← Chapters

လက်တုံ့ပြန်ခြင်း

Vol. 38 Ch. 371

လက်တုံ့ပြန်ခြင်း

Vol. 38 Ch. 371

မနက်စောစော ဖြစ်သည်။ စုချန်းတယောက် မနက်စာစားနေ၏။ ထိုအချိန်မှာပင် သူ့လက်ကောက်ဝတ်ရှိ ကျောက်စိမ်းလက်ကောက်သည် နီရဲလာပြီး ပူလောင်လာကြောင်း တွေ့လိုက်ရ၏။

၎င်းမှာ မူလဗျူရို၏ အရေးပေါ် အချက်ပြအမှတ်လက္ခဏာ ဖြစ်သည်။ ထိုအချက်ပြမှုကို ရရှိပါက လူတိုင်းလိုလို မူလဗျူရိုသို့ အမြန်ဆုံး လာရောက်ပေါင်းဆုံရပေလိမ့်မည်။

ဘာတွေများ ဖြစ်ပျက်နေသနည်း။

စုချန်းက မနက်စာကို အေးအေးဆေးဆေး စားသုံးရင်း သံမဏိကို အမိန့်ပေးလိုက်သည်။

"သံမဏိရေ ရထားလုံးပြင်လိုက်ပါ ငါတို့ မူလဗျုရိုကို သွားရလိမ့်မယ်"

သိပ်မကြာမီ မူလဗျူရိုသို့ စုချန်း ရောက်ရှိလာ၏။ ချီစွမ်းအားပညာရှင် အတော်များများလည်း စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ စုချန်း ရောက်ရှိလာသည်ကို မြင်သည်နှင့် သူတို့အားလုံးက အရိုအသေပြုရင်း တညီတညာပင် နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာပါ အသိပညာအတည်ပြုသူစု ခင်ဗျား"

စုချန်းသည် သူ့အချိန်အတော်များများကို သုတေသနလုပ်ရင်းနှင့်သာ အချိန်ဖြုန်းနေခဲ့သော်လည်း တနေ့လျင် အနည်းဆုံး တခေါက်တော့ မူလဗျူရိုသို့ မရောက်ရောက်အောင် လာခဲ့သည်သာ။ ထို့ကြောင့် သူ့အနေနှင့် လူတိုင်းကို မျက်မှန်းတန်းမိနေပြီ ဖြစ်သည်။

"ဘာဖြစ်ကြတာလဲ"

စုချန်းက လမ်းလျှောက်လာရင်းနှင့်ပင် မေးလိုက်၏။ သို့သော် ချက်ချင်းလိုလိုပင် ပြသနာ၏ အဖြေကို သူ တွေ့လိုက်၏။

ပင်မခန်းမဆောင်အတွင်းတွင် အလောင်းတလောင်း ရှိနေ၏။ ထိုအလောင်းကို လူအများက ဝိုင်းဝန်းကြည့်ရှုနေကြလေသည်။

သေဆုံးနေသူမှာ လျူကျိယွန်ဟု ခေါ်၏။ မူလဗျူရို၏ ချီစွမ်းအားပညာရှင်တဦးပင် ဖြစ်သည်။ သူသည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်တွင်သာ ရှိနေသေးသူ ဖြစ်ပြီး ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်ကလည်း သိပ်မမြင့်လှ။ ပြသနာများ စတင်ပေါ်ပေါက်လာချိန်တွင် စုချန်းဘက်မှ ရပ်တည်ခဲ့သူများထဲတွင် တဦးအပါအဝင်လည်း ဖြစ်လေသည်။ တနည်းအားဖြင့် သူသည် စုချန်း၏ ယုံကြည်စိတ်ချရသော လက်ထောက်တဦးအဖြစ် သတ်မှတ်ခံထားရသူတဦးပင် ဖြစ်သည်။

ယခုတော့ သူ သေဆုံးသွားခဲ့လေပြီ။ သူ့အလောင်းမှာလည်း မူလဗျူရို၏ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေခဲ့ရလေပြီ။

စုချန်းက မည်သည့်ခံစားချက်မှ မရှိသော မျက်နှာပေးဖြင့် လျူကျိယွန်၏ အလောင်းကို ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

"သူ့အလောင်းကို ဘယ်သူ အရင်ဆုံး တွေ့တာလဲ ဘယ်နေရာမှာ တွေ့တာလဲ"

"အနောက်ရေလမ်းကြားမှာ ကင်းသမားတယောက် တွေ့လာတာပါ"

ချီစွမ်းအားပညာရှင်တယောက်က ဝင်ဖြေလိုက်၏။

"မနေ့ကတည်းက ဘာကြောင့် သတင်းမပို့သလဲ"

"အမှုကို စုံစမ်းစစ်ဆေးရေးရုံးက လက်လွှဲယူသွားလို့ပါ ခင်ဗျာ "

"စုံစမ်းစစ်ဆေးရေးရုံး ဟုတ်လား"

စုချန်းက မျက်မှောင်ကုတ်ရင်း ရေရွတ်လိုက်သည်။ သူ့မျက်လုံးအစုံတွင်လည်း ရက်စက်ကြမ်းကြုတ်ဟန်များ ပေါ်ပေါက်လာ၏။

"မှုခင်း ဖြစ်တဲ့နေရာကို သွားကြည့်ဖို့ တယောက်ယောက်ကို မင်းတို့ မလွှတ်လိုက်ဘူးလား"

"လွှတ်ပါတယ် ကံဆိုးတာက ကျုပ်တို့ လွှတ်လိုက်တဲ့လူဟာ ဘာသဲလွန်စမှ မရခဲ့ဘူး ဘာကြောင့်လဲဆိုတော့ စုံစမ်းစစ်ဆေးရေးရုံးက အခင်းဖြစ်ပွားတဲ့နေရာကို မကန့်သတ်ထားတော့ မြို့သူမြို့သားတွေ သွားကြလာကြနဲ့ ခြေရာလက်ရာတွေ ပျက်ကုန်တာပေါ့ခင်ဗျာ အလောင်းကို ဘာကြောင့် ခပ်စောစောလေး လက်လွှဲမပေးတာလဲ အခင်းဖြစ်ပွားရာနေရာကို ဘာကြောင့် မကန့်သတ်ထားတာလဲလို့ သူတို့ကို မေးပါသေးတယ် ဒါပေမဲ့ စုံစမ်းစစ်ဆေးရုံးက ဒီအမှုဟာ သူတို့နဲ့သာ ဆိုင်ပါသတဲ့ မူလဗျူရိုအနေနဲ့ ဒီအမှုကို စုံစမ်းခွင့်မရှိသလို သူတို့ကို ဆရာလုပ်ခွင့်လည်း မရှိဘူးတဲ့ သူတို့ စုံစမ်းရသလောက်ကတော့ ဒီအမှုဟာ သာမန် ပစ္စည်းယူလူသတ်မှုပါပဲတဲ့ ခင်ဗျ"

"သာမာန် ပစ္စည်းလုပြီး လူသတ်တဲ့အမှု ဟုတ်လား လူမိုက်ဂိုဏ်းတွေ လက်ချက်ကြောင့်လို့ ဆိုလိုတာပေါ့ အဓိပ္ပါယ်မရှိလိုက်တဲ့ အကြောင်းပြချက်ကွာ"

စုချန်း ဒေါသတကြီးနှင့် ရေရွတ်လိုက်သည်။

အလောင်းပေါ်တွင် ဒဏ်ရာနှစ်ချက် ရှိနေ၏။ တချက်မှာ ရင်ဘတ်တွင် ဖြစ်ပြီး ကျန်တချက်မှာ လည်မြိုတွင် ဖြစ်သည်။ ဒဏ်ရာနှစ်ချက်လုံးလိုလိုမှာ သေစေနိုင်သော ဒဏ်ရာများပင် ဖြစ်သည်။ မူလချီစွမ်းအားပညာရှင်နှစ်ယောက်က ၎င်းအား တပြိုင်နက်တည်း အလစ်ဝင်တိုက်ခဲ့လေသလားဟုပင် သံသယဖြစ်ဖွယ်ရာ ကောင်းနေ၏။

ဒုစရိုက်ဂိုဏ်းများမှာ လူသတ်သည်မှန်သော်လည်း ဤကဲ့သို့ အချက်ကျကျ တိုက်ခိုက်တတ်သူများတော့ မဟုတ်ပေ။

ကြည့်ရသလောက် တော်ဝင်မျိုးနွယ်စုများ၏ လက်တုံ့ပြန်မှုပင် ဖြစ်ဖို့များနေ၏။

မင်းကို မသတ်နိုင်ရင်တောင် မင်းရဲ့ လက်ပါးစေတွေကိုတော့ အမှဲ့ချွေပစ်နိုင်တယ်ကွ ဟု ခြိမ်းခြောက်လိုက်သည့် သဘောပင်။

စုချန်းက နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်သည်။ သူ့အပြုံးမှာ အေးစက်တင်းမာလှ၏။

"ဒီတော့ ပြသနာစပြီပေါ့ ဟုတ်လား"

"အသိပညာအတည်ပြုသူစု ခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

အခြေအနေကို စုချန်း ကောင်းစွာ နားလည်ထား၏။ သူ့ကဲ့သို့ပင် ကျန်လူတိုင်းသည်လည်း အခြေအနေကို ထိုအတိုင်း နားလည်ထားကြလေသည်။

ဤအခြေအနေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် စုချန်း လိုအပ်နေ၏။ သို့မဟုတ်ပါက လက်အောက်ငယ်သားများက သူ့အပေါ် ယုံကြည်တော့မည် မဟုတ်ပေ။ ထိုအခါ မူလဗျူရိုတွင် သူ့သြဇာမှာလည်း နာမည်သာ ကျန်ပေတော့မည်။ ထိုအခါ မူလဗျူရိုသည်လည်း တော်ဝင်မျိုးနွယ်စုများ၏ ထိန်းချုပ်မှုအောက်သို့ နောက်တကြိမ် ပြန်လည်ကျရောက်သွားပေလိမ့်မည်။

ထိုအခါ စုချန်းက ခေါင်းကိုငုံ့၍ စဉ်းစားနေ၏။ ထိုာနောက် သူက အမိန့်ပေးလိုက်သည်။

"ဒီနေ့ကစပြီး လူတိုင်း အလုပ်လုပ်တဲ့နေရာမှာ သတိထားရမယ် တယောက်တည်း ဘယ်တော့မှ မနေရဘူး မူလဗျူရိုအနေနဲ့လည်း အရင်ထက် အစောင့်အင်အား တိုးမြှင့်ရမယ် အစောင့်ချတဲ့နေရာမှာလည်း အရင်လို ချီစွမ်းအားပညာရှင် တယောက်စီ မဟုတ်တော့ပဲ တခါစောင့်ရင် လေးယောက်စောင့်ရမယ် တစုံတယောက်အနေနဲ့ နေရထိုင်ရတာ စိတ်မသန့်ဘူးဆိုရင် မူလဗျူရိုမှာ လာရောက်နေထိုင်နိုင်တယ် ဒါ့အပြင် အလုပ်ကိစ္စနဲ့ အပြင်သွားတဲ့အခါမှာလည်း အနည်းဆုံး သာမာန်သိုင်းပညာရှင် ဆယ်ယောက် အနည်းဆုံးပါမှ သွားရမယ်"

ထိုစဉ် တစုံတယောက်က မနှစ်မြို့သော လေသံဖြင့် ကန့်ကွက်လိုက်သည်။

"သံမဏိကိုယ်ထည်အဆင့် သိုင်းပညာရှင်တွေက ဘယ်လောက်များ အသုံးဝင်မှာမို့လို့လဲ"

"ခြုံခိုတိုက်ခိုက်ခံရရင် အကာအကွယ်အဖြစ် သုံးနိုင်တယ် ဝင်လမ်းထွက်လမ်းတွေကို စစ်ဆေးတဲ့နေရာမှာ သုံးနိုင်တယ် ရန်သူကို နှောင့်နှေးစေအောင် အသုံးပြုနိုင်တယ် ကျုပ်တို့အနေနဲ့ ရနိုင်သမျှ အရင်းအမြစ်တွေကို အသုံးပြုရမှာပဲကွ"

"ဒါပေမဲ့ ဒီလောက်နဲ့ ပြသနာကို ရှင်းနိုင်မှာမှ မဟုတ်ာ"

"လောလောဆယ် ကိုယ့်အသက်အန္တရာယ်ပဲ ကိုယ်ဂရုစိုက်စမ်းပါကွာ ကျန်တဲ့ ပြသနာတွေ ကျုပ် တာဝန်ထား တွန့်ဖန်း မင်းက ကျုပ်နဲ့လိုက်ခဲ့ မြို့တော်အရှင်သခင်ရဲ့ အိမ်တော်ကို သွားကြမယ်"

တနာရီခွဲခန့်အကြာ...

မြို့တော်အရှင်သခင်၏ အနောက်ဘက်ခြံဝင်းတွင် ဖြစ်သည်။

အန်းစီယွန်သည် သူ အမြတ်တနိုး မွေးထားသည့် အဖြူရောင်ကြက်တူရွေးနှင့် စကားစမြည် ပြောဆိုနေ၏။

"ဒီပြသနာကို ကျုပ် ကြားပြီးပြီ ခက်တာက ကျုပ်ဘက်ကလည်း ထိထိရောက်ရောက် အကူအညီ မပေးနိုင်ဘူး ဖြစ်နေတယ် ဘယ်သူ လုပ်သွားမှန်း သိရင်တောင် သက်သေမရှိရင် အရေးယူဖို့ ခက်တယ်လေ ကျုပ်ပြောတာ ဟုတ်ရဲ့လား ရွှေဂဲ"

"ဟုတ်တာပေါ့ဗျာ ဟုတ်တာပေါ့ တကယ်လို့ မှန်မှန်ကန်ကန် ထောက်လှမ်းရင်တောင် ဘာမှ ဖြစ်လာမယ် မထင်ပါဘူးလေ စုံစမ်းစစ်ဆေးရေးဌာနက လူတွေလည်း သူတို့လူတွေပဲ မလား"

"မင်းလည်း သိပြီးသားပဲ မောင်ရွှေဂဲရဲ့ ကျုပ်လို ရည်မှန်းချက်ကြီးတဲ့ မြို့တော်အရှင်သခင်တယောက်အတွက် ဒီအခြေအနေဟာ သိပ်ပြီး ခက်နေတာပေါ့ တော်ဝင်မျိုးနွယ်စုတွေကြောင့် ကန့်သတ်ချက်တွေများပြီး ကျုပ်ရဲ့အင်အားကို အပြည့်အဝ ထုတ်မပြနိုင်ဘူး ဖြစ်နေတယ် မင်းကော အဲဒီလို မထင်ဘူးလား မောင်ရွှေဂဲ"

ထိုအခါ မောင်ရွှေဂဲလေးက အတောင် တဖြတ်ဖြတ်ခတ်ကာ ထအော်လိုက်၏။

"တော်ဝင်မျိုးနွယ်စုဝင်တွေဟာ ရက်စက်ကြမ်းကြုတ်တယ် ဥပဒေကို မထီမဲ့မြင်လုပ်တယ် အကျင့်ပျက်ခြစားနေကြတယ်"

"စကားပြောတာ ကောင်းတယ်ဟေ့"

အန်းစီယွမ်က အားရပါးရ ရယ်မောလိုက်ကာ မောင်ရွှေဂဲကို စားသောက်ဖွယ်ရာများ ကျွေးမွေးလိုက်၏။

စုချန်းက ဝင်ပြောလိုက်သည်။

"မောင်ရွှေဂဲလေးက အခြေအနေကို ကောင်းကောင်းနားလည်သားပဲ ဒါနဲ့ မြို့တော်အရှင်သခင် စုံစမ်းစစ်ဆေးရေးရုံးကို အချိန်တွေအကြာကြီး ဒီအတိုင်းလွှတ်ပေးထားတာ ပြသနာကြီးတရပ် ဖြစ်လာပြီလို့ မထင်ဘူးလား"

"ဘာလဲ မင်းက စုံစမ်းစစ်ဆေးရေးရုံးကို ထိန်းချုပ်ချင်နေပြန်ပြီလား"

စုချန်းက ပြန်ပြောလိုက်သည်။

"စုချန်းဟာ တယောက်တည်းပါပဲ မြို့တော်အရှင်သခင် ကိုယ်ခွဲမရှိပါဘူး ဒါကြောင့် စုံစမ်းစစ်ဆေးရေးရုံးကို ထိန်းချုပ်ဖို့ စုချန်း မစဉ်းစားပါဘူး ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးရုံးဆိုတာက မြို့တော်အတွင်း လုံခြုံရေးကိစ္စတွေမှာ တာဝန်ခံရတယ် ဒီလို ဌာနမျိုးက လူသတ်မှုကိုပါ စုံစမ်းစစ်ဆေးနေရရင် တခါတလေ လစ်ဟင်းနိုင်တာပေါ့ ဒီတော့ မူလဗျူရိုရဲ့ လုပ်ပိုင်ခွင့်အာဏာကို နည်းနည်းပါးပါး တိုးချဲ့လိုက်ပြီး...."

"ဟမ်"

အန်းစီယွန် ပါးစပ်ပြဲသွား၏။

"မင်းဆိုလိုတာ မူလဗျူရိုက စုံစမ်းစစ်ဆေးရေးရုံးရဲ့ အလုပ်ကို လက်လွှဲယူလိုက်မယ်လို့ ပြောနေတာလား ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူများရဲ့ လုပ်ပိုင်ခွင့်ကို ဝင်စွက်သလို ဖြစ်နေမှာပေါ့"

"သာမာန်အခြေအနေမျိုးမှာတော့ မဖြစ်နိုင်ဘူးပေါ့ ဒါပေမဲ့ ဒီအမှုမှာ ချီစွမ်းအားပညာရှင်တွေ ပါဝင်ပတ်သက်နေတဲ့အတွက် ပူးပေါင်းစစ်ဆင်ရေးအဖြစ် ပြောင်းလဲနိင်ခဲ့မယ်ဆိုရင်"

"ချီစွမ်းအားပညာရှင်တွေ ပါဝင်နေတဲ့အတွက် ပူးပေါင်းစစ်ဆင်ရေးအဖြစ် ပြောင်းလဲမယ် ဟုတ်လား"

အန်းစီယွန်က မျက်မှောင်ကုတ်ကာ မေးလိုက်သည်။

"မင်း ဆိုလိုတာ"

စုချန်းက ပြန်ဖြေလိုက်သည်။

"စုံစမ်းစစ်ဆေးရေးရုံးဟာ ဒီလူသတ်မှုမှာ ကောင်းကောင်းမဆောင်ရွက်နိုင်ဘူး ဒါ့အပြင် အသတ်ခံရသူဟာ ချီစွမ်းအားပညာရှင် ဖြစ်နေတဲ့အတွက် စစ်ဆေးရေးရာမှာ မူလဗျူရိုနဲ့ ပူးပေါင်းစစ်ဆေးရမယ်လို့ မြို့တော်အရှင်သခင်နဲ့ သူတို့ကို အကြောင်းကြားလိုက်ရင် ပြီးတာပဲဗျ"

စုချန်း၏ ဆိုလိုရင်းကို အန်းစီယွန် သဘောပေါက်သွား၏။

"ဘာလဲ မင်းက ဒီကောင်တွေအကုန်လုံးကို ရှင်းပစ်ဖို့ စဉ်းစားနေတာလား"

"ဒါကတော့ သူတို့အပေါ်မှာ မူတည်နေပါတယ်လေ"

စုချန်းက သာမန်လေသံနှင့် ပြန်ပြောလိုက်သည်။

"သူတို့က စတိုက်မှတော့ ကျွန်တော်တို့က တခုခု ပြန်လုပ်ရတော့မှာပေါ့ မြို့တော်အရှင်သခင်သာ ခွင့်ပြုရင် ဒီတိုက်ခိုက်မှုကို စုချန်း ဦးဆောင်ပါ့မယ်"

"ဘာအကျိုးဆက်တွေ ဖြစ်လာမယ်လို့ မင်း ထင်သလဲ"

"ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတော့ ဒီကောင်တွေအတွက် အလုံးစုံ ပျက်သုန်းခြင်းပဲပေါ့"

စုချန်း၏ စကားကြောင့် အန်းစီယွန် အားရပါးရရယ်မောလိုက်၏။

"ကောင်းတယ် သိပ်ကောင်းတယ် လူငယ်တွေထဲက တကယ့် သူရဲကောင်းတယောက် ပေါ်ထွက်လာပြီပဲ မင်းကတောင် ဒီလို ပြောလာမှတော့ ကျုပ်ကလည်း ခွင့်ပြုပေးရမှာပေါ့ စုံစမ်းစစ်ဆေးရေးမှာ မူလဗျူရိုက ပူးပေါင်းပါဝင်ဖို့ ကျုပ် စာရေးပေးလိုက်မယ် ကျန်တာကတော့ မင်းအပေါ်မှာပဲ မူတည်သွားပြီ"

စုချန်း ဦးဆောင်သည့် မူလဗျူရိုနှင့် တော်ဝင်မျိုးနွယ်စုဝင်များအကြား တိုက်ပွဲတွင် မည်သည့်ရလဒ်ပင် ထွက်ထွက် အန်းစီယွန်အတွက် အကျိုးရှိသည်သာ။

အန်းစီယွန်၏ ခွင့်ပြုချက် ရသည်နှင့် စုချန်းက အရိုအသေပေးကာ ပြောလိုက်သည်။

"မြို့တော်အရှင်သခင်ရဲ့ အထောက်အပံ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် သိပ်မကြာခင် သတင်းကောင်း ကြားရပါစေမယ်"

All Chapters