ဆိပ်ကမ်းကို သွေးနှင့် ဆေးကြောခြင်း ၂
Vol. 38 Ch. 376
လီယွဲ့တယောက် ကျန် ကြည်လင်ခြင်းအဖွဲ့သားများကို ဦးဆောင်လျက် ဆိပ်ကမ်းသို့ ရောက်ရှိလာချိန်တွင် အရာအားလုံးမှာ နိဌိတံသွားလေပြီ။ ပတ်ဝန်းကျင်တခုလုံးတွင်တော့ အလောင်းများနှင့် ပြည့်နှက်နေ၏။
"စုချန်း မင်း ဒီလို လုပ်ဝံ့သလား"
ကြည့်ရဆိုးလှသော မြင်ကွင်းကြောင့် လီယွဲ့၏ မျက်လုံးအစုံမှာ ရဲရဲနီသွား၏။
ကြည်လင်မြစ်ဆိပ်ကမ်းသည် သူတို့အဖွဲ့၏ အရေးအကြီးဆုံး အရင်းအမြစ်များ တည်ရှိရာ နေရာဌာန ဖြစ်သည်။ တနည်းအားဖြင့် ဤဆိပ်ကမ်းသည် သူတို့အဖွဲ့၏ ရေသောက်မြစ်ဟုပင် ဆိုနိုင်၏။ ထို့ကြောင့် ဆိပ်ကမ်းတွင် တာဝန်ပေးထားသော လူတိုင်းလိုလိုမှာ လီယွဲ့ အယုံကြည်ရဆုံး လူများသာ ဖြစ်ကြကုန်၏။
ယခုတော့ သူ့ လူယုံတော်များ အားလုံးလိုလိုသည် စုချန်း၏ လက်ချက်ကြောင့် အစတုန်းကုန်ကြချေပြီတကား။
စုချန်းသည် သွေးများဖြင့် ရဲရဲနီနေသော မြေပြင်ပေါ်တွင် မတ်တပ်ရပ်ပြီး ကြည်လင်ခြင်းအဖွဲ့ခေါင်းဆောင် လီယွဲ့ကို အေးစက်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီစကားကို ကျုပ်က ပြောရမှာဗျ လီယွဲ့ မင်းဟာ အစိုးရ အရာရှိတယောက်ကို သတ်ဖြတ်ရဲတယ် မင်း အတော်ကို သတ္တိကောင်းတာပဲကွ အစိုးရ အရာရှိတယောက်ကို သတ်ဖြတ်တယ်ဆိုတာ နိုင်ငံတော်ကို ပုန်ကန်တာနဲ့ အတူတူပဲကွ မင်း အပြစ်ကို အေးအေးဆေးဆေး ဝန်ခံမလား လီယွဲ့"
လီယွဲ့၏ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်ဝိုင်းစက်လာ၏။
"မင်းလိုကောင်ကများ ငါ့ကို စွပ်စွဲရအောင် ဘာသက်သေရှိလို့လဲ"
"စွပ်စွဲတယ် ဟုတ်လား ဘာများ စွပ်စွဲနေစရာရှိသတုန်းကွ ဒီမှာတွေ့လား ဒီလက်စွပ်ဟာ လျူကျိယွန်ရဲ့ လက်စွပ်ပဲ ဒီလက်စွပ်ကို လုထန်းယန်ဆီက တွေ့ထားတာ လက်စွပ်ထဲမှာ လျူကျိယွန်ရဲ့ ကိုယ်ပိုင်ပစ္စည်းတချို့တောင် ခုထိ ရှိနေတုန်းပဲ ဒီထက် ခိုင်မာတဲ့ သက်သေ ရှိပါအုံးမလားကွ လီယွဲ့ မင်း ခုထိ အပြစ် ဝန်မခံသေးဘူးလား"
"မင်း ငါ့ကို သက်သက်မဲ့ အကွက်ဆင်နေတာပဲကွ"
လီယွဲ့က ခံပက်လိုက်၏။
"လီယွဲ့ အကွက်ဆင်တာတွေ မဆင်တာတွေ အရေးမကြီးတော့မှန်း မင်း အသိဆုံးပါ ဒါကို မကျေနပ်ဘူးဆိုရင် မင်းအနေနဲ့ အကြီးအကဲတွေကို ပြန်တင်ပြခွင့်ရှိတယ် ခုလောလောဆယ်တော့ မင်းကို ဖမ်းရမှာပဲ လာကြစမ်းဟေ့ သူ့ကို ဖမ်းလိုက်စမ်း"
"မင်း လုပ်ဝံ့သလား"
လီယွဲ့ ဒေါသတကြီးနှင့် ထအော်လိုက်သည်။
တကယ်တော့ အော်သံ အော်နေရသည်။ သူ့အခြေအနေကို လီယွဲ့ ကောင်းကောင်းသိနေ၏။ စုချန်းလက်ထဲတွင် သက်သေခံပစ္စည်းရှိနေပြီ ဖြစ်လေရာ သူတို့အနေနှင့် မည်သို့မှ လွတ်လမ်းမရှိတော့။
ထိုအခါ သူက စတင် အမိန့်ပေးလိုက်သည်။
"အားလုံး တိုက်ကြစမ်းဟေ့"
လီယွဲ့၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ကြည်လင်ခြင်းအဖွဲ့သားများသည် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လိုက်ကြလေသည်။
ဤအခြေအနေတွင် မည်သည့်ဘက်မှ နောက်ဆုတ်ရန် ဆန္ဒမရှိတော့။ အသက်ရှင်လိုလျင် ဤတိုက်ပွဲကို နိုင်အောင် တိုက်ရန်သာ ရှိတော့သည် မဟုတ်ပါလား။
ဤတပွဲတွင် စုချန်းသာ အနိုင်ရရှိသွားပါက အစိုးရ အရာရှိတယောက်ကို သတ်ဖြတ်မှုဖြင့် ကြည်လင်ခြင်းတဖွဲ့လုံး အကျဉ်းထောင်အတွင်း၌ စံမြန်းရဖွယ်ရှိနေသည်။
လီယွဲ့တို့ ဘက်မှသာ နိင်သွားပါက အများပြည်သူလူထု၏ ယုံကြည်မှုကို စုချန်း ဆုံးရှုံးသွားပေလိမ့်မည်။
နောက်ဆုံးတော့ အနိုင်ရရှိသူသာလျင် အမှန်ဟူသော စကားအတိုင်းပင် ဖြစ်လေသည်။ ထို့ကြောင့် နှစ်ဖက်စလုံးမှ အဖွဲ့သားများအနေနှင့် အသက်သေဆုံးသည်အထိ တိုက်ခိုက်သွားရန် ဆုံးဖြတ်ထားကြကုန်၏။
များပြားလှသော ဒုစရိုက်သမားများကား သံသေးသံကြောင်နှင့် အော်ဟစ်ရင်း ရှေ့သို့ တဟုန်ထ်ိုး ပြေးတက်လာကြလေပြီ။ သူတို့၏ ဓားများမှာ ယခင်က သွေးအကြိမ်ကြိမ် သောက်ဖူး၍ သွေး၏ အရသာကို တောင့်တနေဟန် ရှိသည်။ သူတို့အားလုံး စုပေါင်းလိုက်သောအခါ သူတို့၏ အင်အားမှာ မူလဗျူရိုမှ သိုင်းသမားများလောက် အားနည်းသည်ဟု မဆိုသာတော့ချေ။
သို့သော် ထိုသို့ ပြေးဝင်လာသည်နှင့် တပြိုင်နက် ဘယ်ကပစ်လိုက်မှန်းမသိသော မြားအုပ်ကြီးမှာ သူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။ ချွန်မြနေသော မြားများသည် တရွှီရွှီနှင့် လေထုကို ဖြတ်လျက် ပျံသန်းလာကြချေပြီတကား။
သနားစရာ ဒုစရိုက်သမားများကား မည်သည့် အကာအကွယ်မှ ပါကြသည်မဟုတ်။ ထိုအခါ မြားအုပ်ကြီး တိုးဝင်လာသည်နှင့် လမ်းများပေါ်တွင် သွေးများဖြင့် ရဲရဲနီကုန်တော့သည်။ မမျှော်လင့်ပဲ အငိုက်မိသွားသောကြောင့် သူတို့ခမျာ ဓားကိုပင် ဝေ့ယမ်းခွင့် မရလိုက်ကြပဲ အတုံးအရုံး သေဆုံးကုန်ကြလေသည်။
"ဟာ စစ်သုံးမြားတွေပါကလား"
လီယွဲ့က မယုံနိင်ဟန်ဖြင့် ပြောလိုက်သည်။
စစ်သုံးမြား ဟူသည်မှာ သာမာန် မြားနှင့်မတူချေ။ အလွန် လေးလံပြီး စစ်တပ်များတွင်သာ အသုံးပြုလေ့ရှိကြ၏။ စစ်တပ်သုံး လေးနှင့်မြား များသည် မူလကိရိယာများ မဟုတ်သော်လည်း အင်အားအရာတွင်တော့ မူလကိရိယာများနှင့် အတော်ပင် နီးနီးစပ်စပ် တူနေလေသည်။ သူတို့၏ တိုက်စွမ်းအားကလည်း ကြောက်စရာကောင်းလှသည်။ စစ်သုံးမြားကို စစ်သည် အယောက်၂၀သည် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်တယောက်ကို အသက်သေလောက်သည်ထိ ခြိမ်းခြောက်နိုင်စွမ်း ရှိနေ၏။ အယောက် ၁၀၀ ဆိုပါက သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။
ပိုဆိုးသည်မှာ အနှီ စစ်သုံးမြားများကို စစ်တပ်တွင်သာ သီးသန့် အသုံးပြုလေ့ရှိခြင်း ဖြစ်သည်။ မူလဗျူရိုတွင် ထိုသို့ မြားများကို အသုံးပြုလေ့မရှိ။
ဤသို့ဆိုလျင် ဤမျှ များပြားသည့် စစ်သုံးမြားများကို စုချန်း ဘယ်ကနေ ရလာသနည်း။
မြားပစ်သူများကို ကြည့်ရသည်မှာ အယောက် ၅၀ခန့်ပင် ရှိနေ၏။ သူတို့၏ ဝတ်စုံများမှာလည်း မူလဗျူရိုမှ ဝတ်စုံများ မဟုတ်သလို သွေးဝတ်ရုံတပ်ဖွဲ့ ဝတ်စုံများလည်း မဟုတ်ချေ။ သာမာန် အစေခံဝတ်စုံများသာ ဖြစ်နေ၏။ ကြည့်ရသည်မှာ စုချန်း၏ အစေခံများပင် ဖြစ်နေသည်မှာ ယုံမှားသံသယဖြစ်နေစရာ မလိုတော့။
အခြေအနေကို နားလည် သဘောပေါက်လာပြီးနောက် ပထမဆုံးအကြိမ်အနေနှင့် လီယွဲ့ ကြောက်စိတ်ဝင်လာတော့သည်။
စုချန်းသည် မည်သို့သော လူစားမျိုး ဖြစ်နေသနည်း။
တဆက်တည်းမှာပင် စုချန်းကို သတ်နိင်မှသာလျင် ဤအခြေအနေကို ထိန်းချုပ်နိုင်တော့မည်မှန်း လီယွဲ့ သဘောပေါက်လာ၏။
အထက်ပါအတိုင်း သဘောပေါက်လာသည်နှင့်လီယွဲ့က လက်တဖက်ကို မြှောက်လိုက်ရာ မရေမတွက်နိုင်သော စစ်သုံးမြားများသည် လေထဲတွင် ဖြုန်းခနဲ ရပ်တန့်သွားတော့သည်။ တဆက်တည်းမှာပင် လီယွဲ့က လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ အနှီမြားများသည် မြေကြီးပေါ်သို့ တဖြုတ်ဖြုတ်နှင့် ပြုတ်ကျကုန်တော့သည်။
လီယွဲ့က နောက်တကြိမ် ထပ်မံ လှုပ်ရှားလိုက်ပြန်ရာ မြေကြီးပေါ်၌ ပြုတ်ကျနေသော မြားများသည် အသက်ရှိနေသည့်အပါ အလိုအလျောက် ပျံသန်းကုန်ကြသည်။ ဤတကြိမ် စစ်သုံးမြားများ၏ ဦးတည်ရာကတော့ စုချန်း ဆီသို့ပင်တည်း။
"ဟေး ခေါင်းဆောင်ကြီးက သိပ်တော်တာပဲကွ"
ကြည်လင်ခြင်းအဖွဲ့သားများက ဝမ်းသာအားရနှင့် ထအော်လိုက်ကြသည်။
"စုချန်း မင်း ဘယ်လိုပဲ လှည့်ကွက်တွေသုံးသုံး ငါတို့လောကမှာတော့ ခွန်အားသာလျင် အဓိကပဲကွ ခွန်အားမရှိရင် မင်း လှည့်ကွက်တွေက အလကားပဲ"
လီယွဲ့က ကျယ်လောင်စွာ ကျုံးဝါးလိုက်၏။
ဤတကြိမ် လီယွဲ့၏ နည်းဗျူဟာက စုချန်းအပေါ် လူအများ၏ ကိုးစားမှုကို ပျက်ပြားစေရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
တကယ်လည်း စုချန်းသည် သွေးဆူပွက်ခြင်းနယ်ပယ်တွင်သာ ရှိနေသေး၏။ သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တဦးအနေနှင့် လီယွဲ့ကဲ့သို့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တဦးကို အဘယ်မှာ ယှဉ်နိုင်အံ့နည်း။
"အဲဒီလိုလား"
စုချန်းက ပြုံးစေ့စေ့နှင့် လက်တဖက်ကို ကွေးလိုက်ဆန့်လိုက် လုပ်လိုက်ရာ တဟုန်ထိုး ပျံသန်းလာသော မြားများသည် မမြင်ရသော အင်အားထုနှင့် တွေ့ဆုံလိုက်ရသည့်ပမာ အရှိန်ကုန်ကာ မြေကြီးပေါ်သို့ ပြုတ်ကျကုန်၏။ ထို့နောက် စုချန်းက ပြောလိုက်သည်။
"အဲဒီစကားကိုပဲ လူနှစ်ယောက်က ကျုပ်ကို ပြောခဲ့ပြီးပြီ သူတို့ရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်သွားတယ် ထင်သလဲ"
လီယွဲ့ အံ့သြသွား၏။
ထိုအချိန်မှာပင် စုချန်းက ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။
အလွန်ကြီးမားလှသော မီးလျံသိမ်းငှက်ကြီးတကောင်သည် လီယွဲ့ထံသို့ ဦးတည် ပျံသန်းသွား၏။ သိမ်းငှက်ဆီမှ ထွက်ပေါ်နေသည့် မီးတောက်မီးလျံများက သူ့လမ်းကြောင်းပေါ်တွင် ရှိသမျှ အရာအားလုံးကို လောင်ကျွမ်းသွားစေမည့် ပုံပင်။
သေခြင်းတရား၏ အငွေ့အသက်များကို လီယွဲ့ ခံစားလိုက်ရ၏။
လီယွဲ့ မျက်လုံးပြူးရလေပြီ။
သူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။ ထိုအခါ ဖြူဖွေးတောက်ပသော အလင်းတန်းများ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ကြီးမားလှသည့် မြွေကြီးတကောင် ပေါ်ထွက်လာကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။
အဖြူရောင်မီးစုန်းမြွေပေတည်း။ အဖြူရောင်မီးစုန်းမြွေ သွေးဗီဇကို ရရှိထားခြင်းမှာ လီယွဲ့တယောက် လိုင်မျိုးနွယ်စုကို သစ္စာခံထားခြင်း၏ ဆုလာဘ်ပင် ဖြစ်သည်။
အဖြူရောင်မီးစုန်းငွေ ထွက်ပေါ်လာသည်နှင့် မီးလျံသိမ်းငှက်ဆီမှ ထွက်ပေါ်လာသော မီးတောက်များသည် မြွေကြီးအား ရစ်ပတ်သွား၏။ သို့သော် ချက်ချင်းလိုလိုပင် အနှီမီးတောက်များသည် ပုံရိပ်ယောင်များပမာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်ကုန်ကြလေသည်။
တချိန်တည်းမှာပင် အဖြူရောင်မီးစုန်းမြွေသည် လေထဲတွင် လူးလားပျံသန်းလိုက်လေရာ ၎င်း၏ ကိုယ်မှ ပြင်းထန်လှသော အအေးလှိုင်းများ ထွက်ပေါ်လှ၏။ လူတိုင်းလိုလိုသည် ကျောရိုးထဲမှပင် စိမ့်ခနဲ ခံစားလိုက်ကြရကုန်၏။
လီယွဲ့ ဝင့်ကြွားစွာ ရယ်မောလိုက်၏။
"ဟား ဟား ဟား အအေးဒဏ်ကို မင်း ခံစားမိရဲ့လား ဒါ သေမင်းနိုင်ငံကနေ ထွက်ပေါ်လာတဲ့ အအေးဓာတ်ပဲ သေဖို့သာ ပြင်ပေတော့"
အဖြူရောင်မီးစုန်းမြွေသည် တဖြည်းဖြည်းနှင့် အောက်သို့ နိမ့်ဆင်းလာ၏။
"စိတ်ဝင်စားစရာပဲ"
စုချန်းက ခေါင်း တဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။
တချိန်တည်းမှာပင် ဆုမာရုလေဟာနယ် ပေါ်ပေါက်လာပြီး မြွေကြီး၏ အရှိန်အဟုန်ကို နှေးကွေးသွားစေ၏။
"ဒီတော့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တယောက်ကို အနိုင်ရဖို့အတွက် သာမာန် နည်းစနစ်ကိုချည်း အားကိုးနေလို့ မရတော့ဘူးပေါ့လေ"
တကယ်တော့ စုချန်း အသုံးပြုလိုက်သည့် မီးလျံသိမ်းငှက်နည်းစနစ်သည် သွေးဗီဇမရှိသော မူလစွမ်းရည်များအနက် ထိပ်တန်းအကျဆုံး နည်းစနစ် ဖြစ်သည်။ သို့သော် လီယွဲ့ကို ထိခိုက်စေရန်ကား မစွမ်းဆောင်နိုင်ခဲ့။ အကြောင်းမှာ သူတို့နှစ်ဦးအကြား ကိုယ်ခန္ဓာစွမ်းအင်အဆင့်နှင့် ကျင့်ကြံခြင်းနယ်ပယ် ကွာခြားနေသောကြောင့်ပင် ဖြစ်သည်။
လီယွဲ့သည် ယန့်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင် ဖြစ်သည်။ သူ၏ စွမ်းအင် အဆင့်အတန်းနှင့် ကျင့်ကြံခြင်းနယ်ပယ်အရ စုချန်း၏ မီးလျံသိမ်းငှက်ကို ဖယ်ရှားလိုက်နိုင်သည်မှာ သိပ်မဆန်းလှ။
သို့သော် တဖက်ကကြည့်လျင် မီးလျံသိမ်းငှက်ဟူသည် စုချန်းအတွက် သာမာန်နည်းဗျူဟာမျှသာ ဖြစ်သည်။
စုချန်း၏ လက်ထဲတွင် နောက်တကြိမ် မီးတောက်မီးလျံများ ပြန်လည်စုဝေးလာပြန်သည်။
ဤတကြိမ်တွင်တော့ အဆိုပါ မီးလျံများက ပေါက်ကွဲမည့်ဟန်မရှိ။ မီးတောက်များမှာ အထူးပင် တည်ငြိမ်နေပြီး ထွက်ပေါ်နေသော အလင်းရောင်များကလည်း အေးမြနေ၏။
စက္ကန့်ပိုင်းအတွင်းမှာပင် အဆိုပါ အနက်ရောင်မီးတောက်များသည် လူးလွန့်လှုပ်ရှားလာပြီး လူတယောက်၏ ပုံစံသို့ ပြောင်းလဲသွား၏။ စုချန်းသည်သူ၏ မူလစွမ်းအင်များအား လူပုံစံ မီးတောက်အတွင်းသို့ အဆက်မပြတ် ဖြည့်သွင်းပေးနေ၏။ ထိုအခါ လူပုံစံ မီးတောက်သည် ကြီးသည်ထက် ကြီးထွားလာပြီး နောက်ဆုံးတွင် ပေပေါင်း ၃၀ အရွယ်အစားထိပင် ကြီးထွားလာ၏။
အာဝူး!!!
ကြီးမားလှသော လူပုံစံ မီးတောက်ကြီးသည်ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"တိုက်စမ်း အရိပ်မီးတောက်ဘီလူးကြီး"
စုချန်း၏ အမိန့်သံ အဆုံးဝယ် အရိပ်မီးတောက်ဘီလူးကြီးသည် တလောကလုံးအား နင်းခြေပစ်တော့မည့် ပုံစံနှင့် စတင် လှုပ်ရှားလာတော့သည်။