← Chapters

ညှိုနှိုင်းခြင်း

Vol. 38 Ch. 373

ညှိုနှိုင်းခြင်း

Vol. 38 Ch. 373

ကြည်လင်မြစ်မြို့တော်တွင် နေထိုင်လာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၍ စုချန်းအဖို့ တော်ဝင်မျိုးနွယ်စုများနှင့် ပတ်သက်၍ သိထားသင့်သလောက် သိရှိထားခဲ့လေပြီ။

လူသတ်မှုကို ကြိုးကိုင်ခဲ့သူမှာလိုင်မျိုးနွယ်စုမှန်း သိလိုက်ရသည်နှင့် ဤလူသတ်မှုကို အဘယ်ကြောင့် ၎င်းတို့ တာဝန်ယူခဲ့ရမှန်း ချက်ချင်းပင် စုချန်း နားလည်လိုက်၏။

တော်ဝင်မျိုးနွယ်စု ဆယ်စုအနက် လူသိအများဆုံးနှင့် ထိပ်တန်းအကျဆုံး မျိုးနွယ်စုမှာ ဝမ် မျိုးနွယ်စု ဖြစ်သည်။ လိုင်မျိုးနွယ်စုမှာကား အင်အားနည်းပါးသည့် မျိုးနွယ်စုများအနက် တစု အပါအဝင် ဖြစ်ပြီး ကြည်လင်မြစ်မြို့တော်တွင် နေထိုင်ခဲ့သည်မှာ နှစ်တရာပင် မကျော်သေးချေ။ ထိုကာလမှာ တော်ဝင်မျိုးနွယ်စုများအတွက် အလွန်ပင် တိုတောင်းသော အချိန်ကာလ ဖြစ်သည်။

တကယ်တော့ ကြည်လင်မြစ်မြို့တော်ရှိ လိုင်မျိုးနွယ်စုမှာ လီခရိုင်ရှိ လိုင်မျိုးနွယ်စု၏ အဆက်အနွယ်မျှသာ ဖြစ်သည်။ ကြည်လင်မြစ်မြို့တော် လက်ရှိအကြီးအကဲ လိုင်ဝုယီသည် ၎င်းတို့ မူလအကြီးအကဲဖြစ်သူ၏ ဇနီးကို ကြာခိုရန် ကြိုးစားမှုကြောင့် မျိုးနွယ်စုမှ နှင်ထုတ်ခြင်း ခံခဲ့ရ၏။ နှစ်အတန်ကြာသောအခါ လိုင်ဝုယီသည် ကြည်လင်မြစ်မြို့တော်သို့ ရောက်ရှိလာပြီး ကြည်လင်မြစ်မြို့တော် လိုင်မျိုးနွယ်ကို စတင်တည်ထောင်ခဲ့လေသည်။

လိုင်မျိုးနွယ်သွေးဗီဇမှာ အဖြူရောင်မီးစုန်းမြွေသွေးဗီဇ ဖြစ်သည်။

အဖြူရောင်မီးစုန်းမြွေဟူသည် ခိုးကြောင်ခိုးဝှက်နှင့် တိုက်ခိုက်တတ်သော သတ္တဝါမျိုး ဖြစ်ပြီး တကိုယ်လုံးတွင် အဖြူရောင် အကြေးခွံများနှင့် ဖုံးအုပ်ထားလေ့ရှိသည်။ ၎င်း၏ အဓိကစွမ်းရည်မှာ ကိုယ်ပျောက်နိုင်စွမ်း ရှိခြင်းပင်။ တချို့ကလည်း ၎င်းမြွေသည် မွေးဖွားလာကတည်းက မရဏနိုင်ငံသို့ ဝင်လိုက်ထွက်လိုက် လုပ်နိုင်သည်ဟု ဆိုကြ၏။

၎င်းမှာ အမှန်တကယ် ဟုတ်မဟုတ် မည်သို့မှ အတိအကျ မပြောနိုင်။ သို့သော် ၎င်း၏ ပြင်းထန်သော အဆိပ်ကတော့ ရန်သူများအတွက်တော့ ခေါင်းကိုက်စရာပင်ဖြစ်သည်။

အဖြူရောင်မီးစုန်းမြွေလိုင်မျိုးနွယ်စုအား တော်ဝင်မျိုးနွယ်စုဟု သတ်မှတ်ခံရခြင်းမှာလည်း ထိုအချက်ကြောင့်ပင် ဖြစ်သည်။

တခြား တော်ဝင်မျိုးနွယ်စုများကဲ့သို့ပင် လိုင်မျိုးနွယ်စုသည်လည်း ကြည်လင်မြစ်မြို့တော်တွင် ၎င်းတို့၏ အုတ်မြစ်ကို အခြေခိုင်စေရန် မြန်မြန်ဆန်ဆန်ပင် လုပ်ဆောင်နိုင်ခဲ့ကြ၏။ သို့သော် မြို့က သေးသလောက် တော်ဝင်မျိုးနွယ်စုက များလှပေရာ လိုင်မျိုးနွယ်များအဖို့ ထင်သလောက်တော့ ၎င်းတို့၏ သြဇာကို ချဲ့ထွင်နိုင်ခြင်း မရှိခဲ့ပေ။

အတွင်းပိုင်းတွင် အခွင့်အရေး များများစားစား ဖန်တီးနိုင်ခြင်း မရှိလျင် ပြင်ပသြဇာအာဏာကို ဖြန့်ကျက်ခြင်းမှာ အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။

ထို့ကြောင့် လိုင်မျိုးနွယ်သည် အစိုးရကို ဆန့်ကျင်ရန် အထူးပင် ဆန္ဒပြင်းပြနေခဲ့၏။ တနည်းအားဖြင့် သူတို့သည် မြို့တော်အရှင်သခင် လက်အောက်ရှိ စီးပွားရေးလုပ်ငန်းများ၊ နယ်မြေများကို မျက်စေ့ကျနေကြခြင်းပင်။

ဤတကြိမ်တွင် စုချန်း ပေါ်ပေါက်လာခြင်းကြောင့် လိုင်မျိုးနွယ်စုအဖို့ ရေကန်အသင့် ကြာအသင့် ဖြစ်သွားရသည့်သဖွယ်ပင်။

မူလဗျူရိုရှိ ချီစွမ်းအားပညာရှင်တယောက်ကို သတ်ဖြတ်လိုက်ခြင်းသည် ယခုအချိန်တွင် ပမာဏမျှသာ ရှိနေသေး၏။ လိုင်မျိုးနွယ်စု၏ တကယ့်ရည်ရွယ်ချက်မှာကား မူလဗျူရိုကြီး တခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ရန်ပင် ဖြစ်သည်။

"အဖိုးကြီးလိုင်ရဲ့ စိတ်ထဲမှာ ဒီတကြိမ် သူတို့မျိုးနွယ်စုအတွက် အခွင့်အရေး ရပြီလို့ ယူဆနေဟန် ရှိတယ်"

စုချန်းသည် မူလဗျူရို ပင်မခန်းမဆောင်ရှိ ထိုင်ခုံတွင် ထိုင်နေရင်း မှတ်ချက်ပြုလိုက်သည်။

"ဒါပေမဲ့ ဒီပုဂ္ဂိုလ်ရဲ့ လုပ်ရပ်က မမှန်ဘူး ဒီတော့ ကျုပ်က သူ့ကို လှိုဏ်ခေါင်းထဲ ပိတ်လှောင်ပစ်ရတော့မှာပေါ့"

"ဆရာစု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

တွန့်ဖန်းကမေးလိုက်၏။

စုချန်းကား ဘာမှ ပြန်မပြောပဲ အချိန်အတော်ကြာအောင် စဉ်းစားလျက်ရှိသည်။ ပြီးမှ သူက ပြောလိုက်သည်။

"ကျုပ်အနေနဲ့ လိုင်မျိုးနွယ်တွေနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေကို သိထားဖို့ လိုလာပြီ ဒါတင်မကသေးဘူး ကြည်လင်ခြင်းအဖွဲ့ရဲ့ အကြောင်းကိုပါ ဂဃနဏ သိချင်တယ် ဒီတော့ လူတယောက် လွှတ်ပြီး သတင်းစုံစမ်းခိုင်းပါ"

"ကောင်းပါပြီ"

သုံးရက်ခန့်အကြာတွင်တော့ စုချန်းတယောက် များပြားလှသော သတင်းအချင်အလက်များကို စုဆောင်းရရှိခဲ့လေသည်။ သတင်းတချို့မှာ လူတိုင်း သိရှိထားပြီးသော သတင်းများ ဖြစ်ပြီး ကျန်သတင်းများကတော့ မူလဗျူရိုနှင့် အရိပ်အစေခံများ သိရှိလာသည့် သတင်းများ ဖြစ်သည်။

တကယ်တော့ အရိပ်အစေခံများသည် သူတို့၏ ဖုံးကွယ်ခြင်းနည်းစနစ်ကို သုံးပြီး လူအများ၏ အခန်းတွင်းသို့ ဝင်ထွက်ကာ တီးတိုးစကားပြောသံများကို နားထောင်နိုင်လေရာ သူတို့ စုဆောင်းလာသော သတင်းများက ပို၍ တိကျ၏။ ပို၍ အသေးစိတ်ဆန်၏။

ဤနည်းအားဖြင့် စုချန်းသည် နှစ်ရက်လုံးလုံး သတင်း စုဆောင်းနေ၏။ ထိုအတောအတွင်းတွင် သူသည် သမားတော်ချန်းအဖြစ် ဟန်ဆောင်ကာ လောင်းအိမ်တော်သို့ သွားရောက်ပြီး လောင်းရှောက်ယူအတွက် အားဖြည့်ဆေးများ ထပ်မံပေးခဲ့၏။ လတ်တလောအခြေအနေအရ လောင်းရှောက်ယူ အသက်ရှင်နေခြင်းက သေခြင်းထက် သူ့အတွက် ပို အသုံးဝင်နေသည် မဟုတ်ပါလား။

ဤအချိန်အတွင်းဝယ် မူလဗျူရို၏ နောက်ထပ် ချီစွမ်းအားပညာရှင်တဦး အတိုက်ခံရပြန်သည်။ ကံကောင်းထောက်မစွာပင် တိုက်ခိုက်မှုတွင် သာမန်မသိုင်းပညာရှင်တချို့သာ အသက်ဆုံးရှုံးခဲ့ပြီး ရန်သူဘက်မှ ပစ်မှတ်ထားသည့် ချီစွမ်းအားပညာရှင်ကတော့ ဘာထိခိုက်မှုမှ မရှိခဲ့ပေ။

သို့သော် စုချန်း အသုံးမကျကြောင်း မူလဗျူရိုမှ ဝန်ထမ်းများအကြား တီးတိုးသဖန်းပိုး လုပ်ကုန်ကြပြီ ဖြစ်သည်။ မည်သို့ဆိုစေ စုချန်းကတော့ ၎င်းတို့၏ အတင်းအဖျင်းစကားများကို လုံးဝ လစ်လျုထား၏။ လတ်တလောတွင် သူက သတင်းစုဆောင်းခြင်းကိုသာ အာရုံစိုက်ထားလေသည်။

နောက်ဆုံးတွင်တော့....

_____________×××_____________×××__________

မူးယစ်မွှေးရနံ့ ဆောင်ကြာမြိုင်သည် ကြည်လင်မြစ်မြို့တော်၏ ထိပ်တန်း ဆောင်ကြာမြိုင် ဖြစ်သည်။ ထိုနေရာရှိ မိန်းကလေးများသည် အလွန်လှပသလို ခမ်းနားသော နောက်ကြောင်းရာဇဝင်မျိုးကိုလည်း ပိုင်ဆိုင်ထားကြကုန်၏။ တချို့ မိန်းကလေးများဆိုလျင် ချီစွမ်းအားပညာရှင်များပင် ဖြစ်နေကြသည်။

သို့သော် ဈေးနှုန်းက ကြီးမြင့်လှပေရာ သာမာန်လူများအဖို့ မူးယစ်မွှေးရနံ့ ဆောင်ကြာမြိုင်တွင် စည်းစိမ်ခံနိုင်ရန် ဝေးစွ။ မျက်စောင်းပင် လှည့်မထိုးနိုင်ချေ။

ဝန်ဝေစင်းသည် သာမာန်လူတော့ မဟုတ်။ သို့သော် မြို့တော်လူ့အဖွဲ့အစည်း၏ ထိပ်တန်းမှ ပုဂ္ဂိုလ်လည်း မဟုတ်လေရာ ဆောင်ကြာမြိုင်၏ အလှဆုံး ဆိုသော မိန်းကလေးများကို သက်ပြင်းချကာ ငေးကြည့်နေရုံသာ တတ်နိုင်လေသည်။

"ဘာတွေများ စဉ်းစားနေတာလဲ ရှင်ရယ်"

အိပ်ယာပေါ်ရှိ မိန်းမလှလေးက ဝန်ဝေစင်းကို လှမ်းမေးလိုက်၏။ ဝန်ဝေစင်းက မိန်းမလှလေးကို လှည့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"မွှေးရနံ့အိမ်ကို အလည်လာခွင့်ရလို့ ကျုပ်ကိုယ်ကျုပ် ကံထူးလှချည်လားလို့ တွေးမိနေတာပါကွာ"

မိန်းမလှလေးက ပါးစပ်ကို လက်ဝါးဖြင့်အုပ်ကာ နွဲ့နှောင်းစွာ ရယ်မောလိုက်၏

"ရှင်ဟာလေ အစာက ပါးစပ်ဖျားရောက်နေတာတောင် အရင်မစားပဲ ဘယ်ကနေ ရောက်လာသလဲ တွေးနေသလိုပဲ ရှင့်မှာ အင်အားတွေ ကျန်သေးတယ်ဆိုတာ ကျွန်မ သိတယ် လာစမ်းပါရှင် နောက်တပွဲလောက် နွှဲရအောင်"

ပြောပြောဆိုဆို သူမက ဝန်ဝေစင်းကို လှမ်းဖက်လိုက်၏။ ဝန်ဝေစင်းကလည်း မိန်းမလှလေးကို ပြန်ဖက်လိုက်သည်။ ထိုအချိန်မှာပင် စကားပြောသံတသံ ပေါ်ပေါက်လာ၏။

"ဆရာ ဝန် အတော်ကို အဆင်ပြေနေတာပဲ"

ဝန်ဝေစင်း၏ အမူအရာမှာချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် သူက မိန်းမလှလေးကို အသံ ထွက်ပေါ်လာရာဆီသို့ တွန်းထုတ်လိုက်ပြီး ပြတင်းပေါက်မှ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ သို့သော် ဘယ်ကပေါ်လာမှန်းမသိသော လက်ဝါးရိုက်ချက်တချက်က ဝန်ဝေစင်း၏ ရင်ဘတ်ပေါ်သို့ ဝုန်းခနဲ ကျရောက်လာ၏။ ဝန်ဝေစင်းမှာလည်း အခန်းထဲသို့ ဝုန်းခနဲ ပြန်လည်ပြုတ်ကျသွားလေသည်။

သို့တိုင်အောင် ဝန်ဝေစင်းကား အားမလျော့သေး။ ထပ်မံလှုပ်ရှားရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် သူ့နောက်ကျောမှ လူရိပ်နှစ်ရိပ် ထွက်ပေါ်လာပြီး ဝန်ဝေစင်း၏ လက်အစုံအား ဖမ်းချုပ်ထားလိုက်လေသည်။

တချိန်တည်းမှာပင် ပြတင်းပေါက်မှ လူတယောက် ဝင်လာ၏။

ထိုလူမှာ စုချန်းပင် ဖြစ်လေသည်။

အခန်းထဲသို့ ရောက်သည်နှင့် စုချန်းက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

"ဆရာ ဝန် ဘာကြောင့် ဒီလောက်ထိ အလျင်လိုနေတာလဲဗျ ပြီးတော့ ဒီလောက် လှတဲ့ မိန်းကလေးကို ခင်ဗျား တွန်းလိုက်တာ အရမ်း ရက်စက်ရာ ရောက်မနေဘူးလား"

"စုချန်း မင်း...မင်း...."

ဝန်ဝေစင်းက အံကြိတ်သံနှင့် ရေရွတ်လိုက်သည်။

"ဒီအတောအတွင်းမှာ ကျုပ်လဲ အတော်ကို နာမည်ကြီးနေဟန် တူတယ်ဗျ"

စုချန်းက ထိုင်ခုံတလုံးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။ အရိပ်အစေခံနှစ်ဦး၏ ဖိအားပေးမှုကြောင့် ဝန်ဝေစင်းမှာလည်း စုချန်း၏ ရှေ့ရှိ ခုံတလုံးတွင် ထိုင်ချလိုက်ရလေသည်။

"သိပ်လည်းလှုပ်လှုပ်ရှားရှား လုပ်နေစရာ မလိုပါဘူးဗျာ ဒီမယ်ဗျ ဆရာ ဝန် ကျုပ် ဒီကို လာတာ ခင်ဗျားနဲ့ ဆွေးနွေးစရာ ရှိလို့ပဲ"

"မင်းက ဘာ ဆွေးနွေးချင်တာလဲ"

"လျုကျိယွန်နဲ့ ဖန်ယုချင်းတို့ တိုက်ခိုက်ခံရတာ ခင်ဗျားတို့ ကြည်လင်ခြင်းအဖွဲ့ရဲ့ လက်ချက်လို့ သိရျယ် ဟုတ်သလား"

ဝန်ဝေစင်းက အေးစက်သေ လေသံနှင့် ရယ်မောလိုက်သည်။

"ဟဲ ဟဲ သခင်လေးစု ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ် ဘာမှ မပြောပြနိင်ဘူး"

"ဒါကတော့ ခင်ဗျားဘက်က အတွေးပေါ့လေ ဒါပေမဲ့ လောလောဆယ် ခင်ဗျားက ကျုပ်လက်ထဲမှာ ဆိုတာလည်း မမေ့နဲ့အုံးဗျ ခင်ဗျားကို ကျုပ် သတ်ပစ်လို့ ရတယ်နော်"

"မင်းက ကျုပ်ကို သတ်ချင်လို့လား သတ်ချင်ရင် သတ်လေ ကျုပ် ကြောက်နေမယ်များ ထင်သလား"

"ဆရာ ဝန် သေမှာမကြောက်ဘူးဆိုတာတော့ ကျုပ် ယုံပါတယ် ကြည်လင်ခြင်းအဖွဲ့နဲ့ နတ်ဆိုးကျားအဖွဲ့ ပြသနာတက်တော့ ဆရာ ဝန်ဟာ ချီစွမ်းအားပညာရှင်သုံးယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ် ဒါပေမဲ့ ဆရာ ဝန်ကတော့ ဒီလူသုံးယောက်လုံးကို ရှင်းပစ်နိုင်ခဲ့တယ် ပင်လယ်ပြောင်းလဲခြင်းနန်းဆောင်တိုက်ပွဲမှာလည်း ဆရာ ဝန်ဟာ ကိုယ့်ခေါင်းဆောင် ထွက်ပြေးနိုင်အောင် အသက်နဲ့လဲပြီး ကာကွယ်နိုင်ခဲ့တယ် ဒါတင်မကသေးဘူး မြစ်ရေ အသည်နှလုံးတာရိုးတိုက်ပွဲမှာလည်း ဆရာ ဝန်က စွမ်းဆောင်ရည်ကောင်း ပြနိုင်ခဲ့ပြန်တယ် ဒီလို လူစားမျိုးက သေရမှာ ဘယ်ကြောက်ပါ့မလဲ"

ဝန်ဝေစင်း ဘဝတသက်တာ ဂုဏ်အယူဆုံး ကိစ္စများကို စုချန်းက ထောက်ပြလိုက်ခြင်း ဖြစ်လေရာ ဝန်ဝေစင်း ဘဝင် မြင့်သွား၏။

"ဒီလိုကျတော့ မင်းက ကျုပ်အကြောင်းကို သိသားပဲ"

"ကံဆိုးတာက အဲဒီတိုက်ပွဲတွေတုန်းက ဆရာ ဝန် သေမသွားခဲ့ဘူး"

စုချန်း၏ လေသံမှာ ချက်ချင်းပြောင်းလဲလာ၏။

"အဲဒီတုန်းကသာ ဆရာ ဝန် သေသွားရင် လူတိုင်းက ဝမ်းနည်းကြေကွဲကြလိမ့်မယ် ဒါပေမဲ့ ခုချိန်မှာ ဆရာ ဝန် သေသွားရင်တော့ လူအတော်များများ အောင်ပွဲခံကြလိမ့်မယ် ကျုပ် ပြောတာ ဟုတ်ရဲ့လား"

ဝန်ဝေစင်း မျက်မှောက်ကုတ်သွား၏။

"မင်း ဘာကို ပြောချင်နေတာလဲ"

"ကျုပ် ဘာကို ပြောချင်သလဲဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်လေ ဆရာ ဝန်ဟာ ကြည်လင်ခြင်းအဖွဲ့အတွက် အများကြီး အကျိုးဆောင်ပေးခဲ့တယ် ဒါပေမဲ့ ဘာဖြစ်သလဲ ခု ဆရာ ဝန်ရဲ့ အနေအထားကိုပဲ ကြည့်လေ ခင်ဗျားဟာ လက်ထောက်အဖွဲ့ခေါင်းဆောင်တောင် ဖြစ်မလာဘူး လက်ရှိ အဖွဲ့ခေါင်းဆောင်ရဲ့ အမြင်မှာလည်း ခင်ဗျားဟာ သူ့ကိုယ်ထဲ စိုက်ဝင်နေတဲ့ ဆူးတချောင်းပဲ ခင်ဗျားကို သူ ရှင်းပစ်ချင်နေတယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား ဒါကလဲ ဘာမှ မဆန်းပါဘူးလေ ခင်ဗျားတို့အဖွဲ့မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်နှစ်ယောက် ရှိတယ် ခင်ဗျားဟာ အဲဒီနှစ်ယောက်ထဲက တယောက်အပါအဝင်ပဲလေ ပြီးတော့ ခင်ဗျားရဲ့ အင်အားကလည်း အဖွဲ့ခေါင်းဆောင်ထက်တောင် အနည်းငယ် သာနေအုံးမယ် ဒီတော့ ခင်ဗျားကို အဖွဲ့ခေါင်းဆောင်က ရှင်းပစ်ချင်နေတာ ဘာမှ မဆန်းဘူးပေါ့လေ ခုနေသာ ခင်ဗျားကို ကျုပ် သတ်လိုက်ရင် သူ့အလို ပြည့်သွားမှာပဲဗျ"

အခြေအနေကို ဝန်ဝေစင်း နားလည်သွား၏။ သူက အောက်ကလိအာနိုင်သော အသံနှင့် ရယ်မောလိုက်သည်။

"လက်စသတ်တော့ အသိပညာအတည်ပြုသူစုမှာ ကျုပ်ကို သတ်ဖို့ အစီအစဉ် ရှိပုံမရဘူး မင်းက ကျုပ်ကို လာပြီး သိမ်းသွင်းနေတာကိုး"

"ကူညီပံ့ပိုးမဲ့သူတွေ လိုက်ရှာနေတယ်ဆိုရင် ပိုပြီး မှန်မှာပါ ခုတလော ကျုပ်က ကျုပ်နဲ့ အတွေးတူတဲ့လူတွေကို လိုက်ရှာနေတာဗျ"

"စကား တခွန်းနှစ်ခွန်း ပြောလိုက်ရုံနဲ့ ကျုပ်က ကိုယ့်ကိုယ်ကို ရောင်းစားမယ် ထင်နေရင်တော့ မင်း အိပ်မက် မက်နေတာပဲကွ"

ခင်ဗျား အနေနဲ့ ကိုယ့်ကိုယ်ကို ကျုပ်ဆီ ရောင်းစားနေဖို့ မလိုပါဘူးဗျာ"

စုချန်းက အေးဆေးသော လေသံနှင့် ပြန်ပြောလိုက်သည်။

"ကုန်ကုန်ပြောရရင် ကျုပ်ရဲ့ အောင်မြင်မှုအတွက် ဘယ်သူ့ အကူအညီမှ မလိုဘူးဗျ"

ဝန်ဝေစင်း ကြောင်အန်းအန်း ဖြစ်သွား၏။

"မင်း ဘာကို ဆိုလိုတာလဲ"

စုချန်းက ရှင်းပြလိုက်သည်။

"ကျုပ် ပြောမဲ့ဟာက ခင်ဗျား ထင်နေတာနဲ့ ပြောင်းပြန်ပဲ ဆရာ ဝန် ရဲ့ ကျုပ်က ကြည်လင်ခြင်းအဖွဲ့ ခင်ဗျား လက်ထဲ ရောက်လာအောင် ကူညီပေးမလို့ ပြောနေတာ ဒီတော့ ဒါကို ခင်ဗျား လိုချင်သလား မလိုချင်ဘူးလား ကျုပ် သိချင်တယ်"

ဝန်ဝေစင်း စဉ်းစားခန်း ဝင်လေပြီ။ စုချန်းကား အနည်းငယ်မျှပင် အလျင်မလို။ စိတ်အေးလက်အေးနှင့်ပင် စောင့်ဆိုင်းနေ၏။

တကယ်တော့ ပြသနာတိုင်းဟူသည် ဖြေရှင်းနည်းကိုသာ သိလျင် ဘာမှ မခက်လှချေ။ အာရုံစိုက်ရမည့် ပစ်မှတ်ကို သိသွားသည်နှင့် တပြိုင်နက် အရာအားလုံးသည် ရိုးရှင်းလွယ်ကူသွားပြီ ဖြစ်သည်။

အချိန် အတော်လေးကြာသွားမှ ဝန်ဝေစင်းက စကားစသည်။

"ကျုပ်ကို မင်းနဲ့ မဟာမိတ် လုပ်စေချင်တာလား ဒါ လုပ်လို့ရတယ် ဘာမှ သိပ်ခက်တဲ့ ကိစ္စမဟုတ်ဘူး ဒါပေမဲ့ ပါးစပ်ဖျားလေးနဲ့ ပြောရုံလောက်ပြောတတ်တဲ့ လူစားမျိုးတွေကို ကျုပ်က အထင်မကြီးဘူးကွ ကျုပ်တို့က လမ်းတွေပေါ်က ဒုစရိုက်သမားတွေ ကျုပ်တို့ရဲ့ လောကမှာ အရာရာကို အင်အားနဲ့ပဲ တိုင်းတာဆုံးဖြတ်တယ် လီယွဲ့ဟာ ယန့်ဖွင့်လှစ်ခြင်းပညာရှင် ဖြစ်တဲ့အပြင် သူ့အောက်က လက်ထောက်ခေါင်းဆောင်သုံးယောက်ဟာလည်း သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တွေဆိုတာ မင်းလည်း သိလောက်ပြီ ဒါ့အပြင် လိုင်မျိုးနွယ်တွေနဲ့ တခြား တော်ဝင်မျိုးနွယ်စုတွေလည်း ရှိနေသေးတယ် ဒါကြောင့် ကျုပ်ကို မင်းနဲ့ မဟာမိတ် ဖြစ်စေချင်ရင် မင်းဘက်ကလည်း အစွမ်းအစရှိကြောင်း သက်သေပြမှ ဖြစ်မှာပေါ့"

စုချန်းက ရယ်မောလိုက်သည်။

"ဘာလဲ ခင်ဗျားက တိုက်ခိုက်ချင်တာလား ရတယ်လေ ဘယ်နေရာမှာ တိုက်မှာလဲ ဘယ်အချိန်လဲ ခင်ဗျားနဲ့ ကျုပ်ပဲလား"

ဝန်ဝေစင်း မျက်လုံး ပြူးသွား၏။

"မင်းနဲ့ ကျုပ်နဲ့ ဟုတ်လား မင်းက သွေးဆူပွက်ခြင်းနယ်ပယ်မှာပဲ ရှိသေးတယ် ကျုပ်က ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ရောက်နေပြီ ဒါတောင် မင်းက ကျုပ်နဲ့ တိုက်ချင်သေးတယ်ပေါ့ ဟုတ်လား"

"ဘာ ဆရာ ဝန် ခု ဘယ်သူက ဘယ်သူ့ကို ဖမ်းထားတယ်ဆိုတာ ခင်ဗျား မေ့နေပြီ ထင်တယ်"

"အို ဒါက ကျုပ် အားကုန်မထုတ်သေးလို့ပါလေ"

"ဒါဆိုလည်း အားကုန်ထုတ်ပြီး ရုန်းကြည့်စမ်းဗျာ"

စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ အခန်းထဲတွင် ထူးခြားသော လေဟာနယ်တခု ပေါ်ပေါက်လာတော့သည်။

ဆူမာရု လေဟာနယ်ပေတည်း။

All Chapters