← Chapters

ခရီးလမ်း

Vol. 65 Ch. 1052

ခရီးလမ်း

Vol. 65 Ch. 1052

ဇိုလာ၏ ကြယ်နှစ်ပွင့်တိုးမြှင့်မှု အောင်မြင်ပြီး စူပါစနစ် ကြယ်စင်စု၏ ‘အသိပညာ’ကို တာဝန်ယူရသော နတ်ဘုရားမ ဖြစ်လာခြင်းသည် အရေးပါသော တိုးတက်မှုတစ်ခုပင်။

သူ တစ်ဦးတည်း ‘နတ်ဘုရားမ’ ဖြစ်လာမည် မဟုတ်ပေ။ အကြောင်းမှာ နတ်မိမယ်နဂါး တစ်ဦးတည်းက ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို လက်ခံထားခြင်း မဟုတ်ဘဲ ဆွေမျိုး၊ မိတ်ဆွေအားလုံး လက်ခံခဲ့ကြ၍ပင်။ ထိုသို့ ကျယ်ပြော လှသော ယုံကြည်မှု အရင်းအမြစ်မှ ‘အသိပညာဘုရားမ’ တစ်ပါးတည်း ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

ထိုအချိန်တွင် အထူးအဆင့်ထဲသို့ န နတ်ဘုရားများ များများဝင်လာပြီး၊ ဓူဝံကြယ်ခရမ်းဧကရာဇ် စွမ်းအားက ပို၍ အားကောင်း လာလေလေ ဖြစ်ပေလိမ့်မည်။

ထိုအဆင့်၌ တိုးတက်ရန် နှင့် တိုက်ပွဲဝင်ဖို့အတွက် လေ့ကျင့်ခြင်း၊ ကြိုးစားခြင်း တစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။ ယုံကြည်မှု စွမ်းအားကို ဆက်တိုက် တိုးပွားပြီး သန့်စင်နေခြင်းက အရေအတွက်နှင့် အရည်အသွေးပိုင်း ပြောင်းလဲမှုများ အတွက် အစစ်အမှန် အုတ်မြစ် ဖြစ်လေသည်။ ထိုကဲ့သို့ အခြေခံ အရေအတွက် အပြောင်းအလဲ ပြဿနာကို သူ တစ်ယောက်တည်း မဖြေရှင်းနိုင်ပေ။ တိုးမြှင့်မှုကို လက်ခံထားသော လူအားလုံး၏ နားလည်မှုနဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပေသည်။

တစ်နေကုန် လေ့ကျင့်ပြီး ကြယ်ကြွေတမန်အင်ပါယာ၏ ဧကရီအရှင်မ နှင့် ‘ဧကရာဇ်အမွေခံ’ မည်သို့ ‘ဖန်တီးရမလဲ’ ဆိုသည့် ပညာရပ်ဆိုင်ရာ သုတေသနများကို အလေးအနက် ဆွေးနွေးပြီးနောက် ချန်လွေ့က မီးအိမ်ဝိညာဉ် အဖွဲ့နှင့် အတူ ကျက်သရေ မျှော်စင်ကို စိတ်အားထက်သန်စွာ အသက်သွင်း လိုက်လေသည်။ သူဟာ ရေကန်ပြာ တောင်တန်းတွင်ရှိသော ကြယ်မြို့သို့ ညလုံးပေါက် သွားခဲ့သည်။ မန်လေ့စ် ကဲ့သို့ မီးအိမ်ဝိညာဉ်မျိုးက အထူး ဆင့်ကဲပြောင်းလဲခြင်းအတွက် စမ်းသပ်မှုများ ပြုလုပ်ရန် စည်းမျဉ်း စွမ်းအင်များ လိုသော ပျိုးထောင်ကန် ထဲသို့ ဝင်သွားခဲ့ကြသည်။

ချန်လွေ့၏ လက်ထဲ၌ ဥပဒေသ အပိုင်းအစ(၃)ခုသာ ကျန်တော့သည့် အတွက် ဇိုလာအတွက် မူလက ကြိုတင် ပြင်ဆင် ထားခဲ့‌သော နတ်ဘုရားတစ်ပိုင်းအဆင့် ဥပဒေသ သလင်း‌ကျောက်စက်လုံး နှစ်လုံးကို ပေးလိုက်သည်။ ထိုစက်လုံး နှစ်လုံး၌ ပါဝင်သော ‘စည်းမျဉ်းစွမ်းအင်’ အရည်အသွေးက တိုင်းပြည်အဆင့် ဥပဒေသ အပိုင်းအစထက် အများကြီး သာလွန်သော်လည်း လက်ရှိအချိန် ဇိုလာက အထူး ယုံကြည်မှု စွမ်းအားနှင့် ကြယ်ခရမ်း အသွင်ပြောင်း ကြယ်ချပ်ကာကို နားလည် သဘောပေါက်ရန် အတွက် အချိန်အများကြီး လိုနေသေးသည်။ ရှီရာ၊ ကတ်သရင်းနှင့် တစ်ဖနီတို့၏ ဘေးကင်း လုံခြုံရေးက အဓိက အရေးကြီးဆုံးပင် ဖြစ်သည်။

ထို့အပြင် ဥပဒေသ အပိုင်းအစများ နှင့် ဥပဒေသ သလင်းကျောက် စက်လုံးများက ‘အကန့်အသတ်’နှင့် မဟုတ်ကြပေ။ ၎င်းတို့ကို အဆုံးမရှိ ရယူနိုင်မည့် နေရာတစ်ခု ရှိသည်။

မီးအိမ်ဝိညာဉ်များကို ကြယ်မြို့၌ ထားခဲ့ပြီးနောက် ချန်လွေ့သည် ကျက်သရေမျှော်စင်ကို အသုံးပြုပြီး အထူးအဆင့် တိုင်တန် နှစ်ကောင်နှင့် ဧရာမ သလင်းကျောက် သားရဲ နှစ်ကောင်ကို ကြယ်ကြွေ တမန် မြို့တော်၏ နန်းတော်ဆီ ပြန်ခေါ် လာခဲ့သည်။ ရှိရင်းစွဲ ရှေးမှော်စာ မှော်စက်ဝိုင်းများ၏ အကာအကွယ် နှင့်အတူ သူက အကာအကွယ် မှော်စက်ဝိုင်းတစ်ခုကို နှစ်ရက်ကြာ ပြန်လည်တည်ဆောက်ခဲ့၏။ လက်ရှိ ပုံစံအရဆိုရင် နတ်ဘုရား တစ်ပိုင်း ကိုယ်တိုင်ပင် လွယ်ကူစွာ ဝင်ရောက် ဖျက်ဆီးနိုင်မည် မဟုတ်နိုင်ပေ။ လိုရမည်ရ ရှီရာအတွက် အထူး ချက်ချင်း တယ်လီပို့ မှော်စာတစ်ခု တည်ဆောက်ပေးခဲ့သည်။ ရှောင်လွှဲ မရနိုင်သော အန္တရာယ်တစ်ခု ကြုံရပြီး ကယ်ဆယ်ရန် နောက်ကျသောအခါ သူ့ကို မြို့တော်မှ ချက်ချင်း ရွှေ့ပြောင်း ပေးနိုင်လေသည်။

ပြိုင်ဘက်က စေတန် ဖြစ်နေရာ ချန်လွေ့က လုံးဝ ပေါ့ပေါတန်တန် မတွေးရဲပေ။ အချိန်ဆွဲ ဗျူဟာက အကြာကြီး မခံနိုင်။ နောက်ထပ် ‘သံတမန်’ တစ်ဖွဲ့ ကြယ်ကြွေတမန် မြို့တော်ကို မကြာခင် ပြန်ရောက် လာနိုင်သည်။

ထိုအရာအားလုံး စီစဉ်ပြီးနောက် ချန်လွေ့က တစ်ဖနီကို မီးအိမ် ဝိညာဉ်များ မောင်းသော လှည်းဖြင့် သွေးရောင် အင်ပါယာဆီကို ခေါ်သွား ခဲ့လေသည်။

အမှန်တကယ်တွင် ကျက်သရေ မျှော်စင်၌ မြန်မြန် ခရီးသွားနိုင်သော [နေရာလွတ်ဖိနှိပ်] စွမ်းရည်လည်း ရှိသည်။ သို့သော်လည်း ချန်လွေ့က အကာအကွယ်များ တည်ဆောက်ရန် နှစ်ရက်လုံးလုံး ကြိုးစားခဲ့ရသည့် အတွက် တစ်ရက် အနားယူရန် စီစဉ်လိုက်ခြင်းပင်။ ထိုလှည်းက အိပ်ခန်း ၃ခန်းနှင့် ဧည့်ခန်း ၂ခန်း ပါရှိသော အိမ်ကဲ့သို့ နေရာငယ်လေး တစ်ခုပါသော မှော်လှည်း ဖြစ်၏။ လုံးဝ လှုပ်ယမ်းမှု မရှိသည့်အတွက် နားနေဖို့ သင့်တော်ပေသည်။

တစ်ဖနီက ခန်းမထဲရှိ ဆိုဖာပေါ် ထိုင်နေပြီး ကော်ဖီစားပွဲကို ငုံ့ကြည့် နေခဲ့သည်။ မနက်တစ်ပိုင်းလုံး သူက တိတ်ဆိတ်နေ၏။ စားရုံမှလွဲလို့ အသံ လုံးဝ မထွက်ပေ။

“တစ်ဖနီ..” ရှေ့တွင် ထိုင်နေသော ချန်လွေ့က တစ်ဖနီ ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်ဆို့သော သဘောမျိုး ဖြစ်လာနိုင်ကြောင်း မြင်သောအခါ နောက်ဆုံး၌ မေးလိုက်လေသည်။

“အင်း” တစ်ဖနီက တိုးတိုးလေး ပြန်ဖြေသည်။

“ဘာတွေ တွေးနေတာလဲ...”

“ဘာမှ မတွေးပါဘူး...”

“…” ချန်လွေ့က ခဏလောက် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ ထိုသို့ စိတ်မဝင်စားသော ပုံစံကြောင့် သူ စကားပြောစရာ အကြောင်းအရာ ရှာမတွေ့နိုင်ခဲ့ပေ။

အချိန်အတော် ကြာပြီးနောက်…

“ချန်လွေ့..” တစ်ဖနီက စတင်၍ စကားပြောလာသည်။

“အင်း...” ချန်လွေ့က ပြန်လည် လန်းဆန်းသွားခဲ့သည်။

“ဘာမှ မဟုတ်တော့ပါဘူး...” သူက ခေါင်းပြန်ငုံ့လိုက်သည်။

“…”

ချန်လွေ့က စကားမပြောနိုင်ဘဲ သူ့နဖူးသူ ပြန်ရိုက်လိုက်သည်။ ဟုတ်ပါပြီ။ မင်း နိုင်ပါတယ်။

သို့သော် ခုနက ချန်လွေ့သည် တစ်ဖနီ၏ စိတ်အတက်အကျကို အမိအရ ဖမ်းမိခဲ့သည့်အတွက် အစမ်းသဘော မေးလိုက်သည်။ “သွေးရောင်အင်ပါယာကို ပြန်သွား ရမှာကို စိတ်လှုပ်ရှားနေတာလား။”

“နည်းနည်းပါ...”

“ဒါဆို… ငါ့ကို နည်းနည်း မုန်းနေ တာလား...”

တစ်ဖနီ အံ့သြစွာ မော့ကြည့်ပြီး ခေါင်းခါသည်။ “ဘာလို့ မုန်းရမှာလဲ။ ရှင် ကျွန်မကို ကယ်ခဲ့တာပဲလေ...”

“လာမယ့် နိုင်ငံရေး လက်ထပ်ပွဲ မရှိဘူးဆိုရင်...” ချန်လွေ့ သက်ပြင်း ချလိုက်သည်။ “အနည်းဆုံးတော့ ငါတို့ သူငယ်ချင်း ဖြစ်နိုင်ပါတယ်။”

“အခုက… သူငယ်ချင်း မဟုတ်ဘူးလား”

“ဟုတ်တာပေါ့။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “မင်းကို မီးတွင်းထဲ ပြန်တွန်းပို့တဲ့သူနဲ့ သူငယ်ချင်း ဖြစ်ရတာကို စိတ်မရှိဘူး ဆိုရင်ပေါ့...”

တစ်ဖနီက ချန်လွေ့ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ရှင်က လူကောင်းတစ်ယောက်ပါ။”

“…”

ဟုတ်ပါပြီ။ ငါက လူကောင်း တစ်ယောက်ပါ။

ယခင်ဘဝ အထက်တန်းကျောင်း ကတည်းက လူကောင်းတစ်ယောက် ဟူ၍ ချီးကျူးခံခဲ့ရသော ချန်လွေ့က နှာခေါင်းကို အားရပါးရ ပွတ်လိုက်၏။ ဒါက နောက်ထပ် လောကတစ်ခုပဲ။ လူကောင်းလို့ ချီးကျူးခံရတဲ့ အပြင်ကို ငါ့နဲ့ စေ့စပ်ထားတဲ့ ဒီမိန်းကလေးရဲ့… နောက်ထပ် စကားက ‘ကျွန်မမှာ ကြိုက်တဲ့သူ ရှိပြီးသားပါ’ ဆိုပြီးတော့ မဟုတ်လောက်ဘူးမလား။

“ကျွန်မ စကားမှားသွားတာလား။” တစ်ဖနီက သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။

သူက တကယ်ကို ခံစားလွယ်တဲ့ မိန်းကလေး တစ်ယောက်ပဲ။ ချန်လွေ့ ခေါင်းခါပြီး ပြုံးလိုက်လေသည်။ “တကယ်တော့ ငါက လူကောင်း မဟုတ်ဘူးလို့ ပြောချင်တာပါ။”

“ကျွန်မက အကောင်း အဆိုးကို မခွဲတတ်ဘူး နေမယ်။” တစ်ဖနီ၏ မျက်လုံးများက မှိန်သွားခဲ့သည်။ “ရှင်က ယုံကြည်စိတ်ချရတယ်လို့ပဲ ခံစားနေရတယ်။”

ချန်လွေ့က “အကောင်း အဆိုးကို မခွဲတတ်ဘူး နေမယ်” ဟူသော စကားကို ကြားလိုက်ရာ သူက အတိတ်ကို ပြန်တွေးမိလိုက်ကြောင်း ချန်လွေ့ သိသွားသည်။ “ဒါဆိုရင် ငါတို့ သူငယ်ချင်းတွေ အနေနဲ့ စကားလေး ဘာလေး ပြောမလား။ နည်းနည်း တဲ့တိုး ဆန်နေရင် တောင်မှပေါ့...”

“အင်း..”

“ဒါဆိုရင် ငါ တည့်ပဲပြောမယ်နော်။ အဲဒီ ဖြစ်ရပ် ပြီးကတည်းက မင်းရဲ့ တစ်ဘဝလုံး ပြိုလဲသွားပြီး ဘဝက အဓိပ္ပာယ် မဲ့သွားပြီလို့ ခံစားရလား။ အခုတောင် မင်းက မရှင်းလင်းတဲ့ ရည်မှန်းချက် တစ်ခု အတွက်ကို သည်းသခံပြီး ရှင်သန်နေတာလား။”

ချန်လွေ့က နောက်ထပ် စကားလုံး များစွာကို တစ်လုံးပြီး တစ်လုံး ရက်ရက်စက်စက် ပြောလိုက်၏။

တစ်ဖနီက နားထောင်နေခဲ့ပြီး စကားမပြောဘဲ ခေါင်းကိုသာ ငုံ့ထား ခဲ့သည်။

ချန်လွေ့က သေသေချာချာကို မြင်နိုင်ပေသည်။ မျက်ရည်တစ်စက် ကြမ်းပြင်ပေါ် ကျလာ၏။ တစ်စက်၊ နှစ်စက်… ခဏအကြာတွင် ငိုရှိုက်သံ တိုးတိုးလေး ထွက်လာပြီးနောက်တွင် မထိန်းနိုင်အောင် ပြန်ငိုတော့သည်။ ရက်ပေါင်းများစွာ စုထားသော ခံစားချက်များ တပြိုင်နက်တည်း ပေါက်ထွက်သွားသလိုမျိုးပင်။

၎င်းက လူရှေ့တွင် ပထမဆုံး အော်ငိုခဲ့ခြင်း ဖြစ်ပြီး ကြမ်းပြင်ပေါ် မျက်ရည်များ ဆက်ကျနေခဲ့သည်။

နောက်ဆုံး အငိုရပ်သွားသောအခါ ချန်လွေ့က အလွန်အေးစက်နေသော လေသံဖြင့် ထပ်ပြော လိုက်သည်။

“ဒီလို လုပ်တာက တကယ်ကို ရူးမိုက်တာပဲ။”

တစ်ဖနီ တိတ်တဆိတ် ခေါင်းညိတ် လိုက်သည်။

“မင်းက ‘ရူးမိုက်တယ်’ ဆိုတဲ့ ငါ့ရဲ့ အဓိပ္ပာယ်ကို မနားလည်သေးပါဘူး။ အဲဒီလောကမှာ မင်းက လူတွေနဲ့ ပစ္စည်းတွေကို ပိုပြီးတော့ မြင်တွေ့ ခဲ့လောက်တယ်။ ဒါက မင်း ထရပ်ဖို့ အားအင်တွေ ဖြစ်လာနိုင်ပေမယ့် မလုံလောက်ဘူး။ ဘာလို့လဲဆိုတော့ မင်း ထမ်းထားရတဲ့ တာဝန်က သာမန် လူတွေထက် အများကြီး ပိုလေးနေလို့ပဲ။ မင်း တကယ်ကို မထနိုင်နိုင် ဒဏ်ရာကနေ မထွက်လာ နိုင်သေးရင် ရှေ့ဆက် သွားရမယ့် လမ်းကို မရှာတွေ့ နိုင်သေးရင် မင်းက အနှေးနဲ့ အမြန်ပဲ ရှုပ်ထွေးမှုနဲ့ နာကျင်မှုတွေကြားထဲ ပြန်ပြီးတော့ ပြိုလဲသွားလိမ့်မယ်။”

“လူတိုင်းရဲ့ ဘဝက အမြဲတမ်း ချောမွေ့မှာမဟုတ်ဘူး။ နာကျင်မှုကို ခံစားဖူးတဲ့သူက မင်းပဲ မဟုတ်ဘူး။ အစ်ဇဘယ်လာကို မှတ်မိတယ် မဟုတ်လား။ သူက မင်းကို လူမိုက် လိုမျိုး ရွဲ့ပြောပေမယ့် တကယ်တော့ သူက မင်းကို ထပ်ပြီး ထရပ်ဖို့ တွန်းအားပေးချင်နေတာ။”

တစ်ဖနီ ခေါင်းညိတ် လိုက်သည်။ သူ၏ ပါရမီဖြင့် အစ်ဇဘယ်လာ၏ စေတနာကို အလိုလို ခံစားမိခဲ့သည်။

“ဒါပေမဲ့ အစ်ဇဘယ်လာ ခံစား ခဲ့ရတဲ့ နာကျင်မှုတွေက မင်းထက် မနည်းဘူးဆိုတာ သိလား။ သူရဲ့ ပျော်ရွှင်မှု တစ်ခုတည်း သာမက သူရဲ့ မိသားစုတစ်ခုလုံးက ဒီကိစ္စကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်။ အဲဒါကြောင့် နှစ်၁၀၀လောက် အသက်ရှင်ရတာက သေရတာထက် ပိုဆိုးတယ်လို့ ပြောလို့ရတယ်။ မင်းကို နာကျင်စေခဲ့တဲ့ မိန်းမကပဲ ဒီအရာတွေ အားလုံးကို ဖြစ်စေခဲ့တာ။”

တစ်ဖနီသည် တုန်လှုပ်သွားခဲ့ပြီး နောက်ဆုံး မော့ကြည့်လိုက်သည်။

အစ်ဇဘယ်လာ တကယ်ပဲ…

“ခီရာက သူအမေ အဓမ္မကျင့်ခံရပြီး မွေးလာခဲ့တာ။ အဲဒီရက်စက်တဲ့သူက မွေးလာတဲ့ မိန်းကလေးက ကဝေမ မိသားစုဝင် ဖြစ်နေတာ မြင်ပြီးတော့ သူတို့ကို မိသားစုလို မဆက်ဆံ တော့ဘူး။ သူက ဇနီးနဲ့ မယားငယ်ကို [ဝိညာဉ်အချုပ်အနှောင်] အသုံးပြုပြီး သူနဲ့ သူရဲ့မိခင်ကို ထိန်းချုပ်ခဲ့တယ်။ သူ ငယ်ငယ်ကတည်းက အနိုင်ကျင့်၊ ကျွန်ပြုခံရပါတယ်။ သူ့ရဲ့ မိခင် အသက်ကို ကယ်တင်ဖို့အတွက် သူက အမှောင်လမှာ လျှို့ဝှက်သူလျှိုလုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရပြီးတော့ အသက်ပါ တစ်ကြိမ်မက ဆုံးရှုံး လုနီးပါး ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ သူရဲ့မိခင်က မလွတ်မြောက်ခဲ့ဘူး…”

ချန်လွေ့၏ အသံကလည်း နူးညံ့ သွားခဲ့သည်။ “ဒီနှစ်ယောက်က ငါ့ရဲ့ အနီးအနားက ဥပမာတွေပဲ။ ဒီလောကမှာ နာကျင်မှုတွေ၊ ဆင်းရဲ ဒုက္ခတွေ အဆုံးမရှိ ခံစားခဲ့ရတဲ့ လူတွေက ရေတွက်လို့ မရနိုင်အောင် ရှိတယ်။ မင်းက မျှော်လင့်ချက်မဲ့ခဲ့တဲ့ တစ်ဦးတည်းသောသူ မဟုတ်ဘူး။ ဗာရိုနီကာတောင်မှ အတိတ်မှာ စိတ်ကူး မယဉ်နိုင်တဲ့ နာကျင်မှုတွေ ရှိခဲ့ဖူးတယ်။ ဒီနာကျင်မှုက နှစ်ပေါင်း ထောင်နဲ့ချီ၊ သိန်းပေါင်းနဲ့ချီ ရှည်ကြာ နေတယ်လို့ မင်း ခံစားရနိုင်ပေမယ့် အဲဒါက နေအဖွဲ့အစည်း တစ်ခုလုံးမှာ တစ်ခဏလေးပဲ ရှိတယ်။ ဒီဖြစ်ရပ်က မင်းရဲ့ တစ်ဘဝလုံးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုပဲ။ တစ်ဘဝလုံးရဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုနိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် မင်းဘာမှ မဆုံးရှုံးခဲ့ဘူး။ တကယ်တော့ မင်းက ရှေ့ဆက် သွားရမယ့် လမ်းမှာ ပိုပြီး အဝေးကို မြင်နိုင်စေမယ့် ပိုပြီး အားကောင်း စေမယ့် အရာတွေ ပိုရလာခဲ့တာ။”

တစ်ဖနီ၏ နီရဲနေသော မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။ သူ၏ လက်များက အနည်းငယ် တင်းမာပြီး တုန်ခါသွားခဲ့သည်။ ခဏ အကြာတွင် သူက ရှိုက်ကြီးတငင်နှင့် စကားလုံး တစ်ခွန်း ပြောလိုက်၏။ “တောင်းပန်ပါတယ်...”

“ငါက တောင်းပန်သင့်တဲ့ သူပါ။ ခုနက ငါပြောတဲ့ စကားတွေက တကယ် တဲ့တိုး ဆန်လွန်းတယ်။ မင်း ငါ့ကို ယုံကြည်မယ် ဆိုရင် မင်းကို ကူညီဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ ဒါပေမဲ့ မင်းက ပထမဆုံးတော့ ထရပ်ရမယ်။ မင်း ကိုယ့်ဘာသာကိုယ် ထရပ်ရမယ်။ ရှေ့မှာ ဘာရှိရှိ အနည်းဆုံးတော့ ပထမဆုံး ခြေလှမ်းကို လှမ်းရမယ်။”

တစ်ဖနီ ခေါင်းညိတ်လိုက်သည်။ သူ ဘယ်နှစ်ခေါက် ခေါင်းညိတ်ခဲ့ ကြောင်းကို ချန်လွေ့ မမှတ်မိတော့။ ချန်လွေ့က သက်ပြင်းရှည်ကြီး ချလိုက်၏။ “ကောင်းပြီလေ။ မင်း ဒီရက်ပိုင်း အိပ်ရေး မဝဘူးဆိုတာ ငါ မြင်ရတယ်။ အခု မင်းရဲ့ အခန်းထဲ ပြန်ပြီး ကောင်းကောင်း အိပ်လိုက်။ နိုးလာတဲ့အခါ နေ့သစ်တစ်နေ့ ဖြစ်နေ လိမ့်မယ်...”

တစ်ဖနီ ထရပ်လိုက်ပြီး တစ်ခဏ တွေဝေနေခဲ့သည်။ ထို့နောက် သူက ရှက်ရွံ့လျက် မေးလိုက်လေသည်။ “ဒီမှာ အိပ်လို့ ရမလား..”

သူ ကြည့်နေသော နေရာက သူ ထိုင်နေတဲ့ ဆိုဖာ ဖြစ်နေကြောင်းကို မြင်လိုက်ရသောအခါ ချန်လွေ့က ကြက်သေသေသွားခဲ့သည်။

“အင်း… ရပါတယ်”

တစ်ဖနီက အခန်းထဲမှ စောင်ကို ထုတ်ယူပြီး လမ်းလျှောက်လာကာ သူ့ဘေးနားတွင်ရှိသော ဆိုဖာပေါ် အိပ်လိုက်သည်။ ဆိုဖာက အလွန် ရှည်လျားပြီး ချန်လွေ့ မှတ်မိသော ကမ္ဘာပေါ်မှ ခေတ်မီ ဆိုဖာ ပုံစံမျိုး ဖြစ်သည့်အတွက် အိပ်ရသည်မှာ သက်တောင့်သက်သာ ရှိပေသည်။

ချန်လွေ့က စောင်အောက်တွင် ကြောင်တစ်ကောင်လို ကွေးနေသော တစ်ဖနီကို ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး အနားကပ်ကာ ထိုင်လိုက်ပြီး သူ့ခြေထောက်များကို သူ့ခေါင်းနှင့် ထိအောင် ထားလိုက်၏။

ခဏလောက် စဉ်းစားပြီးနောက်တွင် သူက လက် ဆန့်ထုတ်ပြီး အပြာဖျော့ ဆံပင်ရှည်များကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။

သူနှင့် စေ့စပ်ထားသူ ဖြစ်ရာ သိပ်ပြီး ခပ်ခွာခွာ နေရန် မလိုပေ။ အရေးကြီးဆုံးမှာ ထိုအရာက သူကို စိတ်သက်သာရာ ရစေပေလိမ့်မည်။

တစ်ဖနီက အစပိုင်း အနည်းငယ် ကြက်သီး ထသွားခဲ့သည်။ ထို့နောက် သူက အနွေးဓာတ်ကို နှစ်သက်သွားပုံ ရသည်။ သူ၏ တင်းမာနေခဲ့သော ခန္ဓာကိုယ်က တဖြည်းဖြည်း လုံးဝ ပြေလျော့သွားပြီး အိပ်မက်ထဲကို ရောက်သွားခဲ့ရာ အသက်ရှူသံက ရှည်လျားပြီး ညီညာလာခဲ့သည်။

(၄)ရက် အကြာတွင် ကျက်သရေ မျှော်စင်၏ အကူအညီဖြင့် လှည်းက သွေးရောင်အင်ပါယာ မြို့တော်ကို ရောက်လာခဲ့သည်။

သူတို့ နှစ်ဦးကို ကြိုဆိုရန်အတွက် အလွန် ခမ်းနားလှ‌သော ကြိုဆိုပွဲ အခမ်းအနား တစ်ခု ရှိနေခဲ့သည်။ ထိုအရာက မြို့တော် တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေ ခဲ့လေသည်။

အကြောင်းက ထိုမတိုင်ခင်တွင် ရိုင်ဇန်က ဧကရာဇ်သုံးပါး၏ ပူးတွဲ ရုပ်မြင်သံကြားဌာနနှင့် သွေးရောင် အင်ပါယာ ထိပ်ဆုံး ရုပ်မြင်သံကြား ဌာနမှ အံ့သြဖွယ်ရာ သတင်း ၃ခုကို ကိုယ်တိုင် ကြေညာခဲ့၍ပင်။

ပထမတစ်ခုမှာ တော်ဝင်မိသားစုမှ ဂုဏ်သရေရှိ မစ်-တစ်ဖနီမန်မွန်သည် တကယ်တမ်း ရိုင်ဇန်၏ သမီးအရင်း ဖြစ်နေခြင်းပင်။ ထိုမင်းသမီးက ပထမဆုံး မင်းသမီး ဆိုလိုသည်က အင်ပါယာ ဆက်ခံသူ ဖြစ်လာမည် ဖြစ်သည်။

ဒုတိယမှာ ရိုင်ဇန်က တစ်လ အတွင်းတွင် ထီးနန်းကို မင်းသမီး တစ်ဖနီဆီ လွှဲပေးမည် ဖြစ်သည်။

တတိယမှာ မင်းသမီးတစ်ဖနီက ဧကရီ ဖြစ်လာပြီးနောက် ကြယ်ကြွေ တမန် အင်ပါယာ၏ ကြင်ရာတော် မင်းသား ‘အက်ဂ်‌ယော’နှင့် လက်ထပ် ပေလိမ့်မည်။

All Chapters