ရုပ်မြင်သံကြား အစည်းအဝေး
Vol. 65 Ch. 1048
သိပ်မကြာခင်တွင် ရှီရာက ‘တစ်စုံတစ်ယောက်၏ ဧကရီ ဇနီးလောင်း’ နှင့် ‘တစ်စုံတစ်ယောက်ကို စွဲလမ်းပြီး လက်ထပ်ရန် ဆုံးဖြတ်ထားသော’ သူ၏ ညီမတော်ကို တွေ့ဆုံခဲ့သည်။
ရှီရာက ရှက်တတ်သော တစ်ဖနီကို အေးစက်သော မျက်နှာထား မပြခဲ့ဘဲ အလွန် ယဉ်ကျေးပြီး ဖော်ရွေခဲ့သည်။ ထိုအရာက တစ်ဖနီ၏ အနာဂတ် သရုပ်ကြောင့်တင် မဟုတ်ဘဲ သူ၏ စိတ်ရင်းနှင့် စာနာစိတ်ကြောင့်လည်း ဖြစ်ပေသည်။
အမှန်တကယ်၌ ရှီရာနှင့် အဲလစ် တို့က သူတို့၏ ခမည်းတော် အိမ်ရှေ့ မင်းသား ဂါရမ်း၏ တစ်ဦးတည်းသော သားသမီးများ မဟုတ်ကြပေ။ အဲလစ်တွင် အစ်ကိုတစ်ယောက် ရှိခဲ့သည်။ ကလေး မွေးပြီးသည်နှင့် ဂါရမ်းက သူ့ကို ဝှက်ထားခဲ့ပြီး ရှီရာကို အမှောင်လ သခင်မအဖြစ် ပြင်ဆင် နေဟန် ပြသခဲ့သည်။ သို့သော် အမှန်တကယ် သူက သူ့သားကိုသာ စစ်မှန်တဲ့ အမွေဆက်ခံသူ အဖြစ် သတ်မှတ်ထားခဲ့သည်။
ကံမကောင်းစွာပင် အဲလစ် မမွေးခင်မှာပင် ရှီရာ၏ အမေနှင့် မောင်တို့က ‘မတော်တဆမှု’ တစ်ခုနဲ့ ဆုံးပါးသွားခဲ့ကြသည်။
ထို‘မတော်တဆမှု’ ကို ထိုအချိန်က ဘုရင်ခံ အိုဆိုင်ဒန်က ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ဂါရမ်းက သူ့အစီအစဉ်ကို လူတိုင်းဆီမှ ဖုံးကွယ်ထားနိုင်မည်ဟု ထင်ခဲ့သော်လည်း သူ၏ အစီအစဉ်ကို လူဆိုးတွေက ရှာဖွေတွေ့ရှိပြီးသား ဖြစ်နေကြောင်း မသိခဲ့ပေ။ ဂါရမ်း၏ သားက ရှီရာနှင့် မတူဘဲ လျှို့ဝှက်စွာ မွေးဖွားခဲ့သည့်အတွက် အိုဆိုင်ဒန်က ဗိုလ်ချုပ် ဂျော့ခ်ျနှင့် အခြားသူများ၏ ဖိအားကို ဂရုစိုက်စရာ မလိုပေ။ ထို့ကြောင့် သူတို့က မဆင်မခြင် လုပ်ကြံရန် ကြိုးစားခဲ့ပြီး ဂါရမ်းကို အသံတိတ် နာကျင်စေခဲ့သည်။
ဂါရမ်းက ပြောပြ၍ မရနိုင်သော ရောဂါ တစ်ခုကို ခံစားနေခဲ့ရသည်။ ထိုဖြစ်ရပ်က သူ့ကို မရှင်းပြနိုင်သော ဝမ်းနည်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ နောက်ဆုံး သူ၏ ဒဏ်ရာဟောင်းက ပြန်ကြွလာပြီး သေဆုံးသွားခဲ့၏။
အတိုချုပ်ပြောရရင် အမှောင်လ၏ တော်ဝင်မင်းသမီး ရှီရာက ရန်သူ၏ တိုက်ခိုက်မှုကို ဆွဲဆောင်ရန် အတွက် အကာအကွယ်တစ်ခုသာ ဖြစ်သည်။ ကောင်းမွန်သော အကာအကွယ် ဖြစ်ရန် ဂါရမ်းက ရှီရာ၏ မိတ်ဆွေ အားလုံးကို သတ်ပစ်ခဲ့ပြီး ရှီရာ၏ စိတ်နေစိတ်ထားကို ရက်စက်ပြီး အရည်အချင်းရှိ အယောင်ဆောင် အဖြစ် ပြောင်းလဲခဲ့လေသည်။
ဂါရမ်းက သူ့သား သေဆုံးသွား မှသာ ထိုအစီအစဉ်ကို အမှန်တကယ် စွန့်လွှတ်ခဲ့သည်။ ဂါရမ်း မသေခင် ရှီရာက မိမိကို ထိုသို့လုပ်ခဲ့ခြင်းအား နောင်တရသလားဟူ၍ မေးခဲ့သည်။ သေလုနီးပါး ဖြစ်နေသော ဂါရမ်းက ပေါ့ပေါ့ပါးပါးပင် အဖြေပေးခဲ့သည်။ “မင်း အခု အမှောင်လရဲ့ အစစ်အမှန် သခင်မ ဖြစ်နေပြီ။”
ခမည်းတော်မှ ပြောစရာမလိုသော သံယောဇဉ်တချို့ ရှိခဲ့လေသလား၊ သို့မဟုတ် အမှန်ပင် ခံစားချက် မရှိခဲ့လေသလား ဆိုသည်ကို ရှီရာ မသိခဲ့ပေ။ သူ မှတ်မိခဲ့သည်က အများကြီး ငိုခဲ့သည်ကိုပင်။ ဈာပန၏ နောက်နေ့တွင် သူက အစစ်အမှန် ရက်စက်သော တော်ဝင်မင်းသမီး၊ အမှောင်လ၏ အစစ်အမှန် သခင်မ အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဲလစ်က ထိုအကြောင်းကို မသိခဲ့ပေ။ တော်ဝင်မင်းသမီးလေး အဲလစ်၏ မှတ်ဉာဏ်ထဲတွင် ဂါရမ်းက တင်းကြပ်သော်လည်း ကြင်နာသော ခမည်းတော် အဖြစ် ရှိနေဆဲပင်။ ချန်လွေ့က ထိုအကြောင်းကို နောက်မှ သိခဲ့ရသည်။ ဧကရီအရှင်မ ဖြစ်ပြီးနောက် ရှီရာက တာဝန် အများအပြားကို ပခုံးထမ်းခဲ့ရသည်။ မည်သို့ပင် ဆိုစေကာမူ သူက အမြဲ ကောင်းမွန်သော သခင်မ တစ်ယောက်၊ ဧကရီကောင်း တစ်ပါး နှင့် အစ်မကောင်း တစ်ယောက် ဖြစ်ခဲ့လေသည်။
တစ်ဖနီတွင် ခမည်းတော် အဖြစ် ရိုင်ဇန်ရှိသော်လည်း ဖခင် မေတ္တာကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ သူက နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သည့် တစ်ဦးတည်းသော မိခင်ကလည်း နောက်ဆုံးတွင် သူကို သူ့လက်နဲ့ပင် အမှောင်ထုထဲ တွန်းပို့ခဲ့ပြီး သူ၏ အကောင်းဆုံး မျှော်လင့်ချက်ကို လုံးဝ ပျက်စီးစေခဲ့သည်။ ယခု သူသည် အင်ပါယာ တစ်ခု၏ တာဝန်ကို ပခုံးထမ်းနေရ၏။ ရှီရာက သူ၏ ဒုက္ခများကို စာနာနိုင်လေသည်။
ရှီရာ ပြသခဲ့သော ကြင်နာမှုက တစ်ဖနီရဲ့ စိုးရိမ် ပူပန်နေခဲ့သော နှလုံးသားကို လျော့ပါးစေခဲ့သည်။ ဒီတော်ဝင်ဧကရီက သတင်းတွေ ထဲကလို အေးစက်တဲ့ပုံ မပေါ်ဘူး။ ဒါပေမဲ့ ဒါ ချန်လွေ့နဲ့ ဆက်စပ်နေလို့ ဖြစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတော်ဝင်ဧကရီကလည်း သူ့ရဲ့ဇနီး ဖြစ်နေလို့ပဲ။
သို့သော် အဲလစ် အတွက်ကတော့ သူ၏ တည်ရှိမှုကို လျော့ချဖို့ ကြိုးစား နေခြင်းက အလွယ်တကူ မဖြစ်ခဲ့ပေ။ သူ့အစ်မ၏ ဆုံးမခြင်းကို ခံရသော် တော်ဝင်မင်းသမီးလေးက ကောလိပ် စာရင်းသွင်းရန် မျက်ရည်များနှင့် သဘောတူခဲ့သည်။ ကြေကွဲဖွယ် ကွပ်မျက်ခံရမည့် လမ်းကို မလျှောက် ခင်တွင်... အဲ… ကောလိပ်ကို မသွားခင်တွင် သူက ဓားတစ်ချောင်း ပစ်ချရန် မမေ့ခဲ့။ သူက အစ်မဖြစ်သူ အရှေ့တွင် ခဲအို တစ်ယောက်ကို ပွေ့ဖက်ပြီး တစ်စက္ကန့်ကြာအောင် နှုတ်ခမ်းချင်း နမ်းခဲ့ပြီးမှ မျက်ရည်နှင့် ပြေးထွက်သွားခဲ့လေသည်။
မျက်လုံးက လူသတ်နိုင်လျှင် သူ၏ အစ်မ အကြည့်အောက်တွင် ခဲအို တစ်ယောက်က အပေါက်များ ပြည့်နေပြီ ဖြစ်သည်။
ချန်လွေ့က ယခုတစ်ခေါက်တွင် ‘အမှောင်နတ်ဘုရားကျောင်း’ကို အင်ပါယာ ၃ခုအထိ လက်လှမ်းရန် တားဆီးနိုင်ခဲ့သော်လည်း စေတန်က စကား နှစ်ခွန်းနဲ့ လှည့်စားခံရမည် မဟုတ်ပေ။ သူက အလွယ်တကူ လက်လျှော့မည် မဟုတ်နိုင်ပေ။
လက်ရှိ အခြေအနေက သိပ်ပြီး မကောင်းပေ။ အင်ပါယာ ၃ခုက ‘ရွှေ့ပြောင်း’မရနိုင်သလို ‘ပုန်းအောင်း’ ၍လည်း မရနိုင်။ စေတန်အကြောင်း ချန်လွေ့သိသည့် တစ်ခုတည်းသော အချက်က ဆက်ခ်ရက်တောင်သည် သွေးရောင်အင်ပါယာ မြောက်ဘက်၌ တည်ရှိနေခြင်းပင်။ စေတန်၏ စွမ်းအား အတိအကျကို သူ မသိပေ။။ ရန်သူက ပုန်းကွန်နေပြီး သူတို့ကို စောင့်ကြည့်နေသည်မှာ သေချာ၏။
စေတန်က အချိန်မရွေး ပြန်လာ နိုင်တယ်။ နောက်တစ်ခါဆိုရင်တော့ ဒီလောက် လွယ်တော့မှာ မဟုတ်ဘူး။
ထို‘ဆက်ခ်ရက်တောင်ကို လည်ပတ်ခြင်း’ ဆိုသည်က အချိန်ဆွဲသော လှည့်ဖြားမှု တစ်ခုသာ ဖြစ်တယ်။ သို့သော်လည်း ထိုအတိုင်း ဆက်သွားနေလျှင် မကြာခင်တွင် ချန်လွေ့နှင့် စေတန် အကြား၌ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်လာမည်မှာ သေချာပေသည်။
အကြွင်းမဲ့ စွမ်းအား အရှေ့တွင် မည်သည့် နည်းဗျူဟာ မဆို အသုံးမဝင်ပေ။ [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း] တွင် စွမ်းအား ၄မျိုးနဲ့ အထူး စွမ်းရည် အများအပြား ရှိနေသော်လည်း နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ်၊ အထူးသဖြင့် အင်အားအကြီးဆုံး နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
အမှန်တကယ်၌ ချန်လွေ့တွင် တခြား ကြီးမားသော အထောက်အပံ့ ရှိသေးသည်။ ထိုအရာက စေတန်နှင့် တစ်ခေတ်တည်း ရှိနေခဲ့သော အစွမ်းထက် ပုဂ္ဂိုလ် ဖိုက်သွန်ပင်။ ဖိုက်သွန်က ဝိညာဉ် ခန္ဓာကိုယ်သာ ကျန်နေပြီး ဒဏ်ရာများကလည်း မသေးလှပေ။ သူက စူပါစနစ်ထဲတွင် အိပ်ပျော်ပြီး ပြန်လည် နာလန်ထူဆဲ ဖြစ်သည်။ သို့သော် သူက နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် ဖြစ်နေ သေးသည်။ သူ၏ အကူအညီဖြင့် သူက စေတန်ကို တိုက်ခိုက်ရာတွင် ပို၍ ယုံကြည်မှု ရှိလာနိုင်ပေသည်။
သို့သော် အရေးအကြီးဆုံးကတော့ သူ၏ ကိုယ်ပိုင် စွမ်းအား ဖြစ်သည်။ ယခုတစ်ခေါက် အဆင့် တိုးတက်မှုက ချန်လွေ့ကို အလွန် ထူးခြားသော ခံစားမှုမျိုး ပေးခဲ့သည်။ ဒီအထဲတွင် မှော်ဆန်သော အကျိုးသက်ရောက်မှု အများကြီး ရှိနေပြီး အပြည့်အဝ နားမလည်သေးပေ။ တနည်းအားဖြင့် ပြောရလျှင် တိုးတက်ရန် အတွက် အလားအလာနှင့် အခွင့်အရေးများ အများကြီး ရှိနေသေးသည်။ သူ ယခု လိုအပ်နေသည်က ဓူဝံကြယ်ခရမ်း ဧကရာဇ် လျှို့ဝှက်ချက်၊ အထူးသဖြင့် [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း] ကို ကျွမ်းကျင်ရန် အချိန်သာ ဖြစ်၏။
ရှီရာက အင်ပါယာ အုပ်ချုပ်သူများ အရေးပေါ် အစည်းအဝေး ချက်ချင်း ပြုလုပ်ရန်၊ ကတ်သရင်းနှင့် ရိုင်ဇန်ကို အမှောင်နတ်ဘုရားကျောင်း အကြောင်း အသိပေးရန်နဲ့ ကြိုတင် အကာအကွယ် နည်းလမ်းများကို ဆွေးနွေးရန် အကြံပြုခဲ့လေသည်။ ထိုအဆိုကို ချန်လွေ့က ချက်ချင်းပင် လက်ခံခဲ့သည်။
ယခုတစ်ခေါက် အစည်းအဝေး ပုံစံက အတော်လေး ခေတ်မှီလှသည်။ ရုပ်မြင်သံကြား အစည်းအဝေးပင်။
အခု အုပ်ချုပ်သူ၃ဦး အကြားမှ ဆက်သွယ်မှုကို မှော်ရုပ်မြင်သံကြား အထူး အချက်ပြ မျှော်စင်များနှင့် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။ ထိုကဲ့သို့ ရုပ်မြင်သံကြား အစည်းအဝေးက ရိုးရှင်းသော နှစ်ဖက်မြင် ရုပ်ပုံမျိုး မဟုတ်ဘဲ အထူး မှော်ခေါင်းစွပ် ဆောင်းထားပြီး ဖန်တီးထားခဲ့သော မှော်ဂိမ်းထဲမှ သုံးဖက်မြင် ရုပ်ပုံ ဖြစ်သည်။ အသုံးပြုသူ၏ ဝိညာဉ် စွမ်းအား တစ်စိတ် တစ်ပိုင်းကို အသုံးပြု ရသော်လည်း အုပ်ချုပ်သူ ၃ဦးထဲက အားအနည်းဆုံး ဖြစ်သော ရှီရာသည်ပင် နတ်ဆိုးအရှင်သခင် အဆင့် အထွတ်အထိပ် ရောက်နေပြီ ဖြစ်သည်။ ထိုကဲ့သို့ ဝိညာဉ်စွမ်းအား အသုံးပြုခြင်းက ဘာမှ မဟုတ်ပေ။
ထိုပုံရိပ်ယောင်အစည်းအဝေးခန်း၌ ရှီရာနှင့် အတူပါလာသော ချန်လွေ့က ရိုင်ဇန်နှင့် ကတ်သရင်းတို့ကို တွေ့ဆုံ ခဲ့လေသည်။
“မတွေ့တာ ကြာပြီ အရှင်မင်းကြီး”
ရိုင်ဇန်၏ မျက်လုံးက ချန်လွေ့၏ မျက်နှာပေါ်ကို ချက်ချင်း အာရုံစိုက် လိုက်သည်။ “ဒီမျက်နှာကို… ငါ မှတ်မိတယ်။”
ယခုတွင် ချန်လွေ့က ‘အက်ဂ်ယော’ မျက်နှာကို မသုံးဘဲ ရုပ်ဖျက်ပညာကို ဖယ်ရှားကာ ‘အာသာ’၏ တကယ့် မျက်နှာကို ပြသခဲ့သည်။ ရိုင်ဇန် ပြောသလိုပင် ထိုမျက်နှာသည် နတ်ဆိုးဘုံမှ လူအများအပြားအတွက် ရင်းနှီးနေသည်။ ကမ္ဘာပေါ်တွင်လည်း တစ်စုံတစ်ယောက်ရဲ့ တကယ့်နာမည် ဖြစ်သော ချန်လွေ့ပင် ဖြစ်သည်။
“ခင်ဗျား မြင်တဲ့အတိုင်းပဲ ရိုင်ဇန်။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ “ဒါက ကျုပ်ရဲ့ တကယ့် မျက်နှာပါ။ ဘာမှ ရုပ်ဖျက်ထားတာ မရှိဘူး။”
“တကယ့်မျက်နှာ!” ထိုစကားက ရိုင်ဇန်ကို တုန်လှုပ် သွားစေခဲ့သည်။ “မင်းက လူသားလား၊ နတ်ဆိုးလား။”
“ကျုပ်က လူသားဖြစ်ဖြစ် နတ်ဆိုး ဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကျုပ် ခင်ဗျားကို ကျုပ်ရဲ့ တကယ့်မျက်နှာနဲ့ တွေ့ဆုံရတဲ့ အကြောင်းရင်းကတော့ ကျုပ်ရဲ့ ပွင့်လင်းတဲ့ သဘောထားကို ကိုယ်စားပြုဖို့ပါ။”
ရိုင်ဇန်က ပင့်သက် ရှိုက်လိုက်ပြီး ရှီရာနှင့် တည်ငြိမ်နေပုံရသော ကတ်သရင်းတို့ကို ကြည့်လိုက်သည်။ သူက မျက်မှောင် ကြုတ်လိုက်သည်။ “ဒီလျှို့ဝှက်ချက်ကို နောက်ဆုံးမှ ငါ သိရတဲ့ပုံပဲ။”
“ရိုင်ဇန်။ ရှင် စိတ်ထဲ မထားပါနဲ့။” ကတ်သရင်းက ချိုသာစွာ ပြုံးပြီး သူ၏ မျက်လုံးများက ဆောင်းဦး ရေလှိုင်းများနှင့် ပြည့်နှက်နေသည်။ “သူ့ရဲ့ မိန်းမ ဖြစ်နေပေမဲ့ ကျွန်မ သူ့ရဲ့ တကယ့်အစစ်အမှန်ကို မြင်ဖို့ အချိန်နဲ့ အင်အား အများကြီး သုံးခဲ့ရတယ်။ တချို့သူတွေက ထင်ထားတာထက် ပိုပြီးတော့ ဉာဏ်များတယ်လေ။”
ရိုင်ဇန်က အေးစက်စက်နှင့် ခနဲ့ လိုက်သည်။ “အရင်က နာမည်ကြီး လူသား ဘဏ္ဍာရေး အရာရှိက ဘာဖြစ်လို့ သိပ်မကြာခင်နှစ်တွေမှာ ပျောက်သွားလဲ ဆိုတာကို ဒါက ရှင်းပြပေးနေတာပဲ။ သေသွားပြီဆိုတဲ့ ကောလာဟလတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ သူက အများပြည်သူရှေ့မှာ ပိုထင်ရှားပြီးတော့ တုန်လှုပ်ဖွယ်ရာ သရုပ်ကို တကယ် ပြောင်းလဲပစ် ခဲ့တယ်ဆိုတာ ဘယ်သူမှ စိတ်ကူး မမိနိုင်ခဲ့ဘူး။ မင်းကို အက်ဂ်ယောလို့ ခေါ်ရမလား။ ဒါမှမဟုတ် ချန်လွေ့လို့ ခေါ်ရမလား။”
“ကျုပ်ရဲ့ တကယ့် နာမည်က အာသာပဲ။ အာသာ ရိုလန်။ လူသား လောကရဲ့ သိဒ္ဓိအင်ပါယာ တစ်ခုက ဒုတိယမင်းသား။ ဒီတစ်ခါ လူသား လောကကို ကျုပ် သွားခဲ့ပြီးတော့ သဒ္ဓိကျောင်းတော်ရဲ့ အထူးသရုပ်ကို ရခဲ့တယ်။ အဲဒါက သိဒ္ဓိသားတော်နဲ့ ပုပ်ရဟန်မင်းလောင်း ဆိုတာပဲ။”
အမြဲ တည်ငြိမ်သော အမူအရာ ရှိနေသည့် ရိုင်ဇန်ပင်လျှင် ထပ်ပြီး မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ ငါ လူသား လောကကို တိုက်ခိုက်ခဲ့တဲ့ စစ်တပ်မှာ ပါခဲ့ဖူးတယ်။ အဲဒါကြောင့် လူသားလောကရဲ့ အင်အားဖြန့်ဖြူးမှု အကြောင်း နည်းနည်းပါးပါး သိတယ်။ သိဒ္ဓိကျောင်းတော်က အမြင့်ဆုံး အာဏာနဲ့ လူသား အင်ပါယာ တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ ဘုန်းတော်ကြီး အဖွဲ့အစည်းပဲ။ ဒီ ‘အာသာ’က ပုပ်ရဟန်းမင်းလောင်း ဖြစ်သွားခဲ့သေးတယ်!
“ကျုပ် အရင် ရှင်းပြပါရစေ။ ကျုပ် နတ်ဆိုးဘုံကို မတော်တဆ ရောက်လာတာပါ။ ကျုပ် မှတ်ဉာဏ်နဲ့ စွမ်းအားတွေ ဆုံးရှုံးသွားခဲ့တယ်။ ကျုပ်မှာ ဘာမှ ထူးထူးခြားခြား ရည်ရွယ်ချက်တွေ မရှိဘူး။ အခုတော့ … ကျုပ်က နတ်ဆိုးဘုံရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်သွားပြီ။ ဒါက ကျုပ်ရဲ့ အိမ်ပဲ။ ကျုပ်ရဲ့ အချစ်ဆုံးသူတွေ ရှိတဲ့ နေရာပဲ။ ‘အာသာ’ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ‘ချန်လွေ့’ ပဲ ရှိတော့မှာ။” ထိုစကားကို ပြောရင်း ချန်လွေ့က ရှီရာနဲ့ကတ်သရင်းကို ကြည့်လိုက်၏။ ဧကရီနှစ်ပါးစလုံးက နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူတို့၏ မျက်လုံး များထဲတွင် ဖုံးကွယ်မထားသော သံယောဇဉ်နှင့် ပျော်ရွှင်မှု ရှိနေ၏။
“သရုပ်နဲ့ ပတ်သက်ရင်တော့… သိဒ္ဓိအင်ပါယာ မင်းသား၊ သိဒ္ဓိကျောင်းတော်ရဲ့ သိဒ္ဓိသားတော်၊ ဒါမှမဟုတ် ပုပ်ရဟန်းမင်းလောင်း ဆိုတာ အခုတော့ သမိုင်း ဖြစ်သွားပြီ။ ကျုပ်က အခု သိဒ္ဓိကျောင်းတော်ရဲ့ ဝရမ်းပြေး ရာဇဝတ်သားပဲ။”
“တစ်ဖနီ ကြောင့်လား။” ရိုင်ဇန်က အနည်းငယ် ခန့်မှန်းပြီး မေးသည်။
“ဒီလိုလည်း ပြောလို့ရပါတယ်။ သူ့အပေါ် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက… ကံဆိုးလွန်းတယ်။ သူက အနီးစပ်ဆုံး လူကနေ သစ္စာဖောက် ခံခဲ့ရတယ်။ အဲဒီ ခံစားချက်ကို နားလည်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ခင်ဗျားရဲ့ တာဝန်ပေးမှု မရှိခဲ့ရင်တောင် ကျုပ် ဘေးက ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ လူသားလောကရဲ့ အာဏာနဲ့ အကျိုးအမြတ်လို့ ခေါ်တဲ့ အရာက ကျုပ်အတွက် ပြောပလောက်စရာ မဟုတ်ဘူး။” ချန်လွေ့က ထိုကိစ္စကို အချိန်အကြာကြီး မပြောခဲ့ဘဲ အဓိက အကြောင်းအရာသို့ ပြောင်းလိုက်၏။ “အမှောင်နတ်ဘုရားကျောင်းက ဒီနေ့ ကျုပ်တို့ အာရုံစိုက်ရမယ့် အရာပဲ။ ဒါက အရေးကြီးဆုံး ပြဿနာလည်း ဟုတ်တယ်။”
တစ်ဖနီက ‘အနီးစပ်ဆုံး လူဆီက သစ္စာဖောက်ခံရတယ်’ ဟု ကြားသော် ရိုင်ဇန်၏ မျက်ခုံးများ ပင့်တက်သွား သော်လည်း ခဏအကြာ ချန်လွေ့ ပြောသော အမှောင်နတ်ဘုရား ကျောင်းက သူ၏ အာရုံကို ဆွဲဆောင် သွားခဲ့သည်။
စကားအနည်းငယ် ပြောပြီးနောက် ကတ်သရင်းနှင့် ရိုင်ဇန်တို့၏ မျက်နှာက ပျက်လာခဲ့သည်။
“တကယ် စေတန်ပဲ!” ရိုင်ဇန်၏ မျက်ခုံးများ ရှုံ့တွသွား၏။ သူက စေတန်၏ ကြောက်စရာ စွမ်းအားကို ကောင်းကောင်း သိသည်။ အစပိုင်း စေတန်က သူ့ကို ယူဒိုရာနှင့် ဆက်ဆံရေးရှိရန် အတင်းအကျပ် ပြုလုပ်ခဲ့ပြီး တစ်ဖနီကို မွေးဖွား စေခဲ့သည်။ နောက်ပိုင်းတွင် သူက တစ်ဖနီကို ခေါ်သွားခဲ့လေသည်။ ရိုင်ဇန်တွင် ဒီကိစ္စကို ခုခံနိုင်သော စွမ်းအား အနည်းငယ်မှ မရှိခဲ့ပေ။ အခု သူ အထူးအဆင့်ထဲသို့ ရောက်ရှိလာ ခဲ့ရင်လျှင်ပင် မဖြစ်နိုင်ပေ။
“စေတန်က ဘုရားသခင် အဖြစ် လမ်းစဉ်ကို စတင်ဖို့ လူတွေရဲ့ ယုံကြည်မှု တစ်စိတ်တစ်ပိုင်းကို သူ့ဆီ လွှဲပြောင်းနိုင်တဲ့ ရတနာတစ်မျိုးကို ရထားတယ်။ ဒါက အမှောင်နတ်ဘုရားကျောင်းကို ဖန်တီးရတဲ့ သူ့ရဲ့ တကယ့် ရည်ရွယ်ချက်ပဲ။” ချန်လွေ့က သက်ပြင်းချလိုက်သည်။ “ဒီရည်မှန်းချက်ကို နှစ်ပေါင်းများစွာကတည်းက စီစဉ်ထားတဲ့ပုံပဲ။ တစ်ဖနီကို တပည့်အဖြစ် လက်ခံတာကလည်း ဒီရတနာရဲ့ တစ်စိတ်တစ်ပိုင်းကို ရရှိဖို့ သူ့ရဲ့ အစီအစဉ်တွေထဲက တစ်ခုပဲ။ သူ ဒီအဆင့်မှာ အောင်မြင်ခဲ့ပြီးပြီ။ ဒါကြောင့် စေတန်က ဒီကြိုးစားမှုကို အလွယ်တကူ လက်လျှော့မှာတော့ မဟုတ်ဘူး။ ဒီတစ်ခါ စေလွှတ် လိုက်တဲ့ လူတွေကို ကျုပ်က ကြောက်လန့်အောင် လုပ်နိုင်ခဲ့ပေမဲ့ နောက်တစ်ခါမှာတော့ ဒီလောက် လွယ်မယ်လို့ မထင်ဘူး။”
ရိုင်ဇန်က အချိန် အကြာကြီး နဖူးတွန့်ပြီး နက်ရှိုင်းသော အသံဖြင့် ပြောသည်။ “ငါက အလွယ်တကူ လက်လျှော့တတ်တဲ့သူတော့ ဟုတ်ဘူး။ ဒါပေမဲ့ ပြောရမှာပဲ။ တကယ်လို့ တစ်ဖက်လူက အဲဒီ ပုဂ္ဂိုလ်သာဆို ငါတို့မှာ အခွင့်အရေး လုံးဝမရှိဘူး။ မင်း အရင်က ‘စေတန်’ အကြောင်း ကောလာဟလတွေ ကြားဖူးလား မသိဘူး။ သူက နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်ပဲ။ သူက နတ်ဆိုးဘုံရဲ့ အင်အား အကြီးဆုံး နတ်ဘုရား-ယောင် ဖြစ်နိုင်တယ်။ နတ်ဆိုး ဘုရားသခင်နဲ့ အနီးစပ်ဆုံး သူအဖြစ် လူသိများတယ်။”
“နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်!” ကတ်သရင်းလည်း အံ့အားသင့်သွားသည်။
ရိုင်ဇန် ပြောတာ မှန်တယ်။ အကြွင်းမဲ့ စွမ်းအား အရှေ့မှာ ဘယ်လောက်ပဲ နူးညံ့တဲ့ နည်းဗျူဟာ ဖြစ်နေပါစေ အသုံးမဝင်ဘူး။ ရန်သူက နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် ဖြစ်နေမယ်ဆိုရင် အင်ပါယာသုံးခုက ပူးပေါင်းပြီး တိုက်ခိုက်ရင်တောင် အခွင့်အရေး လုံးဝမရှိနိုင်ဘူး။
ချန်လွေ့က ပြောသည်။ “အခုက ယုံကြည်မှု ဆုံးရှုံးရမယ့် အချိန် မဟုတ်သေးဘူး။ စေတန်ကတော့.. နတ်ဘုရားအဆင့်နဲ့ ဘယ်လောက်ပဲ နီးစပ်ပါစေ နောက်ဆုံးတော့လည်း နတ်ဘုရားအဆင့် မဟုတ်သေးဘူး။ နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်ကလည်း လုံးဝ ပြိုင်ဘက်ကင်းတာတော့ မဟုတ်ဘူး။”
ရိုင်ဇန် နဖူးတွန့်လိုက်သည်။ “အဲဒါ ဘာကို ဆိုလိုတာလဲ။”
“ခင်ဗျား နားလည်တဲ့ အတိုင်းပဲ။” ချန်လွေ့က လက်ဝါး ဖြန့်လိုက်၏။ “ကျုပ် ဒီနေ့ ရိုးသားမယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့် ဘာမှ မဝှက်ထားချင်ဘူး။ ကျုပ်က သိဒ္ဓိအလင်းတောင်မှာ နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်ဖြစ်တဲ့ ကောင်းကင်တမန် နှစ်ပါးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူတို့ထဲမှာ ကောင်းကင်တမန် မိုက်ကယ်လည်း ပါတယ်။ သူကလည်း နတ်ဘုရားနဲ့ အနီးစပ်ဆုံးလို့ ပြောခဲ့တယ်။ ဒီတမန်တော်က ကျုပ်ကို လုံးဝ မုန်းတီးပေမဲ့ ကံမကောင်းစွာနဲ့ပဲ… ကျုပ်က အသက်ရှင်နေတုန်းလေ။ နောက်တစ်ယောက်ကတော့ ကောင်းကင်တမန် ရာဖယ်ရယ်ပဲ။ ကျုပ်က သူ့ရဲ့ လက်ထဲကနေ တစ်ဖနီကို ကယ်တင်ခဲ့တယ်။”
ရိုင်ဇန်နှင့် ကတ်သရင်းတို့က တချိန်တည်း အံ့အားသင့်သွားသည်။ ဆက်တိုက် အံ့အားသင့်မှုကြောင့် ရိုင်ဇန်က မတည်ငြိမ် နေနိုင်တော့ဘဲ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ “မင်းက နတ်ဘုရား-ယောင် အဆင့် ရောက်နေပြီလား။”
ထို‘အက်ဂ်ယော’သည် တစ်ခါက ရိုင်ဇန် အလွယ်တကူ အနိုင်ယူခဲ့သော ပြိုင်ဘက်တစ်ယောက် ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ ဆေးရည်ပညာရှင် ပြိုင်ပွဲမှာ သူက တိုင်းပြည်အဆင့် စွမ်းအားကို ပြသခဲ့ပြီး ရိုင်ဇန်က သူ့ကို တန်ဖိုးထားခဲ့တယ်။ သို့သော်လည်း နတ်ဆိုးဘုံ၏ သိုင်းပြိုင်ပွဲတွင် ‘အက်ဂ်ယော’ကို အနိုင်ယူနိုင်ရန် ကြိုးစားခဲ့သော ရိုင်ဇန်က အကြို ဗိုလ်လုပွဲ မတိုင်ခင် အဆင့်၌ နတ်ဘုရားတစ်ပိုင်း အဆင့် နဂါးနက် လာလာရီယာနှင့် တွေ့ပြီးနောက် အလွယ်တကူပင် ရှုံးနိမ့်သွားခဲ့၏။ ရိုင်ဇန်ကို တုန်လှုပ်စေခဲ့သည်မှာ ‘အက်ဂ်ယော’က အကြိုဗိုလ်လုပွဲ၌ တိုင်းပြည် အဆင့်ကို ကျော်လွန်သော စွမ်းအား ထုတ်ပြီး လာလာရီယာကို မယုံနိုင်အောင် အနိုင်ယူခဲ့ခြင်းပင်။ နောက်ဆုံးသော ဗိုလ်လုပွဲကတော့ ‘အက်ဂ်ယော’ နဲ့ ကတ်သရင်းကြားက မိသားစု ပြန်လည်တွေ့ဆုံပွဲ ဖြစ်ခဲ့၏။
ထိုကတည်းက ရိုင်ဇန်သည် သူ၏ ပစ်မှတ်ကို ‘အက်ဂ်ယော’ အဖြစ် သတ်မှတ်ပြီး ဆက်တိုက် လေ့ကျင့် ခဲ့တယ်။ သန်းခေါင်နေ ပြောခဲ့သလို သူက အမှန်တကယ်ပင် စစ်သည် တစ်ယောက်အနေနဲ့ ပိုသင့်တော်၏။ နတ်ဆိုးဘုံ မဟာမိတ် ဖွဲ့ပြီးနောက် တစ်ခုတည်း ဖြစ်လာသော အချိန် ရိုင်ဇန်က ရာထူးမှ နုတ်ထွက်ပြီး လေ့ကျင့်ရန် သူ့ကိုယ်သူ မြှုပ်နှံဖို့ စိတ်ကူးရှိခဲ့ရာ သူ့၏သမီး တစ်ဖနီကို ရှာရန် ချန်လွေ့ကို တာဝန်ပေးခဲ့၏။
မမျှော်လင့်ဘဲ ယခု ပြိုင်ဘက်က သူ့ကို နောက်ထပ် အဝေးကြီးတွင် ချန်ထားခဲ့လေပြီ။ တိုင်းပြည်အဆင့် အတွက် နတ်ဘုရား တစ်ပိုင်း အဆင့်က ဖောက်ထွင်း၍ မရသော ကောင်းကင်တစ်ခုလို ဖြစ်နေခဲ့ပြီး နတ်ဘုရား-ယောင်ကတော့ လုံးဝ မရောက်နိုင်တဲ့ ကောင်းကင် တစ်ခု ဖြစ်နေလေပြီ။
“ကျုပ် စွမ်းအားက တကယ်တမ်း ရှေးဟောင်းအမွေအနှစ်တွေကနေ ဆင်းသက်လာတာပါ။ ပြီးတော့လည်း အဆင့်ကွာခြားမှု နည်းနည်း ရှိတယ်။ ကျုပ်က နတ်ဘုရား-ယောင်နဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း အမှန်အတိုင်း ပြောရရင် ကျုပ်က နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်ကို မယှဉ်နိုင်သေးဘူး။ တကယ်လို့ စေတန်နဲ့ ရင်ဆိုင်ရရင် ထွက်ပြေးဖို့ပဲ လုပ်နိုင်မယ်။ ဒီတစ်ခါ သိဒ္ဓိအလင်းတောင်မှာလိုပဲ ကျုပ် ခြေတစ်လှမ်း နောက်ကျခဲ့မယ်ဆိုရင် ပြန်လာနိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။”
“နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်ရဲ့ မျက်လုံးအောက်မှာ ထွက်ပြေးနိုင်တာက ရှင့်ရဲ့ လက်ရှိ တိုက်ခိုက်ရေး အဆင့်ကို ဖော်ပြဖို့ လုံလောက်ပါတယ်။” ကတ်သရင်းက ရှီရာကို တစ်ချက် ကြည့်လိုက်သည်။ “ဒါပေမဲ့ ကျွန်မက ဒီသတင်းကို နောက်ဆုံးမှ သိတဲ့သူ ဖြစ်နေသလိုပဲ။ ကြင်ရာတော် မင်းသား။”
“တကယ်တော့ သိပ်နောက်မကျ သေးပါဘူး။” ချန်လွေ့ ပခုံးတွန့် လိုက်သည်။ “မယုံရင် ရှီရာကို မေးကြည့်။ သူလည်း ခုနကမှ သိတာ။”
ကံမကောင်းစွာပင် ကြယ်ကြွေတမန်အင်ပါယာ၏ တော်ဝင်ဧကရီက မကြားချင် ယောင်ဆောင်နေပုံရပြီး မည်သည်ကိုမှ သက်သေပြရန် စိတ်ကူးမရှိပေ။ ထိုအရာက ကြင်ရာတော်မင်းသားကို ခဏတာ စကားမပြောနိုင် ဖြစ်သွားစေသည်။
ရိုင်ဇန်၏ မကျေနပ်သော အသံ ထွက်ပေါ်လာသည်။ “ဟမ့်! ဒါက ချစ်စကားပြောဖို့ နေရာမဟုတ်ဘူး။ မင်းရဲ့ စွမ်းအားက နတ်ဘုရား-ယောင် အဆင့်ကို ရောက်နေပေမဲ့ စေတန်နဲ့ တိုက်ရိုက် ယှဉ်ပြိုင်ဖို့ အတွက်ကို မလုံလောက်သေးဘူး။ စေတန်က ဒီမှာတင် ရပ်သွားမှာ မဟုတ်ဘူး။ ငါတို့ တန်ပြန် တိုက်ခိုက်ဖို့ နည်းလမ်း တစ်ခုကို အမြန် ဆွေးနွေးရအောင်။”