← Chapters

ဆိပ်ကမ်းကို သွေးနှင့်ဆေးကြောခြင်း ၁

Vol. 38 Ch. 375

ဆိပ်ကမ်းကို သွေးနှင့်ဆေးကြောခြင်း ၁

Vol. 38 Ch. 375

အားလုံး တိုက်ကြစမ်း!!!

စုချန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် သွေးဝတ်ရုံတပ်သားများအပါအဝင် မူလဗျူရိုမှ သိုင်းသမားများသည် ကြည်လင်ခြင်းအဖွဲ့ဝင်များဆီသို့ တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

"စုချန်း မင်း ဒီလို လုပ်ဝံ့သလား"

လုထန်းယန် အံ့သြတကြီးနှင့် အော်ဟစ်လိုက်သည်။

သို့သော် စတင် အမိန့်ပေးလိုက်ပြီးကတည်းက စုချန်းကား စတင်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

အခြေအနေ မကောင်းတော့မှန်း လုထန်းယန် သဘောပေါက်လိုက်သည်။ သို့သော် သူ့အနေနှင့် ရွေးချယ်ခွင့်မရှိတော့။ ပြန်လည်တိုက်ခိုက်ရန်သာ ရှိတော့သည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ့ကိုယ်ခန္ဓာမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး သူ့ကျောပေါ်တွင် အလွန်ကြီးမားသော အနက်ရောက်ဝက်ဝံကြီးတကောင် ပုံရိပ် ထွက်ပေါ်လာတော့သည်။

လုထန်းယန်ကား နောက်ခံအင်အား တောင့်တင်းလှသူ မဟုတ်။ ဤအခြေအနေထိ ရောက်လာသည်ကိုက သူ၏ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုကြောင့်သာလျင် ဖြစ်သည်။ သူ့အနေအထားအရ သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းမှာ သိပ်မြင့်မြင့်မားမားသို့ မရောက်ရှိနိုင်မှန်း လုထန်းယန်ကိုယ်တိုင် လက်ခံထားပြီးသားပင်။ ထို့ကြောင့် သူသည် ချီစုဆောင်းခြင်းနယ်ပယ်တွင် ရှိနေစဉ်ကပင် အင်အားကို ပြင်းထန်စွာ ဖော်ထုတ်တိုက်ခိုက်ရသည့် တောင်ရိုးဝက်ဝံသွေးဗီဇကို ရွေးချယ်ခဲခြင်း ဖြစ်သည်။

ချီစွမ်းအားပညာရှင်တယောက်၏ အင်အားကို သတ်မှတ်သည့် ဝက်ဝံ တကောင်၊ နှစ်ကောင် စသည့် စံချိန်စံနှုန်းသည် ဤ တောင်ရိုးဝက်ဝံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

တောင်ရိုးဝက်ဝံများသည် တိုက်ခိုက်ရာတွင် ရိုးရှင်းစွာ တိုက်ခိုက်လေ့ရှိ၏။ သူတို့သည် အဓိကအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အဓိက အားထားလေ့ရှိကြ၏။ သို့သော် တောင်ရိုးကျောက်ဆောင်အကာအကွယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ၎င်းတို့၏ ခံစစ်စွမ်းရည်ကလည်း တကယ့်ကို အထင်ကြီးလောက်စရာပင်။ တနည်းအားဖြင့် သူတို့သည် သတ္တုဒိုင်းကာကြီးများနှင့်ပင် တူနေသေး၏။

လုထန်းယန်အနေနှင့် စုချန်းကို အနိုင်ရလိမ့်မည်ဟုတော့ ယူဆထားခြင်း မရှိပေ။ သို့သော်သူနှင့်စုချန်းသည် ကျင့်ကြံခြင်းနယ်ပယ် အဆင့်တူနေသည့်အပြင် သူ၏ ခံစစ်စွမ်းရည်ကြောင့် အတိုင်းအတာတခုထိ တောင့်ခံနိုင်လိမ့်မည်ဟုတော့ ယူဆထား၏။

သွေးဗီဇအင်အားကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် လုထန်းယန်သည် စုချန်းဆီသို့ ရဲတင်းစွာ ခုန်ဝင်သွား၏။ သူ၏ တောင်ခွဲလက်ဝါးကလည်း စုချန်းဆီသို့ တိုးဝင်သွားလေသည်။

တောင်ခွဲလက်ဝါးဟူသည် သွေးဗီဇမပါသော မူလစွမ်းရည်များအနက် ထိပ်တန်း မူလစွမ်းရည်တမျိုး ဖြစ်သည်။ သာမာန်မူလစွမ်းရည်များထက် အဆပေါင်းများစွာ ပြင်းထန်ပြီး သွေးဗီဇအင်အားကိုပါ ဖြည့်စွက် အသုံးပြုလိုက်သောအခါ ဝက်ဝံရှစ်ကောင်၏ အင်အားနှင့်ပင် ညီမျှနေလေသည်။

လုထန်းယန်ကား သူ့လက်ဝါးရိုက်ချက်ကို အပြည့်အဝ ယုံကြည်ထားလေသည်။ သို့သော် အံသြစရာကောင်းလောက်အောင်ပင် စုချန်းကား သူ့ကို ဂရုပင်မစိုက်ချေ။

"သံမဏိ ဒီကောင်က မင်းအတွက်ပဲ"

စုချန်း၏ စကားအဆုံးတွင် သံမဏိ ရုတ်တရက် ပေါ်ပေါက်လာ၏။ သူက လက်တဖက်ကို မြှောက်လိုက်ရာ မူလစွမ်းအင်ဒိုင်းတခု ပေါ်ပေါက်လာပြီး လုထန်းယန်၏ လက်ဝါးကို ကြားဝင်ခံပေးလိုက်လေသည်။

အုန်းခနဲ မြည်သံနှင့်အတူ တောင်ခွဲလက်ဝါးသည် သံမဏိ၏ ဒိုင်းကို ပြင်းထန်စွာ ထိမှန်သွား၏။ သို့သော် သံမဏိ၏ ဒိုင်းမှာ ပွန်းရာမျှပင် မထင်ချေ။ လုထန်းယန်၏ တိုက်ကွက်မှာ အဟောသိကံ ဖြစ်သွားသည့် သဘောပင်။ ၎င်းကို ကြည့်ပြီး သံမဏိကိုယ်တိုင်ပင် အံ့သြသင့်သွားဟန်ပေါ်၏။

"ဟင် မင်းဟာ သွေးဆူပွက်ခြင်းနယ်ပယ်ကော ဟုတ်ရဲ့လား"

ဤမျှ အားနည်းသော သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်မျိုးကို သံမဏိ တခါမှ မမြင်ဖူး။

သံမဏိ၏ လှောင်ပြောင်မှုကြောင့် လုထန်းယန်၏ မျက်နှာ ရဲခနဲ ဖြစ်သွား၏။ သူ့နောက်ကျောမှ အနက်ရောင်ဝက်ဝံပုံရိပ်မှာလည်း နောက်တကြိမ် ပြန်လည်ပေါ်ပေါက်လာပြန်သည်။ တောင်ရိုးကျောက်ဆောင်အကာအကွယ်ကလည်း သူ့အား ဖုံးအုပ်ထား၏။ အကာအကွယ်မှာကား ရွှေဝါရောင်ဖျော့ဖျော့ တောက်ပနေလေသည်။

သံမဏိက မဲ့ပြုံးပြုံးပြီး လုထန်းယန်ကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ လက်သီးချက်သည် တောင်ရိုးကျောက်ဆောင်အကာအကွယ်ကို ပြင်းထန်စွာ ထိမှန်သွားလေသည်။ အကာအကွယ်သည် အက်ကွဲသံသဲ့သဲ့ ပေါ်လာ၏။ သို့သော် လုထန်းယန်ကား မည်သည့် ထိခိုက်မှုမှ ရှိဟန်မတူချေ။

သံမဏိ သဘောပေါက်သွား၏။ သူက ပြုံစေ့စေ့နှင့် ပြောလိုက်သည်။

"ဒီတော့ မင်းက ခုခံတဲ့နေရာမှာ ဆရာကြီးပေါ့လေ သိပ်ကောင်းတယ် နည်းနည်းထပ်ပြီး စမ်းကြည့်ရအောင်"

ထို့နောက် သူက လုထန်းယန်ကို နောက်တကြိမ်လက်သီးနှင့် လှမ်းထိုးလိုက်ပြန်သည်။ ဤတကြိမ်တွင်ျတာ့ သူ့လက်သီးချက်သည် ကြောက်စရာကောင်းလှအောင် အင်အားပြင်းထန်လှ၏။ တောင်ငလျင်အားမာန်များကို ပေါင်းစပ်အသုံးပြုထားခြင်းပင်။

သံမဏိ၏ လက်သီးချက်ကြောင့် လုထန်းယန်သည် ဝက်ဝံတကောင် ရိုက်ပုတ်ခံလိုက်ရသည့်ပမာ တကိုယ်လုံး တုန်ခါသွား၏။ သူ့ကိုယ်ခန္ဓာမှာလည်း နောက်ဘက်သို့ လွင့်စင်သွားလေသည်။ တချိန်တည်းမှာပင် သူ၏ တောင်ရိုးကျောက်ဆောင်အကာအကွယ်သည် တစစီ အက်ကွဲလာဟန်တူ၏။ လုထန်းယန် ပြင်းထန်စွာ ထိတ်လန့်သွား၏။

သံမဏိက အားရပါးရ ပြုံးလိုက်သည်။

ထို့နောက် သူက ရှေ့သို့ တဟုန်ထိုး ခုန်ဝင်ကာ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ လုထန်းယန်ကလည်း အားကျမခံ ပြန်လည် တိုက်ခိုက်လိုက်၏။ သံမဏိကား လုထန်းယန်၏ တိုက်ခိုက်မှုကို လုံးဝ ရှောင်တိမ်းခြင်းမပြုပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"လာစမ်း ဘာလို့ရှောင်နေမလဲ မင်းနဲ့ ငါနဲ့ ဘယ်သူအရင် လဲကျမလဲ စမ်းကြည့်ရအောင်"

ထို့နောက် သူတို့နှစ်ယောက်သည် နေရာမှာပင် ခြေစုံရပ်ကာ တယောက်နှင့်တယောက် ပြင်းထန်စွာ ရိုက်ပုတ်နေကြလေသည်။

သူတို့နှစ်ယောက်၏ စွမ်းအင်အဆင့်အတန်းမှာ သိပ်မကွာလှ။ နှစ်ယောက်စလုံးလိုလိုပင် ခံစစ်အရာတွင် အားသန်သူများ ဖြစ်ကြသည်။ သို့သော် တိုက်စစာဆင်ရာတွင်တော့ သံမဏိက လုထန်းယန်ထက် သာလွန်နေ၏။

သံမဏိ၏ ပြင်းထန်သော လက်သီးချက်များသည် လုထန်းယန်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေ၏။ ရေရှည်တွင် တောင်ရိုးကျောက်ဆောင်အကာအကွယ်မှာ သံမဏိ၏ လက်သီးချက်များကို ခုခံနိုင်ဟန် မတူတော့။ တကြိမ်တွင်တော့ သံမဏိ၏ လက်သီးကြောင့် လုထန်းယန်၏ အကာအကွယ်မှာ ရစရာမရှိအောင် ကျိုးပဲ့သွားတော့သည်။

သို့သော် ချက်ချင်းလိုလိုပင် လုထန်းယန်၏ ကိုယ်ပေါ်တွင် ရွှေဝါရောင်အလင်းတန်းများ ဖျော့တော့စွာ လွှမ်းခြုံလာ၏။

သံမဏိ အံ့သြသွားသည်။

"အက်ဒမန်တင်းကိုယ်ခန္ဓာပါလား"

လုထန်းယန်သည် အမှန်တကယ်ပင် အက်ဒမန်တင်းကိုယ်ခန္ဓာကို အသုံးပြုထားခြင်း ဖြစ်သည်။

သံမဏိ အားရပါးရ ပြုံးလိုက်၏။ ထို့နောက် သူကလည်း အက်ဒမန်တင်းကိုယ်ခန္ဓာကို ပြန်လည် ထုတ်ဖော်ပြီး လုထန်းယန်ဆီသို့ အားကုန် ခုန်ဝင်လိုက်လေသည်။

သံမဏိ၏ အက်ဒမန်တင်းကိုယ်ခန္ဓာမှာ လုထန်းယန်ထက် များစွာ အားကောင်း၏။ သူက ညာဖက်လက်ကို သံတင်းပုတ်သဖွယ် သုံးပြီး လုထင်းယန်ကို ထိုးချလိုက်သည်။ လုထန်းယန်ကား ကြောက်လန့်တကြားနှင့် လက်နှစ်ဖက် မြှောက်ကာ ကာကွယ်လိုက်၏။ ဤတကြိမ်တွင် လုထန်းယန်တယောက် ကံကောင်းသွားဟန်တူသည်။ သံမဏိ၏ လက်သီးကို ပွတ်ကာသီကာနှင့် ခုခံနိုင်လိုက်၏။

၎င်းကို ကြည့်ရင်း သံမဏိ ပြုံးလိုက်သည်။

"အက်ဒမန်တင်းကိုယ်ခန္ဓာကို မင်း အိပ်မက်နယ်ပယ်ထဲက ဝယ်ထားတာမလား"

ဘာကြောင့်မှန်းမသိ လုထန်းယန် လွှတ်ခနဲ ဖြေလိုက်မိ၏။

"မဟုတ်ဘူး သူငယ်ချင်းတယောက်ဆီက ရထားတာ"

သံမဏိ မျက်မှောင်ကုတ်သွား၏။

" ဒီအတွက် မင်း ပိုက်ဆံ ပေးမထားဘူးပေါ့ ဟုတ်လား ဒါဆိုရင်တော့ မင်း သေဖို့သင့်ပြီ"

စကားဆုံးသည်နှင့် ပြင်းထန်အားပါလှသော လက်သီးချက်က လုထန်းယန်၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး လုထန်းယန်၏ ခေါင်းတခုလုံး ပွင့်ထွက်သွားတော့သည်။ိထို့နောက် သံမဏိက မနှစ်မြို့သော လေသံနှင့် ရေရွတ်လိုက်သည်။

"ထွီ ဒါလား သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် ဒါလား လက်ထောက်ခေါင်းဆောင် အလကားကောင်"

နဂါးကျောင်းတော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ထိပ်တန်းပညာရှင်ပေါင်းများစွာကို မြင်တွေ့ခဲ့ရသည် ဖြစ်လေရာ သံမဏိမှာ အတော်ပင် ဗဟုသုတ ကြွယ်ဝနေခဲ့လေပြီ။ ထို့ကြောင့် လုထန်းန်၏ ပညာမှာ အတော်ပင် အဆင့်နိမ့်လှကြောင်း သူ ကောင်းစွာ သဘောပေါက်နေ၏။

လုထန်းယန်တယောက် သံမဏိ၏ လက်ချက်နှင့် အသက်ပျောက်သွားချိန်ဝယ် ကြည်လင်ခြင်းအဖွဲ့သားများမှာလည်း မူလဗျူရို၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံနေရ၏။ ကြည်လင်ခြင်းအဖွဲ့အနေနှင့် ဆိပ်ကမ်းကို မည်မျှပင် စိုးမိုးနေစေခဲ့သည် ဆိုစေကာမူ ၎င်းတို့အားလုံးသည် အရေအတွက်သာများပြီး အရည်အချင်း ရှိလှသည်မဟုတ်။ ထိုထက် ဆိုးသည်မှာကား ၎င်းတို့သည် စည်းကမ်းမရှိချေ။

မူလဗျူရိုမှ သိုင်းသမားများမှာကား မည်မျှပင် တဦးချင်း အားနည်းသည် ဆိုစေကာမူ ၎င်းတို့အားလုံးသည် ပြင်းထန်စွာ လေ့ကျင့်ထားပြီး အမိန့်နာခံတတ်သည့် စစ်သားကောင်းများ ဖြစ်ကြသည်။

တရားဥပဒေဘက်တော်သားများနှင့် ရင်ဆိုင်ရသောအခါ ဒုစရိုက်သမားများအဖို့ကား အမှုန့်ကြိတ်ခံရတော့သည်။ မူလဗျူရိုမှ သိုင်းသမားများသည် လှိုင်းလုံးကြီးများကဲ့သို့ တရွေ့ရွေ့တက်လာပြီး ကြည်လင်ခြင်းအဖွဲ့သားများမှာကား ရိပ်သိမ်းခံလိုက်ရသည့်စပါးပင်များပမာ တဖွဲဖွဲနှင့် လဲကျကုန်၏။

"စုချန်း ကြည်လင်ခြင်းအဖွဲ့ရဲ့ ကျောထောက်နောက်ခံ ဘယ်သူလဲဆိုတာ မင်း သိတယ်မလား ခွေးမသား သေဖို့သာပြင်ပေတော့"

ကြည်လင်ခြင်းအဖွဲ့ဝင်တယောက်က ထအော်လိုက်၏။

စုချန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပြန်အော်လိုက်သည်။

"မင်းတို့ရဲ့ ကျောထောက်နောက်ခံ ဘယ်သူပဲ ဖြစ်ဖြစ် အစိုးရအရာရှိတယောက်ကို သတ်လိုက်တဲ့အတွက် မင်းတို့ရဲ့ ပြစ်ဒဏ်က သေဒဏ်ပဲ ဒီကောင်တွေ အကုန်လုံးကို ရှင်းပစ်စမ်းဟေ့ တယောက်မှ မကျန်စေနဲ့"

မရဏမင်း၏ ကောင်းချီးပေးသံကား သောသောညံခဲ့လေပြီ။

ဒုစရိုက်သမားများမှာ မူလဗျူရိုမှ သိုင်းသမားများ၏ တိုက်ခိုက်မှုကြောင့် အတုံးအရုံး လဲကျကုန်၏။ ပတ်ဝန်းကျင်တခုလုံးကား အော်သံ၊ ငိုညီးသံများနှင့် သောသောညံနေလေသည်။ ကြည်လင်ခြင်းအဖွဲ့သားများမှာ လက်လွတ်ထွက်ပြေးလိုကြသော်လည်း ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံထားရလေရာ အဘယ်မှာ ထွက်ပြေးနိုင်အံ့နည်း။

ဆိပ်ကမ်းတခုလုံးကား သွေးများနှင့် ရဲပဒေါင်းခတ်နေလေသည်။ အနီးအနားရှိ ကုန်သည်များမှာ ကြောက်လန့်တကြားနှင့် သူတို့၏ လှေများဆီသို့ ထွက်ပြေးကြကုန်၏။

တိုက်ပွဲမှာ မြန်ဆန်လှသည်။ အမွှေးတိုင် တချောင်းထွန်းစာသာ ကြာလိုက်သည်ဟု ထင်ရသည်။ ကြည်လင်မြစ်ဆိပ်ကမ်းကို လွှမ်းမိုးထားသော ကြည်လင်ခြင်းအဖွဲ့၏ သြဇာအာဏာမှာကား အမြစ်လှန်ခံလိုက်ရချေပြီ။

တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ကြည်လင်ခြင်းအဖွဲ့မှ ဒုစရိုက်သမားများကား မြေကြီးပေါ်တွင် မားမားရပ်နိုင်သူဟူ၍ တယောက်မှပင် မကျန်တော့။

ထိုအချိန်မှာပင် တိုက်ပွဲဖြစ်ပွားရာ ကွင်းပြင်အား ရှင်းလင်းနေသည့် သိုင်းပညာရှင်တယောက်က အပြေးကလေး လှမ်းလာပြီး စုချန်းအား သတင်းပို့လိုက်သည်။

"ဆရာစု ကျုပ်တို့ အသေ၈၃ယောက်မိပြီး ၃၂ယောက် အရှင်ဖမ်းမိပါတယ် ဒီထက် ပိုထူးခြားတာက လုထန်းယန်ရဲ့ အိပ်ကပ်ထဲက ဒါလေး တွေ့ပါတယ်"

သိုင်းသမား၏ လက်ထဲတွင်တွေ လေဟာနယ် လက်စွပ်တကွင်း ရှိနေ၏။

စုချန်း ရယ်မောလိုက်သည်။

"အဲဒါ လျုကျိယွန်ရဲ့ လက်စွပ်မလား ကြည့်ရတာ လုထန်းယန်ဟာ လျူကျိယွန်ကို သတ်တဲ့လူတွေထဲက တယောက် ဖြစ်ဖို့ သေချာသလောက် ရှိနေပြီပေါ့"

တကယ်တော့ စုချန်း ပြောလိုက်သည်မှာ တကယ့် အမှန်တရားပင် ဖြစ်သည်။

ဝန်ဝေစင်း၏ စကားကြောင့် လုထန်းယန်သည် တရားခံတဦးမှန်း စုချန်း သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် လုထန်းယန် တာဝန်ကျနေသည့် အချိန်ကို မှန်းပြီး ကြည်လင်မြစ်ဆိပ်ကမ်းသို့ စုချန်း ပေါက်ချလာခြင်းပင်။ သူ့အနေနှင့် လုထန်းယန်ကို သက်သေခံပစ္စည်းနှင့်အတူ လက်ပူးလက်ကျပ် မိလိုနေသည် မဟုတ်ပါလား။

လုထန်းယန်ကား ယခုအချိန်ထိ အသက်ရှင်နေသေး၏။ လုထန်းယန်နှင့်အတူ လျူကျိယွန်၏ မူလလက်စွပ်အား ပုံရိပ်ဖမ်းငွေပြားပေါ်တွင် မှတ်တမ်းတင်ထားလိုက်ခြင်းဖြင့် လိုအပ်သော သက်သေခံအချက်အလက်များ အားလုံး ပြည့်စုံသွားပြီ ဖြစ်သည်။ ကြည်လင်ခြင်းအဖွဲ့အနေနှင့် ပြစ်မှုမှ ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့။

သို့သော် ကြည်လင်ခြင်းအဖွဲ့အနေနှင့် နောက်ထပ် အခွင့်အရေးတခုတော့ ရှိနေသေး၏။

ထိုအခွင့်အရေးမှာ

မူလလက်စွပ်နှင့် ပုံရိပ်ဖမ်းငွေပြားအား ဖျက်ဆီးလိုက်ရန်ပင် ဖြစ်သည်။

စုချန်းတို့လူစု ဆိပ်ကမ်းအား ရှင်းလင်းပြီးချိန်မှာပင် နောက်ထပ် လူတစု သူတို့မြင်ကွင်းထဲသို့ ဝင်ရောက်လာပြန်၏။

All Chapters