← Chapters

ကြောက်မက်ဖွယ်မိုးပျံနယ်မြေ

Vol. 65 Ch. 1055

ကြောက်မက်ဖွယ်မိုးပျံနယ်မြေ

Vol. 65 Ch. 1055

“ဘုန်း!”

မြစိမ်းရောင် အလင်းတစ်ခု ပေါက်ကွဲသွားပြီး ခရိုဘဲလက်စ်၏ ညုတုတု အော်သံ ထွက်လာခဲ့သည်။

သူ၏ ပတ်ပတ်လည်တွင် ရှိသော မရေတွက်နိုင်သည့် ‘မြူခိုးဖြူ’ များက တုန်နေသော ပေါက်ကွဲအားကြောင့် ပျံ့လွင့်သွားခဲ့သည်။ အများစုက ပျံ့လွင့်သွားပြီးနောက် ရေခဲ အဖြစ် ခဲသွားခဲ့ကြသည်။

ထို‘မြူခိုးဖြူ’များက တကယ်တမ်း ပုံပန်းသွင်ပြင်မရှိသော တစ္ဆေကဲ့သို့ အရာများ ဖြစ်သည်။ မျက်လုံးကဲ့သို့ အစိမ်းရောင် အလင်း နှစ်ခု ရှိသည်။ သူတို့၏ လက်များက လက်သည်းပုံစံ ဖြစ်နေပြီး ကြောက်စရာကောင်းသော အသံကိုလည်း ခဏခဏ အော်ဟစ် နေကြလေသည်။

ခြေသလုံးအိမ်တိုင် ဝိညာဉ်များပင်!

ခရိုဘဲလက်စ် တိုက်ခိုက်ပြီးနောက် သိမ့်သိမ့်တုန် သွားခဲ့သည်။ ခုနက တိုက်ခိုက်မှုထဲမှ အေးစိမ့်မှုကြောင့် မဟုတ်ပေ။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ ‘စိတ်ဝိညာဉ်တိုက်စားမှု’ ပါရမီကြောင့်ပင်။

ခြေသလုံးအိမ်တိုင်ဝိညာဉ်များ၌ အဆင့်တူ ရန်သူများထက် စွမ်းအား ကြီးမားသော တိုက်ခိုက်ရေး အစွမ်း ရှိကြသည်။ သူတို့တွင် အထူးသီးသန့် အရည်အချင်း သုံးခု ရှိလေသည်။ မသေမျိုးခန္ဓာ၊ စိတ်ဝိညာဉ်တိုက်စားမှု နှင့် အသက်ဝါးမျိုခြင်း တို့ပင်။

မသေမျိုးခန္ဓာက သာမန် မသေမျိုး ကဲ့သို့ ဝိညာဉ်မှော်ကို မကြောက်သော ဝိသေသ မဟုတ်ဘဲ ‘မသေနိုင်ခြင်း’ နှင့် နီးစပ်သော အထူး သီးသန့် အရည်အချင်း တစ်ခု ဖြစ်လေသည်။ ထိုစွမ်းအင်ကို လုံးဝ ဖျက်ဆီးနိုင်သော အထူး ပစ်မှတ်ထားသည့် နည်းလမ်း တစ်ခုခု မရှိသရွေ့ သူက ဆက်လက် မွေးဖွားလာနိုင်ပေမည်။

အသက်ဝါးမျိုခြင်းက ခြေသလုံး အိမ်တိုင် ဝိညာဉ်များသည် မျိုးတူ မဟုတ်သော သတ္တဝါများကို ဝါးမျိုပြီး သူတို့ကိုယ်တိုင် ကြီးထွားလာ နိုင်သည့်အပြင် ခြေသလုံးအိမ်တိုင် ဝိညာဉ်အသစ် ထုတ်လုပ်နိုင်သော စွမ်းရည်ကို ရည်ညွှန်းပေသည်။ ထိုသို့ ဝါးမျိုခြင်းက ခြေသလုံး အိမ်တိုင် ဝိညာဉ် မဟုတ်သော သတ္တဝါတိုင်းကို အလိုလို တိုက်ခိုက်မည့် အစွမ်းထက် ဗီဇတစ်ခုလိုမျိုးပင်။

စိတ်ဝိညာဉ် တိုက်စားမှုကတော့ အဆိုးဆုံးပင်။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ရန်သူ၏ စိတ်ဝိညာဉ် နှင့် ဝိညာဉ်ကို တိုက်စားရန် အထူး စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ် နိုင်ပါတယ်။ ထိုကဲ့သို့ တိုက်စားမှုက ရန်သူ၏ တိုက်ခိုက်မှု ခံရသောအခါ ရန်သူက နောက်ထပ် တိုက်စားမှု အာနိသင်ကို ခံရခြင်း အဖြစ်တွင် ပို၍ ပေါ်လွင်၏။ ၎င်းက ‘တန်ပြန်ခြင်း’ ဟူသော ဂုဏ်သတ္တိနှင့် အတူတူပင်။

ချန်လွေ့က ဝိညာဉ်တိုက်စားမှုကို လျှော့ချပေးမည့် အထူးပစ္စည်းများနှင့် မသေမျိုးကို ပစ်မှတ်ထားသော အဆောင်ပစ္စည်း-ယောင် ဖြစ်သည့် ‘တုန်လှုပ်မိုးကြိုး’ အပါအဝင် ပစ္စည်းများကို လေ့ကျင့်ရန် မလာခင် လူတိုင်းအတွက် ပြင်ဆင်ပေးခဲ့ သော်လည်း ခြေသလုံးအိမ်တိုင် ဝိညာဉ်များက သာမန် မသေမျိုးများ မဟုတ်ကြပေ။ တုန်လှုပ်မိုးကြိုး၏ သက်ရောက်မှုက မျှော်လင့်ထားသလို မကောင်းလှပေ။ ထို့ပြင် ဝိညာဉ် တိုက်စားမှုတွင် ‘လျှော့ချခြင်း’ က ‘လုံးဝပြီးခြင်း’ကို ဆိုလိုခြင်း မဟုတ်သည့် အတွက် ထိုကဲ့သို့ တန်ပြန်မှုဖြင့် တိုက်စားခံရသည်ကို ရှောင်လွှဲလို့ မရနိုင်ပေ။ အကြောင်းမှာ လူတိုင်းတွင် အမျက်ဘုရင်ချပ်ကာလို ရတနာ ပစ္စည်း မရှိကြ၍ပင်။

ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ခရိုဘဲလက်စ်ကြောင့် ပျံ့လွင့်သွားပြီး ရေခဲအဖြစ် ခဲသွားကြသော်လည်း မပျက်စီး သွားကြပေ။ သူတို့က ပြန်လည် စုစည်းပြီး ရေခဲမှ ထွက်လာပြီးနောက် မြနဂါးဆီကို ဆက်လက်၍ အရှိန်အဟုန်ဖြင့် ပြေးသွားကြသည်။ ထိုအချိန်တွင် ခရိုဘဲလက်စ်ဘေးနား၌ အနက်ရောင် အလင်းစက်ဝိုင်းများ ပွင့်ထွက်လာ ခဲ့လေသည်။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ နီးကပ်လာသောအခါ၌ ကြီးမားသော တုန်ခါမှုအားကြောင့် လွင့်ပျံကုန်ကြသည်။

ထိုကဲ့သို့ လှုပ်ခါမှုက အဆုံးမဲ့ စွမ်းအားနှင့် ဝိညာဉ်ကို ထိုးဖောက် နိုင်သည့် အဆိပ်မျိုး ရှိနေ၏။ အနည်းငယ် အားနည်းလှသော ခြေသလုံးအိမ်တိုင်ဝိညာဉ်များက အမှုန့်အဖြစ် ပြောင်းသွားပြီး သူတို့၏ စွမ်းအားတွေ တဖြည်းဖြည်း ကုန်ဆုံး သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့ ပြန်မမွေးဖွားနိုင်တော့ဘဲ လုံးဝ ပျက်စီးသွားခဲ့ကြလေသည်။

အလင်းမျဉ်းကွေး ပျောက်ကွယ်ပြီး ပါ့ဂ်လီအို၏ ပုံရိပ် ပေါ်လာခဲ့သည်။ အဆိပ်နဂါးက မောဟိုက်နေခဲ့၏။ လက်ထဲမှ ‘မိုးကြိုးကောက်ရိုက်တုတ်’ ဟု ခေါ်သော အနက်ရောင် လက်နက် တစ်ခု ရှိနေသည်။ သူ၏ လက်ဖမိုးက အစိမ်းရောင်သွေးများ ပြည့်နေ၏။

အဆိပ်နဂါးက သွေးထွက်ခြင်းက ခြေသလုံးအိမ်တိုင်ဝိညာဉ်များကို တိုက်ခိုက်ခြင်းကြောင့် မဟုတ်ဘဲ ‘မိုးကြိုးကောက်ရိုက်တုတ်’ကို အသုံးပြု၍ပင်။ ထိုသို့ အစွမ်းထက် အဆောင်ပစ္စည်းကို ပါ့ဂ်လီအို၏ ဖခင်ဆီကနေ ရခဲ့သော်လည်း နတ်ဘုရား တစ်ပိုင်း အဆင့်သို့ မရောက်ခင် ပါ့ဂ်လီအိုက သွေးမျိုးဆက် လောင်ကျွမ်းစေသော ထိုနည်းလမ်းကိုသာ သုံးနိုင်သည်။ ရန်သူများကို သတ်ပစ်နေစဉ်တွင် သူ ကိုယ်တိုင်ကလည်း ဒဏ်ရာ အချို့ ခံစားနေရလေသည်။

“ပါ့ဂ်လီအို!” မြနဂါးက အော်ပြော လိုက်သည်။ သူက ထိုနည်းလမ်းမှာ အဆိပ်နဂါးကို အကြီးအကျယ် ထိခိုက်စေကြောင်း သိသည်။

“ဘက်တီလေး။ ပြေးတော့။ ငါ မင်းကို ကာထားပေးမယ်။” ပါ့ဂ်လီအို အော်လိုက်ပြီး ကောက်ရိုက်တုတ်ကို ထပ်မံ ဝှေ့ယမ်းကာ ဝိုင်းရံထားသော နေရာတွင် လမ်းကြောင်းတစ်ခုကို ရှင်းလိုက်သည်။

နတ်ဘုရား တစ်ပိုင်း အဆင့် ခေါင်းဆောင်များ မရှိကြသော်လည်း အရေအတွက် အလွန်ပင် များပြား နေလေပြီ။ သူတို့ထဲမှ ၃၀ကျော်က တိုင်းပြည် အဆင့်တွင် ရှိနေပြီး အချို့က တိုင်းပြည်အဆင့် အထွတ် အထိကို ရောက်ရှိနေသည်။ ထို့ပြင် မသေနိုင်သော အထူး အရည်အချင်းလည်း ရှိနေသည့် အတွက် ပါ့ဂ်လီအိုက တိုင်းပြည် အဆင့် အထွတ်အထိပ်ကို ရောက်ရှိ ထားလျှင်ပင် ကြာကြာ ထိန်းနိုင်မည် မဟုတ်ပေ။

“မသွားဘူး!” မြနဂါး၏ အသံက အလွန် ခိုင်မာနေသည်။ ထိုအချိန်တွင် လမ်းက ပြန်ပိတ်သွားခဲ့သည်။

ခရိုဘဲလက်စ်က လက်ရှိအခြေအနေ အလွန်ပင် ဆိုးရွားနေကြောင်းကို သိသည်။ ပါ့ဂ်လီအိုက လမ်းဖွင့်ပေးရန် သူ၏ အသက်ကို လောင်ကျွမ်းစေ၍ ရနိုင်သော်လည်း မောပန်းနွမ်းနယ်ပြီး ထွက်ပြေးနိုင်မည် မဟုတ်ပေ။ ဒီလိုဆိုလျှင် သူနှင့်အတူ သေသည်က ပိုကောင်းပေလိမ့်မည်။

အဆိပ်နဂါးက စိတ်ထဲ၌ မကြုံစဖူး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကို ခံစားလိုက်ရသည်။ ယခုတစ်ခေါက် ဝိုင်းရံခံခြင်းက သူ့၏ ယုံကြည်မှု လွန်ကဲခြင်းကြောင့်ပင်။ တိုင်းပြည် အဆင့် ထိပ်သီးကို ရောက်ပြီးနောက် နတ်ဘုရားတစ်ပိုင်း အဆင့်အောက် ပြိုင်ဘက်အားလုံးကို မထီမဲ့မြင် လုပ်နိုင်ပြီလို့ သူက ထင်ခဲ့သည်။ သူက ရိုမန်ရှေ့တွင် ကြွားလုံးထုတ်ရန် ဥပဒေသ အပိုင်းအစကို ရချင်ခဲ့သည့် အတွက် သူက မြနဂါးနှင့် အတူ အဖွဲ့ထဲမှ ခွဲထွက်ပြီး တစ်ကိုယ်တည်း လှုပ်ရှားခဲ့လေသည်။ ရလဒ်အနေဖြင့် ခြေသလုံးအိမ်တိုင် ဝိညာဉ် အဖွဲ့ငယ် တစ်ခုကို ဖယ်ရှားပြီးနောက်တွင် ခြေသလုံးအိမ်တိုင်ဝိညာဉ် အဖွဲ့ကြီး တစ်ခုက သတိထား မိသွားခဲ့သည်။။ နောက်ဆုံးမှာ သူတို့ ပိတ်မိသွားပြီး ထွက်ပြေး၍ မရနိုင်တော့ပေ။

ထိုအချိန်တွင် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ နောက်ကွယ်မှနေ၍ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ ခြေသလုံး အိမ်တိုင် ဝိညာဉ်အဖွဲ့ မြူခိုးဖြူ အနောက်တွင် ထူးခြားသော အနက်ရောင် တစ်ခု ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အနက်ရောင်မီးတောက်...

ထိုအနက်ရောင် မီးတောက်က မိုးကြိုး ကောက်ရိုက်တုတ်၏ ဖျက်ဆီး စွမ်းအားနှင့် ကွဲပြားသည်။ ၎င်းက အသက်ဓာတ်များ ပြည့်နေ၏။ အနက်ရောင် မီးတောက်က ချက်ချင်း ပျံ့နှံ့သွားခဲ့လေသည်။ ရေနှင့် မီးနှင့် မပျက်စီးနိုင်သော ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ထိုမီးတောက်နှင့် ထိမိသောအခါတွင် အမှန်တကယ် လောင်ကျွမ်း သွားခဲ့ကြတော့သည်။ နောက်ဆုံး သူတို့ ဘာမှ မကျန်အောင် ပျက်စီးသွားခဲ့ကြလေသည်။

ထိုမီး‌တောက်က ခြေသလုံး အိမ်တိုင် ဝိညာဉ်များ၏ ဝိပါက်ပင်။

၎င်းက အက်စ်မိုဒက်စ် တော်ဝင် မိသားစု၏ အစွမ်းအထက်ဆုံး ပါရမီ၊ နိဗ္ဗာန်စွမ်းအား ပေါင်းစပ်ထားသော မီးတောက်ပင်။

ပါ့ဂ်လီအို နှင့် ခရိုဘဲလက်စ်တို့ စိတ်အားတက်ကြွ သွားကြလေသည်။ မြနဂါးက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်၏။ “ကတ်သရင်း!”

ပျံ့နှံ့နေသော မီးတောက်များက လေထဲတွင် ပေါင်းစည်းသွားခဲ့ပြီး လူပုံရိပ်တစ်ခု ဖြစ်လာသည်။ ၎င်းက ခရိုဘဲလက်စ်၏ အသံလာရာဆီကို ပျံသန်းသွားခဲ့၏။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များက လမ်းတလျှောက်တွင် လောင်ကျွမ်းခဲ့ပြီး သလင်းကျောက် အလင်းအချို့ ကျန်ရစ်ခဲ့သည်။

“ဥပဒသေအပိုင်းအစတွေ!” ဇာမဏီ ဘက်ကို ကြည့်လိုက်သော အဆိပ်နဂါးက အလွန် လျင်မြန်စွာ တုံ့ပြန်ခဲ့၏။ သူက လက်ဝှေ့ယမ်းပြီး ထိုသလင်းကျောက်များကို စုပ်ယူ လိုက်လေသည်။

“သွားမယ်!” ကတ်သရင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။

“မင်း ရောက်လာတာ အတော်ပဲ။ ခြေသလုံးအိမ်တိုင်ဝိညာဉ်တွေ အကုန်လုံးကို ဖယ်ရှားပစ်ရအောင်။ ငါတို့ ဥပဒေသ အပိုင်းအစတွေ ပိုပြီး စုဆောင်းလို့ ရနိုင်မယ်။” ပါ့ဂ်လီအို၌ ဘဲခေါင်းနဂါး အထူးအရည်အချင်း ရှိနေဆဲပင်။ သူက မြနဂါးနှင့်အတူ စွန့်စားခန်းအတွက် သူ၏ အမှားကို မပြောခဲ့ပေ။

ကတ်သရင်း ခေါင်းခါလိုက်၏။ “[နိဗ္ဗာန်မီးတောက်] အပြောင်းအလဲ ကနေ အဝေးမှာ ဖိနှိပ်မှု စွမ်းအား တစ်ခု ခံစားရတယ်။ ဒီနေရာဆီကို နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်တွေ ရောက်လာတာ ဖြစ်လောက်တယ်။ ဒီမှာ အကြာကြီး နေလို့ မသင့်တော်ဘူး။”

အဆိပ်နဂါးက ခုနက စွန့်စားခန်း၌ ခံစားခဲ့ရပြီး သွေးမျိုးဆက် လောင်ကျွမ်းခဲ့ရတာ စွမ်းအားလည်း ထိခိုက်သွဦးခဲ့သည်။ သူက ထပ်ပြီး မတိုက်ခိုက်ရဲပေ။ ကတ်သရင်း၏ အကာအကွယ် အောက်တွင် သူက ခရိုဘဲလက်စ်နှင့်အတူ အန္တရာယ် နေရာမှ တိုက်ခိုက်ရင်း ထွက်ပြေး ခဲ့လေသည်။

ချန်လွေ့က အဖွဲ့ကို ကြောက်မက်ဖွယ်ရာမိုးပျံနယ်မြေသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် နှစ်ရက် အကြာတွင် သူတို့က နှစ်ဖွဲ့ ခွဲလိုက်လေသည်။

ပထမ တစ်ဖွဲ့ကို ဇိုလာ ဦးဆောင်သည်။ အဖွဲ့ဝင်များတွင် ကတ်သရင်း၊ ပါ့ဂ်လီအို၊ ခရိုဘဲလက်စ် နှင့် ဒိုဒိုတို့ ပါဝင်ကြသည်။

အခြားအဖွဲ့ ခေါင်းဆောင်မှာ ချန်လွေ့ ဖြစ်သည်။ အဖွဲ့ဝင်များမှာ ဂူရာဒန်၊ အစ်ဇဘယ်လာ၊ ရိုမန်၊ ဒေလီယာ၊ မယ်ဒီလူနှင့် ဆမ်မြူရယ် ဖြစ်ကြသည်။

နတ်မိမယ်နဂါး အဖွဲ့ အင်အားက အတော်လေး အားကောင်းလှသည်။ အားလုံးက အထူးအဆင့်များ ဖြစ်ပြီး ဇိုလာကိုယ်တိုင် နတ်ဘုရားတစ်ပိုင်း အဆင့် ဖြစ်သည်။ သူတို့ အသေအချာ ပူးပေါင်းကြလျှင် ကောင်းမွန်သော ရလာဒ်များ ရနိုင်ပေသည်။

ချန်လွေ့တို့ အဖွဲ့အင်အားက ပို၍ ဆိုးရွားသည်။ ချန်လွေ့ကိုယ်တိုင်မှ လွဲ၍ အထူးအဆင့် သုံးယောက်သာ ရှိသည်။ အစ်ဇဘယ်လာနှင့် ရိုမန်က တိုင်းပြည်အဆင့်သို့ ရောက်ခါစသာ ဖြစ်ပြီး အလောင်း အောက်လမ်း ပညာရှင် ဂူရာဒန်က နတ်ဆိုး အရှင်သခင် အဆင့်ထပ် နိမ့်ကျသော စွမ်းအားနှင့်အတူ ကြယ်တစ်ပွင့် တိုးမြှင့်မှု လက်ခံထားဆဲ ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်အဆင့် နှစ်ယောက်သာ ရှိလေသည်။ ဒေလီယာနှင့် ဆမ်မြူရယ်တို့က နတ်ဆိုး အရှင်သခင်အဆင့်များ ဖြစ်ကြပြီး မယ်ဒီလူက နတ်ဆိုး ဧကရာဇ်အဆင့် အထွတ်အထိပ်သာ ရှိနေသေးသည်။ ထို့ကြောင့် သူက အားလုံးကို ဂရုစိုက်ရပေမည်။ သို့သော် ချန်လွေ့၏ စွမ်းအားက [ဓူဝံကြယ်အသွင်ပြောင်းခြင်း] ကို အသက်မသွင်းထားလျှင်ပင် နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေနှင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်းများအား ရင်းနှီးနေခြင်းကိုပါ ထပ်ပေါင်းလိုက်လျှင် သူက အဖွဲ့သားများကို အတိုင်းအတာ တစ်ခုအထိ ဦးဆောင်ပေးနိုင်မည် ဖြစ်လေသည်။

ထိုနှစ်ဖွဲ့က လမ်းခွဲသွားခဲ့ကြသည်။ ၇ရက်ကြာလျှင် အတွေ့အကြုံများကို ဖလှယ်ရန်အတွက် ကြယ်အမှတ်၌ ပြန်ဆုံကြပေမည်။

ယခုတွင် အဆိပ်နဂါးကို ရှာရန် ဇိုလာနှင့် ကတ်သရင်းတို့က လူခွဲ ခဲ့ကြသည်။ ကြောက်တတ်သော ဆရာသခင် တကယ်ခန့်ညားက ကိုယ့်ကိုယ့်ကိုယ် လက်ထောက်ဟု ခေါ်ပြီး အစွမ်း အထက်ဆုံးသော သခင်မ နတ်မိမယ်နဂါး နောက်ကို လိုက်သွားခဲ့လေသည်။

“ကတ်သရင်း။ ရောက်လာပေးလို့ ကျေးဇူးပါပဲ။” ခရိုဘဲလက်စ်က ကတ်သရင်းကို ခံစားချက်များဖြင့် ပြောလိုက်သည်။ နိဗ္ဗာန်စွမ်းအားက အထူး ကုသမှု ရှိလေသည်။ အဆိပ် နဂါးနှင့် မြနဂါးတို့က ကတ်သရင်း၏ အကူအညီကြောင့် အတော်လေးကို ပြန်သက်သာလာခဲ့သည်။

ကတ်သရင်းက သူ့ကို ခေါင်းညိတ် ပြလိုက်သည်။ “ဒီမှာရှိတဲ့ စွမ်းအားက အာရုံခံကို ပြင်းပြင်း ထန်ထန် နှောင့်ယှက်နေတယ်။ ချန်လွေ့ရဲ့ ပစ္စည်းရှိရင်တောင် အတိုင်းအတာ တစ်ခုထက် ကျော်သွားရင် ရှာဖွေဖို့ ခက်တယ်။ ဒီတစ်ခေါက် ကျွန်မတို့ ကံကောင်းသွားတယ်။”

မြနဂါးက ထစ်အနေသော အဆိပ် နဂါးကို ကြည့်ပြီး ပြင်းပြင်းထန်ထန် ညှစ်လိုက်သည်။ “တစ်ခုခု ပြောလေ!”

“အင်း၊ ကျေးဇူးပါပဲ။” ပါ့ဂ်လီအိုက နောက်ဆုံးတွင် ရှက်ကိုးရှက်ကမ်းနှင့် ပြောလိုက်သည်။ အမှန်တကယ်၌ သူက အနည်းငယ် သေးသိမ်သည်။ သူက ကတ်သရင်းနှင့် အမြဲပင် ပြဿနာ ရှိခဲ့သည်။ သွေးရောင် အင်ပါယာ သိုင်းပြိုင်ပွဲ၏ အကြို ဗိုလ်လုပွဲ မတိုင်ခင် အဆင့်တွင် အဆိပ်နဂါးတွေ့ရသော ပြိုင်ဘက်က ကတ်သရင်းပင်။ ကောက်ကျစ်သော အဆိပ်နဂါးက အရိပ်နက်အင်ပါယာ ဧကရီအရှင်မနှင့် တမင်သက်သက် ပရောပရီ လုပ်ခဲ့သော်လည်း သူ့ကို တိတ်တဆိတ် အဆိပ်ခတ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူက ကတ်သရင်းကို လုံးဝ ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံးတွင် အတော် သေးသိမ်သူ တစ်ယောက်က ဘက်တီလေး အရှေ့တွင် ‘စော်ကားသော စကား’ ဖြင့် ထပ်ပြီး ထိခိုက်စေခဲ့လေသည်။ ထိုအရာက နဂါးလေး မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှုကိုလည်း ဖြစ်စေခဲ့သည်။

ကတ်သရင်းနှင့် ချန်လွေ့ကြားက ဆက်ဆံရေးကို သိထားခဲ့သော်လည်း အဆိပ်နဂါးက ယခု ကတ်သရင်းနှင့် တစ်ဖွဲ့တည်း ဖြစ်နေရာ အနည်းငယ် စိတ်မသက်သာ ဖြစ်နေခဲ့သည်။

ကတ်သရင်းက ပြုံးလိုက်သည်။ “မလိုပါဘူး။ ကျွန်မတို့ အားလုံးက ဘေးချင်းယှဉ်ပြီး တိုက်ခိုက်နေတဲ့ အဖော်တွေပါပဲ။ ပြီးတော့လည်း သော်သော်က အမှောင်လမှာ ရှင်တို့ရဲ့ ဂရုစိုက်မှုအောက် ရှိနေခဲ့တယ်။ သူ အချစ်ဆုံး သူတွေထဲမှာ ရှင်တို့ နှစ်ယောက်လည်း ပါတယ်။”

မစ်-သော်သော် အကြောင်းကို ပြောလိုက်သည်နှင့် ပါ့ဂ်လီအိုက ချက်ချင်း အားအင်များ ပြည့်လာပြီး သူ၏ ပုံစံကလည်း ပို၍ သဘာဝ ကျလာခဲ့သည်။ “အားလုံးက အဲဒီ ကလေးမလေးကို သဘောကျတယ်။ သူက ကောက်ကျစ်တဲ့ သူ့အဖေထက် အများကြီး ပိုချစ်စရာကောင်းတယ်!”

“ဘာလို့ ဒီလိုပြောလိုက်တာလဲ။” မစ်-မြနဂါးက ဆွံ့အသွားခဲ့သည်။

“ဟီးဟီး အမှန်တရား ပြောတာပါ။” ပါ့ဂ်လီအို၏ အသံက အနည်းငယ် ပိုတိုးလာသော်လည်း အတင်းအကြပ် ပြောနေဆဲပဲ။ “ငါ မသုံးရသေးတဲ့ ဂုဏ်ပုဒ်တွေ အများကြီး ရှိသေးတယ်။”

ကတ်သရင်းက ရယ်လိုက်သည်။ “တကယ်တော့ ကျွန်မ ခန့်မှန်း နိုင်ပါတယ်။ ဥပမာ- လောဘကြီးတာ၊ ကာမဂုဏ် လိုက်စားတာ။ အမျိုးသမီး တစ်ယောက်အတွက် အသက်တောင် စတေးတာမျိုးပေါ့...”

ပါ့ဂ်လီအို ပြုံးလိုက်ပြီး မြနဂါးကို ပြောလိုက်သည်။ “ဘက်တီလေး။ တွေ့လား။ ကတ်သရင်း ကိုယ်တိုင် ဒီလို ပြောတာ။ သူနဲ့ နှိုင်းယှဉ်ရင် ဆရာသခင်အဆိပ်နဂါးက ဘယ်လောက်တောင် ယုံကြည်ရပြီး လေးစားစရာ ကောင်းလိုက်လဲ...”

ခရိုဘဲလက်စ်က တွေးတောသော အမူအရာ ပြသလိုက်လေသည်။ “ကျွန်မ မှတ်မိတာတာတော့ အဲဒီ လေးစားရပြီးတော့ ယုံကြည်ရတဲ့ အဆိပ်နဂါး တစ်ယောက် ရှိတယ်။ သူက ကောက်ကျစ်၊ လောဘကြီးပြီး ကာမဂုဏ် လိုက်စားတဲ့ လူရဲ့ အိမ်ပေါ်ကို နဂါးမ အုပ်လိုက်နဲ့ ပျံဝဲဖို့ ဆုံးဖြတ်ထားတယ်တဲ့...”

“…”

ထိုစကားဝိုင်းက သူတို့ သုံးဦး အကြားမှ အကွာအဝေးကို ပိုမို၍ နီးစေခဲ့သည်။ သူတို့ ပြန်လာနေစဉ် ကတ်သရင်း၏ ပုံရိပ်က ရုတ်တရက် ရပ်တန့် သွားခဲ့ပြီး တစ်စုံတစ်ရာ ထူးထူးခြားခြား ပြောင်းလဲသွား သလိုမျိုး ဖြစ်နေခဲ့သည်။

“ကတ်သရင်း...” ခရိုဘဲလက်စ်က ဂရုတစိုက် မေးလိုက်သည်။

“ကျွန်မကို ကာကွယ်ပေးပါ။” ကတ်သရင်း မျက်မှောင်ကြုတ်ပြီး သူ၏ ခေါင်းကို အုပ်လိုက်သည်။ “ကျွန်မ ခုနက [နိဗ္ဗာန်မီးတောက်] ကို အသက်သွင်းတုန်းက သက်ရောက်မှု တစ်ခုကို ဖြစ်စေခဲ့သလိုပဲ။ ကျွန်မရဲ့ ဝိညာဉ်က အထူး နေရာတစ်ခုဆီကို ဆွဲဆောင် ခံနေရသလိုပဲ။ အဲဒါက ချန်လွေ့ ပြောခဲ့တဲ့ ယုံကြည်မှု တိုးမြှင့်ခြင်းကြောင့် ဖြစ်နိုင်တယ်။”

“ကောင်းပြီ!” ပါ့ဂ်လီအို ချက်ချင်း တုံ့ပြန်လိုက်သည်။ အဆိပ်နဂါးက ကလဲ့စားနှင့် ကျေးဇူး တရားကို ကောင်းကောင်းသိသူ တစ်ယောက် ဖြစ်သည်။ ကတ်သရင်းသည် ခုနက သူနှင့် ခရိုဘဲလက်စ်ကို ကယ်တင် ခဲ့သည့်အတွက် သူ အခု ကူညီရန် မတွန့်ဆုတ်နေပေ။

သူတို့ သုံးလောက်လုံးက လေထဲ လွင့်ပျံနေသော ကျွန်းတစ်ကျွန်းပေါ် ချက်ချင်း ဆင်းသက်လိုက်ပြီး ပိုပြီး တိတ်ဆိတ်သော နေရာ တစ်ခုကို ရှာလိုက်ကြသည်။ ကတ်သရင်းက ထိုင်ချပြီး မျက်လုံးများ မှိတ်လိုက်၏။ အဆိပ်နဂါးနှင့် မြနဂါးက သူ့ကို ဘေးနှစ်ဖက်မှ စောင့်ကြပ်ပေးနေ ခဲ့ကြသည်။

အကျင့်အတိုင်း သတိကြီးသော အဆိပ်နဂါးက နဂါးထွင်းစာ အကာအကွယ် မှော်စက်ဝိုင်းများကို ယာယီ ခင်းကျင်းလိုက်၏။

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားခဲ့သည်။ ထိုအချိန် ပါ့ဂ်လီအို၏ နားများ လှုပ်ရှားသွား ခဲ့လေသည်။ သူတို့ သုံးယောက်လုံး ထွက်ပြေးလာခဲ့သော နေရာမှနေ၍ အသံ တစ်မျိုးမျိုး ထွက်လာကြောင်း တိုးတိုးလေး ကြားလိုက်ရလေသည်။ ခဏအကြာတွင် ခရိုဘဲလက်စ်လည်း ကြားလိုက်ရသည်။ သူတို့ နှစ်ယောက် အချင်းချင်း ကြည့်လိုက်ပြီး တစ်ဦး၏ မျက်နှာတွင် တစ်ဦး၏ လေးနက်မှုကို မြင်လိုက်ရသည်။ ဒါက အထပ်ထပ် ဖိသိပ်နေတဲ့ အော်သံတစ်ခုပဲ။ သူတို့ ဘယ်လောက်တောင် များတာလဲ။

ခြေသလုံးအိမ်တိုင်ဝိညာဉ် အုပ်လိုက်ကြီး!

သူတို့တွေ အနားရောက်လာနေပြီ!

All Chapters