
တစ်ဖနီ မခုခံခဲ့ပေ။ ထိုကဲ့သို့ နွေးထွေးမှုထဲ သေဆုံးရခြင်းသည် အေးစက်သော အိပ်မက်ဆိုးထဲတွင် မျှော်လင့်ချက်မဲ့ပြီး အထီးကျန်စွာ သေဆုံးရခြင်းထက် ပိုကောင်း၏။
သူ၏ ဝိညာဉ်သည် ထိုစွမ်းအား၏ လမ်းညွှန်မှုအောက် လွင့်မျောသွားပြီး အသိစိတ်က တဖြည်းဖြည်း ဝေဝါး လာတော့သည်။