အချက်ပြခြင်း
Vol. 65 Ch. 1045
လရောင်က ခရမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအရာက တစ်ဖနီ မျက်လုံး ဖွင့်လိုက်ပြီးနောက် ပထမဆုံး ခံစားချက်ပင် ဖြစ်သည်။
“လွန်ခဲ့တဲ့ ၇ရက်က… အင်း... မနက်ခင်း ဖြစ်မယ်..” ချန်လွေ့၏ အသံ ထွက်လာ၏။ “တကယ်တော့ နေ့တစ်ဝက် လိုသေးတာ။ လိုရ မည်ရပေါ့။”
တစ်ဖနီ၏ တိတ်ဆိတ်နေသော အမူအရာကို ကြည့် ရမည်ဆိုလျှင် ထိုရှင်းပြချက်က သူ့အတွက် မလိုကြောင်း သိသာနေသည်။
“တစ်ဖနီ။ နောက်မှတ်တိုင်က သွေးရောင်အင်ပါယာပဲ။” ချန်လွေ့က လိုရင်းကို ပြောလိုက်သည်။ “မင်း အဆင်သင့် ဖြစ်ပြီလား။”
တစ်ဖနီက ဆိတ်ဆိတ်နေဆဲပင်။ သူ၏ အကြည့်က အရင်လို ထုံထိုင်း နေခြင်း မရှိသော်လည်း လျစ်လျူရှု နေဆဲပင်။ ချန်လွေ့က စကားစ ပြတ်တော့မည်ဟု တွေးမိလိုက်စဉ် တစ်ဖနီက နောက်ဆုံး မေးခဲ့သည်။ “အဲဒီလူ အလုပ် မအပ်ထားရင် ရှင် ကျွန်မကို ကယ်ဦးမှာလား။”
ချန်လွေ့ ခဏ စဉ်းစားပြီးနောက် ပြန်ဖြေသည်။ “ငါက လုံးဝကြီးကို လူကောင်း တစ်ယောက် မဟုတ်ဘူး။ ငါ့လက်က သွေးတွေနဲ့ ပြည့်နေတယ်။ ရန်သူကို သနား ကြင်နာခြင်းက ကိုယ့်ကိုယ်ကိုယ် ရက်စက်တာပဲ။ ငါတို့က ပြိုင်ဆိုင်နေတာ ဖြစ်ပြီးတော့ အဲဒီ ကြောက်စရာ မိုးပျံနယ်မြေမှာ အဲဒီငွေသေတ္တာကို လုယူနေခဲ့မယ် ဆိုရင်… ငါ မင်းကို သက်ညှာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သိဒ္ဓိအလင်း တောင်မှာဆို… အဲဒီအခြေအနေမှာ ငါ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ တစ်စုံတစ်ယောက် တာဝန်ပေးတာ၊ ရည်ရွယ်ချက်နဲ့ ကျေးဇူးဆပ်တာတွေ မရှိရင်တောင်မှပေါ့။ ဒါက အပေါ်ယံ တရားမျှတမှုမျိုး မဟုတ်ဘူး။ ငါက လုပ်ချင်တာကိုပဲ လုပ်ခဲ့တာ။ မင်း အဲဒီ လောကမှာ အဲဒီ လူတွေကို ကူညီခဲ့သလိုပေါ့။ စကားတစ်ခွန်း ကြားဖူးတယ်။ လူတွေက မိုင်ပေါင်း ထောင်ချီ ခရီးသွားပြီးတော့ ကိုယ့်ရဲ့ နှလုံးသားဆီကိုပဲ ပြန်လာခဲ့တာတဲ့။ မင်းရဲ့ အတွေ့အကြုံတွေက မင်းကို နှလုံးသားနဲ့ ဝေးကွာအောင် မလုပ်ဘဲ ပိုပြီးတော့ နီးကပ်လာစေလို့ ငါ တကယ် ပျော်မိပါတယ်။”
ချန်လွေ့က တစ်ဖနီ၏ လုပ်ရပ်ကို တမင် စူးစမ်း ထောက်လှမ်းနေခြင်း မရှိသော်လည်း ကြယ်စင်စု နတ်ဘုရားကျောင်း၏ ထိန်းချုပ်သူ အနေဖြင့် အတွေးများ လှုပ်ရှားရုံဖြင့် ‘နတ်ဝင်သည်’၏ လှုပ်ရှားမှုတိုင်းကို သိနိုင်သည်။ ထိုရက်များအတွင်း တစ်ဖနီ၏ လုပ်ဆောင်မှုများသည် သူ့ကို စိတ်သက်သာရာ ရစေသည်။ အနည်းဆုံးတော့ သူက လူမှားပြီး မကယ်ခဲ့ပေ။
နောက်ဆုံး၌ တစ်ဖနီ၏ အကြည့် အနည်းငယ် ပြောင်းလဲသွားသည်။ “ကျွန်မ ဘာလုပ်ရမလဲ။”
“မင်း လျှောက်ရမယ့် လမ်းက တာဝန်ယူစရာ ပိုရှိလာလိမ့်မယ်။ မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် လူတွေရဲ့ ကံကြမ္မာ၊ အသက်နဲ့ သေခြင်းရှင်ခြင်းတွေ ပြောင်းလဲသွားလိမ့်မယ်။ တကယ်တော့ မင်းကို ဘယ်လိုလုပ် ရမယ်ဆိုတာ သင်ပေးဖို့ ငါ့မှာ အရည်အချင်းရော စွမ်းရည်ရော မရှိဘူး။ အားလုံးက မင်းကိုယ်တိုင် အပေါ်မှာပဲ မူတည်တယ်။ ငါကတော့ ငါ လုပ်နိုင်တဲ့ အတိုင်းအတာ အတွင်းမှာ မင်းကို အကြီးမားဆုံး ပံ့ပိုးမှုနဲ့ အကူအညီတွေကို ပေးမယ်။”
ချန်လွေ့သည် သူ၏ အရင်ဘဝမှ ရုပ်ရှင်တစ်ခု ဖြစ်သော ‘ဟန်နီဘယ် ရိုက်ဇင်း’မှ ဂန္တဝင် စကားတစ်ခွန်းကို သတိရလိုက်သည်။
“တစ်ဖနီ၊ မင်းအတွက် စကား တစ်ခွန်း ရှိတယ်။ ‘ငါ့ကို မသတ်နိုင်တဲ့ အရာအားလုံးက ငါ့ကို ပိုပြီးတော့ အစွမ်းထက်စေတယ်’၊ အခု မင်း ခံစားနေရတဲ့ နာကျင်မှု အားလုံးက အနာဂတ်မှာ မင်းရဲ့ ခိုင်မာတဲ့ အင်အားအဖြစ် ပြောင်းသွားလိမ့်မယ်။”
ရုပ်ရှင်ထဲမှ ဟန်နီဘယ်က နာကျင်မှုနဲ့ မုန်းတီးမှုများကြောင့် ရူးသွပ်ပြီး ရိုင်းစိုင်းသော ဇာတ်ကောင် တစ်ဦး ဖြစ်သွားခဲ့သည်။ တစ်ဖနီက နက်နက်ရှိုင်းရှိုင်း နာကျင်မှု ခံစားခဲ့ရ သော်လည်း သူက နာကျင်မှုကို အခြားသူများထံ မကူးစက်စေခဲ့ပေ။ သူသည် ထိုစကား၏ အဓိပ္ပာယ် အတွက် ပိုမိုသင့်တော်ပေသည်။
တစ်ဖနီက ချန်လွေ့ကို နက်ရှိုင်းစွာ စိုက်ကြည့်နေလိုက်သည်။ သူ၏ ဂရုမထာသော မျက်လုံးများတွင် အထူး အဓိပ္ပာယ်တစ်ခု ရှိနေသည်။ မွေးဖွားချိန်မှစ၍ သူက ဆက်ခ်ရက် တောင်သို့ အပေးအယူ ပစ္စည်း အသုံးချခံတစ်ခု အဖြစ် ခေါ်ဆောင်ခံ ခဲ့ရသည်။ ‘သော့’က သူ၏တန်ဖိုး ဖြစ်သည်။ ချစ်ခြင်းမေတ္တာမရှိ၊ သူငယ်ချင်းမရှိ၊ အခြားသူများ မရှိပေ။ တန်ဖိုး၊ တန်ဖိုး တစ်ခုတည်းသာ ရှိနေခဲ့သည်။
နှစ်၁၀၀တိုင် ထိုသို့ အထီးကျန်ပြီး ပျင်းရိစရာ ပတ်ဝန်းကျင်တွင် သူ၏ စရိုက်သည် ၂ ပိုင်း ကွဲသွားခဲ့သည်။ တစ်ခုက အခြားသူကို လက်ခံလိုပြီး အသိအမှတ် ပြုခံချင်သည်။ ၎င်းက ချန်လွေ့ သွေးရောင် အင်ပါယာ၏ ကုန်စည်ပြပွဲတွင် ပထမဆုံး အကြိမ် တစ်ဖနီကို တွေ့ဆုံခဲ့စဉ်က စရိုက် ဖြစ်လေသည်။
နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ချဉ်းကပ်လာသူတိုင်းကို ငြင်းပယ်ခဲ့သည်။ ချန်လွေ့က ထိုတစ်ဖနီကို ဆက်ခ်ရက်တောင်၊ လျို့ဝှက်နယ်မြေနှင့် နောက်ပိုင်းတွင် ချုပ်နှောင်ခံခဲ့ရသော သိဒ္ဓိအလင်း တောင်တို့တွင် မြင်တွေ့ခဲ့ရသည်။
သူရှေ့မှ လူက သူ၏ နှလုံးသားကို ပထမဆုံး ထိတွေ့ခဲ့သူ ဖြစ်သည်။ ၎င်းက ချစ်ခြင်းမေတ္တာမျိုး မဟုတ်ဘဲ ရိုးရှင်းသော ထိတွေ့မှု တစ်ခုသာ ဖြစ်သည်။
ထို ‘တမ်းတသော’ စရိုက်တွင် အလွန်နူးညံ့ပြီး အာရုံခံမြင့်မားသော စိတ်ထား ရှိသည်။ ထို့ကြောင့် ယခင် ဒုတိယ မင်းသား အက်မန်း နှင့် မင်းသားငယ် တဲရစ်တို့က အထူး ရည်ရွယ်ချက် တစ်ခုဖြင့် သူ့ကို ချဉ်းကပ်လာနေကြောင်း သိနိုင်သည်။ အမှန်တကယ်၌ ‘အမေ’ ဖြစ်သူ ယူဒိုရာကို ရင်ဆိုင်ရချိန်တွင်ပင် သူ၏ နှလုံးသားထဲတွင် တုန်လှုပ်နေခဲ့သော ကြောက်ရွံ့မှုမျိုးကို ခံစားခဲ့ရသည်။ သို့သော် သူက နှစ်ပေါင်းများစွာကြာ မိသားစုမေတ္တာကို တောင့်တနေသည့် အတွက်ကြောင့် မမြင်နိုင်ခဲ့ပေ။ သူက ယူဒိုရာ ကိုယ်တိုင် ဖိနှိပ်ခြင်းခံရမှသာ အမှန်တကယ် လက်လျှော့ခဲ့၏။
ထိုလူ တစ်ဦးတည်းကသာ သူ့ကို အမှန်တကယ် ကူညီချင်ခဲ့သည်။ တာဝန်အပ်နှင်းမှုနှင့် နိုင်ငံရေး လက်ထပ်မှုများ မရှိခဲ့လျှင်ပင် သူ၏ ယခင်အဖြေက ရိုးသားခဲ့သည်။
သူ့နာမည်က ချန်လွေ့ပင်။
ဂရုမထားသော အကြည့်က တဖြည်းဖြည်း မှေးမှိန်သွားပြီးနောက် နူးညံ့သော အကြည့်တစ်ခု အစားထိုး သွားခဲ့သည်။ “ကျွန်မ အဲဒီလောကကို သွားလို့ ရသေးလား။ သူ့ကို ထပ်ပြီး တွေ့လို့ရသေးလား။”
သူ့ကို တကယ် ကူညီပေးလိုပြီး သူနှင့် ရင်းနှီးချင်သော ဗာရိုနီကာက ၇ရက်သာ ရှိနေသေးသော်လည်း သူ အယုံကြည်ဆုံးသူ ဖြစ်လာခဲ့သည်။
“သေချာတာက [ဝိညာဉ် ဖမ်းယူခြင်း] စွမ်းအားကို သုံးပြီးတော့ ဝင်လို့ မရတော့ဘူး… တခြား နည်းလမ်းကို သုံးလို့ ရနိုင်ပါတယ်။ အခွင့်အရေးရှိမယ်ဆိုရင် ဒီဆန္ဒကို အကောင်အထည် ဖော်နိုင်မယ်လို့ ထင်တယ်။” ကြယ်နှစ်ပွင့် အဆင့် မြှင့်တင်မှုက မည်သည့် ရလဒ်မှ မထွက်ပေါ်သေးသောကြောင့် အချို့ အရာများကို ချန်လွေ့ မသေချာ နိုင်သေးပေ။ ထို့ကြောင့် သူက မရေမရာသာ ပြန်ဖြေနိုင်ခဲ့သည်။ တစ်ဖနီက အမှန်တကယ် သူ့ဇနီး ဖြစ်လာပါက သူသည် စူပါစနစ်၏ အင်အားကြီး အကျိုးကျေးဇူးများကို နှမြောနေမည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ်။” တစ်ဖနီက ဦးညွှတ်လိုက်လေသည်။ ချန်လွေ့က ထိုမိန်းကလေးကို ယခုမှ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူက အားငယ်ပုံရပြီး အပြာရောင်ဖျော့ဖျော့ မျက်လုံးများတွင် ဖုံးကွယ်မထားသော ဝမ်းနည်းမှုများ ပေါ်လွင်နေခဲ့သည်။ သဘောပေါက်ခြင်းက တစ်မျိုးဖြစ်ပြီး နာကျင်မှုကို ဖယ်ဖျောက်နိုင်ခြင်းက အခြားတစ်ခု ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူက နောက်ဆုံးတွင် ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။
“မင်း အခုအချိန် အလိုအပ်ဆုံးက အခန်းထဲ ပြန်ပြီး ကောင်းကောင်း အိပ်ဖို့ပဲ။” ချန်လွေ့က ခေါင်းညိတ် လိုက်သည်။ “အဆင်သင့်ဖြစ်ပြီဆိုရင် ကြယ်ကြွေတမန် မြို့တော်ဆီ မင်းကို ခေါ်သွားမယ်။ ပထမဆုံး ဧကရီ ရှီရာနဲ့ တွေ့ပြီးတော့… ငါ မင်းကို သွေးရောင် အင်ပါယာဆီ ပို့ပေးမယ်။ အချိန် အကန့်အသတ် ပေးချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင် ရွေးချယ်ထားတဲ့ လမ်းဆိုတော့ အချို့ အရာတွေကို အနှေးနဲ့အမြန် ရင်ဆိုင် ရမှာပဲလေ။”
တစ်ဖနီ၏ စိတ်ထဲ ‘ပြန်သွားခြင်း’ ကို အတော်လေး ခုခံမှု ရှိနေပုံရသည်။ သူက နှုတ်ခမ်းကို ညင်ညင်သာသာ ကိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “အင်း...”
“ဟယ်… ဘယ်သူများပါလိမ့်။ ဧကရီလောင်းလေး မဟုတ်ဘူးလား။” ချစ်စဖွယ် အသံတစ်ခုက နောက်မှ ထွက်ပေါ်လာပြီး သူ၏ လေသံကို တမင်တကာ မြှင့်တင်လိုက်သည်။
“ရင်းနီ...” ချန်လွေ့က ထိုအသံ ပိုင်ရှင်ကို ခွဲခြားသိမြင်ရန် နောက်သို့ ပြန်လှည့်ကြည့်ရန် မလိုခဲ့ပေ။
အစ်ဇဘယ်လာက ပျင်းရိစွာ ရှေ့သို့ တိုးလာပြီး တစ်ဖနီကို အနည်းငယ် ကြည့်လိုက်သည်။ သူက ပုံမှန်အတိုင်း ပြောင်လှောင်သံဖြင့် ပြောတော့မည့် အချိန်တွင် ရုတ်တရက် ပြောင်းလဲမှု အချို့ကို သတိပြုမိသွားပြီး သူ၏ ပါးစပ်ကို ပိတ်လိုက်ကာ နောက်ထပ် ဘာမှ မပြောတော့ပေ။
တစ်ဖနီက အစ်ဇဘယ်လာနှင့် ယူဒိုရာတို့ အကြား အတိတ်မှ အရာများကို မသိခဲ့ပေ။ သူက အစ်ဇဘယ်လာကို ရှက်ရွံ့စွာဖြင့် လေးလေးနက်နက် အရိုအသေပြုပြီး အိမ်ဘက်သို့ လမ်းလျှောက်သွား၏။
“ဧကရီအရှင်။ ကြည့်ရတာ… သူ နောက်ဆုံးတော့ ပုန်းကွယ်နေတဲ့ စိတ်ဒဏ်ရာထဲကနေ ထွက်ခဲ့ပြီပဲ..” အစ်ဇဘယ်လာက ချန်လွေ့၏ လက်ကိုကိုင်ပြီး စနောက်လိုက်သည်။ “ဒီလိုဆို ရှင်က ဧကရီ သုံးပါးလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ နတ်ဆိုးဘုံ တစ်ခုလုံးရဲ့ တစ်ဦးတည်းသော ကြင်ရာတော် မင်းသား ဖြစ်ပြီပေါ့။”
ချန်လွေ့ အနည်းငယ် ပြုံးလိုက်၏။ “မစ်-ရင်းနီ မိန်းမလှလေး။ ခုနက မင်း မပြောလိုက်တာ တစ်ခုခု ရှိသလိုပဲ။”
အစ်ဇဘယ်လာက နှာခေါင်းရှုံ့ လိုက်သည်။ “ကျွန်မက နည်းနည်း နူးညံ့တဲ့ နှလုံးသား ရှိနေတဲ့ပုံပဲ။ သမီးက အမေ့ရဲ့ အကြွေးတွေကို ဆပ်ရမှာ သဘာဝပဲလေ။”
“ဒါမှ ကိုယ့်ရဲ့ ရင်းနီပဲ။ တကယ်ကို ထူးခြားတယ်” ချန်လွေ့က ရင်းနီ၏ ခါးကို လက်ဖြင့် ပွေ့ဖက်လိုက်ပြီး ဆွဲဆောင်မှုရှိသော ရနံ့ကို ရှူရှိုက် လိုက်သည်။ “ကိုယ် ရုတ်တရက် ‘အခါးရည်’ သောက်ချင်လာတယ်။ ကိုယ့်ကို အဖော်ပြုဖို့ မိန်းမလှလေးကို ဖိတ်ခေါ်နိုင်မလား သိချင်မိတယ်။”
“ဟွန့်..ဟွန့် ရှင်က လက်ဖက်ရည် လုပ်မယ်ဆိုရင်တော့…”
“မင်းရဲ့ဆန္ဒက ကိုယ့်ဓားသွားရဲ့ ဦးတည်ရာပါပဲ မိန်းမလှလေး...”
“…”
လရောင်အောက် လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မှီလျက် တဖြည်းဖြည်း လမ်းလျှောက်သွားပြီး အရိပ်များက တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားကြသည်။
နောက်ရက်များတွင် တစ်ဖနီသည် အရိပ်ထဲတွင် တွေဝေစွာ ထိုင်မနေ တော့သော်လည်း နေ့စဉ် အချိန် အများစုကို အခန်းထဲ အောင်းနေပြီး စားသောက်နေခဲ့သည်။ လူတိုင်းနှင့် တွေ့ဆုံရန် စိုးရိမ်နေပုံရသည်။
ပြောင်းလဲရန် အခွင့်အရေးက တစ်နေ့သော မွန်းလွဲပိုင်း၌ ဖြစ်သွား ခဲ့လေသည်။ မစ်-သော်သော်က သရုပ်ဆောင် ကစားပွဲတွင် ပါဝင်ရန် အော်ဟစ်လိုက်သည်။ သို့သော် လူတစ်ယောက် လိုအပ်နေခဲ့သည်။ တစ်ဖနီက နောက်ဆုံးတွင် မစ်-သော်သော် ကိုယ်တိုင်၏ ဖိတ်ခေါ်မှု အောက်တွင် ပါဝင်ခဲ့သည်။
စကား အနည်းငယ်သာ ဖြစ်ပြီး စိတ်လှုပ်ရှားနေခြင်းကြောင့် စကား အမှားများ ပြောခဲ့သော်လည်း ၎င်းက တစ်ဖနီ မှတ်မိသမျှတွင် အပျော်ဆုံး နှင့် အအေးချမ်းဆုံးသော မွန်းလွဲပိုင်း ဖြစ်ခဲ့သည်။
ထိုနေ့ ညစာ စားပွဲတွင် တစ်ဖနီ ပထမဆုံး ပေါ်လာခဲ့လေသည်။
ထိုအချိန်မှစပြီးနောက် တစ်ဖနီက စကားသိပ်မပြောသော်လည်း သူက အပြင်လူ မဟုတ်တော့ပေ။
၇ရက် အကြာတွင် တစ်ဖနီက နောက်ဆုံးတွင် ချန်လွေ့နှင့်အတူ ကြယ်ကြွေတမန် အင်ပါယာသို့ လိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။ ချန်လွေ့ ပြောခဲ့သလိုပင် အချို့ အရာများက အနှေးနှင့်အမြန်ပင် ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် သူက တဘဝလုံး အတွေ့အကြုံကို သက်ရောက်စေမည့် နတ်ဝင်သည် ဖြစ်ခဲ့သော ထိုနေ့ရက်များကို လုံးဝ မေ့လိမ့်မည် မဟုတ်ပေ။
လူတိုင်း နှုတ်ဆက်သော အခါတွင် တစ်ဖနီက ငိုခဲ့သည်။
အလွန် ဝမ်းနည်းစွာ ငိုနေခဲ့သည်။
သော်သော်လည်း သူနှင့် အတူ အော်ငိုခဲ့သည်။
ထို့နောက် တစ်ဖနီက ချန်လွေ့နှင့် အတူ သက်တန့်တောင်ကြားမှ ကြယ်ကြွေတမန်အင်ပါယာ၏ အစွန်အဖျားသို့ နေရာလွတ်မှ တစ်ဆင့် ဝင်ခဲ့သည်။ မင်းသမီးလေး တစ်ယောက်လည်း လိုက်ပါခဲ့သည်။
မူလက ရှီရာသည် အဲလစ်ကို ကြယ်ကြွေတမန်အင်ပါယာ၏ ကောလိပ်အသစ်တွင် လေ့လာရန် စေခိုင်းခဲ့၏။ သို့သော် လိုလီလေးက ထိုသို့ ‘ထိန်းချုပ်ခံ’ ဘဝကို မလိုချင် သည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူက အမှောင်လမှ အသီနာဆီကို သွားရောက် လည်ပတ်ပြီး လုံးဝကို ပြန်မသွားခဲ့ပေ။ မူလ ၃ရက် အချိန်က ၁၀ရက်ကျော်အထိ ကြာသွားခဲ့သည်။ သည်းမခံနိုင်တော့သော ရှီရာသည် နောက်ဆုံး သတိပေးချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုတစ်ခေါက်တွင် ချန်လွေ့က သူကို ဖမ်းပြီး ပြန်ခေါ် လာခဲ့သည်။
အဲလစ်က ချန်လွေ့၏ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး တစ်စုံတစ်ရာ ပိုင်ဆိုင်မှုကို ကြေညာနေသကဲ့သို့ ဖြစ်သည်။ သို့သော် ဘေးနားမှ တစ်ဖနီက ဂရုမစိုက်ပေ။မင်းသမီး လိုလီလေး စိတ်ဓာတ်ကျနေခဲ့သည်။ သူ၏ တစ်ဖနီဘက်သို့ အကြည့်က သတိထားမှုဖြင့် ပြည့်နှက်နေ၏။ ဘာလို့ တစ်ဖနီက အစ်ကိုရဲ့ ဇနီး ဖြစ်လာနိုင်တာလဲ။ သူက ရိုင်ဇန်ရဲ့ သမီး ဖြစ်နေလို့လား။ သွေးရောင် အင်ပါယာဧကရီလောင်း ဖြစ်လို့လား။ အစ်ကိုနဲ့ ငါက ငယ်ချစ်ဦးတွေပဲလေ (မိမိဘာသာ ယူဆချက်)။ ဒုက္ခတွေ အများကြီးကို ဖြတ်ကျော်ပြီးတော့ အခုအထိ မအောင်မြင်သေးဘူး။ နမ်းတာက ချစ်တင်းနှောတာ အစလို့ စာအုပ်ထဲမှာ ပြောထားတယ်။ အဲဒါ မအောင်မြင်သေးဘူးဆိုတော့ ငါက ကြိုးစားရဦးမယ်။
ဒါပေမဲ့… ဒါပေမဲ့… ဘာလို့ တစ်ဖနီက ‘မစိုက်ပျိုးဘဲ ရိတ်သိမ်း’ နေရတာလဲ။
အမှန်တကယ်၌ အဲလစ်တွင် ထိုသို့ ဆိုးရွားသော ရည်ရွယ်ချက် မရှိခဲ့ပေ။ သူက တစ်ဖနီနှင့် အတူ ခုနက မျက်ရည်များစွာ ကျခဲ့သည်။
‘ရင်ပြားမိန်းကလေး’ အနေဖြင့် သူက တစ်ဖနီ ကဲ့သို့သော ‘ရင်ကြီးမိန်းကလေး’ ၏ ရန်သူများကို ရင်းနှီး၏။ သူတို့က မဟာမိတ်ဖွဲ့၍ ရနိုင်သော်လည်း ‘အစ်ကို’ နှင့် အရေးကြီး လက်ထပ် ထိမ်းမြားမှု ပါဝင်နေသည်။ ထို့ကြောင့် သူက အားနည်းချက် ပြသ၍ မဖြစ်ပေ။
‘ရင်ပြားမိန်းကလေး’က လွန်လွန်ကဲကဲ စိတ်ကူးယဉ်နေစဉ် ချန်လွေ့ ရုတ်တရက် အင်္ကျီလက်ကို လှန်တင်ပြီး လက်ကောက်ဝတ်မှ အဆင်တန်ဆာကို ကြည့်လိုက်၏။ ၎င်းက ထူးဆန်းသော အလင်းရောင် တစ်ခုကို လင်းလက်နေသည်။
ချန်လွေ့က အံ့အားသင့်နေသည့် အမူအရာကို ပြသလိုက်လေသည်။ အကြောင်းမှာ ထိုအရာက အရေးပေါ် အချက်ပြခြင်း ဖြစ်သောကြောင့်ပင်!
ထို့အပြင် ထိုသို့ အချက်ပြခြင်းကို ပေးပို့သူမှာ ရှီရာ ဖြစ်နေ၏!
၎င်းက ရုတ်တရက် ဖြစ်လွန်းပြီး မည်သို့ အရေးပေါ် အခြေအနေမျိုးက ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီ ရှီရာကို ထိုအချက်ပြခြင်းကို ဖွင့်ရန် ဖြစ်စေကြောင်း စိတ်မကူးနိုင်ခဲ့ပေ!
ချန်လွေ့၏ တုံ့ပြန်မှု အလွန်ပင် မြန်ဆန်ခဲ့သည်။ သူက ချက်ချင်းပင် နေရာလွတ် အဆောင်ပစ္စည်း ဖြစ်သော ကျက်သရေမျှော်စင်ကို အသက်သွင်းပြီး တစ်ဖနီနှင့် အဲလစ်ကို နေရာလွတ်ထဲ ထည့်ကာ ကြယ်ကြွေတမန်မြို့တော်ရှိ နန်းတော်သို့ အစွမ်းကုန် ရွှေ့ပြောင်း သွားတော့သည်။