အမှောင် နတ်ဘုရားကျောင်း၊ မမျှော်လင့်ထားသော ကပ်ဘေး
Vol. 65 Ch. 1046
ကြယ်ကြွေတမန်အင်ပါယာ၏ နန်းတော်၌ ဖြစ်သည်။
ပလ္လင်ပေါ် ထိုင်နေသော ရှီရာက မတ်တပ်ရပ်နေရင်း ရှေ့မှ လူသုံးယောက်ကို စိုးရိမ်တကြီး သတိထား ကြည့်နေ၏။
ယောက်ျား နှစ်ယောက်နှင့် မိန်းမ တစ်ယောက်ပင်။
ယောက်ျား နှစ်ယောက်ထဲတွင် တစ်ဦးက အရပ်ရှည်ပြီး တစ်ဦးက ပုသည်။ ခပ်တောင့်တောင့်ခန္ဓာနှင့် ခရမ်းရောင် ဆံပင်အတို ရှိသော ယောက်ျားက မုတ်ဆိတ်နှင့်ဖြစ်ပြီး မျက်ခုံးရိုးမြင့်ကာ မျက်လုံးကလည်း နက်မှောင်နေသည်။ ကျန်တစ်ဦးက ဆံပင်ရှည်၊ ခန္ဓာကိုယ် ပိန်ပိန်နှင့် မျက်နှာချွန်ချွန် ဖြစ်နေပြီး ရှီရာကို ရန်လိုနေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
ယောက်ျားနှစ်ယောက် အလယ်၌ ရွှေရောင်ဆံပင်နှင့် ခပ်ပြည့်ပြည့် မိန်းမ တစ်ယောက် ရှိနေသည်။ သူ၏ ရပ်နေပုံကို ကြည့်ရသည်မှာ သူက ခေါင်းဆောင်ဖြစ်ဟန် တူသည်။ သူက မျက်လုံး မှိတ်ထားပြီး အမူအရာက ထောင်လွှားလှပြီး မျက်လုံးဖွင့်ရန်ပင် စိတ်မပါပုံ ပေါ်နေသည်။
“ဒီနန်းတော်ရဲ့ ခုခံမှုက ငါ ထင်ထားတာထက် အများကြီး ပိုပြီး အားကောင်းတယ်။ ကြယ်ကြွေတမန် အင်ပါယာမှာ နောက်ခံ အင်အား တစ်ခုခု ရှိတဲ့ပုံပဲ။” ခပ်တောင့်တောင့် အမျိုးသားက ပတ်ပတ်လည်ကို ကြည့်ပြီး သဘောကျစွာ ခေါင်းညိတ် လိုက်သည်။ “ခုခံမှု မှော်စက်ဝိုင်းမှာ ရှေးမှော်စာတွေ ပါနေတာထင်တယ်။ လျှို့ဝှက်ဆန်းကြယ်မှုက မသေးဘူး။ သာမန်တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေတောင် ဖောက်ထွင်း ဝင်ရောက်ဖို့ မလွယ်နိုင်ဘူး။”
“အဲဒီတော့ ဘာဖြစ်လဲ။” ခပ်ပိန်ပိန် အမျိုးသား၏ မျက်နှာပေါ်တွင် မထီမဲ့မြင် အမူအရာ ရှိနေသည်။ သူက လက်ထဲမှ အေးစက်စက် လေကို လှည့်နေရင်း ပြောလိုက်၏။ “ဒီလို ခိုင်မာတဲ့ အသိုက်ထဲမှာက ပုရွက်ဆိတ် အုပ်စုလေးပဲ ရှိတာလေ။”
ဝင်ပေါက်နှင့် အဓိက ခန်းမ အပြင်ဘက်တွင် ရေခဲရုပ်ထုများ နေရာအနှံ့ ရှိနေသည်။ ခဲနေသော မီးအိမ် ဝိညာဉ်များတွင် အင်အား အကြီးဆုံးဖြစ်သည့် S++ အဆင့် ကြက်သွေးရင့်ရောင် မီးအိမ်ဝိညာဉ် မန်လေ့စ်ပင် အပါအဝင် ဖြစ်သည်။ ထိုလူ သုံးယောက်၏ စွမ်းအားက သာမန် အစွမ်းထက် ပုဂ္ဂိုလ်များထက် အများကြီး သာလွန်နေကြောင်းကို ထင်ထင်ရှားရှား မြင်နိုင်ပေသည်။
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက စကား မပြောသေးဘဲ ပိန်ပိန်ပါးပါး အမျိုးသားက စတင် ပြောလာသည်။ “ပထမဆုံး အနေနဲ့ ကိုယ်ကိုယ့်ကိုယ် မိတ်ဆက်ပေးပါရစေ။ ဒီအမျိုးသမီးက မဒမ်-အက်စ်ခီ၊ ကျုပ်နာမည်က ထရမ်၊ ပြီးတော့ သူ့နာမည်က ခရိုမန်ဒိစ်ပါ။ ဒီနေ့ ဧကရီဆီကို လာလည်တာပါ။”
ရှီရာက ပင့်သက်ရှိုက်လိုက်သည်။ “ချိုးဖောက် ဝင်ရောက် လာတာက လည်ပတ်သူအတွက် သင့်လျော်တဲ့ ကျင့်ဝတ်ထုံးတမ်းတော့ မဟုတ်ဘူး။ ပြီးတော့ သဘောတူညီချက် တစ်ခု အရဆိုရင် ရှင်တို့ ၃ယောက်က ဒီနေရာကို ဒီနည်းနဲ့ ရောက်မလာ သင့်ဘူး။”
“သိပ်ပြီးတော့ မောက်မာမနေနဲ့။ ခင်ဗျားသာ ဒီပလ္လင်ပေါ်မှာ မရှိနေရင် ကျုပ်တို့နဲ့ တွေ့ဖို့တောင် အရည်အချင်း မမှီဘူး။” ထရမ်က လှောင်ပြောင် ပြောဆိုလိုက်သည်။
ခရိုမန်ဒိစ်က ပုံမှန် ပြုံးလိုက်သည်။ “ဧကရီက အထူး အစွမ်းထက်ပုဂ္ဂိုလ် အကြောင်း နည်းနည်း သိတဲ့ပုံပဲ။ ဒီလိုဆို အလုပ်ရှုပ် သက်သာတာပေါ့။”
ရှီရာက တည်တည်ငြိမ်ငြိမ်ဖြင့် မေးသည်။ “ရှင်တို့ ၃ယောက်က ဒီကို ဘာဖြစ်လို့ ရောက်လာတာလဲ။ အခုပဲ ပြောပါ။”
“ကျုပ်တို့ ၃ယောက်ကို မဟာ ကြီးမြတ်သူ တစ်ယောက်က ဧကရီ အရှင်မကို တစ်ခုခု လာပြောဖို့ အမိန့်ပေးလိုက်တာပါ။” ထရမ်က မောက်မာစွာဖြင့် ပြောလိုက်သည်။ “ဒီနေ့ကစပြီးတော့ ကြယ်ကြွေတမန် အင်ပါယာက အမှောင်နတ်ဘုရားကျောင်းရဲ့ ကောင်းချီးကို ခံစားရလိမ့်မယ်။ ဒီတိုင်းပြည်က လူတွေအားလုံးက အမှောင်နတ်ဘုရားကျောင်းကို သစ္စာရှိကြရမယ်။”
“အမှောင်နတ်ဘုရားကျောင်း ဟုတ်လား။” စကားလုံးအသစ်က ရှီရာကို အံ့အားသင့် သွားစေသည်။
“အမှောင်နတ်ဘုရားကျောင်းက နတ်ဆိုးဘုရားသခင်ကို ကိုးကွယ်တဲ့ ဘုရားကျောင်းပဲ။ အရင်က လျှို့ဝှက်ပြီး တည်ရှိနေခဲ့တာ။ အခုဆို နတ်ဆိုးဘုံရဲ့ အင်ပါယာ သုံးခုက မဟာမိတ်ဖွဲ့လိုက်ပြီ။ နတ်ဆိုးဘုံက ငြိမ်းချမ်းတဲ့ အနေအထား ဖြစ်လာပြီ။ နတ်ဆိုးဘုရားသခင်က အံ့သြဖွယ်ရာ တစ်ခုကို ပေးသနားခဲ့တယ်။ အမှောင် နတ်ဘုရားကျောင်းဟာ နတ်ဆိုးဘုံက လူတွေအားလုံးကို ယုံကြည်မှု တစ်ခုတည်းဆီ လမ်းညွှန်ပေးမှာပါ။ သူတို့က နတ်ဆိုး ဘုရားသခင်ရဲ့ နှစ်သက်ခြင်းကို အမြဲ ရရှိလိမ့်မယ်။”
“နှစ်တွေအများကြီး နတ်ဆိုးဘုံက လူတွေက နတ်ဆိုးဘုရားသခင်ကိုပဲ ကိုးကွယ်ခဲ့ကြတယ်။ ဒါပေမဲ့ ‘အမှောင်နတ်ဘုရားကျောင်း’ ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ရှင်တို့ပြောနေတဲ့ ‘မဟာကြီးမြတ်သူ’ ဆိုတာ ဘယ်သူလဲ။”
“အဲဒီမဟာကြီးမြတ်သူ ဆိုတာက နတ်ဆိုးဘုရားသခင်ရဲ့ လက်အောက် လောကထဲမှာရှိတဲ့ အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါ။” ထရမ်က ထို‘ပုဂ္ဂိုလ်’ကို ပြောနေစဉ် ကြည်ညို လေးစားဟန် ပြသနေသည်။
“ကြယ်ကြွေတမန် အင်ပါယာက ရှင်တို့ ၃ယောက်ရဲ့ တစ်ခုတည်းသော ပန်းတိုင် မဟုတ်တဲ့ပုံပဲ။”
“ဟုတ်တယ်။ အင်ပါယာ ၃ခုက အမှောင်နတ်ဘုရားကျောင်းရဲ့ လက်အောက်ခံ ဖြစ်လာမယ်။ ဒါက ရှောင်လွှဲလို့ မရတဲ့ ကိစ္စ တစ်ခုပဲ။” ခရိုမန်ဒိစ်က ခေါင်းညိတ်လိုက်သည်။ “ကြယ်ကြွေတမန် အင်ပါယာက လက်ရှိ အင်ပါယာ ၃ခုထဲမှာ အင်အား အကြီးဆုံး ဖြစ်နေတဲ့ အတွက် ကျုပ်တို့ရဲ့ ပထမဆုံး မှတ်တိုင် ဖြစ်သွားတာ။”
“ကျွန်မ သိတဲ့အတိုင်း ဆိုရင် နတ်ဆိုး အရှင်သခင် အဆင့်ထက် ကျော်လွန်တဲ့ ပုဂ္ဂိုလ်တွေက သာမန် လူတွေရဲ့ လောကကို အလွယ်တကူ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး။” ရှီရာက မျက်မှောင် ကြုတ်လိုက်၏။ “ရှင်ပြောနေတဲ့ ‘မဟာကြီးမြတ်သူ’ ဆိုတဲ့သူက နတ်ဆိုးဘုံတစ်ခုလုံးရဲ့ စည်းမျဉ်းကို ပြောင်ပြောင်တင်းတင်း စွက်ဖက်နေတာပဲ။ သူက...
“ခင်ဗျား ဘာမှ နားမလည်ပုံပဲ။” ထရမ်က စိတ်မရှည်စွာဖြင့် ရှီရာ၏ စကားကို ဖြတ်ပြောလိုက်လေသည်။ “စွမ်းအားက စည်းမျဉ်းကို ဆုံးဖြတ် ပေးတယ်။ အမှောင် နတ်ဘုရား ကျောင်းရဲ့ ကောင်းချီးက နတ်ဆိုးဘုံ တလျှောက်လုံးကို ပျံ့နှံ့သွားတဲ့အခါ ဖွဲ့စည်းပုံစနစ် အမှန်ကို ပြန်လည် ဖွဲ့စည်းသွားမှာပါ။ အမှောင် နတ်ဘုရားကျောင်းက ဖွဲ့စည်းပုံစနစ် တစ်ခုလုံးနဲ့ ကောင်းချီးပေးခံရတဲ့ အင်အားစု အားလုံးကို ကာကွယ် ပေးလိမ့်မယ်။ ဒီကိစ္စတွေက ခင်ဗျား အဆင့်နဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျား လုပ်ရမှာက ဘုရားကျောင်းတော်ရဲ့ ဆန္ဒကို သာမန်လူတွေဆီ ယူဆောင် ပေးဖို့ပဲ။ ပြီးတော့လည်း နတ်ဆိုး ဘုရားသခင်ကို ယုံကြည်မှုတွေက အင်ပါယာ တလျှောက်ကို ပျံ့နှံ့ဖို့ သေချာအောင် လုပ်ပေးရမယ်။ ဒါပဲ။”
“လေးစားသမှုနဲ့ ပြောတာပါ။ နတ်ဆိုးဘုရားသခင်က အမြဲတမ်း နတ်ဆိုးဘုံသားအများစုရဲ့ အမြင့်ဆုံး ယုံကြည်မှု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဘာမှန်းမသိတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေခဲ့ဘူး။ အင်ပါယာ တစ်ခုရဲ့ ဧကရီအနေနဲ့ ကျွန်မ ပထမဆုံးအနေနဲ့ လူတိုင်းကို အတင်း ယုံကြည်ခိုင်းလို့ မရဘူး။ ပြီးတော့ ရှင်တို့ ၃ယောက်ဆီက ဒီလို တောင်းဆိုချက်ကိုလည်း ကျွန်မ လက်ခံမှာ မဟုတ်ဘူး။”
“မိုက်မဲပြီး အသိဉာဏ်မဲ့တဲ့ မိန်းမ!” ထရမ်က စိတ်ပျက်စွာ ပြောသည်။ “ခင်ဗျားက တခြားသူတွေရဲ့ ရှေ့မှာ ဧကရီဘုရင်မ ဖြစ်နေပေမဲ့ ကျုပ်တို့ ရှေ့မှာတော့ ဘာမှမဟုတ်ဘူး! အဲဒီ အသိဉာဏ်မဲ့တဲ့ ပုရွက်ဆိတ်တွေကို ဖျက်ဆီးပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ အလွန်ဆုံး ဖြစ်လာရင် စကားပိုနားထောင်တဲ့ အရုပ်တစ်ခုကို ပလ္လင်ပေါ် တင်ပေးလိုက်ရုံပဲ။”
“ဟုတ်ပါတယ်။ ဧကရီ အရှင်မ။ ကျုပ်တို့က ခင်ဗျားနဲ့ ဆွေးနွေးဖို့ လာတာ မဟုတ်ဘဲ အမိန့်ပေးဖို့ လာတာကို သတိပြုပါ။” ခရိုမန်ဒိစ်၏ လေသံက ယဉ်ကျေးပုံရသော်လည်း လုံးဝ ယဉ်ကျေးခြင်း မရှိပေ။
“ဆာ-ခရိုမန်ဒိစ်။ ရှင်က ကြယ်ကြွေတမန်အင်ပါယာရဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်ပါ။” ရှီရာက ခရိုမန်ဒိစ်၏ ခရမ်းရောင် မျက်လုံးများကို စူးစိုက် ကြည့်နေ လိုက်သည်။ “ရှင်က တော်ဝင် မိသားစုဝင်လာ၊ ဒါမှမဟုတ် ဘယ်မျိုးဆက်ကလဲ ဆိုတာ ကျွန်မ မသိပေမဲ့ တော်ဝင်မိသားစုဝင် တစ်ဦး အနေနဲ့ ကြယ်ကြွေတမန်အင်ပါယာ ကို ဒီလိုမျိုး ထိန်းချုပ်ခံရဖို့ ဆန္ဒလား။”
ခရိုမန်ဒိစ်က ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ “တစ်နေ့ကျရင် နတ်ဘုရား တစ်ပိုင်း အဆင့်ကို ရောက်လာခဲ့ရင် ခင်ဗျား သိလာမှာပါ။ အာဏာ၊ သွေးမျိုးဆက် ဒါမှမဟုတ် လူမျိုးဆိုတာ ခဏပဲ။ စွမ်းအားက အရေးအကြီးဆုံးပဲ။ အမှောင် နတ်ဘုရားကျောင်းကို ဝင်မယ်ဆိုရင် ခင်ဗျားကို ထိခိုက်စေမှာ မဟုတ်ဘူး။ စိတ်ကူးမရနိုင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်။ ကြယ်ကြွေ တမန် အင်ပါယာရဲ့ မျိုးနွယ် အတူတူ ဖြစ်တဲ့အတွက် သင့်တော်တဲ့ ဂရုစိုက်မှုကို ကျုပ် ပေးပါ့မယ်။”
ထိုသို့ ဖော်ရွေသော မျက်နှာနှင့် ယှဉ်လိုက်လျှင် ထရမ်က လူဆိုး နေရာမှ သရုပ်ဆောင်နေ၏။ ရှီရာကို ကြည့်နေတဲ့ သူ့မျက်လုံးများထဲတွင် အရှက်မရှိ ပြင်းပြသည့် ဆန္ဒများ ပါနေသည်။ “ကျုပ် မေ့သွားလို့ တစ်ခု ပြောဦးမယ်။ ကျုပ်က ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ မျိုးဆက်ပဲ။ ကျုပ်က ကြယ်ကြွေတမန် အင်ပါယာက တော်ဝင်မိန်းမတွေကို အတော်လေး စိတ်ဝင်စားတယ်။ အထူးသဖြင့် ခင်ဗျားလို ခပ်အေးအေး မိန်းမမျိုးကိုပေါ့။ ကျုပ် အကြိုက်ဆုံး လုပ်တတ်တဲ့ အရာကတော့ အဲဒီ မရနိုင်ဘူးထင်ရတဲ့ အေးစက်မှုကို တောင်းပန်တာတွေ၊ ငိုကြွေးတာတွေ အနေနဲ့ ပြောင်းလဲပစ် လိုက်တာပဲ။ ခင်ဗျားသာ တကယ် ဉာဏ်ရှိတယ် ဆိုရင် အမိန့်တွေကို ရိုးရိုးသားသား နာခံလိုက်ပါ။ မဟုတ်ရင် ခင်ဗျားလို မိန်းမမျိုးကို ကျုပ်ရဲ့ စုဆောင်းမှုထဲ ထပ်ထည့်ဖို့ တကယ် မျှော်လင့် နေပါတယ်...”
ထရမ်၏ စော်ကားမှုက ရှီရာ၏ မျက်နှာ အမူအရာကို အနည်းငယ် ပြောင်းလဲစေခဲ့ပြီး မျက်လုံးထဲတွင် ပြင်းထန်သော ဒေါသများ ဝင်လာ၏။ ထိုအချိန်တွင် ဧကရီ အရှင်မ၏ မျက်လုံးများ ရုတ်တရက် လင်းလက် သွားသည်။ ဒေါသနှင့် စိုးရိမ်ပူပန်မှုတို့ တဖြည်းဖြည်း မှေးမှိန်သွားပြီး တည်ငြိမ်မှုဖြင့် အစားထိုးသွား၏။
“တော်တော့! ထရမ်၊ ရှင့်ရဲ့ အကြိုက်တွေကို ခဏဘေးဖယ်ထား! အမှောင်နတ်ဘုရားကျောင်းက အရေးအကြီးဆုံးပဲ။” မျက်လုံး ပိတ်ထားခဲ့သော ရွှေရောင်ဆံပင်နှင့် အမျိုးသမီး အက်စ်ခီက ထရမ်ကို တားလိုက်သည်။ သူက နောက်ဆုံး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အေးစက်စက် အလင်းရောင်တစ်ခုက ရှီရာ၏ မျက်လုံးများကို ထိုးဖောက်ဝင်ရောက် လာခဲ့သည်။ “အခု ငါ့ကို မင်းရဲ့ အဖြေကို တရားဝင် ပြောပါ။ ရှီရာ လူစီဖာ။ မင်းမှာ အခွင့်အရေး တစ်ခုပဲ ရှိမယ်။”
ထိုသို့ ကြောက်စရာ ကောင်းသော အကြည့်က ဝိညာဉ်ကို တုန်လှုပ် စေနိုင်သော စိတ်ဝိညာဉ်စွမ်းအားဖြင့် ရှီရာဆီ တည့်တည့် ရောက်လာ၏။
ရှီရာ သဘောမတူညီ လျှင်ပင် အက်စ်ခီတွင် ဧကရီ အရှင်မကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ် နိုင်ကြောင်း လုံးဝ ယုံကြည်ချက် ရှိနေသည်။ ထိုသို့ ပြုလုပ်ခြင်းက နောက်ဆုံးသော နည်းလမ်း ဖြစ်ပြီး စွမ်းအား အတော်များများကို ကုန်ဆုံး စေမည် ဖြစ်သော်လည်း သခင်၏ တာဝန်ကို အနည်းဆုံး ပြီးမြောက် စေနိုင်၏။
ရုတ်တရက် အက်စ်ခီ၏ စိတ်ထဲ၌ သတိပေးသော လက္ခဏာတစ်ခု ပေါ်လာသည်။ သူက မသိစိတ်မှ မတုံ့ပြန်နိုင်ခင်မှာပင် ရှီရာဆီသို့ ဦးတည်ထားတဲ့ အစွမ်းထက် ဝိညာဉ် စွမ်းအားပါသော အကြည့်က မယုံနိုင် စရာကောင်းသော စွမ်းအားတစ်ခုဖြင့် တန်ပြန်ခံလိုက်ရသည်ကို ခံစားလိုက် ရလေသည်။ သူ၏ မျက်လုံးများက အပ်နှင့် အထိုးခံရသလို ဖြစ်သွားခဲ့ပြီး နာကျင်စွာဖြင့် ညည်းညူလိုက်ရင်း မျက်လုံးများကို ဖုံးထားလိုက်သည်။ သူ့လက်ချောင်းကြားမှ သွေးများပင် စီးကျလာနေခဲ့သည်။
အပ်နှင့် ထိုးခံရသလို ခံစားချက်က ဝိညာဉ်ထဲအထိ ဖောက်ဝင်သွားခြင်း ဖြစ်သည်။ ဒါက ဝိညာဉ်တန်ပြန်မှုပဲ! အင်အားက သုံးလေးဆနဲ့ တန်ပြန် ခံလိုက်ရတာ ဖြစ်မယ်!
အက်စ်ခီသည် တိတ်တဆိတ် ထိတ်လန့် သွားသည်။ သူက သူ၏ ဝိညာဉ်ထဲမှ နာကျင်မှုကို ဖယ်ရှားရန် အစွမ်းကုန် ကြိုးစားနေခဲ့ပြီး သူ၏ မျက်လုံးကို အတင်း ဖွင့်လိုက်သည်။ အမြင်အာရုံများ ဝေဝါးနေစဉ်တွင် ထရမ်၏ ပုံရိပ်က တစ်လှမ်းချင်း နောက်ဆုတ်နေပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အသေအချာ မြင်ရချိန်တွင်တော့ ထရမ်က မြေပေါ် လဲကျနေပြီး ခေါင်းကို နာကျင်စွာ ဖုံးထား၏။ မြေပြင်မှာ သွေးတွေ အများကြီး ပန်းထွက်နေခဲ့သည်။
ထို‘သွေးပန်းထွက်မှု’များသည် ထရမ်၏ လျှို့ဝှက်ရတနာများ နှင့် ဘယ်ဇီဘတ်တော်ဝင်မိသားစု၏ တိုင်းပြည်အဆင့်နှင့် ပါရမီတို့ဖြင့် ဖန်တီးထားသော ‘သွေးစုပ်နတ်ဆိုး ယင်ကောင်များ’ ဖြစ်လေသည်။ ၎င်းတို့ကို သူ၏ ဝိညာဉ်နှင့် ချိတ်ဆက် ထားသည်။ ၎င်းတို့က သာမန် တိုက်ခိုက်မှုများဖြင့် ထိခိုက်ခြင်း မရှိဘဲ ရန်သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို စုပ်ယူနိုင်ပြီး မသေနိုင် သလောက်ပင်။ ထိုမြင်ကွင်းက သွေးစုပ်နတ်ဆိုးယင်ကောင်များကို အထူး ဥပဒေသ စွမ်းအားတစ်ခုဖြင့် လုံးဝ ဖျက်ဆီးလိုက်ကြောင်း ထင်ရှား နေသည်။ ထရမ်၏ ဝိညာဉ်လည်း ပြင်းထန်စွာ ပျက်စီးသွား၏။
ခရိုမန်ဒိစ်ကတော့ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သော်လည်း သူ၏ ခြေထောက်များက မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်နေခဲ့လေသည်။ သူ၏ အနောက်တွင် ပေါ်လာသော [သိဒ္ဓိတောင်ပံ]က တဖြည်းဖြည်းနှင့် မှိန်လာခဲ့ပြီး မျက်နှာအမူအရာလည်း အလွန် ဖြူဖျော့လာခဲ့သည်။ သူက လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားပုံရ၏။
အက်စ်ခီက တိတ်တဆိတ် သိမ့်သိမ့်တုန် သွားခဲ့သည်။ သူ၏ မျက်လုံးများက ရှီရာ၏ ဘေးတွင် ရုတ်တရက် ပေါ်လာသော ပုံရိပ် တစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ထိုသူက သာမန် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ ထိုသို့ စိုက်ကြည့် နေလျှင်ပင် သူ့ပုံစံကို စိတ်ထဲတွင် အတိအကျ မှတ်မိရန် ခက်ခဲလှသည်။ သူ၏ အနက်ရောင် မျက်လုံးထဲတွင် ကျယ်ပြောလှပြီး ကြီးမားသော အငွေ့အသက်ကိုသာ ခံစားမိနေပြီး ဦးမော့ ကိုးကွယ်ရန်ပင် လိုအပ်သလို ခံစားမိလိုက်သည်။
အက်စ်ခီက ထိုကဲ့သို့သော ခံစားမှုမျိုးကို ပုဂ္ဂိုလ်တစ်ဦးတွင်သာ ခံစားခဲ့ဖူးသည်။ သို့သော် ထိုပုဂ္ဂိုလ်က ဘုရားအဆင့်အောက် အားအကြီးဆုံး ဖြစ်သည်။ သူ့ အရှေ့က ပုဂ္ဂိုလ်က သူနှင့်အတူ နတ်ဘုရား တစ်ပိုင်း အဆင့်သာ ဖြစ်ရမည်။ သူ့စွမ်းအားက ပိုအစွမ်းထက်နေရုံသာ။
စိတ်ထင်တာ! ဒါက စိတ်ထင်တာပဲ ဖြစ်ရမယ်!
အက်စ်ခီက တန်ပြန်မှုမှ အမြန် ပြန်လည်ထိန်းနိုင်ရန် တိတ်တဆိတ် စွမ်းအားများကို အသုံးပြုလိုက်သည်။ သူက တည်ငြိမ်သွားပြီး နောက်တွင် စကား စပြောသည်။ “အတော်လေး အံ့ဩစရာပဲ။ ကြယ်ကြွေတမန် အင်ပါယာရဲ့ နန်းတော်ထဲမှာ ဒီလို အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပိုင်း ရှိနေမယ်လို့ မထင်ဘူး။ လူကြီးမင်းကို တောင်းပန်ခွင့်ပြုပါ။”
ရှီရာရဲ့ ဘေးနားတွင် ပေါ်လာသော ပုဂ္ဂိုလ်ကတော့ ချန်လွေ့ပင် ဖြစ်၏။
ချန်လွေ့ အက်စ်ခီကို အေးစက်စက် ကြည့်လိုက်သည်။ “အဲဒီ ဟန်ဆောင် ယဉ်ကျေးမှုကို ဖယ်ထားလိုက်ပါ။ ငါက တကယ်ရိုင်းစိုင်းတဲ့ သူတွေကို လုံးဝ ယဉ်ကျေးမှာ မဟုတ်ဘူး။ ငါ နည်းနည်း နောက်ကျ သွားတယ်။ ‘အမှောင်နတ်ဘုရားကျောင်း’ နဲ့ တစ်ယောက်ယောက်ရဲ့ ‘အကြိုက်’ ဆိုတာတွေကိုပဲ ကြားလိုက်ရတယ်။ မင်းမှာ နောက်ဆုံး စကား တစ်ခုခု ပြောဖို့ရှိရင် အမြန်ပြော။ မဟုတ်ရင် နောက်တော့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”
“ဒါက နားလည်မှု လွဲတာပါ။ ရှင်က ကြောက်စရာကောင်းတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဆိုတာကို ကျွန်မ ဝန်ခံပါတယ်။ ရှင်က နတ်ဘုရား တစ်ပိုင်း အဆင့် အထွတ်အထိပ်ကို ရောက်နေတာ ဖြစ်မယ်။” အက်စ်ခီက မကြောက်မရွံ့ ပြောသည်။ “ဒါပေမဲ့ ရှင် သိထားသင့်တာက နတ်ဘုရား တစ်ပိုင်း အဆင့်က အထူးအဆင့်ရဲ့ အဆုံးသတ် မဟုတ်ဘူး။ ကျွန်မ ကိုယ်စားပြုနေတဲ့သူက တကယ့် အထွတ်အထိပ်အဆင့် စွမ်းအားရှိတဲ့ ပုဂ္ဂိုလ်ပဲ။ ကျွန်မတို့ ဒီနေ့ ဒီကို ရောက်လာတာက ကြယ်ကြွေတမန် အင်ပါယာနဲ့ လူကြီးမင်းကို တိုက်ဖို့ မဟုတ်ဘဲ သတင်းကောင်း တစ်ခုကို ယူလာတာပါ။ ရှင့်ရဲ့ စွမ်းအားနဲ့ဆိုရင် အမှောင်နတ်ဘုရားကျောင်းထဲကို ဝင်လာခဲ့ရင် သခင် တန်ဖိုးထားတာ ခံရမယ့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာ အသေအချာပါပဲ။”
“‘သခင်’ ဟုတ်လား။”
ဘေးနားမှ ရှီရာက အခြေအနေကို ချန်လွေ့အား အရှင်းဆုံး ပြောပြ လိုက်သည်။ ချန်လွေ့၏ မျက်ခုံးများ ပင့်တက်သွား၏။
အမှောင်နတ်ဘုရားကျောင်း၊ ယုံကြည်မှု စုစည်းတာ ဟုတ်လား။ ဒါတွေကို ကြားဖူးနေသလိုပဲ။
ထိုအရာက လူသား လောကမှ သဒ္ဓိအလင်းတောင်၏ လုပ်ရပ်များ အတိုင်း အတိအကျပင် ဖြစ်သည်။
သိဒ္ဓိအလင်းတောင်ကို ကောင်းကင်တမန်တော် သုံးပါးဖြစ်တဲ့ မိုက်ကယ်၊ ရာဖယ်ရယ်နဲ့ ဂေဘရီရယ်တို့ ထိန်းချုပ်ထားရတဲ့ အကြောင်းရင်းက သူတို့မှာ ဖန်တီးခြင်းစာအုပ် ရှိနေလို့ပဲ။ အဲဒီစာအုပ်နဲ့ သူတို့က ယုံကြည်မှု ခိုးယူပြီး ကိုယ့်အတွက် ပြောင်းလဲ အသုံးပြုလို့ရတယ်။ ဒီအမှောင်နတ်ဘုရားကျောင်းလို့ ခေါ်တဲ့ အဖွဲ့က သိဒ္ဓိအလင်းတောင်ရဲ့ ‘ခိုးယူ’တဲ့ပုံစံကို ကူးယူချင်တာဆိုရင် ဖန်တီးခြင်းစာအုပ်နဲ့ ညီမျှတဲ့ အရာ တစ်ခုခု ရှိရမယ်။
ပျက်စီးခြင်းစာအုပ်!
ဒါမှမဟုတ် မပြီးပြည့်စုံသေးတဲ့ ပျက်စီးခြင်းစာအုပ်!
ဒါဆိုရင် သူပြောတဲ့ ‘သခင်’ ဆိုတဲ့သူက...