စစ်ဆေးရေး
Vol. 38 Ch. 372
အန်းစီယွန်၏ အိမ်တော်မှ ထွက်ခွာလာခဲ့ပြီး စုချန်းသည် အနောက်ရေလမ်းကြားဆီသို့ တန်းတန်းမတ်မတ်ပင် လာခဲ့၏။
အချိန်မှာ မွန်းတည့်ချိန် ဖြစ်လေရာ လမ်းပေါ်တွင် လမ်းသွားလမ်းလာများနှင့် အထူးပင် စည်ကားနေ၏။ တချို့နေရာများတွင် လမ်းများပင် ပိတ်ဆို့လျက် ရှိလေသည်။
မူလဗျူရိုမှ သိုင်းပညာရှင်တယောက်က လမ်းကြားထောင့်တနေရာကို ညွှန်ပြပြီး ပြောလိုက်သည်။
"ကျုပ်တို့လူ အသတ်ခံရတာ အဲဒီနေရာမှာပဲဗျ"
သူ ညွှန်ပြသော နေရာတွင် အဖွားအိုတယောက် ငုပ်တုပ်ထိုင်လျက် ဈေးရောင်းလျက်ရှိသည်။ ဤမျှ အရေးကြီးသော လူသတ်မှုကို စုံစမ်းစစ်ဆေးရေးရုံး၏ ကိုင်တွယ်ပုံမှာ အတော်လေး မနှစ်မြို့ဖွယ်ရာ ဖြစ်နေကြောင်း ဤတချက်နှင့်ပင် မြင်သာနေ၏။
စုချန်းက မေးလိုက်သည်။
"မင်းတို့ အသတ်ခံရသူရဲ့ သေဆုံးသွားပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသလား"
သိုင်းပညာရှင်က ပြန်ဖြေလိုက်သည်။
"ဘယ်က မြင်ရမှာလဲ ဆရာ စုံစမ်းစစ်ဆေးရေးရုံးရဲ့ သတင်းပို့သလောက်ပဲပေါ့"
"ဒီတော့ မင်းတို့ သိထားသမျှဟာ ကိုယ်တိုင် မြင်ခဲ့ရတာမျိုး မဟုတ်ပဲ သူများ ပြောသလောက်ပဲ သိထားတဲ့ သဘောပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်ခင်ဗျာ"
စုချန်းသည် လမ်းကြားအတွင်း အရှေ့လျှောက်လိုက်၊ အနောက်ပြန်လာလိုက်နှင့် လုပ်နေ၏။ ထိုအခါ ဈေးရောင်းနေသော အဖွားအိုသည် စုချန်းအား ဈေးဝယ်သူဟု ထင်မှတ်ကာ မျှော်လင့်သော မျက်လုံးအစုံနှင့် စိုက်ကြည့်လျက်ရှိသည်။
အခင်း ဖြစ်ပွားခဲ့ရာ မြေပြင်တခုလုံးတွင် အမှိုက်သရိုက်များ၊ ပစ္စည်းပစ္စယများနှင့် ရှုပ်ပွလျက်ရှိသော်လည်း စုချန်း၏ အမြင်အာရုံကိုတော့ ပိတ်ဆို့ထားနိုင်ခြင်း မရှိပေ။
စုချန်းက မှတ်ချက်ချလိုက်သည်။
"ဒီနေရာမှာ ဘာသွေးစသွေးနမှ မရှိဘူး ဆရာလျူ အသတ်ခံရတာ ဒီနေရာမှာ မဟုတ်ဘူး တခြားတနေရာမှာပဲ ဖြစ်လိမ့်မယ် စုံစမ်းစစ်ဆေးရေးရုံးဟာ ပေါက်ကရတွေ လျှောက်ပြောနေတာပဲ ဒီကောင်တွေ လူသတ်မှု ဘယ်နေရာမှာ ဖြစ်ပွားခဲ့သလဲဆိုတာတောင် စုံစမ်းခဲ့ဟန် မပေါ်ဘူး"
တွန့်ဖန်းက ဝင်ပြောလိုက်သည်။
"ဒီအမှုကို ကျုပ်တို့ဆီ ဘယ်သူ သတင်းပို့ခဲ့သလဲဆိုတာ ပြန်ကြည့်လိုက်မယ်"
"မလိုတော့ဘူး"
စုချန်းက ခေါင်းခါပြရင်း ဟန့်တားလိုက်သည်။
"ဘယ်သူပဲ သတင်းပို့ပို့ ဘာမှ မထူးဘူး ဒါ တော်ဝင်မျိုးနွယ်စုတွေက ကျုပ်ကို လက်တုံ့ပြန်တာ သက်သက်ပဲ"
"ဒါဆိုရင် ကျုပ်တို့ ဘာကို စောင့်နေကြတာလဲ အိမ်ရှေ့တံခါးကနေ ဝင်သွားပြီး ဒီကောင်တွေ အကုန်လုံးကို ရှင်းပစ်သင့်နေပြီထင်တယ်"
တွန့်ဖန်းက ဒေါနှင့်မာန်နှင့် ပြောလိုက်သည်။
"အကုန်လုံးကို ရှင်းပစ်မယ် ဟုတ်လား"
စုချန်းက တွန့်ဖန်းကို ကြည့်ရင်း ပြောလိုက်သည်။
"ကျုပ်တို့အနေနဲ့ ဒီကောင်တွေကို ရှင်းပစ်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား သူတို့က တော်ဝင်မျိုးနွယ်စုတွေက လူတိုင်းလိုလိုဟာ ထိပ်တန်းအဆင့်တွေချည်းပဲ အလင်းတုန်ခါခြင်းနယ်ပယ်အဆင့် ပညာရှင်တွေတောင် ပါရင်ပါနေအုံးမယ် ဒီလို လူတွေကို ရှင်းပစ်မယ်ဆိုတော့ မင်းက သေချင်နေတာလား"
တွန့်ဖန်း ဘာပြောရမှန်းမသိ ဖြစ်သွား၏။
"ဒါပေမဲ့"
"အရင်တုန်းက ကျုပ် သူတို့ကို မကြောက်လို့ မင်းက ဒီလို ပြောတာမလား"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဘာလို့ မကြောက်လဲဆိုတော့ ကျုပ်က ဘုရင်ခန့်ထားတဲ့ တရားဝင် အစိုးရအရာရှိလေကွာ"
သို့သော် စုချန်း၏ ဆိုလိုရင်းကို တွန့်ဖန်းခမျာ နားမလည်နိုင်ပဲ ဖြစ်နေရှာ၏။
ထိုအခါ စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ကျီးကန်းနယ်မြေမှာ ဖြစ်နေတဲ့ အနေအထားကို မင်းတို့ အပြည့်အဝ နားမလည်သေးဘူး ထင်တယ်"
စုချန်းက လမ်းဆက်လျှောက်နေရင်းနှင့်ပင် စကားဆက်လိုက်၏။
"ကျီးကန်းနယ်မြေဟာ အင်မတန် ကျယ်ပြန့်တယ် ကျုပ်တို့ မပြောနဲ့ မြို့တော်အရှင်သခင်တောင် အင်အားချင်းယှဉ်ရင် တော်ဝင်မျိုးနွယ်စုတွေကို တယောက်ချင်း မယှဉ်နိုင်ဘူး သူ့အနေနဲ့ ဒီလောက်ထိ တောင့်ခံထားနိုင်တယ် ဆိုတာတောင် ဘုရင့်ရဲ့ အထောက်အပံ့တွေကို ရနေလို့ပဲကွ တဖက်မှာလဲ ဒီအချက်ကြောင့် တော်ဝင်မျိုးနွယ်စုတွေက ပေါ်ပေါ်ထင်ထင် မတော်လှန်ရေးကြဘူး သူတို့အတွက် ဒီအနေအထားမှာလည်း မြို့တော်ကို ထိန်းချုပ်ထားနိုင်တော့ အဆင်ပြေနေသေးတာကိုး ဒါပေမဲ့ သူတို့ကို အရမ်း ဖိအားသွားပေးလို့တော့ မရဘူးကွ ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်တတ်သေးတယ်မလား ဒီတော့ သူတို့လည်း ချောင်ပိတ်ခံရရင် အစွမ်းကုန် ပြန်တုံ့ပြန်ကြလိမ့်မယ် သူတို့ရဲ့ အရင်းအမြစ်တွေကလည်း နည်းမှမနည်းတာကိုး
တဖက်က လုပ်ပိုင်ခွင့်နဲ့အာဏာ တဖက်ကတော့ အင်အား ဟိုဖက်ဒီဖက် ချိန်ခွင်လျှာ မျှနေတဲ့ သဘောပေါ့ကွာ တနည်းအားဖြင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ နားလည်မှုရထားကြတဲ့ သဘောပဲ ကျုပ်အနေနဲ့ တော်ဝင်မျိုးနွယ်စုတွေကို ဘာကြောင့် မထီမဲ့မြင် လုပ်လို့ရသလဲဆိုတော့ ကျုပ်မှ အနီရောင်မျဉ်းကို မကျော်သေးတာကိုးကွ ယုချန်းရွှေနဲ့ စန်းမော့ဟာ လူပုံအလယ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် လမ်းသွားလမ်းလာတွေကို ထိခိုက်စေခဲ့တယ် သူတို့နှစ်ယောက်ကို ဖမ်းဆီးအပြစ်ပေးတယ်ဆိုတာ ကျုပ်အဖို့ ကိုယ် ထမ်းဆောင်ရမဲ့ တာဝန်ကို တိကျစွာ ထမ်းဆောင်တဲ့သဘောပဲ လောင်းရှောက်ယူနဲ့ လျန်ကျာ့အိုကတော့ ကျုပ်ကို ခြုံခိုက်တိုက်ခိုက်ခဲ့ကြတယ် ကျုပ်က သူတို့ကို ဖမ်းဆီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့သဘောသက်သက်ပဲ လျုဝုယာဟာ ကျုပ်ကို သစ္စာဖောက်တယ် ဒီတော့ သူ့ကို သတ်တာဟာ လက်စားချေတဲ့သဘော သက်ရောက်တယ် သူသေသွားတော့ မူလဗျူရိုကို ကျုပ် ထိန်းချုပ်လိုက်တယ် ဒါလဲ ဘာမှ မဆန်းဘူး ကျုပ်က တရားဝင် အသိပညာအတည်ပြုသူ ဖြစ်နေတာကိုး ဒီတော့ ခုချိန်ထိ ကျုပ် လုပ်သမျှဟာ ဥပဒေနဲ့ ညီနေတယ် ကျိုးကြောင်းဆီလျော်မှုရှိတယ် ဒီတော့ သူတို့ဘက်က ကျုပ်ကို တခုခု ထောက်ပြပြောဆိုရင်လည်း ဒါ အတင်းအဖျင်းသာသာပဲ ရှိလိမ့်မယ် ဘောင်မဝင်ဘူး
အပေါ်မှာ ကျုပ်ပြောခဲ့သလို ဘက်မညီတဲ့အခါ အင်အားဟာ အမှန်တရားသဖွယ် ဖြစ်လာတတ်တယ် ဒါပေမဲ့ ဘက်ညီနေတဲ့ အချိန်မှာ အမှန်တရားဟာ စစ်မှန်သော အင်အားပဲ ခုလည်း အစိုးရနဲ့ တော်ဝင်မျိုးနွယ်စုတွေ တဖက်နှင့် တဖက် အာဏာချိန်ခွင်လျှာ ဘက်မျှနေတဲ့ အချိန်မှာ ကျုပ်လုပ်သမျှဟာ ဥပဒေနဲ့ ညီတယ် မျှတတယ် ဘောင်ဝင်တယ် သူတို့ ကျုပ်ကို ဘယ်လောက်ပဲ မုန်းတီးပါစေ ဘာမှ လုပ်လို့မရဘူးဗျ သူတို့အနေနဲ့ ကျုပ်ကို ရန်ပြုချင်ရင် ခိုးကြောင်ခိုးဝှက်ပဲ လုပ်လို့ရမယ် ပေါ်တင် လှုပ်ရှားလို့မရဘူး မင်း ပြောသလို အိမ်ရှေ့ကနေ ဝင်သွားပြီ ရန်ပြုမယ်ဆိုရင် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်နေမှာပေါ့"
စုချန်း၏ ရှင်းလင်းချက်ကို နားထောင်ရင်း တော်ဝင်မျိုးနွယ်စုများဘက်မှ အဘယ်ကြောင့် ခိုးကြောင်ခိုးဝှက်နှင့် လုပ်နေရမှန်း လူတိုင်း နားလည်သဘောပေါက်လာကြ၏။
ထိုအခါ တွန့်ဖန်းက မေးလိုက်သည်။
"ဒါဆိုရင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"
"ရှင်းပါတယ် တရားခံကို အရင်ရှာမယ် ပြီးမှ ဒီကောင်တွေနဲ့ ရင်ဆိုင်ကြတာပေါ့ တော်ဝင်မျိုးနွယ်စုတွေအနေနဲ့ ကျုပ်တို့လူကို သတ်ဖို့ အဖွဲ့ဖွဲ့နေစရာ မလိုဘူး သူတို့ထဲက တယောက်ယောက်က ကျုပ်တို့လူကို သတ်တာပဲ ဘယ်မျိုးနွယ်စုက ဘယ်သူလဲ ဆိုတာတော့ ပြောဖို့ခက်တယ် လောလောဆယ် ကျုပ်တို့အနေနဲ့ ဒီကိစ္စကို အရင်ဖြေရှင်းကြတာပေါ့"
တွန့်ဖန်း ခေါင်းကိုက်လာ၏။
"ဒါပေမဲ့ တရားခံကို ရှာဖို့ အတော်ကို ခက်သွားပြီထင်တယ် စုံစမ်းစစ်ဆေးရေးရုံးကြောင့် သဲလွန်စတွေအကုန် ပျောက်ပျက်ကုန်ပြီလေ"
စုချန်းက ခေါင်းခါလိုက်သည်။
"မင်း ပြောသလောက် မခက်သေးပါဘူး ညီအစ်ကိုတချို့ကို မင်းနဲ့အတူခေါ်ပြီး ဟိုဟိုဒီဒီ လမ်းသလားကြည့် တော်ဝင်မျိုးနွယ်စုတွေ လွှမ်းမိုးထားတဲ့ နေရာမျိုးတွေကို ပိုပြီး အာရုံစိုက် သူတို့ ဘာတွေ ပြောနေကြသလဲ နားထောင်"
တွန့်ဖန်းက စုချန်း၏ အကြံပြုချက်ကို ကန့်ကွက်လိုက်သည်။
"ဒီလို သာမာန် ဈေးရောင်းနေသူတွေက ဒီလို ကိစ္စတွေကို သိပါ့မလားဗျ"
စုချန်းက ရယ်မောလိုက်သည်။
"သူတို့ သေချာပေါက် သိလိမ့်မယ် ဘာကြောင့်လဲဆိုတော့ တော်ဝင်မျိုးနွယ်စုတွေက ဒီသတင်းကို သူတို့ဟာသူတို့ ကြိုတင် ဖြန့်ထားပြီးသားဖြစ်နေလို့လေ"
"ကျုပ်ဖြင့် နားမလည်တော့ပါဘူးဗျာ"
"ဒါက တော်ဝင်မျိုးနွယ်စုဝင်တွေရဲ့ အကြောင်းကို မင်း သေသေချာချာ နားမလည်သေးလို့ပါ သူတို့အနေနဲ့ ကျုပ်တို့ထက်တောင် ပိုပြီး ဗြောင်ကျကျ လုပ်ချင်သေးတယ်ဗျ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကြောင့်ပဲ ဂုဏ်သိက္ခာဟာ သူတို့ရဲ့ ရှင်သန်မှုအတွက် အင်မတန် အရေးကြီးတယ်ဆိုတာ သူတို့ ကောင်းကောင်းသိထားတယ်လေ လောင်းရှောက်ယူကို ကျုပ် ဖမ်းလာတုန်းက သူတို့ရဲ့ အကြီးအကဲက ပြောတယ် ကျုပ်ကသာ သူတို့ကို တောင်းပန်ရင် အားလုံးဟာ အေးအေးဆေးဆေးနဲ့ ပြီးသွားလိမ့်မယ်တဲ့ ဒါ ဘာကြောင့်လို့ထင်သလဲ သူတို့ရဲ့ ဂုဏ်သိက္ခာကြောင့်ပဲ ဒါပေမဲ့ ကျုပ်က ဒါကို မလိုက်လျောပဲ သူတို့ကို ထပ်ပြီး အရူးလုပ်ခဲ့တယ် ဒီမှာတင် သူတို့ အတော်ကို သိက္ခာကျသွားတယ် ဒါကြောင့် သူတို့အနေနဲ့ သိက္ခာဆယ်ဖို့ အရေးတကြီး လိုအပ်နေတယ်ဗျ"
တွန့်ဖန်း နားလည်စပြုလာ၏။
"ဒီတော့ ကျုပ်တို့လူကို သတ်တယ်ဆိုတာ သူတို့ သိက္ခာဆယ်ချင်လို့ပေါ့နော်"
"ဒါပေါ့ ဒါကြောင့်မို့ သူတို့ မြန်မြန်ဆန်ဆန်နဲ့ လက်တုံ့ပြန်လာတာပဲ ပြီးတော့ တော်ဝင်မျိုးနွယ်စုတွေက ဘယ်လို လက်တုံ့ပြန်တတ်သလဲဆိုတာ လူတိုင်း သိဖို့လည်း လိုအပ်နေသေးတယ်လေ ဒီတော့ သူတို့ကို အန်တုတဲ့ အတွက် ဒါဟာ စုချန်း ပြန်ပေးရမဲ့ အဖိုးအခပဲလို့ လူတိုင်းကို အသိပေးထားမှာ သေချာသလောက်ရှိတယ်"
"အော် ကျုပ် သဘောပေါက်ပြီ သူတို့က လူကိုတော့ လျှို့ဝှက်သတ်ဖြတ်တယ် ဒါပေမဲ့ ဘယ်သူ သတ်သလဲဆိုတာကိုလည်း လူတွေ သိစေချင်သေးတာပေါ့"
"မှန်တာပေါ့ အဲဒီအတိုင်းပဲ"
စုချန်က ရယ်မောရင်း ပြောလိုက်သည်။
"ဒီလိုဆိုရင်လဲ ပေါ်တင် လူသတ်လိုက်တော့ မရဘူးလား သခင်"
သံမဏိက ဝင်မေးလိုက်ပြန်သည်။
"ပေါ်တင် လုပ်လို့တော့ မရဘူးကွ ခု ကျုပ်တို့လူကို သူတို့ သတ်သွားတာ လူတိုင်း သိတယ် ဒါပေမဲ့ ဒါဟာ တရားဝင် အထောက်အထား မဟုတ်ဘူးလေ ဒါကိုက သူတို့ရဲ့ ရည်ရွယ်ချက်ပဲ လူကို သူတို့ သတ်မှန်း လူတိုင်းကို သိစေချင်တယ် ဒါပေမဲ့ အစိုးရဘက်က ဝင်ပါလို့မရအောင် ဘာသက်သေအထောက်အထားမှာလဲ မကျန်ရစ်စေချင်ဘူး"
တွန့်ဖန်းက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ဝင်ပြောလိုက်သည်။
"အော် ဒါကြောင့်မို့လဲ ကျုပ်တို့လူဟာ လုပ်ကြံခံလိုက်ရပြီး စုံစမ်းစစ်ဆေးရေးရုံက သက်သေတွေ ဖျောက်ပစ်ခဲ့တာကိုး လက်စသတ်တော့ ဒီကောင်တွေဟာ လုပ်ရပ်ကသာ မိန်းမလိုမိန်းမရ ဖြစ်နေပေမဲ့ လူတွေရဲ့ စိတ်ထဲမှာ သူတို့ လက်တုံ့ပြန်တတ်တယ်ဆိုတဲ့ အတွေးကိုလည်း တွေးနေစေချင်သေးတယ် ဆိုတဲ့ သဘောပေါ့"
စုချန်းက ပြုံးလိုက်သည်။
"ဟုတ်တယ် အဲဒီအတိုင်းပဲ လောလောဆယ် ဒါက ကျုပ်အတွေးသက်သက်ပေါ့လေ ဒါပေမဲ့ ဒီအတွေး မှန်ဖို့များတယ်လို့ ကျုပ် ယူဆတယ် ဒီတော့ ကျုပ်ပြောသလိုသာ လုပ်ကြည့် ဘယ်ကောင်လုပ်သွားသလဲဆိုတာ သူတို့ သေချာပေါက် ပြောပြကြလိမ့်မယ်"
သိပ်မကြာမီ တွန့်ဖန်းတယောက် အဖြေကို သိလာ၏။
လူသတ်မှုအား ကြိုးကိုင်ခဲ့သူမှာ လိုင်မျိုးနွယ်စုဖြစ်ပြီး လက်ခံအကောင်အထည် ဖော်ပေးခဲ့သူမှာ ကြည်လင်ခြင်း အဖွဲ့ပင် ဖြစ်သည်။