← Chapters

ရွေးချယ်မှု

Vol. 65 Ch. 1044

ရွေးချယ်မှု

Vol. 65 Ch. 1044

လရောင်ဖျော့‌ဖျော့အောက်…

ထူထဲသော မီးခိုးများ ထွက်လာပြီး တောက်လောင်နေသော မီးများသည် ညကို နီနီရဲ ဖြစ်စေခဲ့သည်။

မြို့ထဲတွင် ထိတ်လန့် တကြား အော်ဟစ်ငိုယိုသံများ ပြည့်နေ၏။

မြင်းစီးနေသော မီးခိုးရောင် လူများ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ဆက်လက်ချီတက်နေသည်။ သူတို့၏ လက်ထဲမှ ဓားရှည်များက လမ်းတလျှောက်ရှိ အပြစ်မဲ့သော အသက်များကို အချိန်တိုင်း ရိတ်သိမ်း နေ၏။ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များပင် ခြွင်းချက် မရှိခဲ့ပေ။

သူတို့က မြင်းစီးဓားပြများပင်။

လွန်ခဲ့သော နှစ်များက မြို့၏ ခုခံကာကွယ်မှု အင်အားကြောင့် မြင်းစီးဓားပြများက မြို့တွင်းသို့ ဖောက်ထွင်းရန် ခက်ခဲခဲ့ကြသည်။ သို့သော် လက်တလော နှစ်များတွင် ဆူပူအုံကြွမှုများ မရပ်တန့်ခဲ့ပေ။ မြို့က စစ်ဘေးကြောင့် ဖျက်ဆီးခံခဲ့ ရသည်။ လူငယ်နှင့် လူလတ်ပိုင်း အများစု အသတ်ခံရပြီး ဒဏ်ရာရခဲ့ ကြသည်။

မြို့သူ မြို့သား အနည်းငယ်က ခုခံရန် ရပ်တည်ခဲ့ ကြသော်လည်း အင်အား နည်းပါးမှုကြောင့် အမြန်ပင် အသတ်ခံခဲ့ကြရသည်။ ထိုအရာကို မြင်ပြီးနောက် ကျန်သောသူများသည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားပြီး နေရာအနှံ့သို့ ထွက်ပြေးခဲ့ကြသည်။

မြင်းစီးဓားပြများက ထူးဆန်းသော အသံဖြင့် လေချွန်သံ ပြုခဲ့ကြပြီး မြို့သူ/သားများကို ခေါင်းဖြတ်ကား ပစ္စည်းများ လုယက်ခဲ့ ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မီးကျည်များ ပစ်ခတ်ခဲ့ပြီး အိမ်များကို မီးရှို့ကာ ပို၍ပင် ရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့သည်။ ခြွင်းချက်အဖြစ် ကယ်တင်ခံရသူများမှာ လှပသော အမျိုးသမီးများသာ ဖြစ်ကြသည်။ ထိုအမျိုးသမီးများကို ခေါ်ဆောင် သွားပြီး သူတို့၏ ကာမဆန္ဒကို ဖြေဖျောက်ရန် ကျွန်ပြုခဲ့သည်။ နောက်ဆုံး အရှက်ရပြီး သေဆုံးရမည့် ဘဝတစ်ခုသာ ကျန်ခဲ့၏။

ခြံဝင်းတစ်ခုတွင် ပတ်ဝန်းကျင် တစ်ခုလုံး မီးဝိုင်းထား၏။ အပြင်သို့ ပြေးထွက်၍ မရနိုင်ပေ။ အမျိုးသမီး တစ်ဦးက ကလေးငယ်ကို ပွေ့ချီကာ အကူအညီ အော်၍တောင်းနေ၏။ သို့သော် အပြင်ဘက်ရှိ လူများသည် သူတို့ကိုယ်သူတို့ပင် မကယ်တင်နိုင် လောက်အောင် အလုပ်ရှုပ်နေကြရာ မည်သူမျှ မလာနိုင်ခဲ့ပေ။

ပူနွေးသောလေနှင့် မီးခိုးလုံးကြီး များကြောင့် အကူအညီ အတွက် အော်ဟစ်သံများ တဖြည်းဖြည်း တိုးတိတ်သွားသည်။ ထိုမြင်ကွင်းက တစ်ဖနီ၏ အသက်ရှုသံကို ပိုမို၍ ပြင်းထန်စေခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်သော အလင်းရောင်နှင့် လောင်ကျွမ်းနေပြီး မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားနေ၏။ သို့သော် မည်မျှပင် ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်လေသည်။

သူ့အတွက် လောကကြီးသည် ပုံရိပ်ယောင် တစ်ခုလို ဖြစ်နေ၏။ သို့သော် ပုံရိပ်ယောင် မဟုတ်ဘဲ အမှန်တကယ် ဖြစ်ကြောင်း သူ ခံစားနိုင်လေသည်။

သို့သော် ‘နတ်ဝင်သည်’ အနေဖြင့် သူက ဘေးမှ ပွဲကြည့် တစ်ဦးနှင့်သာ တူနေသည်။ သူ၏ လောကကြီးကို ဝင်ရောက်စွက်ဖက်နိုင်စွမ်းသည် အတော်လေး အကန့်အသတ် ရှိသည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် အလွန်ဆုံး တစ်ကြိမ်သာ ဖြစ်သည်။ နေ့ခင်းဘက် အခြားနေရာ တစ်ခုတွင် ဒဏ်ရာရသူများကို ကယ်တင်စဉ် ထိုစွမ်းရည်ကို သူ အသုံးပြုခဲ့ပြီးသား ဖြစ်သည်။

အနီးနားရှိ ယုံကြည်မှု မျှော်စင်က စစ်ဘေးကြောင့် မဖျက်ဆီးခံရလျှင်၊ ထိုမြို့/မြို့သားများ၏ နှလုံးသားထဲရှိ သက်ဆိုင်ရာ ယုံကြည်မှုများ ရှိလျှင် သူက အပိုစွမ်းအားများကို သုံးနိုင်ပြီး အချို့အရာများကို ပြောင်းလဲနိုင်၏။ ကံမကောင်းစွာပင် အတိတ်တွင် ဆင်းရဲဒုက္ခများ ဖြတ်သန်းပြီးနောက် ရွာသားများ အကြား ယုံကြည်မှုက ကြီးကြီးမားမား ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် ထိုအရာများ အားလုံး ဖြစ်ပျက်နေသည်ကို တစ်ဖနီက မည်သည့်မှ မလုပ်နိုင်ဘဲ ကြည့်နေရုံ တတ်နိုင်တော့သည်။

ထိုအမျိုးသမီးက နောက်ဆုံးတွင် ကလေးငယ်ကို သူ၏ ကိုယ်ခန္ဓာဖြင့် ကာကွယ်ခဲ့သော်လည်း ကြေကွဲဖွယ် ကံကြမ္မာကို ပြောင်းလဲ နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် သူက ခြံဝင်း တစ်ခုလုံးနှင့် အတူ ပြာဖြစ် သွားခဲ့သည်။

တစ်ဖနီက လက်သီးကို ကျစ်ကျစ် ဆုပ်ထားလိုက်သည်။ သူက ဝိဉာဉ် ဖြစ်တည်မှုသာ မဟုတ်လျှင် လက်သီး ဆုပ်ထားမှုကြောင့် သွေးထွက်နေပြီ ဖြစ်သည်။

---

အခြားတစ်ဖက်မှ မြင်းဟီသံ ထွက်ပေါ်လာပြီး အဘိုးအို တစ်ဦး ထိတ်လန့်တကြား ရပ်နေလေသည်။ သူ့ မျက်လုံး သူငယ်အိမ်ထဲ၌ ဓားရှည် ဝှေ့ရမ်းသွားခြင်းက ရောင်ပြန်ဟပ် သွားသည်။ အေးစက်သော သေခြင်း တရား အလင်းရောင်က လက်ခနဲ ဖြစ်သွား၏။

သွေးများ နေရာအနှံ့ ပြန့်ကျဲ သွားခဲ့လေသည်။ မုတ်ဆိတ်ဖြူနှင့် ဦးခေါင်းက လေပေါ်သို့ မြောက်တက် သွားပြီး ခေါင်းမပါသော ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လဲကျသွားခဲ့သည်။ မြင်းစီးဓားပြအချို့က ရယ်မောရင်း မြင်းများစီးနေရင်း ဆက်လက်၍ ပြေးသွားကြသည်။ သူတို့သည် ခဏအကြာ ပစ်မှတ် အသစ်တစ်ခုကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ ကလေး အများအပြားနှင့်အတူ ထွက်ပြေးရန် ကြိုးစားနေသည့် စုံတွဲ တစ်တွဲပင်။

ရှေ့ဆုံးမှ မြင်းစီးဓားပြက မြင်းကို ရပ်လိုက်ပြီး နောက်ကျောမှ လေးနှင့် မြားကို ထုတ်ယူလိုက်သည်။ သူက ရှေ့မှ ပြေးနေသော ကလေးကို ချိန်ထားလိုက်သည်။

ထိုအချိန် ကောင်းကင်မှ ရွှေရောင် အလင်းရောင်လေးတစ်ခု ထွန်းလင်း လာပြီး မြို့ကို ချက်ချင်း တောက်ပ စေခဲ့သည်။ ရွှေရောင်အလင်းတန်း ထွန်းလင်းလာသည့် နေရာတိုင်းတွင် မီးများ လုံးဝ ငြိမ်းသွားခဲ့ပြီး ဒဏ်ရာ ရရှိထားသော မြို့သူ/သားများက ဖြည်းဖြည်းချင်း ပြန်လည် သက်သာ လာခဲ့ကြသည်။

မြို့သူ/သားများက စိတ်ဓာတ် တက်ကြွလာပြီး ‘အံ့သြဖွယ်ရာ’ ဟု တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ခဲ့ကြသည်။ သူတို့၏ စိတ်ဓာတ်များတွင် အထူးစွမ်းအား တစ်ခုဖြင့် အားပေးခံရသောကြောင့် အချို့ ရဲရင့်သူများက စတင်ခုခံပြီး တိုက်ခိုက်လာကြသည်။ တုတ်များ၊ ပုဆိန်များနှင့် မီးလောင်လွယ်သော အရာဝတ္ထုများကို ပစ်ပေါက်ကာ တိုက်ခိုက်ခဲ့ကြသည်။ မကြာမီ လူများ ပိုပို၍ ပါဝင်လာကြသည်။ မြင်းစီး ဓားပြများ ချက်ချင်းပင် ထိတ်လန့် သွားခဲ့ကြသည်။ မြင်းစီးဓားပြများက သူတို့၏မြင်းများ ထိတ်လန့်သွားခြင်း နှင့် တိုက်ခိုက်ခံရခြင်း တို့ကြောင့် ပြန်ကန်ချခံခဲ့ရသည်။ အချို့က မီးလောင်နေသော အရာဝတ္ထုများ ထိမှန်ပြီး မီးလောင်ခဲ့ကြလေသည်။ ပူးပေါင်းကြိုးပမ်းမှုဖြင့် မြင်းစီးဓားပြ အများစုကို သတ်ပစ်နိုင်ခဲ့သည်။ တစ်ယောက်နှစ်ယောက်သာ ခွေးလို ထွက်ပြေးနိုင်ခဲ့သည်။

မြို့သူ/သားများ၏ အားပေးသံကို နားထောင်ရင်း တစ်ဖနီက တင်းမာ နေသော နှလုံးသားကို နောက်ဆုံး လွှတ်ချလိုက်ပြီး သူ့ဘေးနားတွင် ပေါ်လာသော ဗာရိုနီကာကို ကျေးဇူး တင်စိတ်ဖြင့် ကြည့်လိုက်သည်။

ဗာရိုနီကာက သူ့ကို နူးညံ့စွာ ပြုံးပြလိုက်သည်။ “တကယ်တော့ ငါက နင်နဲ့ ဆင်တူတယ်ဆိုတာကို နင် သိသင့်တယ်။ ငါ့ရဲ့ စွမ်းအားက အကန့်အသတ် ရှိတယ်။ ဒီလူတွေ ရန်သူကို အနိုင်ယူနိုင်တဲ့ အကြောင်းရင်းက သူတို့ရဲ့ ကိုယ်ပိုင် ခွန်အား အပေါ်မှာ ပိုပြီးတော့ မူတည်တယ်။ ယုံကြည်မှုနဲ့ မျှော်လင့်ချက် ရှိမှပဲ စွမ်းအားရှိတာ။”

တစ်ဖနီက တစ်ခုခုကို သဘောပေါက်သွားပုံရပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဗာရိုနီကာက သူ၏လက်ကို ညင်သာစွာ ဆုပ်ကိုင် လိုက်၏။ “အချိန်ကုန်တော့မယ်။ ငါတို့ သွားသင့်ပြီ။”

တစ်ဖနီ၏ ဆုပ်ကိုင်ထားသော လက်က အနည်းငယ် တုန်ယင် သွားခဲ့သည်။ သူက ဗာရိုနီကာ၏ အားပေးသော အကြည့်ကို ကြည့်ပြီး နောက်ဆုံးတွင် မလွတ်မြောက်ခဲ့ပေ။ သူတို့ နှစ်ဦး၏ ပုံစံက တဖြည်းဖြည်း မှေးမှိန်ပြီး ပျောက်ကွယ်သွား၏။

မျက်စိတစ်မှိတ်အတွင်း နေရာလွတ်အကွာအဝေးများစွာကို ဖြတ်ကျော်ပြီးနောက် သူတို့က ကြယ်စင်စု နတ်ဘုရားကျောင်းသို့ ပြန်ရောက်လာခဲ့ကြသည်။

“ဒီနေ့ နောက်ဆုံးနေ့၊ ဟုတ်တယ် မလား။” ဗာရိုနီကာက မြင့်မားသော ယုံကြည်မှု မျှော်စင်ကို ကြည့်ပြီး မေးလိုက်သည်။

“အင်း...” စကားလုံးများ မများလှ သော်လည်း ဗာရိုနီကာ အရှေ့တွင် တစ်ဖနီသည် ဆိတ်ဆိတ်နေခြင်း မရှိတော့ပေ။

“အပို ပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နင့်နှလုံးသားကို တည့်တည့် ကြည့်ပြီးတော့ နောက်ဆုံး ရွေးချယ်မှု လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

တစ်ဖနီ ခေါင်းညိတ် လိုက်သည်။ သူက ဗာရိုနီကာထက် အသက် ပိုကြီးသော်လည်း ဗာရိုနီကာရှေ့တွင် ဂရုစိုက်မှု လိုအပ်နေသော ကလေး တစ်ဦးနှင့် တူနေသည်။

ဗာရိုနီကာတွင်လည်း ထိုကဲ့သို့ ခံစားချက်မျိုး ရှိသည်။ တကယ်တမ်း သူသည် ‘နတ်ဝင်သည်’ အဖြစ် တစ်ဖနီနှင့် အတူ ဂြိုဟ်တစ်ခုသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်က ချန်လွေ့ ပြောခဲ့သော ‘အသက်ရှင်ဖို့ သတ္တိ ဆုံးရှုံးသွားသော’ မိန်းကလေး တစ်ဖနီကို စောင့်ကြည့်ခဲ့သည်။

ထိုဂြိုဟ်ပေါ် သူတို့ ကြီးမားသော သဘာဝ ဘေးအန္တရာယ် တစ်ခုကို မြင်တွေ့ခဲ့ရသည်။ လူပေါင်းများစွာ နာကျင်မှုနှင့် စိတ်ပျက် အားငယ်မှု ခံစားနေကြရသည်။ နေရာတိုင်းတွင် အငတ်ဘေးနှင့် ဝမ်းနည်းပူဆွေးမှုများ ရှိသည်။ အလွန်အမင်း ဝမ်းနည်းဖွယ် အဖြစ်ဆိုးကို စာနှင့် စကားလုံးများ ဖြင့်ပင် ဖော်ပြရန် မဖြစ်နိုင်ပေ။

တစ်ဖနီသည် ယခင်က တိတ်တဆိတ်သာ စောင့်ကြည့် နေခဲ့သည်။ သို့သော် မြင်ကွင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ မိဘများက သူတို့၏ ကလေးများကို အစာနှင့် လဲလှယ်နေသည်ကို မြင်သောအခါ နောက်ဆုံးတွင် သူ၏ မျက်ရည်များ မထိန်းနိုင်ဘဲ စီးကျလာတော့သည်။

ထို့နောက် တစ်ဖနီက ဗာရိုနီကာ အနောက်ကို တိတ်တဆိတ် လိုက်သွားခဲ့ပြီး ထိုနစ်နာသူများကို အားပေးရန်နှင့် အကူအညီ ပေးနိုင်ရန် အတွက် အကန့်အသတ် စွမ်းအား အသုံးချနိုင်ရန် သင်ယူနေခဲ့သည်။

ဗာရိုနီကာက ထိုအရာကို အလွန် ကျေနပ်နေခဲ့သည်။ အကြောင်းမှာ လူအချို့ မျှော်လင့်ချက်မဲ့နေသော အခါ အခြားလူများ၏ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုကို မြင်သောအခါ ဆန့်ကျင်ဘက် အနေဖြင့် သူတို့၏ နာကျင်မှုများ သက်သာရာရသွားမည် ဖြစ်သည်။ သူတို့က ကိုယ်ပိုင် နာကျင်မှုကို သက်သာစေရန်အတွက် အခြားသူများ၏ နာကျင်မှုများကို ဖန်တီးရန်ပင် ကြိုးစားပေလိမ့်မည်။

ဗာရိုနီကာ ကိုယ်တိုင် ထိုအချိန်က ထိုသို့ အတွေ့အကြုံ ရှိခဲ့သည်။ ကံကောင်းစွာပင် ထိုမိန်းကလေးက မျှော်လင့်ချက်မဲ့နေသော အသူရာ ချောက်နက်ထဲ ကျသွားခဲ့သော်လည်း နှလုံးသားထဲတွင် နေရောင်ခြည်၏ အစိတ်အပိုင်းတစ်ခု ကျန်နေသေး၏။ သူ ဖြစ်ခဲ့ဖူး သလိုမျိုးပင်။

သူ မြင်တွေ့ရှိခဲ့ရသော စမ်းသပ်မှု များစွာနှင့် ယှဉ်ပါက အချို့သော အတွေ့အကြုံများမှာ တကယ်တမ်း ဘာမှ မဟုတ်ကြပေ။ ၎င်းတို့သည် စကြဝဠာထဲ၌ အသက်မီးတောက် သဖွယ် ဝေဝေဝါးဝါးနှင့် ခဏမျှသာ ဖြစ်လေသည်။

တဒင်္ဂအလှများ ဖြစ်သည့်တိုင် အသက်ရှင်နေခြင်း ကိုယ်တိုင်က အဓိပ္ပာယ်တစ်ခု ဖြစ်သည်။

ဘဝက တိုတောင်းသော်လည်း အလွန်ရှည်လျား၏။ မွေးဖွားခြင်းမှ သေဆုံးသည်အထိ လူတစ်ဦးသည် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် ဒေါသများ အဆုံးမရှိ ခံစားရမည် ဖြစ်သည်။ အဆင့် တစ်ခုစီတွင် မတူညီသော အာရုံများ၊ ခံစားချက်များနှင့် နားလည်မှုများ ရှိပေလိမ့်မည်။

ယနေ့ အမှန်တရားက မနက်ဖြန် အတွက် နှိုင်းရကာလ တစ်ခုသာ ဖြစ်နိုင်သည်။ ယုံကြည်မှုနှင့် မျှော်လင့်ချက် ရှိသရွေ့ လူတစ်ဦးက စိတ်ဒဏ်ရာမှ ပြန်လွတ်မြောက် လာမည် ဖြစ်သည်။

ဗာရိုနီကာ၏ လမ်းညွှန်မှုအောက် တစ်ဖနီက နတ်ဝင်သည်စွမ်းအားကို အသက်သွင်းရန် လျှို့ဝှက်ချက်များ တတ်မြောက်ခဲ့သည်။ ထို့နောက် သူက ပထမဆုံး စကားလုံးကို ပြောခဲ့သည်။ ‘ကျေးဇူးတင်ပါတယ်...’

နောက်ရက်များတွင် တစ်ဖနီက နှလုံးသားထဲမှ နာကျင်မှုကို ခဏ မေ့ထားလိုက်ပုံ ရသည်။ သူက ‘နတ်ဝင်သည်’ အဖြစ် ယုံကြည်မှုကို ဖြန့်ဝေပြီး အားနည်းသောသူများကို ထောက်ပံ့ပေးရန် အတွက်သာ သူကိုယ်သူ မြှုပ်နှံထားခဲ့သည်။

ဗာရိုနီကာက သူသည် ခဏမျှသာ ‘မေ့သွား’ပြီး တကယ် လွှတ်ချနိုင်ခြင်း မရှိသေးကြောင်း သိသည်။ သို့သော် သူက အခြားသူများကို မျှော်လင့်ချက် တည်ဆောက်ရာတွင် ကူညီပေးသည့် လုပ်ငန်းစဉ်တွင် သူ၏ နှလုံးသားက မျှော်လင့်ချက်ကို အမှန်တကယ် ထိတွေ့လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ၎င်းက အောင်မြင်သော အစတစ်ခု ဖြစ်လေသည်။

နောက်ဆုံးသော နှစ်ရက်တွင် နတ်ဝင်သည် စွမ်းအားကို အပြည့်အဝ တတ်မြောက်ထားသော တစ်ဖနီနှင့် ဗာရိုနီကာတို့ ခွဲခွာခဲ့သည်။ သို့သော် အတွေ့အကြုံမရှိခြင်းကြောင့် တစ်ဖနီက အကန့်အသတ်ရှိသော စွမ်းအားဖြန့်ဝေရန်အတွက် အားနည်းချက်အချို့ ရှိနေသေးသည်။ ထို့ကြောင့် ခုနက မြင်ကွင်းများ ပေါ်လာခဲ့လေသည်။

“ဗာရိုနီကာ…”

“အင်း...”

“လူတစ်ယောက်က ဘဝကြီးမှာ ရည်ရွယ်ချက်ကို ဆုံးရှုံးလိုက်ရရင် ဘယ်လိုလုပ်မလဲ...”

“ငါလည်း အရင်က ဆုံးရှုံးခဲ့ ဖူးတယ်။ ဒါပေမဲ့ ဆုံးရှုံးသွားတာက အားလုံး မဟုတ်ဘူး။ အချို့အရာက နင်နဲ့ မသက်ဆိုင်ဘူး။ နင် ကျေးဇူး တင်သင့်တယ်… ငါရဲ့ အတွေ့အကြုံ အရတော့ စိတ်ကို ဆွဲဆန့်ပြီးတော့ ပိုအရေးကြီးတဲ့ ဘဝရည်ရွယ်ချက် တစ်ခုကို ရှာဖွေလိုက်။ ပြီးတော့ အတိတ်က ဆုံးရှုံးမှုအချို့ကို လွှတ်ချဖို့ သင်ယူရတာပဲ။”

“အင်း…”

ဗာရိုနီကာနှင့် တစ်ဖနီ တို့သည် စကားပြောနေရင်း ကြယ်စင်စု နတ်ဘုရားကျောင်းဆီသို့ လက်ချင်း ကိုင်ပြီး လမ်းလျှောက်လာသော အခိုက်တွင် တံခါးဝဆီကို ချန်လွေ့ ရောက်လာကြောင်း မြင်လိုက်ရ၏။

“ချန်လွေ့။ နင်က ကွက်တိ ရောက်လာတာပဲ။”

“ကွက်တိ ရောက်တာ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်က ထပ်ပြီးတော့ မစောင့်နိုင်တော့တာ။” ချန်လွေ့၏ မျက်လုံးများက သူတို့ လက်ချင်း ကိုင်ထားသည်ကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။ “ကျေနပ်စရာ ကောင်းတဲ့ အပြောင်းအလဲတွေကို မြင်ရလို့ ကျုပ် ဝမ်းသာရပါတယ်။ ကောင်းပြီ။ တစ်ဖနီ အခု နောက်ဆုံး အချိန်ပဲ။ မင်း ဆုံးဖြတ်ချက်မချခင် ငါ ပြောပြပါရစေ။ မိတ်ဆွေတစ်ယောက် အနေနဲ့ အာ.. ဒီမိတ်ဆွေဆိုတာက ငါ့ရဲ့ တစ်ကိုယ်တည်း ဆန္ဒ ဖြစ်ချင် ဖြစ်နေလိမ့်မယ်… ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် မင်းရဲ့ ရွေးချယ်မှုကို ငါ လေးစားမှာပါ။”

တစ်ဖနီ ခေါင်းငုံ့လိုက်ပြီး သူ၏ နှုတ်ခမ်းများကို လှုပ်ရှားလိုက်သည်။ နောက်ဆုံး သူက ပြောလိုက်၏။ “ကျွန်မ ဒီမှာပဲ နေချင်တယ် ဆိုရင်ကော...”

“ဒါဆို မင်း ဒီကနေ ထွက်သွားဖို့ အခွင့်အရေး ထာဝရ ဆုံးရှုံးလိမ့်မယ်။”

တစ်ဖနီက ခေါင်းမော့လိုက်သည်။ “ဒီကနေ ထွက်သွားရင်ကော ကျွန်မ ရှင့်ကို ဘာလုပ်ပေးနိုင်မှာလဲ။”

ဗာရိုနီကာက အနည်းငယ် ပြုံးလိုက်သည်။ တစ်စုံတစ်ဦးသော ‘မိတ်ဆွေ’က တစ်ကိုယ်တည်း ဆန္ဒ ဟုတ်ပုံမရပေ။

“မင်း တစ်ခုခုကို အရင်ကတည်းက သိထားပြီးပြီလို့ ယုံကြည်ပါတယ်။ ပိုပြီး အတိအကျပြောရရင် မင်းက သွေးရောင် အင်ပါယာရဲ့ ဧကရီ ဖြစ်လာမယ်။ ပြီးတော့…” ချန်လွေ့ ပခုံးတွန့်လိုက်သည်။ “မင်းက ငါ့ရဲ့ မိန်းမ ဖြစ်လာမယ်။ ဒါက အင်ပါယာ သုံးခုရဲ့ မဟာမိတ် အခြေအနေပဲ။ တကယ်ကို စိတ်မကောင်းပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက နိုင်ငံရေးအရ လက်ထပ်ပွဲတစ်ခုပါ။”

တစ်ဖနီက တိတ်ဆိတ် သွားခဲ့ပြီး မည်သည့် စကားမှ မပြောခဲ့ပေ။

“သူ ဒီမှာပဲ နေချင်သေးတယ်လို့ ကျွန်မ ထင်တယ်။” ဗာရိုနီကာသည် ချန်လွေ့ကို မမျှော်လင့်ထားသော တစ်စုံတစ်ရာကို ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ နေထိုင်ခြင်းက သူ့ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်ပြီးတော့ ရစေနိုင်လို့ပဲ။”

တစ်ဖနီ ခေါင်းညိတ် လိုက်သည်။ သို့သော်လည်း ဗာရိုနီကာ၏ လေသံ ပြောင်းလဲသွား၏။ “ဒါပေမဲ့ တစ်ဖနီ၊ နင် စဉ်းစားဖူးလား။ နတ်ဝင်သည် တစ်ယောက် အနေနဲ့ ငါတို့က အကန့်အသတ်ရှိတဲ့ စွမ်းအားတွေပဲ ထုတ်ဖော်နိုင်တယ်။ ဒါပေမဲ့ နင်က ဧကရီ ဖြစ်နေရင်ကော...”

တစ်ဖနီ တုန်လှုပ်သွားခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ဉာဏ်အလင်း ပွင့်သွားပုံရသည်။

“ပြီးတော့ နင် တစ်ယောက်တည်း မဟုတ်ဘူး။ ငါက နင့်ကို ကူညီလို့ မရပေမဲ့ နင့်နားမှာ အမြဲ ရှိနေမှာပါ။” ဗာရိုနီကာက လက်ကို ခါယမ်းပြီး ချန်လွေ့ကို ကြည့်လိုက်၏။ “ပြီးတော့ နင့်မိတ်ဆွေက ငါ တစ်ယောက်တည်း မဟုတ်ဘူး။ ရှင် သူ့ကို ဂရုစိုက်ပြီး ကာကွယ်ပေးမယ်။ ဟုတ်တယ်မလား ချန်လွေ့...”

“ကတိပေးပါတယ်”

ထိုစကားလုံး၏ လေသံက အလွန် လေးနက်သည်။ တစ်ဖနီက သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံး မြင်ကွင်းကို တွေးလိုက်မိသည်။ ကမ်းထားသော လက်နှင့် ‘ငါ့နောက်လိုက်ခဲ့’ ဟူ‌သော စကား ဖြစ်သည်။

ထိုသူက သူဆီသို့ လက်ကို တဖန် ကမ်းလိုက်ပြန်သည်။ အမှတ်တရ ပထဲမှ မြင်ကွင်းတချို့ ထပ်သွား သလိုမျိုးပင် တစ်ဖနီ၏ နှလုံးသားက မရည်ရွယ်ဘဲ အနည်းငယ် မြန်မြန် ခုန်လာခဲ့သည်။

တဖြည်းဖြည်းနှင့် တွေဝေနေသော လက်ချောင်းထိပ်က နွေးထွေးမှုနှင့် နောက်ဆုံး ထိတွေ့သွားခဲ့ပြီးနောက် သူ၏ အသိစိတ် ရုတ်တရက် ဝေဝါး သွားတော့သည်။

All Chapters