မိုး
Vol. 65 Ch. 1053
ကောင်းကင်က မှိုင်းညို့နေပြီး မိုးခြိမ်းသံ သဲ့သဲ့လေး ကြားနေရ၏။ သိပ်မကြာခင် မိုးရွာပေတော့မည်။
ချန်လွေ့က ကောင်းကင်ပေါ်မှ မည်းမှောင်နေတဲ့ တိမ်တိုက်များကို တွေးရင်းနှင့် မော့ကြည့်လိုက်သည်။
“ဘာလဲ။ ရှင့်ရဲ့ ဧကရီအရှင်မကို သတိရနေတုန်းပဲလား။ အခု သူက မင်းသမီးပဲ ရှိသေးတယ် ဆိုတာကို မမေ့နဲ့ဦး။ ရိုင်ဇန်က ထီးနန်းလွှဲပေးဖို့ ၂၁ရက်တောင် လိုနေသေးတယ်။” သာယာနာပျော်ဖွယ် အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ “ကျွန်မ ရှင့်ကို ပြောချင်တာက မိန်းမတစ်ယောက်နဲ့ စကားပြောနေတုန်း တခြား မိန်းမ တစ်ယောက်အကြောင်း တွေးနေတာ ယဉ်ကျေးမှု မရှိဘူး ဆိုတာပဲ...”
“မင်း အတွေး လွန်နေတာ။ ငါက ပြဿနာ အချို့ကို တွေးနေရုံပါ။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ ထိုကဲ့သို့ မိန်းမတစ်ယောက် ရှေ့တွင် တခြားမိန်းမတစ်ယောက်အကြောင်း ပြောခြင်းက အမိုက်ဆုံး အရာပင်။ အထူးသဖြင့် ထိုအမျိုးသမီး နှစ်ဦးက ‘ပြိုင်ဆိုင်မှု’ ရှိနေသည့် အတွက်ပင်။ တစ်ဖနီက ထိုပုဂ္ဂိုလ်နှင့် လုံးဝကို မယှဉ်နိုင်သော်လည်း သူကတော့ နတ်ဆိုးဘုံ၏ ထိပ်တန်းအလှပဂေးနဲ့ ထိပ်တန်းပညာရှိ ဖြစ်နေလေသည်။
ထို‘ထိပ်တန်း’ဟူသော စကားက အကြွင်းမဲ့ မဟုတ်နိုင်သော်လည်း အနည်းဆုံးတော့ လူအများစုက အသိအမှတ်ပြုထားကြသည်။
အရိပ်နက် အင်ပါယာ၏ ဧကရီ ကတ်သရင်းအက်စ်မိုဒက်စ်ပင်...
“ဟုတ်ပါပြီ...” ကတ်သရင်းက အနည်းငယ် ပြုံးလိုက်ပြီး ထပ်မံ၍ မမေးတော့ပေ။ သူက အလွန်အကျွံ မပြုလုပ်သင့်ကြောင်းကို သိသော ပါးနပ်သည့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ဥပမာ- သူ့ကို သတိပေး လိုက်ရုံနှင့် လုံလောက်သည်။ သူက ဆက်၍ အပြစ်တင်နေမည် ဆိုရင် ပြန်ထိခိုက်ရုံသာ ရှိပေလိမ့်မည်။
“အင်း… ကိုယ် တွေးနေတာ စေတန်က ဒီလောက်နဲ့တော့ ရပ်မှာ မဟုတ်ဘူး။ အကာအကွယ်တွေကို အားကောင်းအောင် လုပ်ထားပေမယ့် နတ်ဘုရားတစ်ပိုင်းအဆင့် ရန်သူတွေအတွက်ပဲ အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။ နတ်ဘုရား-ယောင် အထွတ်အထိပ် အရှေ့မှာတော့ ဒါတွေက အသုံးမဝင် သလောက်ပဲ။ စေတန် ရောက်လာရင် ကိုယ့်မှာ ထိရောက်တဲ့ နည်းလမ်း မရှိဘူး။ ဖိုက်သွန် နိုးလာပြီး သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ အထိပဲ စောင့်ရမှာ။ ပြဿနာက သူ နိုးလာမယ့် အချိန်ကို ကိုယ် ထိန်းချုပ်လို့မရဘူး။”
“စေတန် စောစော ရောက်လာရင် အားနည်းချင်ယောင်ဆောင်ပြီးတော့ အချိန်ဆွဲလို့ရတယ်။ အရေးကြီးဆုံးက ဘယ်လိုရန်သူမျိုးနဲ့ ရင်ဆိုင်ရပါစေ၊ ဘယ်အချိန်မှာမှ ပေါ့ပေါ့ဆဆ နေလို့ မရဘူး။ အဲဒါက အောင်ပွဲရဲ့ အဓိက သော့ချက်ပဲ။” ကတ်သရင်းလည်း ကောင်းကင်ကို မော့ကြည့်လိုက်၏။ “ရှင်ပြောတဲ့ လျှို့ဝှက်လေ့ကျင့်မှုကို အမြန်ဆုံး စတင်သင့်ပြီလို့ ကျွန်မ ထင်တယ်။”
ချန်လွေ့က ကတ်သရင်း စကား၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ “မင်းလည်း လိုက်မှာလား။”
“ကျွန်မ အကုန် စီစဉ်ပြီးသွားပြီ။” ကတ်သရင်းက ခေါင်းညိတ်သည်။ “ကျွန်မရဲ့ စွမ်းအားက အခု တစ်ဆို့မှု ရောက်နေပြီလို့ ရှင် မထင်ဘူးလား။”
“တကယ်ကို မယုံနိုင်စရာပဲ။ သိုင်းပြိုင်ပွဲမှာ မင်းရဲ့ စွမ်းအားက တိုင်းပြည်အဆင့် အလတ်ပိုင်းကို မရောက်သေးဘူး။ မင်း ရက်ပီပစ်ကို လှည့်စားပြီး အနိုင်ယူနိုင်ခဲ့တယ်။ အခု မင်းက တိုင်းပြည်အဆင့် အထွတ် အထိပ်ကို ရောက်နေပြီ။ ရက်ပီပစ် ဒါကို မြင်ရင် သူ့ရဲ့ နှလုံးသား ၃ခုတောင် ကြောက်ပြီး ခုန်ထွက်လာ လောက်တယ်။”
“‘မယုံနိုင်စရာ’ ဆိုတဲ့ စကားလုံးက နည်းနည်း စိတ်ရင်း မပါသလိုပဲ။” ကတ်သရင်းက တမင်သက်သက် သက်ပြင်းချလိုက်သည်။ “ဇိုလာက နတ်ဘုရားတစ်ပိုင်း အလတ်ပိုင်းကို ရောက်တော့မယ်။ ပြီးတော့ သူက ရှေးဟောင်းအမွေအနှစ်လောကရဲ့ နတ်ဘုရားမ ဖြစ်လာပြီလို့ ကျွန်မ ကြားတယ်။ ရှင်ကိုယ်တိုင်ကလည်း နတ်ဘုရား-ယောင် အဆင့်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိနေပြီ။ ဒါက ကျွန်မကို ပါးရိုက်လိုက်တာပဲ။”
“ကိုယ်က မင်းကို ဘယ်လိုလုပ် ပါးရိုက်ရမှာလဲ။” ချန်လွေ့က အလွန် လှပသော မျက်နှာကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက ပန်းရောင် သမ်းနေသော နှုတ်ခမ်း တစ်စုံဆီသို့ ရွေ့သွားပြီး နန်းတော်ထဲမှ မြင်ကွင်း တစ်ခုအကြောင်း တွေးမိသွားခဲ့သည်။ မီးတောက် တစ်ခုက သူ၏ ဝမ်းဗိုက် အောက်ပိုင်းမှ တက်လာခဲ့သည်။
ကတ်သရင်းက ချန်လွေ့ မည်သည့် အရာကို တွေးနေကြောင်း ခံစားမိပုံ ရသွားပြီး သူ၏ မျက်နှာက ချက်ချင်း နီရဲလာသည်။ သူက ချန်လွေ့ကို စိတ်ကြွစေသော ခံစားချက်များဖြင့် မျက်စောင်း ထိုးလိုက်ရာ ထိုသူက ပို၍ တွန်းအား ဖြစ်စေခဲ့သည်။ သို့သော် ဧကရီအရှင်မက စကားကို ချက်ချင်း လိမ္မာပါးနပ်စွာ ပြောင်းလိုက်သည်။ “သော်သော်ကို မွေးဖွားခဲ့ပြီးတော့ ကျွန်မကို အထူး သီးသန့် စွမ်းအား တစ်ခု ပေးခဲ့တယ်။ အဲဒီစွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ စုပ်ယူပြီးတော့ ချေဖျက်နိုင်သေးသလို ခံစားရတယ်။ အကုန်လုံးကို ပေါင်းစည်းနိုင်မယ်ဆို ကျွန်မရဲ့စွမ်းအားတွေက ပိုပြီးတော့ ကြီးမားလာလိမ့်မယ်။ ပြီးတော့လည်း ‘နိဗ္ဗာန်’က အက်စ်မိုဒက်စ်ရဲ့ အစွမ်း အထက်ဆုံး ပါရမီပဲ။ စွမ်းအား မြင့်မားလေလေ၊ သက်ရောက်မှု ပိုပြီး အားကောင်းလေလေပဲ။ အထူးသဖြင့် ကျွန်မက နိဗ္ဗာန် ၅ကြိမ် ပြီးမြောက် ခဲ့တဲ့အတွက် ကျွန်မရဲ့ လေ့ကျင့်မှု အရှိန်က သာမန် လူတွေထက်ကို အများကြီး ပိုမြန်တယ်။ ပြီးတော့ ရှင့်ရဲ့ [ကြယ်အဆင့်တိုးမြှင့်မှု] နဲ့ ကြယ်အပ်နှင်းရဲ့ စွမ်းအားကလည်း တိုးတက်မှုမှာ အစွမ်းထက်တဲ့ အခန်း ကဏ္ဍက ပါခဲ့တယ်။ တကယ်တော့ အခြေခံ အုတ်မြစ်ကို တစ်ဆင့်ပြီး တစ်ဆင့် ခိုင်မာအောင် လုပ်ချင်ရင် တကယ့်တိုက်ခိုက်ရေးက စွမ်းအားကို ထိန်းချုပ်ပေါင်းစည်းဖို့ အကောင်းဆုံး နည်းလမ်းပဲ။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ‘နိဗ္ဗာန်’က အက်စ်မိုဒက်စ် တော်ဝင် မိသားစု၏ အစွမ်းအထက်ဆုံး ပါရမီ ဖြစ်ခဲ့သည်မှာ မှန်သော်လည်း အခက်ခဲဆုံးနှင့် အန္တရာယ် အရှိဆုံးလည်း ဖြစ်သည်။ သူက ကတ်သရင်း၏ ၅ကြိမ်မြောက် နိဗ္ဗာန်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့၏။ သော်သော်၏ ကာကွယ်မှု မရှိခဲ့လျှင် ကတ်သရင်း သာမက သူပါ အတူတူ ပျက်စီးသွားခဲ့ပေမည်။
သော်သော်မှာ တကယ် ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေ ရှိတာ။ ဇာမဏီက ဘယ်လို သတ္တဝါမျိုးလဲ..
ကတ်သရင်းက သူ၏လက်ကို ချန်လွေ့ လက်ဝါးထဲ ထည့်လိုက်၏။ “ဒီအရာတွေ ကျွန်မမှာ မရှိရင်တောင် လေ့ကျင့်ဖို့ ကြိုးစားပြီး ဇိုလာလိုပဲ ရှင့်ကို ကူညီတဲ့သူ ဖြစ်လာမှာပါ။ ကျွန်မက အရိပ်နက် အင်ပါယာရဲ့ ဧကရီ တစ်ယောက်တင် မကဘူး။ ရှင့်ရဲ့ အမျိုးသမီးလည်း ဟုတ်တယ်။”
ချန်လွေ့က ကတ်သရင်းလက်ကို ဆုပ်ကိုင်ထားခဲ့ပြီး နွေးထွေးသော လှိုင်းလုံးတစ်ခုက သူ့ နှလုံးသားထဲကို စီးဝင်လာကြောင်း ခံစားလိုက်ရ၏။ ဇိုလာ၊ ရှီရာ၊ ကတ်သရင်း နှင့် တခြား သူများအားလုံး အတွေး တစ်ခုတည်း ရှိနေကြပြီး ၎င်းက ရှေ့ဆက်သွားရန် အကြီးမားဆုံး တွန်းအားပင်။
“အင်း။ ဆင်ခြေဖုံးမှာ ရှိတဲ့ မြက်စိမ်းတောင်မှာ မိုးရွာတာ ကြည့်ဖို့ ဧကရီအရှင်မကို ဖိတ်ခေါ်လို့ရမလား။ အဲဒီနေရာက မိုးရွာတာကို ကြည့်ဖို့ နေရာကောင်းလို့ ပြောကြတယ်။” ချန်လွေ့က ကတ်သရင်း လက်ဖမိုးကို နမ်းပြီး ဖိတ်ခေါ်သော ဓလေ့ထုံးတမ်း ပြုလိုက်သည်။
“ခုနက တခြားမိန်းမ တစ်ယောက် အကြောင်း တွေးခဲ့တာ အတွက် ပြန်ဆပ်တာလား။” ကတ်သရင်းက နွဲ့ဆိုးဟန် မျက်တောင်ခတ်လိုက်၏။ ထိုသူရှေ့တွင် သူက မျက်နှာလွှား နှင့် ‘မျက်နှာဖုံး’ ဝတ်စရာ မလိုသည့် အတွက် ပို၍ပင် ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်နေခဲ့သည်။
“မဟုတ်ပါဘူး။ ဒါက ရုတ်တရက် ပေါ်လာတဲ့ အချစ် ခရီးစဉ်လေးပါ။ အဲ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်ထဲမှာ အမြဲ ရှိနေတဲ့ အတွေးတစ်ခုပေါ့။”
“ရှင်က ကိုယ့်ရဲ့ ဆင်ခြေကို ကိုယ် ပြန်ဖော်နေသလိုမျိုး ဘာလို့ ခံစား နေရတာလဲ။” ကတ်သရင်းက ပြုံးပြီး ပြောလိုက်သည်။ “ဒါပေမဲ့ ဒီဖိတ်ခေါ်မှုကို လက်ခံရလို့ ကျွန်မ ဂုဏ်ယူပါတယ်။ ကျွန်မရဲ့… အမ်း.. တခြားတစ်ယောက်ရဲ့ ကြင်ရာတော် မင်းသား....”
နောက်ဆုံးအခေါ်အဝေါ်ဖြစ်သော ‘တခြားတစ်ယောက်ရဲ့ ကြင်ရာတော် မင်းသား’ ဆိုသည်က ယခင် ‘ကိုယ့်ရဲ့ ဧကရီအရှင်မ’နှင့် ဆက်စပ် နေကြောင်း ရှင်းနေ၏။ ချန်လွေ့က ချွေး အကြီးအကျယ် ထွက်လာသည်။ ဧကရီအရှင်မက ကြင်ရာတော် မင်းသား၏ ပုံစံကို မြင်လိုက်ရပြီး ပြုံးလိုက်ကာ သူ့၏ မျက်နှာကို ညင်သာစွာ နမ်းလိုက်သည်။ “အဲဒီ မတိုင်ခင် ရှင့်ရဲ့ အမျိုးသမီးကို အဝတ်လဲခွင့်ပြုပါဦး။ ကလေးအဖေ။”
ထိုအမည်နှင့် လေသံက နွေးထွေးမှု အပြည့်ပင်။ ချန်လွေ့က နွေးထွေးမှု ပြည့်နှက်သွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။ ကတ်သရင်း ပြုံးပြီး လျှောက်သွားသည်ကို မြင်သောအခါ သူက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
အကြောင်းမှာ သူသည် ခုနက တစ်ဖနီအကြောင်း အမှန်တကယ် တွေးနေခြင်းကြောင့်ပင်။
သူက ထိုမြင်ကွင်းကို ယနေ့အထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
ရိုင်ဇန်၏ ကြေညာချက်က အံ့မခန်းပင်။ ထိုအရာက နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ယခင်ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်မွန်မွန်၊ သွေးရောင်အင်ပါယာ အမြင့်ဆုံး အုပ်စိုးသူက ထီးနန်းမှ ဆင်းတော့မည် ဖြစ်ပြီး ထီးနန်းကို ‘ရုတ်တရက်’ ပေါ်လာသော သူ၏ သမီးတော် လက်ထဲသို့ လွှဲပြောင်း ပေးမည် ဖြစ်လေသည်။
ထို့ပြင် ထိုသမီးက ကြယ်ကြွေ တမန်အင်ပါယာမှ ဧကရီ ရှီရာ၏ ကြင်ရာတော်မင်းသား “အက်ဂ်ယော” နှင့် လက်ထပ်ပေမည်။
ထိုသတင်း သုံးခုလုံးက ပေါက်ကွဲ စေနိုင်သော အရာများပင်။
‘တစ်ဖနီ’ ဆိုသော နာမည်က သွေးရောင်အင်ပါယာမှ တော်ဝင် မိသားစုအချို့ အတွက် မစိမ်းပေ။ ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သေဆုံးသွားခဲ့သော မင်းသား အက်မန်းနှင့် တဲရစ်တို့၏ သဘောကျမှုကို ခံခဲ့ရဖူးကြောင်း ပြောကြလေသည်။ မနာလိုမှုကြောင့် နာမည်ကျော် ‘ပွဲတော်လုပ်ကြံမှု’ပင် ဖြစ်စေခဲ့ကြသည်။
အများစု အတွက်တော့ ရိုင်ဇန်၏ ‘သူက ငါ့ရဲ့ သမီးတော် အရင်းပဲ’ ဆိုသော ရုပ်မြင်သံကြား အပေါ်မှ စကားက မင်းသမီး၏ သရုပ်ကို လုံးဝ အသိအမှတ် ပြုလိုက်သည်နှင့် အတူတူပင်။ ရိုင်ဇန်က မင်းသမီး၏ မယ်တော်မှာ မည်သူ ဖြစ်ကြောင်း မပြောခဲ့။ လျှို့ဝှက်ဆန်းကြယ်သော ‘အင်ပါယာ ကိုယ်လုပ်တော်’က တော်ဝင်မိသားစုဝင် မဟုတ်သည့် အတွက် သူက တစ်ဖနီ၏ သရုပ်ကို နှစ်ပေါင်းများစွာ ဝှက်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း တွေးသူများလည်း အများကြီး ရှိလေသည်။ တဖန်ပြန်၍ မည်သည့် တော်ဝင် မိသားစုက ထိုသို့ လျို့ဝှက်ချက် မရှိကြသနည်း။
ဒါကြောင့် တစ်ဖနီ၏ သရုပ်နှင့် ပတ်သက်ပြီး မည်သည့်ပြဿနာမှ မရှိခဲ့ပေ။ ထီးနန်းကို လွှဲပေးသော ဆုံးဖြတ်ချက်က အင်ပါယာထဲတွင် အတော် ဂယက်ရိုက် ခဲ့သော်လည်း ရိုင်ဇန် နှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ထားခဲ့သော နည်းလမ်းများ အောက်တွင် ကန့်ကွက်သံများက ခဏအကြာ ပပျောက်သွားကြသည်။ ရိုင်ဇန်၏ ထီးနန်းလွှဲပြောင်းပေးမည့် ဆုံးဖြတ်ချက်ကို မည်သူမှ မေးခွန်း မထုတ်ရဲဘူးဟု ပြော၍ ရနိုင်သည်။
အမှန်တကယ်၌ ရိုင်ဇန်တွင် သားသမီးများစွာ ရှိခဲ့သော်လည်း အများစုက မအောင်မြင်ခဲ့ကြပေ။ သူတို့က သေဆုံးသွားပြီ ဖြစ်သော အဲလီရက်စ်၊ အက်မန်းနှင့် တဲရစ် တို့ထက် ထူးချွန်ခြင်း မရှိခဲ့ကြပေ။ ထိုသုံးဦး သေဆုံးပြီးနောက် သူတို့ အထဲမှ တချို့က ကံကောင်းခြင်းများ မျှော်လင့်ခဲ့ကြသေးသည်။ ယခုတွင် ရိုင်ဇန် ကြေညာလိုက်သော ဆုံးဖြတ်ချက်က သူတို့၏ မျှော်လင့်ချက်များကို ပျက်သုဉ်းသွား စေခဲ့သည်။
နောက်ဆုံး သတင်းသည်လည်း ဝက်ဝက်ကွဲ ဖြစ်ခဲ့သည်။ တော်ဝင် မိသားစုအတွက် နိုင်ငံရေးအရ လက်ထပ်ခြင်းက မထူးဆန်းပေ။ သို့သော်လည်း သွေးရောင်အင်ပါယာ ဧကရီနှင့် လက်ထပ်သွားမည့် သူက ‘အက်ဂ်ယော’ ဖြစ်နေခြင်းပင်။
နတ်ဆိုးဘုံ တစ်ခုလုံးကို တချိန်က တုန်လှုပ်သွားစေခဲ့သော ယောက်ျား တစ်ယောက်ဖြစ်သည့် ‘အက်ဂ်ယော’ ဇာတ်လမ်းက အတော်လေးကို နာမည်ကြီးပြီးသား ဖြစ်နေခဲ့လေပြီ။ အထူး အစွမ်းထက် ပုဂ္ဂိုလ်နှင့် နှစ်သွယ် အထူးပြု မဟာဆရာသခင် သရုပ်အပြင် ထိုသူတွင် အမြင်သာဆုံး သရုပ်လည်း ရှိနေသည်။ ထိုအရာက ကြယ်ကြွေတမန်အင်ပါယာမှ ဧကရီ ရှီရာ၏ ကြင်ရာတော် မင်းသားနှင့် အရိပ်နက် အင်ပါယာမှ ဧကရီ ကတ်သရင်း၏ ချစ်သူ (သူတို့တွင် သမီးတစ်ယောက်ပင် ရှိသည်) ဟူ၍ ဖြစ်၏။ ယခု ထီးနန်းတက်တော့မည့် သွေးရောင် အင်ပါယာ ဧကရီအရှင်မ နှင့် ပေါင်းလိုက်လျှင်…
ဘာတွေ ဖြစ်ကုန်တာလဲ...
ကြင်ရာတော်မင်းသား ဆိုသည်က ဘုရင်မနှင့် ဆင်တူပေသည်။ မူလက အသုံးအဆောင် တစ်ခုသာ ဖြစ်၏ ယခုအထိ ထုတ်ဖော်ခဲ့ခြင်း အရ ‘အက်ဂ်ယော’ သည် ရှီရာနှင့် ကတ်သရင်းတို့၏ တစ်ဦးတည်းသော အမျိုးသား လက်တွဲဖော် ဖြစ်၏။ ထိုသို့ဆိုလျှင် ထိုသူက ယောက်ျားများ အားလုံး မနာလိုပြီး မုန်းတီးစေသော မောင်းမဆောင်တစ်ခု ဖွင့်ခဲ့သည်ဟု ဆိုလိုပေသည်။ သူက ဧကရီ၃ပါးကို ရင်ခွင်ထဲ ထည့်ထားခဲ့လေ၏။
ဒါက ဖုံးကွယ်လို့ မရတဲ့ ထင်ပေါ် ကျော်ကြားခြင်းလား။
သို့သော်လည်း လူအများစုက ရိုင်ဇန်၏ လုပ်ရပ်က မဟာမိတ် အခြေအနေအောက်တွင် သွေးရောင် အင်ပါယာအတွက် ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း သတိထားမိခဲ့ကြသည်။ ဧကရာဇ် ၃ပါး၏ မဟာမိတ် အစည်းအရုံးက ဆုံးဖြတ်ပြီးသား ဖြစ်သော်လည်း ၎င်းက ယာယီမဟာမိတ် တစ်ခုသာ ဖြစ်ပြီး တကယ့် အင်ပါယာတစ်ခုလုံး မဟုတ်ပေ။ အရိပ်နက် အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာ တို့က သူတို့ရဲ့ ချစ်သူ ‘အက်ဂ်ယော’ ကြောင့် ပို၍ နီးစပ်လာခဲ့ကြသည်။ အဓိက ဇာတ်ကောင်ဖြစ်သူ အက်ဂ်ယောက အတော်လေး အရေးကြီးပေသည်။ ကိုယ်ပိုင် စွမ်းအားကို ထည့်မတွက် လျှင်ပင် သူ့၏ ခန့်မှန်း၍ မရသော အရည်အချင်း တစ်ခုတည်းနှင့်ပင် အစည်းအရုံးတစ်ခုလုံးသို့ ယှဉ်ပြိုင် မရသော ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှု ရှိနေသည်။ နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော စီးပွားမုန်တိုင်းက အကောင်းဆုံး ဥပမာပင်။ ထိုအချိန် အရိပ်နက်အင်ပါယာနှင့် သွေးရောင် အင်ပါယာတို့က ၎င်းကြောင့် ပျက်စီး လုနီးပါး ဖြစ်ခဲ့ရသည်။
အစည်းအရုံးတွင် အပြောင်းအလဲ တစ်ခုခု ရှိခဲ့ရင် ကြောက်စရာ ကောင်းသော အခြေအနေ သို့မဟုတ် ပိုပြီး ခန့်မှန်းရ ခက်ခဲနိုင်သော အခြေအနေများ ထပ်မဖြစ်နိုင်ဟူ၍ အာမခံနိုင်မည် မဟုတ်။ ပထမဆုံး နစ်နာသူက သွေးရောင်အင်ပါယာ ဖြစ်လာမည်မှာ အသေအချာပင်။
ယခု ရိုင်ဇန်က မင်းသမီး တစ်ဖနီကို ထီးနန်း လွှဲပေးလိုက်ပြီး ဧကရီ တစ်ဖနီက ‘အက်ဂ်ယော’ကို လက်ထပ်လိမ့်မည်။ တနည်းအားဖြင့် ဧကရာဇ် ၃ပါးစလုံးက စမှတ်ကို အတူတူ ပြန်ရောက်သွားပြီ ဖြစ်သည်။ ထိုအရာက သွေးရောင်အင်ပါယာမှ လူများအတွက် စိတ်သက်သာရာ ရစေသော အရာတစ်ခုလည်း ဖြစ်၏။
လူထု၏ ထောက်ခံမှုနှင့် ရိုင်ဇန်၏ ခိုင်မာသော နှိမ်နင်းမှု ရှိနေသည် ဖြစ်ရာ တစ်ဖနီ ထီးနန်းတက်ခြင်းက ပြဿနာ မရှိလောက်ပေ။ သို့သော် နောက်ပိုင်း တစ်ဖနီ ရင်ဆိုင်ရမည့် စမ်းသပ်ချက်များက ပိုမို၍ ခက်ခဲ လာပေလိမ့်မည်။ တစ်ယောက်တည်း ရင်ဆိုင်ရမည် ဖြစ်သည်။
ချန်လွေ့ကို အမှတ်ရစေသည်မှာ နန်းတော်ထဲ ရိုင်ဇန်နှင့် တစ်ဖနီတို့၏ ပထမဆုံး စကားပြောဆိုမှုပင် ဖြစ်ပြီး စုစုပေါင်း စကား လေးခွန်းသော ရှိခဲ့လေသည်။
“မင်း အဆင်သင့် ဖြစ်ပြီဆိုတာ သေချာလား။”
“ကျွန်မ အသက်ရှင်နေသေးတယ်။”
“ဘာ အဓိပ္ပာယ်လဲ...”
“ကျွန်မကို မသတ်နိုင်တဲ့ အရာ မှန်သမျှ ကျွန်မကို ပိုပြီးတော့ အားကောင်းစေလိမ့်မယ်၊ အခု ကျွန်မ ခံစားနေရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှု မှန်သမျှက အနာဂတ်မှာ ကျွန်မကို အကြီးမားဆုံး ခွန်အား ပေးလိမ့်မယ်။”
တစ်ဖနီက နောက်ဆုံး စကားကို ဖြေဆိုသောအခါတွင် ရိုင်ဇန်ကိုသာ တိုက်ရိုက် ကြည့်နေခဲ့ပြီး ချန်လွေ့ကို မကြည့်ခဲ့ပေ။ သို့သော် သူက မိမိကို ကြည့်နေကြောင်း ချန်လွေ့ သိသည်။
တစ်ဖနီက သွေးရောင်အင်ပါယာမှ ချန်လွေ့ ထွက်သွားသော အခါတွင် အေးစက်စက် ခေါင်းညိတ်ခဲ့သလို မျိုးပင် ဖြစ်သည်။ သို့သော်လည်း တကယ်တော့ သူ၏ စိတ်က သူ့ကို အဝေးသို့ လှမ်းပို့ပေးနေခဲ့လေသည်။
တစ်ဖနီက သူ့အတွက် အထူး သီးသန့် ချစ်မြတ်နိုးမှု မရှိခဲ့ပေ။ ယုံကြည်မှုနှင့် ကျေးဇူးတင်မှုတို့ ပိုပြီး ရှိနေခဲ့သည်။ အနည်းဆုံးတော့ သူက သူငယ်ချင်း ဖြစ်နေလေပြီ။ ‘သူစိမ်း သူငယ်ချင်း’သီဝရီအရ စက်ဆုပ်ဖွယ် ယောက်ျားဇာတ်ဆောင်က အောင်မြင်သွားလေပြီ။
တစ်ဖနီရေ၊ ဘယ်လိုပဲ ဖြစ်ဖြစ် မင်း ထရပ်ပြီး ရှေ့ဆက်သွားရမယ်။
ကတ်သရင်းက အဝတ်အစား လဲပြီးသွားသည့် အတွက် အမှတ်တရ အတွေးများကို အလျင်အမြန်ပင် နှောင့်ယှက်လိုက်သည်။ ပုံမှန် လှပပြီး ခန့်ညားသော အနက်ရောင် ဝတ်စုံနှင့် မတူဘဲ ၎င်းက အပြာဖျော့ ကိုယ်ကျပ် ဂါဝန် ဖြစ်ပြီး ပြီးပြည့်စုံနေသော ကိုယ်ခန္ဓာကို ပေါ်လွင်စေ၏။ သူက ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် မျက်စိ ပသာဒ ရှိနေလေသည်။
ချန်လွေ့၏ မျက်လုံးများ တောက်ပ သွားသော်လည်း သူ၏ မျက်ခုံးများက တွန့်သွားခဲ့သည်။ “ဒါက အရမ်း… အဲ.. နည်းနည်း မပေါ်လွန်းဘူးလား...”
“ဟုတ်လား။ အနေတော်ပါပဲ...”
“တကယ်တော့… ဒီဝတ်စုံက နှစ်ယောက်တည်း ပျော်မွေ့ဖို့ ပို၍ သင့်တော်တယ်လို့ ထင်တယ်…”
“ယောက်ျားတွေ အားလုံးက ဒီလိုပဲ သေးသိမ်တာလား။” ကတ်သရင်းက ချိုမြိန်စွာ ပြုံးလိုက်ပြီးနောက် သူ၏ လက်ထဲတွင် အင်္ကျီ လက်ရှည် ရှိနှင့်နေပြီးသား ဖြစ်သည်။ သူက ၎င်းကို ဆွဲဆောင်မှု ရှိသော ခန္ဓာပေါ် ဝတ်လိုက်ပြီး သူ၏ မျက်နှာကိုလည်း ပါးလွှာတဲ့ မျက်နှာလွှား တစ်ခုဖြင့် ဖုံးအုပ်လိုက်လေသည်။ ဆွဲဆောင်မှု ရှိသော သူ၏ စိတ်နေစိတ်ထားက လျှို့ဝှက်ဆန်းကြယ်ပြီး ကျက်သရေ ရှိလာသည်။ “ဒါဆို အဆင်ပြေပြီလား ယောက်ျား။ အဲဒါက ရှင် အရင် တစ်ခါ ပြောပြခဲ့တဲ့ ဇာတ်လမ်းထဲက အခေါ် အဝေါ် ဟုတ်တယ်ဟုတ်...”
“ဒါပေါ့။ မိန်းမရဲ့..” ချန်လွေ့က လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ကတ်သရင်းက ညင်သာစွာ ဆုပ်ကိုင် ထားလိုက်သည်။ သူတို့ နှစ်ယောက် ပြုံးလိုက်ပြီး ချက်ချင်း ပျောက်ကွယ် သွားခဲ့ကြ၏။
မိုး စတင် ရွာလာတော့သည်။