← Chapters

တိုက်ပွဲအစပြုခြင်း

Vol. 38 Ch. 374

တိုက်ပွဲအစပြုခြင်း

Vol. 38 Ch. 374

ကြည်လင်မြစ် ဆိပ်ကမ်းတွင် ဖြစ်သည်။

ဤဆိပ်ကမ်းကား ကြည်လင်မြစ်မြို့တော် တခုလုံးတွင် အလုပ်ရှုပ်ဆုံး နေရာတနေရာဟု ဆိုနိင်၏။

အကြောင်းမှာ ကြည်လင်မြစ်မြို့တော်သည် ဝေးကွာသောနေရာတွင် တည်ရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲလှ၍ လူအများသည် ရေလမ်းကိုသာ အသုံးပြု၍ ကုန်သွယ်မှု ပြုလုပ်ရ၏။ ထို့ကြောင့် ဤဆိပ်ကမ်းသည် ကြည်လင်မြစ်မြို့တော်၏ အသက်သွေးကြောဟုလည်း ဆိုနိုင်ပေသည်။

များပြားလှစွာသော သင်္ဘောများသည် ကုန်စည်အမြောက်အများကို သယ်ဆောင်၍ ဤဆိပ်ကမ်းသို့ နေတဓူဝ ဝင်ထွက်သွားလာနေကြကုန်၏။ ထိုအခါ ကုန်သည်များ၊ ဈေးသည်များသည်လည်း သူတို့၏ အသက်ရှင်သန်ရေးအတွက် ဤဆိပ်ကမ်းတွင် လာရောက် အလုပ်လုပ်နေကြရလေသည်။

ဆိပ်ကမ်းအနီးရှိ လမ်းများပေါ်တွင်တော့ မရေမတွက်နိုင်သော ဒုစရိုက်မှုများနှင့် ပြည့်နှက်နေလေ့ရှိ၏။

ကြည်လင်မြစ်မြို့တော် ဆိပ်ကမ်းကို ကြည်လင်ခြင်း အဖွဲ့က အများဆုံး ထိန်းချုပ်ထား၏။ ကြည်လင်မြစ်ကို အစွဲပြု၍ ၎င်းတို့အဖွဲ့၏ နာမည်ကို ကြည်လင်ခြင်းအဖွဲ့ဟု နာမည်ပေးထားသည်ကို ကြည့်လျင် သိနိုင်ပေသည်။ မြို့တော်၏ ဆိပ်ကမ်း အတော်များများကို ထိန်းချုပ်ထားနိုင်ခြင်းဖြင့် ကြည်လင်ခြင်းအဖွဲ့သည် ဒုစရိုက်အဖွဲ့များ၏ ထိပ်ပိုင်းတွင် ရပ်တည်နိုင်ခဲ့၏။ ဤနည်းအားဖြင့် သူတို့သည် ဒုစရိုက်အဖွဲ့များအနက် အကြီးမားဆုံး အဖွဲ့တဖွဲ့ ဖြစ်လာခဲ့လေသည်။

ဤယနေ့တွင်လည်း ကြည်လင်မြစ်ဆိပ်ကမ်း၌ ယခင်နေ့များကဲ့သို့ပင် စည်ကားသိုက်မြိုက်နေ၏။

လှေတစင်း ဆိပ်ကမ်းသို့ ရောက်ရှိလာသည်နှင့် ကုန်တင်ကုန်ချ အလုပ်သမားများက လေးလံလှသော ကုန်သေတ္တာများကို လှေပေါ်မှ သယ်ဆောင်သွား၏။ တစုံတခု အမှားအယွင်း မရှိစေရန် အစောင့်အကြပ်များက ဘေးမှနေ၍ ထိန်းသိမ်းပေးနေကြ၏။ သူတို့၏ အဓိက တာဝန်မှာ အနှီ ကုန်စည်များကို စစ်ဆေးရန် တာဝန်ရှိသူများ ထိုင်နေသည့် ထီးများအောက်သို့ ချောချောမောမော ရောက်ရှိသွားရန် ဖြစ်သည်။ သို့မှာသာ သူတို့အနေနှင့် ထိုက်တန်သော ငွေစကြေးစလေးများ ရရှိနိုင်မည် ဖြစ်သည်။

လုထန်းယန်သည် ပက်လက်ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ လဲလျောင်းနေ၏။ အစေခံတယောက်က သူ့ပါးစပ်အတွင်းသို့ သစ်သီးများ ခွံ့ကျွေးလျက်ရှိပြီး ကျန် အစေခံတယောက်ကမူ သူ့ ခြေလက်များကို နှိပ်နယ်ပေးလျက်ရှိသည်။ သူ့ဘေးနားတွင်တော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်တော်စောင့်လေးယောက်က အသင့် စောင့်ဆိုင်းလျက်ရှိသည်။

ကုန်ထမ်းသမားများကား ကုန်စည်များကို ထမ်းပို့လျက် ရှိကြသည်။ ထိုအချိန်တွင် ကုန်ထမ်းသမားတယောက်က လုထန်းယန်ကို ဖြတ်ခနဲ လှမ်းကြည့်မိ၏။ မရှေးမနှောင်းမှာပင် ကြာပွတ်သံ ရွှန်းခနဲ ပေါ်လာပြီး အစောင့်တယောက်၏ ဆဲဆိုငေါက်ငမ်းသံ ပေါ်လာသည်။

"ဟေ့ကောင် ကိုယ့်အလုပ်ကို လုပ်စမ်း ငါတို့ ကြည်လင်ခြင်းအဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်ကို မင်း အဆင့်နဲ့ မျက်စောင်းထိုးရဲသလား"

ထိုအခါ မည်သည့် ကုန်ထမ်းသမားမှ မစူးစမ်းရဲတော့ပဲ ခေါင်းငုံ့ကာ အလုပ်ကို ကပျာကသီ လုပ်ကြရကုန်၏။

လူတကာ မော်မကြည့်ရဲသော ဘဝမျိုးကို လုထန်းယန် အလွန် သဘောကျလေသည်။ ဤခံစားချက်သည် လုထန်းယန်အား အလွန်ပင် နေ၍ထိုင်၍ ကောင်းစေ၏။

သင့်အနေနှင့် သင့်ခြေဖဝါးအောက်ရှိ လူများကိုပင် ပြားပြားဝပ်အောင် မအုပ်ချုပ်နိုင်လျင် အသက်ရှင်နေထိုင်ရန် အဘယ်မှာ ထိုက်တော့မည်နည်း။

လုထန်းယန်သည် ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နှစ်သိမ့်နေရင်း လောကစည်းစိမ်ကို ခံစားနေ၏။ ထိုအချိန်မှာပင် ဆူညံသံတချို့ကြောင့် သူ အာရုံပျက်သွားလေသည်။ ထိုအခါ သူက မျက်လုံးကို ဖွင့်၍ပင်မကြည့်ပဲ မေးလိုက်သည်။

"ဘာတွေ ဖြစ်နေကြတာလဲကွ"

အစောင့်က ဆူဆူညံညံ ထွက်ပေါ်နေသော နေရာဆီသို့ လှမ်းကြည့်ပြီး ပြောလိုက်သည်။

"တယောက်ယောက် ဒီဘက်ကို လာနေဟန်တူတယ်ခင်ဗျ"

"လာနေတာဘယ်သူပဲ ဖြစ်ဖြစ် အဲဒီကောင်ရဲ့ အရိုးတွေကို ချိုးပစ်ပြီး ကောင်းကောင်း ပညာပေးလိုက်စမ်းကွာ"

လုထန်းယန်က ပျင်းရိငြီးငွေ့စွာနှင့် အမိန့်ပေးလိုက်သည်။

"ဒါ...မဖြစ်နိုင်ဘူးနဲ့ တူတယ်ခင်ဗျ"

အစောင့်က အထစ်ထစ် အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။

"ဟေ"

လုထန်းယန် အံ့သြသွား၏။ ထို့နောက် သူက မျက်လုံးကို ဖွင့်ကာ လှမ်းကြည့်လိုက်သည်။

ကြည့်နေရင်းနှင့်ပင် သူ့မျက်လုံးမှာ ကျယ်သည်ထက် ကျယ်လာ၏။

ခပ်လှမ်းလှမ်းဆီမှ လူတစုသည် သူ့ဆီသို့ ဦးတည်လျှောက်လာနေ၏။ လူစုကို ဦးဆောင်လာသူမှာ လူငယ်တယောက်ဖြစ်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ လူငယ်၏ နောက်တွင်တော့ အနီရောင်ဝတ်ဆင်ထားသော လူနှစ်ဆယ် ရှိနေပြီး ထို လူနှစ်ဆယ်၏ နောက်တွင် အပြာရောင်ဝတ်ဆင်ထားသည့် လူနှစ်ရာခန့် ရှိနေပြန်၏။

လူအုပ်စုမှာ စစ်တပ်တတပ်ကဲ့သို့ ခြေလှမ်းမှန်မှန်နှင့် ချီတက်လာကြခြင်း ဖြစ်သည်။ လူတိုင်း၏ ခါးတွင်လည်း ဆောင်ဓားကိုယ်စီ ချိတ်ဆွဲထားကြလေသည်။

"ဒီလူတွေဟာ......"

အနက်ရောင်ဝတ်ဆင်ထားသော အစောင့်က မသဲမကွဲ ရေရွတ်လိုက်သည်။

"ဒီလူတွေဟာ မူလဗျူရိုက လူတွေပဲကွ"

အပြာရောင်ဝတ်ဆင်ထားသော လူများကို မှတ်မိနေသဖြင့် လုထန်းယန်က ဤကဲ့သို့ တပ်အပ် ပြောလိုက်နိုင်ခြင်း ဖြစ်သည်။ ဤအတိုင်းဆိုလျင် အနီရောင်ဝတ်ဆင်ထားသော လူနှစ်ဆယ်မှာ သွေးဝတ်ရုံတပ်သားများ ဖြစ်မည်က သေချာနေခဲ့လေပြီ။

သွေးဝတ်ရုံတပ်သားများ...

မူလဗျူရိုမှ အစောင့်များ...

ဤအတိုင်းဆိုလျင် ရှေ့ဆုံးမှ အဖြူရောင်ဝတ်ဆင်ထားသော လူငယ်မှာ...

"စု...စုချန်း"

လုထန်းယန် အထိတ်တလန့်နှင့် ရေရွတ်လိုက်သည်။

ဤနာမည်ကို သူကောင်းစွာ ကြားဖူး၏။ ဤလူငယ်သည် ကြည်လင်မြစ်မြို့တော်သို့ ရောက်ရောက်ချင်းမှာပင် လောင်းမျိုးနွယ်နှင့် လျန်မျိုးနွယ်ကို ပညာပေးနိုင်ခဲ့သည့်အပြင် လောင်းမျိုးနွယ်ဝင် အများအပြားကို အသက်ပျောက်စေခဲ့၏။ လျူဝုယာကို သတ်ပြီး မူလဗျူရိုကို သိမ်းပိုက်နိုင်ခဲ့၏။

ဤလူငယ်သည် ရက်စက်ကြမ်းကြုတ်လှသော စရရိုက်မျိုးကို ပိုင်ဆိုင်ထားကြောင်း လုထန်းယန် ကောင်းစွာ ကြားဖူးလေသည်။

ဟင်...ဒါနဲ့ ဒီကောင် ဒီကို ဘာလာလုပ်တာတုန်း...

စုချန်း လာရင်းကိစ္စကို လုထန်းယန် ဝေခွဲမရပဲ ဖြစ်နေ၏။

ကြီးမားလှသော လူအုပ်ကြီးကား တရွေ့ရွေ့နှင့် ချည်းကပ်လာပြီး ဆိပ်ကမ်းတနေရာတွင် ရပ်တန့်သွား၏။ ထိုအချိန်တွင် လုထန်းယန်ဖက်မှာ အဖွဲ့သားများကလည်း လုထန်းယန် နံဘေးတွင် စုဝေးနေကြပြီ ဖြစ်လေရာ လူအုပ်စုကြီး နှစ်စုကား တဖက်နှင့် တဖက် ရင်ဆိုင်မိလျက်သား ဖြစ်နေကြလေပြီ။

နောက်ဆုံးတွင်တော့လုထန်းယန်က ဆီးကြိုနှုတ်ဆက်လိုက်သည်။

"ကျုပ်တို့ရဲ့ ဧည်သည်က အသိပညာ အတည်ပြုသူ စုချန်းပဲ ဖြစ်ရမယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"

"မှန်ပါတယ် ကျုပ် စုချန်းပါ"

စုချန်းက အရိုအသေ ပေးဟန်ပြုရင်း ပြန်လည် နှုတ်ဆက်လိုက်သည်။

"ဒါနဲ့ အသိပညာအတည်ပြုသူစု ကျုပ်တို့ရဲ့ ဆိပ်ကမ်းကို လာတာ ဘာကိစ္စများလဲ"

"ခင်ဗျားရဲ့ ဆိပ်ကမ်း ဟုတ်လား"

စုချန်းက ပြန်မေးလိုက်၏။

"ဘာလဲ ဒီဆိပ်ကမ်းက ခင်ဗျားတို့ ကြည်လင်ခြင်းအဖွဲ့ရဲ့ အပိုင်လား အစိုးရအရာရှိတယောက်အနေနဲ့ ဒီကိုလာတာ ခင်ဗျားရဲ့ ခွင့်ပြုချက်ကို တောင်းခံနေရအုံးမှာလား"

လုထန်းယန်က စုချန်း၏ စကားကို စိတ်ဆိုးဟန်မရှိချေ။ သူက ပြန်ပြောလိုက်၏။

"အသိပညာအတည်ပြုသူစုက ကျုပ်စကားကို နားလည်မှုလွဲနေပြီထင်တယ် ကျုပ် ဆိုလိုတာက ဒီလိုပါ မင်းအနေနဲ့ ဒီကိုလာမယ်ဆိုရင် ကျုပ်ကို အသိပေးထားတော့ ခမ်းခမ်းနားနား ကြိုဆိုလို့ ရတယ်ဆိုတဲ့ သဘောပါ"

"ကျုပ်ကို ခမ်းခမ်းနားနား ကြိုဆိုနေစရာ မလိုပါဘူးဗျာ ခင်ဗျားလို လူစားမျိုးရဲ့ ကြိုဆိုမှုကိုလည်း ကျုပ် အလိုမရှိဘူး ကျုပ် တည့်တည့်ပဲ ပြောမယ် ကျုပ် ဒီကိုလာတာ လူသတ်မှုကို စုံစမ်းဖို့ပဲ"

"လူသတ်မှုကို စုံစမ်းစစ်ဆေးဖို့ ဟုတ်လား"

လုထန်းယန်က မေးလိုက်သည်။

"ဘာ လူသတ်မှုလဲဗျ"

"ကျုပ်ဆီက မူလချီစွမ်းအားပညာရှင်တယောက်ဟာ ဒီနေရာမှာ အသတ်ခံခဲ့ရတယ် အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ပဲ"

လုထန်းယန် မျက်လုံးပြူးသွား၏။

"လျုကျိယွန် သေသွားတဲ့ ကိစ္စလား သူ အသတ်ခံရတာ အနောက်ရေလမ်းကြားမှာဆို ဒါ ကျုပ်တို့နဲ့ ဘာဆိုင်သလဲ"

စုချန်းက ဟက်ခနဲ ရယ်မောလိုက်သည်။

"ဒီတော့ လျူကျိယွန် အသတ်ခံရတာ ခင်ဗျား သိနေတယ်ပေါ့ လျကျိယွန်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အသတ်ခံခဲ့ရတယ် စုံစမ်းစစ်ဆေးရေးကို စုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ဆောင်ခဲ့တယ် ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းရေး လုပ်ခဲ့တယ် လူသိရှင်ကြား ထုတ်ပြန်ခြင်း မလုပ်ခဲ့ဘူး ဒါပေမဲ့ လျုကျိယွန် အသတ်ခံရတာကို ခင်ဗျား ကြိုသိနေတယ် ဒါ နည်းနည်းတော့ ယုတ္တိမရှိသလို ဖြစ်မနေဘူးလား"

စုချန်း၏ စကားကြောင့် လုထန်းယန်က ကြောက်သွားရမည့်အစား ဟားတိုက်ရယ်မောလိုက်သည်။

"ဒီလို သိနေတာ ဘာများ ဆန်းလို့လဲ ဒီလောက်နဲ့ ကျုပ်ကို သံသယဝင်တယ်လို့ ပြောနေရင်တော့ မင်း ရူးနေလို့ပဲ ဖြစ်ရမယ်"

လုထန်းယန်၏ စကားကြောင့် သူ့အဖွဲ့သားများကလည်း အားရပါးရ ရယ်မောလိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်တော့ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပြည့်နှက်နေ၏။

အမှန်တော့ ဤသို့ သံသယဝင်ခြင်းသည် အပေါ်ယံအကြောင်းပြချက်သာ ဖြစ်နေမှန်း စုချန်းနှင့် လုထန်းယန်တို့ နှစ်ယောက်လုံး သိရှိထားပြီးသားပင်။ တကယ့်မြေပြင်တွင်တော့ လျူကျိယွန် အသတ်ခံရခြင်းမှာ လျှို့ဝှက်ချက် မဟုတ်။ ဤပြသနာကို စုချန်း မည်သို့ ကိုင်တွယ်မည်ကိုသာ လူတိုင်း စောင့်ကြည့်နေကြသည့် အခြေအနေ ဖြစ်သည်။

ဤပြသနာကို စုချန်းသာ ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ပါက စုချန်းအဖို့ များစွာ အခြေအနေ ဆိုးသွားနိုင်၏။ မူလဗျူရိုသည်လည်း တော်ဝင်မျိုးနွယ်စုများ၏ လက်ထဲသို့ ပြန်လည် ကျရောက်သွားပေလိမ့်မည်။

လုထန်းယန်၏ မခန့်မလေးစားနိင်သော စကားကို စုချန်း ချေပခြင်း မပြု။ သူက လိုရင်းကိုသာ တည့်တည့်မတ်မတ် ပြောလိုက်၏။

"ကျုပ် ရူးမရူးက အရေးမကြီးပါဘူး အရေးကြီးတာက ဒီလူသတ်မှုနဲ့ ခင်ဗျား ဆက်နွယ်နေတယ်လို့ ကျုပ် သံသယရှိတယ် ဒီတော့ လိုအပ်တဲ့ စုံစမ်းစ်ဆေးမှုတွေ ပြုလုပ်ဖို့ ခင်ဗျားတို့ တဖွဲ့လုံး ကျုပ်နဲ့အတူ မူလဗျူရိုကို လိုက်လာခဲ့ဖို့ လိုတယ်"

လုထန်းယန်က ပမာမခန့်နှင့် ပြန်ပြောလိုက်ပြန်သည်။

"လူသတ်မှုဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တာဝန်ပဲ မင်းတို့ မူလဗျူရိုနဲ့ ဘာဆိုင်သလဲ"

စုချန်းက အမိန့်စာတစောင်ကို ဆွဲထုတ်ပြီး သူ့ဘေးနားရှိ လူတယောက်ကို လှမ်းပေးလိုက်၏။ ထိုလူက အမိန့်စာကို ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

"ဆရာလျူ အသတ်ခံရတဲ့ ကိစ္စမှာ ဆရာလျုဟာ ချီစွမ်းအားပညာရှင် ဖြစ်နေတဲ့အပြင် စုံစမ်းစစ်ဆေးရေးဌာနဟာလည်း ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိဘူး ဒါကြောင့် ဒီလူသတ်မှုမှာ မူလဗျူရိုကို ပူးပေါင်းပါဝင်စစ်ဆေးခွင့် ပြုလိုက်တယ်"

ဟင်...

ဘာလဲဟ...

လူတိုင်း ကြက်သေသေကုန်၏။

စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"အားလုံး ကြားတယ်နော် ကျုပ်တို့အနေနဲ့ စုံစမ်းစစ်ဆေးရေးမှာ ဝင်ပါခွင့်ရှိတယ် ဒီမှာ မြို့တော်အရှင်သခင်ရဲ့ အမိန့်ပေးတံဆိပ်ပဲ ဒီတော့ သံသယရှိသူတိုင်း ပူးပေါင်းပါဝင်ရမယ်"

လုထန်းယန်က အတွန့်တက်လိုက်ပြန်သည်။

"ဒါပေမဲ့ ဒီလို ဖြစ်ရတာက စုံစမ်းစစ်ဆေးရေးဌာနအနေနဲ့ ဒီလူသတ်မှုကို မဖြေရှင်းနိုင်ခဲ့လို့ပဲမလား ဒီတော့ အသိပညာအတည်ပြုသူ စုအနေနဲ့ သူတို့ဆီပဲ အရင်သွားသင့်တာပေါ့ ကျုပ်တို့နဲ့ ဘာဆိုင်တာမှတ်လို့"

"ဒီတော့ ခင်ဗျားက ကျုပ်တို့ရဲ့ စုံစမ်းစစ်ဆေးရေးမှာ ကောင်းကောင်းမွန်မွန် မပူးပေါင်းချင်ဘူးဆိုတဲ့ သဘောလား"

"ဟုတ်တယ် အဲဒီအတိုင်းပဲဆိုရင် မင်း ဘာလုပ်ချင်လဲ"

လုထန်းယန်က ခပ်မာမာပင် တုံ့ပြန်လိုက်သည်။

စုချန်းက လုထန်းယန်၏ စကားကို ဥပေက္ခာပြုပြီး အနီးရှိ လူတယောက်ကို လှည့်မေးလိုက်သည်။

"အကုန်လုံးကို မှတ်တမ်းတင်ထားလိုက်ရဲ့လား"

ထိုလူက ပုံရိပ်ဖမ်းငွေပြားကို ထောင်ပြပြီး ပြန်ဖြေလိုက်သည်။

"မှတ်တမ်းတင်ထားလိုက်ပါတယ်ခင်ဗျာ"

"သိပ်ကောင်းတယ်"

စုချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

ထို့နောက် သူက နောက်လှည့်ကာ အော်ဟစ်လိုက်၏။

"လျုကျိယွန် အသတ်ခံရတဲ့ကိစ္စမှာ ကြည်လင်ခြင်းအဖွဲ့ ပါဝင်တယ်လို့ သံသယရှိတယ် မူလဗျူရိုဟာ အထက်က ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်အတိုင်း ဒီလူသတ်မှုကို စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်ခဲ့တယ် ဒါပေမဲ့ ကြည်လင်ခြင်းအဖွဲ့ကတော့ အသာတကြည် ပူးပေါင်းခြင်းမရှိပဲ စစ်ဆေးမှုကို ငြင်းဆန်ခဲ့တယ် ဒီတော့ ဒီကနေ့မှာ ငါတို့အဖို့ ရွေးစရာလမ်းမရှိတော့ဘူး"

အားလုံး တိုက်ကြစမ်း!!!!

All Chapters