စစ်သင်္ဘောကြီး! အဆင့်(၅) မြို့ပြ အဂ္ဂိရတ် အဖွဲ့အစည်း
Vol. 65 Ch. 1043
ချန်လွေ့က တစ်ဖနီကို အချိန်တိုင်း ကြီးကြပ်မနေပေ။ ထိုသို့လုပ်ခြင်းက အကျိုးမရှိရုံသာမက ဆန့်ကျင်ဘက် ရလဒ်များပင် ထွက်ပေါ်လာနိုင်သည်။ အတွေ့အကြုံတူ ဗီရိုနီကာက လမ်းညွှန်ပေးသူအဖြစ် ရှိနေသဖြင့် တစ်ဖနီကို ပိုမို အကူအညီပေးနိုင် လိမ့်မည်ဟု သူ ယုံကြည်သည်။ အရေး အကြီးဆုံးက တစ်ဖနီသည် ပုံမှန် ပြန်ဖြစ်လာရပေမည်။
ယခုတွင် သူက ရေကန်ပြာ တောင်တန်းကြီးသို့ သွားတော့မည် ဖြစ်သည်။ ၎င်းသည် အမှောင်လ နယ်မြေနှင့် ကြယ်ကြွေတမန် အင်ပါယာ တစ်ခုလုံး အတွက် အလွန် အရေးကြီးသော အခြေစိုက် စခန်း တစ်ခု ဖြစ်သည်။
ယခင်က ၎င်းသည် အသက်ဓာတ် ရေစင်များနှင့် မြေဆီလွှာကို တိုးတက် စေသည့် ‘မှော်ဖော်မြူလာ’ ကို ‘ထုတ်လုပ်ပေး’ ခဲ့သော ‘ရတနာသိုက်’ နေရာတစ်ခု ဖြစ်သည်။ ထို ‘မှော်မြေဖော်မြူလာ’သည် ကောင်းကင်တမန်အင်ပါယာ၏ ကြီးမားသော သံတမန်ရေးရာ လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ မြေဆီလွှာ မကောင်းသော နေရာ များစွာကို တိုးတက် လုပ်ဆောင် နိုင်ခဲ့ပြီး နတ်ဆိုးဘုံ၏ စိုက်ပျိုးရေး တစ်ခုလုံးက အရည်အသွေးအရ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ၎င်းက စီးပွားရေး တိုးတက်လာခြင်းထက်ပင် မနိမ့်ကျပေ။
အသက်ဓာတ်ရေစင်က ကြယ်ကြွေတမန်အင်ပါယာ၏ ဆေးရည်ပညာရှင် အဖွဲ့အစည်းအတွက် အထူးသယံဇာတ ဖြစ်လာသည်။ ဆေးဖော်စပ်ခြင်းနှင့် ယန္တရားပညာ နှစ်ခုစလုံးတွင် မဟာဆရာသခင်ဘွဲ့ ရထားသူ ထယ်တင်းနစ်က ယခုအခါ အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဖြစ်နေပြီ ဖြစ်သည်။ အကျော်ကြားဆုံးသူမှာ ထယ်တင်းနစ်၏ တပည့် ဖြစ်သူ ‘အက်ဂ်ယော’ ဖြစ်ပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
သူက လျှို့ဝှက် ဆန်းကြယ်ပြီး မြင်တွေ့ရခဲသော်လည်း အဂ္ဂိရတ် ပညာရှင်အားလုံး ပြောဆိုနေကြသော ဒဏ္ဍာရီတစ်ခု ဖြစ်နေဆဲပင်။
ရေကန်ပြာတောင်တန်းကြီးသည် ပြိဿမျိုးနွယ်စု နေထိုင်ရာ ဖြစ်သည်။ အဲလစ် ပြောသည့် ‘NTR’ မဟုတ်ဘဲ တကယ် ပြိဿများ ဖြစ်သည်။ ထိုမျိုးနွယ်စုက အဓိကအားဖြင့် ရှီလန်တောင် မြေအောက် လောကမှ ချန်လွေ့ ခေါ်ခဲ့သော ပြိဿများဖြင့် ဖွဲ့စည်းထားသည်။ ဒေသအသီးသီးမှ လာရောက်၍ ခိုလှုံသူများကိုလည်း ပေါင်းစည်းထားသည်။ ၎င်းသည် ကြယ်ကြွေတမန်အင်ပါယာ၏ လက်နက်နှင့် သံချပ်ကာ ပန်းပဲပညာ အတွက် အကြီးဆုံး အခြေစိုက်စခန်း တစ်ခု ဖြစ်လာပြီး လူသားလောကမှ လူပုများနှင့် နှိုင်းယှဉ်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ၎င်းက ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်း ‘ကြယ်မြို့’အတွက် အရေးအကြီးဆုံး နေရာလည်း ဖြစ်သည်။
ရှေ့တွင် မတ်စောက်နေသော ချောက်တစ်ခု ရှိနေသည်။ ချန်လွေ့က သူ့ အရှေ့မှ မြင်ကွင်းကို ကြည့်၍ စိတ်မလှုပ်ရှားဘဲ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားပြီးနောက် မကြာမီ ချောက်ထဲသို့ ပျောက်ကွယ်သွားခဲ့၏။ ၎င်းက ပုံရိပ်ယောင် မဟုတ်ဘဲ၊ သက်ဆိုင်ရာ စိတ်ဝိညာ ဉ်စွမ်းအား ရှိသူများသာ ဝင်ရောက်နိုင်သော နေရာလွတ် အစီအရင် တစ်ခု ဖြစ်သည်။ အကယ်၍ အခြားသူ တစ်ဦးက ထိုလမ်းအတိုင်း သွားပါက ချောက်ကမ်းပါးထဲကို သေချာပေါက် ကျသွားမည် ဖြစ်သည်။
‘ချောက်ကမ်းပါး’ ထဲသို့ ဝင်ပြီး ရှည်လျားသော လမ်းကြောင်း တစ်ခုကို ဖြတ်သန်းသွားပြီးနောက် ကြီးမားလှပြီး တောက်ပနေသော အဆောက်အအုံ တစ်ခု အရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအရာက ငွေရောင်ကို အဓိက ထားသည့် မြို့တစ်မြို့ ဖြစ်သည်။ အပြင်ပိုင်းကို အထူးသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပုံ ရသည်။ ၎င်းကို မြို့တစ်မြို့ဟု ပြောရန်ထက် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးတို့ကို ပေါင်းစပ်ထားသော ဧရာမ သတ္တု ခံတပ်တစ်ခု ဟူ၍ ပြောဆိုခြင်းက ပို၍ သင့်လျော်ပေသည်။
ထိုအရာကတော့ အသစ်စက်စက် ‘ကြယ်မြို့’ပင်။
ချန်လွေ့ အနည်းငယ် အံ့သြသွား ခဲ့သည်။ ထို‘ခံတပ်’၏ ပုံစံသည် ပိုမို၍ ကြီးမားခမ်းနားနေပုံရသည်။ သို့သော် ယခင်က အဖွဲ့အစည်းကို အဆင့်မြှင့် ပြီးနောက် မြို့၏ အရွယ်အစားက များစွာ တိုးလာလေ့ ရှိသည်။ ဥပမာ အဆင့်(၂) အဖွဲ့အစည်း ရဲတိုက်မှ အဆင့်(၃) အဖွဲ့အစည်း မြို့သို့ အဆင့်မြှင့်တင်ခြင်း ကဲ့သို့ပင် ဖြစ်၏။ ချန်လွေ့က မုန်တိုင်းကျွန်းပေါ်တွင် မြင်တွေ့ခဲ့ရသော အဆင့်(၄) အဖွဲ့အစည်း မြို့ ‘ကောင်းကင်ဘီး’က မူလ အဆင့်(၃) အဖွဲ့စအည်း မြို့ ‘ကြယ်မြို့’ထက် များစွာ ပိုကြီးသည်။ သို့သော် သူ့ရှေ့မှ ‘ကြယ်မြို့’ သည် အဆင့်(၃) အဖွဲ့အစည်း၏ တဝက်ကျော်ခန့်ပင် ‘ကျုံ့’ နေပြီး ချဲ့ထွင်ခြင်း မရှိပေ။
ချန်လွေ့က အံ့အားသင့် သွား၏။ သူက တစ်လှမ်းချင်းစီ ရှေ့သို့ ဆက်လျှောက်သွားသည်။ ‘ကြယ်မြို့’ သည် အမြင့်ဆုံး ထိန်းချုပ်သူ၏ စိတ်ဝိညာဉ် အမှတ်အသားကို သိရှိပြီး ဖြစ်သောကြောင့် ရှေ့တွင် ရှိသော ငွေရောင်တံခါးက အလိုအလျောက် ပွင့်လာခဲ့သည်။ ချန်လွေ့ တံခါးဝသို့ ဝင်သွားပြီးနောက် သူ၏ မျက်လုံးများ လင်းလက်သွားသလို ခံစားရကာ အမြင်အာရုံက ရုတ်တရက် ဖြန့်ကျက် သွားခဲ့သည်။
ဂိတ်ပေါက်မှ ဝင်ပြီးနောက် အဓိက လမ်းမကြီးက အနည်းဆုံး မီတာ ၅၀ ကျယ်ပြီး ရှေ့သို့ တန်းတန်းမတ်မတ် ဦးတည်နေ၏ည။ နှစ်ဖက်စလုံးတွင် စစ်ရေးဆိုင်ရာ အဆောက်အအုံ အမျိုးမျိုး ရှိသည်။ ကြည့်လိုက်ပါက အဆုံးမရှိ သလိုမျိုးပင်။ ပထမဆုံး အမြင်မှာ ကြီးကျယ် ခမ်းနားမှု ဖြစ်သည်။ အပြင်မှ မြင်တွေ့ရသော ကျစ်လစ်သိပ်သည်းမှုမျိုးနှင့် မတူဘဲ အခြားလောကတစ်ခုသို့ ရောက်သွား သကဲ့သို့ ဖြစ်နေသည်။
‘အဆင့်(၅) မြို့ပြ အဂ္ဂိရတ် အဖွဲ့အစည်း! မြို့ပြ နေရာလွတ်!’ ထိုဝေါဟာရအသစ် နှစ်ခု ချန်လွေ့၏ စိတ်ထဲတွင် ပေါ်လာ၏။
နောက်ဆုံး တစ်ကြိမ်က သူသည် လူသား လောကမှ နတ်ဆိုးဘုံသို့ ခဏ ပြန်လာခဲ့ပြီး လူသားလောက၏ ဇစ်မြစ် အပိုင်းအစများကို မြေဒြပ်စင်ဘုရင် မိုးရီအား လွှဲပြောင်းပေးခဲ့ရာတွင် ဒဏ္ဍာရီလာ ရှေးဖြစ်ဟော အလူစီယာထံမှ အဂ္ဂိရတ်အဖွဲ့အစည်း၏ တန်ဖိုး အရှိဆုံးသော အဆင့်မြှင့်တင်ရေး ပစ္စည်းများလည်း သယ်ဆောင်ခဲ့၏။ ထိုပစ္စည်းများဖြင့် ‘ကြယ်မြို့’ကို လအနည်းငယ်ကြာ ပြုပြင်မွမ်းမံပြီး အဆင့်မြှင့်တင်ပြီးနောက် အဆင့်(၃) အဖွဲ့အစည်းမှ အဆင့်(၅) အဖွဲ့အစည်းသို့ တစ်ခါတည်းနှင့် အဆင့် နှစ်ဆင့် ခုန်တက်သွားခဲ့သည်။
အဂ္ဂိရတ်အဖွဲ့အစည်း၏ အဆင့်များမှာ ရဲတိုက် (အဆင့်၁ နှင့် အဆင့်၂)၊ မြို့ (အဆင့်၃ နှင့် အဆင့်၄)၊ မြို့ပြ (အဆင့် ၅) နှင့် မြို့တော် (အဆင့် ၆) ဟူ၍ အနိမ့်မှ အမြင့် ဖြစ်သည်။ အဆင့်တစ်ခုစီ အဆင့်မြှင့်တင်တိုင်း ကြီးမားသော ပြောင်းလဲမှုများ ရှိလာမည် ဖြစ်ပြီး ပို၍ အစွမ်းထက် လာမည် ဖြစ်သည်။
အဆင့်၅ ‘မြို့ပြ’ အဖွဲ့အစည်းက အရေးပါသော အမှတ်အသား တစ်ခု ဖြစ်ပြီး အမြင့်ဆုံး အဆင့်၆ မြို့တော် အဖွဲ့အစည်းတွင် အထူးခြားဆုံး လက္ခဏာရပ်များ ရှိသည်။ ထိုစဉ်က အဂ္ဂိရတ်အဖွဲ့အစည်း၌ တိုင်းပြည်နှင့် အင်ပါယာ မြောက်မြားစွာ ရှိခဲ့သော်လည်း အဓိက အင်ပါယာ ၄ခုတွင်သာ ‘မြို့တော်’ အဆင့်ရှိသော မြို့များ ရှိခဲ့သည်။
ချန်လွေ့ မြင်တွေ့ နေရသည့် အတိုင်းပင် ‘နေရာလွတ်’က အဆင့်၅ အဂ္ဂိရတ် မြို့တော်၏ ထူးခြားသော စွမ်းရည် တစ်ခုပင်။ အဂ္ဂိရတ် မြို့တော်တစ်ခုလုံးသည် အပေါ်ယံ မြင်တွေ့ရသော အရွယ်အစားထက် များစွာကျော်လွန်နေပြီး ကြီးမားသော ကိုယ်ပိုင်နေရာလွတ်တစ်ခု ဖြစ်လာ၏။ ၎င်းက လူနှင့် စစ်တပ် အမြောက်အမြားကို သယ်နိုင်စွမ်း ရှိလေသည်။
ထိုအချိန်တွင် ဧရာမတိုင်တန် နှစ်ဖွဲ့သည် လမ်းမကြီး နှစ်ဖက်လုံး၌ တစ်ဖက်တစ်ချက်စီတွင် ဒူးတစ်ဖက် ထောက်ကာ ပေါ်လာကြသည်။
ချန်လွေ့၏ မျက်လုံးများက အံ့အားသင့်စွာဖြင့် တိုင်တန်များကို ကြည့်လိုက်သည်။
တိုင်တန်အချို့ တိုင်းပြည်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်မှာ ထင်ရှားနေသည်။
တိုင်တန်များက အဆင့်တူ နဂါးများနှင့် နှိုင်းယှဉ်နိုင်သော တိုက်ခိုက်ရေး စွမ်းရည် ရှိရုံသာမက မုန်တိုင်းများနှင့် လျှပ်စီးများကို ထိန်းချုပ်ကာ အဝေး တိုက်ခိုက်မှုများ ပြုလုပ် နိုင်သေးသည်။ ၎င်းတို့ကို အဂ္ဂိရတ် အဖွဲ့အစည်း၏ အစွမ်း အထက်ဆုံး စစ်ယန္တရားများဟု ခေါ်ဆိုနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ အမြင့်ဆုံး အဆင့် ကန့်သတ်ချက်ပင်။ ၎င်းတို့သည် နတ်ဆိုးဧကရာဇ် ကန့်သတ်ချက်ကို မကျော်လွန်နိုင်ခဲ့ပေ။
ယခု ‘ကြယ်မြို့’သည် အဆင့်၅ သို့ အဆင့်တက် လာခဲ့သောကြောင့် အရေးအကြီးဆုံး အားနည်းချက်ကို အလိုအလျောက် ကျော်လွှားနိုင်ခဲ့ပြီး တိုင်းပြည်အဆင့် ရှောက်ရှိသွား၏။
ချန်လွေ့၏ အတွေးများ လှုပ်ရှား သွားခဲ့ပြီး ဗဟို ထိန်းချုပ်ရေး နန်းတော်ထဲသို့ ရောက်သွားခဲ့သည်။ ထိုနေရာရှိ နေရာလွတ်သည်လည်း များစွာ ချဲ့ထွင်ထား၏။ ၎င်းသည် ကြီးမားသော ခန်းမတစ်ခု ဖြစ်လာပြီး စိတ်ရှိသလို အဆောက်အအုံများကို အလိုလို ပြောင်းလဲနိုင်ပေသည်။
ပြောင်းလဲသွားသည်မှာ ပုံပန်း သွင်ပြင် တစ်ခုတည်း သာမက၊ နေရာလွတ် တစ်ခုလုံး၏ ဂုဏ်သတ္တိ များလည်း ပါဝင်သည်။ ‘ကြယ်မြို့’ တစ်ခုလုံး ဖျက်ဆီးခံ ရလျှင်ပင် ထိန်းချုပ်သူ၏ ခွင့်ပြုချက် မရှိဘဲ ပြင်ပလူများ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
“ကြိုဆိုပါတယ်။ သခင်...”
ချန်လွေ့၏ အရှေ့တွင် လှပသော မိန်းကလေး တစ်ဦး ပေါ်လာသည်။ သူသည် ရှေးဟောင်းပုံစံ ၀တ်စုံကို ဝတ်ဆင်ထားပြီး ထူးခြားနေသော ကျက်သရေကို ပြသနေ၏။
“သလင်းကျောက်ဇာမဏီလား။” ချန်လွေ့က မိန်းကလေး၏ သရုပ်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ခဲ့သည်။ သို့သော် သူ့ကို အံ့အားသင့်သွား စေသည်မှာ သလင်းကျောက် ဇာမဏီက ရုပ်ပုံယောင် မဟုတ်ဘဲ စွမ်းအင် ဖြစ်တည်မှု တစ်မျိုး၏ တည်ရှိမှု ဖြစ်နေပုံရသည်။
“ဟုတ်ပါတယ်။သခင်။” မိန်းကလေးက ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းကို ပြသလိုက်သည်။ သူ ဦးညွှတ်လိုက်ရာ ပွင့်နေသော ရင်ဘတ်နားမှ အလွန် နက်ရှိုင်းသော လျှိုမြောင်တစ်ခုကို ဖော်ပြနေခဲ့သည်။ မင်းသမီးလေးသာ ထိုနေရာတွင် ရှိနေပါက အတော်လေး ဒေါသထွက်ပေလိမ့်မည် ဖြစ်သည်။ နောက်ထပ် ရင်သားကြီး အမျိုးသမီး တစ်ယောက်!
“အဟမ်း...” ချန်လွေ့က ချောင်းဟန့်ပြီး ကြည့်လိုက်သည်။ “အဆင့်၅ အဖွဲ့အစည်း မြို့ပြကို အဆင့်မြှင့်တာ အောင်မြင်သွားပြီ။ ဟုတ်တယ်မလား။”
“ဟုတ်ပါတယ်။သခင်” မိန်းကလေးက လက်ကို ရိုသေစွာ မြှောက်လိုက်ရာ အလင်းမျက်နှာပြင် တစ်ခု ချန်လွေ့၏ အရှေ့တွင် ပေါ်လာသည်။ “ဒါက နောက်ဆုံးပေါ် မြို့ပြမြေပုံနဲ့ အဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေပါ။”
ချန်လွေ့က အလင်းမျက်နှာပြင်မှ အရာများကို ဂရုတစိုက် ကြည့်ပြီး တုန်လှုပ်ချောက်ချားသော အမူအရာ ပေါ်လာ၏။ သူက ထိုအဆင့်၅ အဂ္ဂိရတ် မြို့ပြကို ယခင်က အတော်လေး လျှော့တွက်ထားမိခြင်း ဖြစ်သည်။ ၎င်းက မြို့မဟုတ်ဘဲ... စစ်သင်္ဘောကြီး တစ်စင်းပင်။
အဆင့်၂ အဖွဲ့အစည်း ရဲတိုက် ဖြစ်စဉ်က ကြယ်မြို့သည် မှော်ဆရာ ခံတပ်ကို ဖြတ်ပျံသန်းခဲ့ပြီး သွေးစွန်း အင်ပါယာ စစ်တပ် တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုအရာက အကာ သက်သက်သာ ဖြစ်သည်။ ၎င်းကို ရိုင်ဇန်က လက်ဗလာဖြင့်ပင် ကြေမွသွားစေလုနီးပါး ဖြစ်ခဲ့သည်။
ယနေ့ အဆင့်၅ အဖွဲ့အစည်း မြို့ပြ မှာတော့ လုံးဝ ကွဲပြားနေပြီ ဖြစ်၏။ ၎င်းက ရေပေါ်တွင် ရွေ့လျားနေနိုင်ရုံ သာမက စစ်သင်္ဘောကြီး တစ်စင်း ကဲ့သို့ လေထဲတွင် လွတ်လပ်စွာ အရှိန်မြှင့်ခြင်း၊ အရှိန်လျှော့ခြင်းနှင့် ပျံသန်းနိုင်သေးသည်။ အမျိုးမျိုးသော အစွမ်းထက် လက်နက်များ တပ်ဆင် ထားရုံသာမက အဆင့်၅ အဖွဲ့အစည်း အထူး ‘နေရာလွတ်’ စွမ်းရည်ကို အသုံးချကာ အလှမ်းဝေး နေရာလွတ် ခုန်ကူးခြင်းများ လုပ်ဆောင်နိုင်၏။
အတိအကျဆိုရလျှင် ‘ကြယ်မြို့’က ယခုအခါ ဧရာမ စကြဝဠာ မိခင် သင်္ဘောကြီးတစ်စင်း ဖြစ်နေလေပြီ။
‘လေ့ကျင့်ရေး’ အဓိကထားသော မှော်လောက၏ သဘောတရား မဟုတ်တော့ဘဲ ချန်လွေ့ ယခင်ဘဝမှ ‘သိပ္ပံစိတ်ကူးယဉ်’အဖြစ် သိခဲ့သော အရာများ ဖြစ်နေလေပြီ။ အဂ္ဂိရတ် အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်မှ ကြည့်လျှင် မူလခန္ဓာကို လေ့ကျင့်ခြင်းအား စွန့်ပယ်ခဲ့ပြီ ဖြစ်သည်။ ‘ပြင်ပအရာများ’ကို ပိုမို၍ အားကိုးကြပြီး ၎င်းက သိပ္ပံပညာနှင့် အလားတူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။
ဧရာမ မိခင်သင်္ဘောကြီး တစ်စင်း ရန်သူ နောက်ဘက်တွင် လျှို့ဝှက်စွာ ပေါ်လာပြီး လေထီးခုန်သမား... အမ်... အဂ္ဂိရတ် အဖွဲ့အစည်း၏ စစ်သား အမြောက်အမြားကို ချပေးလိုက်၏။ ထိုအကြောင်း စဉ်းစားကြည့်ရုံဖြင့်ပင် သူ့သွေးများ ဆူပွက်လာလေသည်။
အဆင့်၄သို့ မြှင့်တင်ပြီးနောက် ထိန်းချုပ် သတ္တဝါ အရေအတွက် ၅ဆ တိုးလာသည်။ ဂရမ်လင် အစေခံ ၃၀၀၀၀၀၊ သလင်းကျောက်သားရဲ ၁၅၀၀၀၀၊ မီးအိမ်ဝိညာဉ် ၇၅၀၀၀၊ စုစည်းရုပ်သေး ၁၅၀၀၀ နှင့် ဧရာမ သလင်းကျောက်သားရဲ ၁၅၀၀ အထိ ဖြစ်သည်။ တိုင်တန်များက ချန်လွေ့ တစ်ဦးတည်းက ထိန်းချုပ်ထားသော အပိုစစ်သည်များ ဖြစ်သောကြောင့် ၎င်းတို့ကို ထည့်သွင်းထားခြင်း မရှိသော်လည်း၊ ပစ္စည်းကန့်သတ်ချက်များကြောင့် မုန်တိုင်းကျွန်းပေါ်ရှိ တိုင်တန်များ အပါအဝင် စုစုပေါင်း တိုင်တန် ၂၀၀၀ ခန့်သာ ရှိသည်။ ထို့ပြင် ရဲတိုက်၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များ၊ သတ္တဝါ ထုတ်လုပ်မှု အမြန်နှုန်း၊ ပျိုးထောင်ကန်၏ သုတေသနလုပ်ဆောင်ချက်နှင့် ပစ္စည်းပြောင်းလဲမှု အမြန်နှုန်းတို့ များစွာ တိုးတက်လာပြီး အချို့သော လက်ရွေးစင်များက အထူး ဆင့်ကဲ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ဆင့်ကဲပြောင်းလဲမှုက ၁% အထိသာ ဖြစ်နိုင်သည်။ ရိုးရှင်းစွာ ဆိုရလျှင် ဧရာမသလင်းကျောက် သားရဲ ၁၅၀၀ ထဲတွင် တိုင်းပြည် အဆင့် အလွန်ဆုံး ၁၅ ကောင်သာ ထွက်ပေါ်နိုင်၏။ ထိုအရေအတွက်ကို ကျော်လွန်၍ မရပေ။
အဆင့်၅သို့ တက်လာပြီးနောက် သတ္တဝါအရေအတွက်က ၁၀ဆ တိုးလာသည်။ ဂရမ်လင် အစေခံ ၃သန်း၊ သလင်းကျောက်သားရဲ ၁.၅ သန်း၊ မီးအိမ်ဝိညာဉ် ၇၅၀၀၀၀၊ စုစည်းရုပ်သေး ၁၅၀၀၀၀ နှင့် ဧရာမသလင်းကျောက်သားရဲ ၁၅၀၀၀တို့ ဖြစ်သည်။ ထို့အပြင် တိုင်တန် ၂၀၀၀လည်း ရှိသေးသည်။
အထူးဆင့်ကဲပြောင်းလဲနိုင်ခြင်းက ၂% အထိ ရောက်ရှိနိုင်သည်။ ၁% သာ တိုးလာသော်လည်း အဆင့်၄ထက် အခြေခံက ၁၀ဆ ပိုမြင့်သောကြောင့် ဧရာမသလင်းကျောက်သားရဲ ၁၅၀၀၀နှင့် ညီမျှသည်။ ၎င်းက အထူး အစွမ်းထက်ပုဂ္ဂိုလ် ၃၀၀ ထုတ်လုပ် နိုင်မည် ဖြစ်သည်။ အံ့သြစရာ အကောင်းဆုံး ဆင့်ကဲပြောင်းလဲမှုမှာ အဆင့်၅ အဖွဲ့အစည်း၏ ပျိုးထောင်ကန်များပင်။ ဒုတိယ အကြိမ် အထူး ဆင့်ကဲပြောင်းလဲမှု ပြုလုပ်နိုင်သည့် အခွင့်အရေး ရှိပြီး နတ်ဘုရားတစ်ပိုင်းအဆင့် အဂ္ဂိရတ် သတ္တဝါတစ်ကောင်ကို ဖန်တီးနိုင် ပေမည်။ သို့သော် အောင်မြင်မှုနှုန်း အလွန်နည်း၏။ ကျရှုံးပါက မီးအိမ် ဝိညာဉ်၏ နှလုံးသားမီးအိမ်ကို အဆင့်မြှင့်တင်ခြင်း ကဲ့သို့ပင် ပျက်စီးခြင်းသာ ရှိပေလိမ့်မည်။
သာမန် တိုင်းပြည် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်၏ တိုင်းပြည် မရှိလျှင်ပင် တိုင်းပြည်အဆင့်ရှိ စစ်သည်တော် ရာပေါင်းများစွာက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခု ဖြစ်လာစေရန် လုံလောက်သည်။ ထို့ပြင် နတ်ဘုရား တစ်ပိုင်းအဆင့်ရှိ အထူးသတ္တဝါများ ရှိလာနိုင်ပေသည်။
သို့သော်လည်း အဂ္ဂိရတ် အဖွဲ့အစည်း ကဲ့သို့သော အစွမ်းထက် အင်အားစုများသည်ပင် အသူရာ ချောက်နက်၏ လက်ထဲတွင် လုံးဝ မြေမြှုပ်ခံခဲ့ရသည်။ အသူရာ ချောက်နက်ဟူသော ကြီးမားသည့် ရန်သူအတွက် သူသည် မည်သည့် အချိန်တွင်မျှ ပေါ့ဆ မနေနိုင်ပေ။
ယခုအချိန်အထိ သာမန်လောက၏ အင်အားစုသည် ချန်လွေ့ မျက်လုံးထဲ မရှိတော့ပေ။ လက်ရှိ စွမ်းအားနှင့် ထိုကြီးမားသော အင်အားစုဖြင့် နတ်ဆိုးဘုံကို သိမ်းပိုက်နိုင်ရုံသာမက အဓိကကုန်းမြေ တစ်ခုလုံးအတွက် လုံလောက်၏။ သို့သော်လည်း ထိုအရာက နတ်ဘုရား-ယောင် ထိပ်သီးပိုင်းများ ပါဝင်လာခြင်း မရှိမှသာ ဖြစ်သည်။ သို့မဟုတ်ပါက ရာဖယ်ရယ် တစ်ဦးသာ ရှိနေလျှင် အဂ္ဂိရတ်သတ္တဝါ မည်မျှ ရှိစေကာမူ အသုံးမဝင်နိုင်ပေ။
ထို‘အထူးအာကာသယာဉ်’သည် အစွမ်းထက်လှပြီး လုပ်ဆောင်ချက် အသစ်များစွာ ရှိနေသည်။ သို့သော် မည်သည့် တစ်ခုမဆို ကြီးမားသော အခြေခံစွမ်းအင်ပံ့ပိုးမှု လိုအပ်၏။
အခြေခံစွမ်းအင်က နဂိုကတည်းက ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်း၏ အကြီးမားဆုံး ပြဿနာ ဖြစ်သည်။ ဗဟိုသလင်းကျောက်မှသည် သတ္တဝါများ၏ ထုတ်လုပ်မှုနှင့် တိုက်ပွဲများအထိ၊ ၎င်းတို့အားလုံး စွမ်းအင်၏ ပံ့ပိုးမှု လိုအပ်သည်။ မူလ အဂ္ဂိရတ်လောကတွင် စွမ်းအင် ရှားပါးလာခြင်းကြောင့် အင်ပါယာနှင့် နိုင်ငံများစွာ စစ်ပွဲများ ဆင်နွှဲရန်ပင် မတွန့်ဆုတ်ခဲ့ကြပေ။
သိပ္ပံပညာရှင်အရူး ဒိုရူဒါ ချန်ရစ် ခဲ့သော မှတ်ဉာဏ်သလင်းကျောက်၌ စစ်ပွဲနှင့် ပတ်သက်သော အရာတစ်ခု ပါဝင်သည်။ ထိုကဲ့သို့ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးက ချန်လွေ့အား ကြယ်တာရာစစ်ပွဲကို အဓိကထား နာမည်ကြီး အချိန်နှင့် တပြေးညီ ဗျူဟာဂိမ်းကို သတိရသွားစေ၏။
ချန်လွေ့၏ လက်ရှိ ဓူဝံကြယ် ခရမ်းဧကရာဇ်၏ စူပါစနစ်က အကန့်အသတ်မရှိလုနီးပါး အရှိန်အဝါ သစ်သီးများကို ပေးနိုင်ပြီး၊ ၎င်းက နောက်ပိုင်းတွင် အဆင့်(၅) အဖွဲ့အစည်း၏ စွမ်းအင် ပြောင်းလဲစက်မှတဆင့် အသန့်စင်ဆုံးသော အခြေခံ စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ထိုအကြီးမားဆုံး ပြဿနာကိုလည်း ဖြေရှင်းပြီးပြီ ဖြစ်သည်။
တစ်ခုတည်းသော အရေးပေါ် အခြေအနေကတော့ အထူး ‘စည်းမျဉ်းစွမ်းအင်’ပင် ဖြစ်သည်။ ထိုစွမ်းအင်ကို အဓိက အသုံးပြုမှု နှစ်ခု ရှိသည်။ ပထမ တစ်ခုမှာ မြို့ပြ၏ ကာကွယ်ရေး အတွက် ဖြစ်သည်။ စည်းမျဉ်းစွမ်းအင်ကို အထူးအဆင့် ဥပဒေသစွမ်းအားနှင့် ဆင်တူသော အထူး လက်နက်ကြီး တိုက်ခိုက်မှုများအတွက် အသုံးပြု၏။ စွမ်းအားက အံ့မခန်းပင် ဖြစ်သည်။ ဒုတိယတစ်ခုမှာ ပို၍ အရေးကြီး၏။ အထူး ဆင့်ကဲပြောင်းလဲခြင်း အတွက် ဖြစ်သည်။ ၎င်းက အထူး ဆင့်ကဲ ပြောင်းလဲမှု၏ လေ့ကျင့်ရေးနှင့် စမ်းသပ်မှုများအတွက် မရှိမဖြစ် လိုအပ်သော စွမ်းအင် အရင်းအမြစ် ဖြစ်လေသည်။
‘ကြယ်မြို့’ တွင် လက်ရှိ ရှိနေသော ‘စည်းမျဉ်းစွမ်းအင်’ သည် ချန်လွေ့ ပံ့ပိုးပေးခဲ့သော ဥပဒေသအပိုင်းအစမှ ဆင်းသက်လာခြင်း ဖြစ်သည်။ တိုင်းပြည်အဆင့် ကနဦးပိုင်း၏ ဥပဒေသ အပိုင်းအစ တစ်ခုသည် ၁၀၀၀ယူနစ်ရှိ စည်းမျဉ်းစွမ်းအင်တုံး ၁၀တုံးအဖြစ် ပြောင်းလဲနိုင်၏။
ယေဘုယျအားဖြင့် အဂ္ဂိရတ် သက်ရှိ တစ်ကောင်၏ အထူး ဆင့်ကဲပြောင်းလဲမှု တစ်ခုအတွက် စည်းမျဉ်းစွမ်းအင် ၅၀၀ယူနစ်ခန့် လိုအပ်သည်။ သူက ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲမှုကို စမ်းသပ်ပါက ၅၀၀၀ယူနစ် လိုအပ်မည် ဖြစ်ပြီး အောင်မြင်နိုင်မည်ဟု မဆိုနိုင်ပေ။ စွမ်းအင် အကန့်အသတ်ကြောင့်၊ လက်ရှိ ‘ကြယ်မြို့’မှ အထူးအဆင့် သတ္တဝါများ၌ တိုင်တန် ၇ကောင်နှင့် ဧရာမသလင်းကျောက်သားရဲ ၄ကောင်သာ ရှိသည်။
‘ကြယ်မြို့’၏ စည်းမျဉ်းစွမ်းအင် ကုန်ခမ်းနေပြီး ချန်လွေ့တွင် ဥပဒေ အပိုင်းအစ ၃ခုသာ ကျန်တော့သည်။ အချို့သော ကိစ္စများ ရှင်းပြီးနောက် သူသည် ဥပဒေသ အပိုင်းအစ၏ ‘ထုတ်လုပ်ရာနေရာ’သို့ ထပ်သွားရန် လိုအပ်နေပုံ ရလေသည်။