← Chapters

ဆိပ်ကမ်းကို သွေးနှင့်ဆေးကြောခြင်း ၃

Vol. 38 Ch. 377

ဆိပ်ကမ်းကို သွေးနှင့်ဆေးကြောခြင်း ၃

Vol. 38 Ch. 377

အရိပ်မီးတောက်ဘီလူးကြီးသည် ကြောက်စရာကောင်းလှသည့် အရှိအဟုန်ဖြင့် အဖြူရောင်မီးစုန်းမြွေ၏ ကိုယ်ထည်အား ဝင်ဆောင့်လိုက်လေသည်။

အဖြူရောင်မီးစုန်းမြွေပုံရိပ်သည် မီးတောက်မီးလျံများ၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပြာကျသွားတော့သည်။

မီးတောင်ရှင်တခု ပေါက်ကွဲသွားသကဲ့သို့ အနက်ရောက်မီးတောက်များ ဝုန်းခနဲ ထွက်ပေါ်လာပြီး အနီးအနားရှိ ကြည်လင်ခြင်းအဖွဲ့သားများပင် မီးတောက်ရိုက်ခတ်မှုကြောင့် အသက်ပျောက်ကုန်ကြ၏။

မြင်ကွင်းကြောင့် လီယွဲ့ အလွန် ထိတ်လန့်သွား၏။ ထိုအချိန်မှာပင် အနက်ရောင်မီးတောက်များက သူ့ဆီသို့ ရောက်ရှိလာ၏။

အခြေအနေ မကောင်းတော့မှန်း လီယွဲ့ သဘောပေါက်လိုင်သည်။ တချိန်တည်းမှာပင် သူ၏ အဖြူရောင်မီးစုန်းမြွေသွေးဗီဇသည် အင်နှင့်အားနှင့် ပြန်လည်ထွက်ပေါ်လာပြီး ဝိညာဉ်ပေါင်းရာနှင့်ချီ၍ ပြိုင်တူ အော်ဟစ်လိုက်သကဲ့သို့ ဟစ်ကြွေးလိုက်လေသည်။

အဖြူရောင်မီးစုန်းမြွေကား နောက်တကြိမ် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ မြွေကြီးသည် ပြင်းထန်လှသော အဆိပ်ခိုးများအား အရိပ်မီးတော်ဘီလူးဆီသို့ မှုတ်ထုတ်လိုက်၏။ အရိပ်မီးတောက်ဘီလူးကား မမှုပဲ ရှေ့သို့ ဆက်လက် တိုးဝင်သွား၏။ တကယ်တော့ စုချန်း၏ နောက်ဆုံး မူလစွမ်းရည်ဖြစ်သော အရိပ်မီးတောက်ဘီလူးသည် တခါသုံး မဟုတ်ပေ။ မူလစွမ်းရည်သာ ဖြည့်သွင်းပေးနိုင်ပါက အချိန်အတိုင်းအတာတခုထိ ဆက်လက်တည်ရှိနေနိုင်၏။

အရိပ်ဘီလူးကား သူ၏ ကြီးမားလှသော လက်သီးများနှင့် တဝုန်းဝုန်း ထိုးချနေလေရာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများက ဆိပ်ကမ်း၏ နေရာ အတော်များများကို ဖုံးလွှမ်းသွား၏။

လီယွဲ့သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ရှိနေသည့်တိုင် အရိပ်မီးတောက်ဘီလူး၏ တိုက်ခိုက်မှုကို ထိန်းချုပ်နိုင်ရန် အတော်ပင် ခက်ခဲနေကြောင်း တွေ့ရ၏။

သေစမ်း...

ဘာမူလစွမ်းရည်တုန်းဟ...

ဘာဖြစ်လို့ ဒီလောက်ထိ ပြင်းထန်နေရတာတုန်း...

ဒါ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်ရဲ့ စွမ်းရည်မှ မဟုတ်တာပဲ...

အရိပ်မီးတောက်ဘီလူး၏ လက်သီးတချက်စီတိုင်းသည် ယန်ဖွင့်လှစ်ခြင်းပညာရှင်ယောက်နှင့် ကောင်းစွာ ရင်ဆိုင်နိင်စွမ်းရှိနေ၏။ အကယ်၍ တိုက်ခိုက်မှုတွင် စုချန်းသာ ပူးပေါင်းပါဝင်လာခဲ့လျင်...

သူ့အတွေးမှာ ဆုံးပင်မဆုံးလိုက်ချေ။ အကြောင်းမှာ မျက်စေ့တမှိတ်အတွင်းတွင် စုချန်းက သူ့အား မီးလျံသိမ်းငှက်နှင့် ပိတ်ဆို့တိုက်ခိုက်လာသောကြောင့်ပင်။

တချိန်တည်းလိုလိုမှာပင် စုချန်းသည် လီယွဲ့ထံသို့ လှစ်ခနဲ ခုန်ဝင်လာပြီး ညာဖက်လက်မှ ဝံပုလွေဓားကို ကိုင်ကာ ခုတ်ချလိုက်၏။ ဘယ်ဖက်လက်သီးနှင့်လည်း လှမ်းထိုးလိုက်လေသည်။

အဝေးမှ တိုက်ခိုက်ခြင်းနှင့် အနီးကပ်တိုက်ခိုက်ခြင်း နည်းစနစ်နှစ်ရပ်လုံးကို စုချန်းက ပူးတွဲသုံးစွဲလိုက်သည့် သဘောပင်။ မျက်စေ့တမှိတ်အတွင်းမှာပင် စုချန်းသည် တိုက်ခိုက်မှုသုံးရပ်စလုံးကို တပြိုက်နက်တည်း ဆောင်ရွက်လိုက်နိုင်၏။ မြင့်မားလှသော စွမ်းဆောင်ရည်ပေတကား။

အဆိုပါ တိုက်ခိုက်မှုသုံးရပ်မျိုးနှင့်သာ တပြိုင်နက်တည်း ရင်ဆိုင်ရလျင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်သည်ပင် ရှောင်တိမ်းရန် နည်းလမ်းမရှိတော့။ ရင်ဆိုင်ခုခံရန်သာ ရှိတော့သည်။

ရုတ်ချည်းဆိုသလိုသည် လေထဲတွင် ပျံသန်းနေသည့် အဖြူရောင်မီးစုန်းမြွေကြီးသည် အောက်သို့ နိမ့်ဆင်းလာပြီး အရိပ်မီးတောက်ဘီလူးကြီး၏ လက်သီးချက်ကို ကြားမှ ဝင်ခံပေးလိုက်၏။ တချိန်တည်းမှာပင် ၎င်း၏ ကိုယ်မှ အကာအရံတခု လူးလွန့်တိုးထွက်လာပြီး မီးလျံသိမ်းငှက်ကို ပြန်လည်တွန်းထုတ်လိုက်၏။

လက်ရှိခေတ်သုံး အကာအကွယ်အမျိုးအစား မူလစွမ်းရည်များမှာ ရှေးဟောင်းအာကင်နာ နည်းစနစ်များထက် များစွာ အားပျော့၏။ ထို့ကြောင့် မီးလျံသိမ်းငှက် တကောင်တည်းနှင့်ပင် အဖြူရောင်မီးစုန်းမြွေသည် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတော့သည်။

တချိန်တည်းမှာပင် စုချန်း၏ လက်သီးနှင့် ဓားချက်ကလည်း လီယွဲ့ထံသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။ လီယွဲ့အနေနှင့် ရှောင်တိမ်းနေရန် အချိန် မရှိတော့။ မည်သည့် တိုက်ခိုက်မှုကို ဦးစားပေးခုခံရမည်ကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ရပေတော့မည်။

ထိုအခါ လီယွဲ့က စုချန်း၏ ဓားချက်ကို ရှောင်တိမ်းပြီး လက်သီးချက်ကို တောင့်ခံထားရန် ဆုံးဖြတ်လိုက်၏။ ဆုံးဖြတ်ချက်နှင့်အတူ လီယွဲ့က ဝံပုလွေဓားကို ပွတ်ကာသီကာနှင့် ရှောင်တိမ်းပေးလိုက်၏။ စုချန်း၏ လက်သီးချက်ကလည်း လီယွဲ့ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားတော့သည်။

အုန်း ခနဲမြည်သံနှင့်အတူ သွေးများ နေရာအနှံ့သို့ လွင့်စင်သွား၏။ လီယွဲ့၏ ရင်ဝတွင်လည်း ကြီးမားလှသော အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာတော့သည်။

"မင်း...မင်း...."

လီယွဲ့ မျက်လုံးကြီးပြူးကာ ကြက်သေသေလျက်ရှိသည်။

စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်သည်။

"ကျုပ်ရဲ့ ဓားထက် လက်သီးက ပိုပြင်းတယ်ဗျ"

ထိုအချိန်တွင် အရိပ်မီးတောက်ဘီလူးက ကျယ်လောင်စွာ အော်ဟစ်ပြီး လက်သီးနှင့် လှမ်းထိုးလိုက်ပြန်သည်။

မိမိတို့ အဖွဲ့ခေါင်းဆောင် ဒုက္ခရောက်တော့မည့် အနေအထားကို မြင်သောအခါ ဘေးနားတွင် ရပ်ကြည့်နေသော ကြည်လင်ခြင်းအဖွဲ့၏ လက်ထောက်ခေါင်းဆောင်နှစ်ယောက်မှာ မနေသာတော့။ ပြိုင်တူ လှုပ်ရှားလာ၏။ သူတို့ နှစ်ယောက်အနက်မှ တယောက်က အရိပ်မီးတောက်ဘီလူး၏ လက်သီးကို ကြားဝင် ဟန့်တားလိုက်ပြီး ကျန်တယောက်ကို စုချန်းကို တားဆီးရန် ကြိုးစားလိုက်လေသည်။

စုချန်းကလည်း ပထမတကြိမ်ကဲ့သို့ပင် ဓားနှင့်လက်သီးကို တပြိုင်နက်တည်း လှုပ်ရှားလိုက်ပြန်သည်။

ပတ်ဝန်းကျင်တခုလုံးတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။

လက်ထောက်ခေါင်းဆောင်သည် လီယွဲ့ကို ဆွဲခေါ်ကာ စုချန်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစာလိုက်၏။ ဤတကြိမ်တွင်တော့ သူက လီယွဲ့၏ အမှားကို သင်ခန်းစာယူကာ စုချန်း၏ လက်သီးကို အထူးပင် ဂရုပြု ရှောင်တိမ်းလိုက်၏။

ဝံပုလွေဓားကား လျင်မြန်သောအရှိန်အဟုန်ဖြင့် အောက်သို့ နိမ့်ဆင်းလာခဲ့ပြီ ဖြစ်သည်။

လက်သီးချက်ကိုသာ အထူးအာရုံပြုထားသော လက်ထောက်ခေါင်းဆောင်ကား စုချန်း၏ ဓားချက်ကို ရှောင်နိုင်စွမ်းရှိတော့ဟန်မတူ။ ကျယ်လောင်သော အော်သံကြီး ထွက်ပေါ်လာပြီး လက်ထောက်ခေါင်းဆောင်၏ ကျောပြင်သည် ဆယ်နှင့်ချီသော မီးလျံစက်လုံးများ ထိမှန်ခံလိုက်ရသည့်ပမာ စုတ်ပြတ်သတ်ကုန်၏။ သူ့တကိုယ်လုံးမှာလည်း အနောက်ဘက်သို့ လွင့်စင်သွားလေသည်။

"မင်း...."

လက်ထောက်ခေါင်းဆောင်က စုချန်းကို ထိတ်လန့်တကြားနှင့် ကြည့်လိုက်သည်။

"ငါရဲ့ လက်သီးက ဓားထက် ပိုပြင်းတယ်ဆိုရုံနဲ့ ငါ့ဓားချက်ကို မင်းခံနိုင်လိမ့်မယ်လို့ိ မထင်နေလေကွာ လူမိုက်ပဲ"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

စကားဆုံးသည်နှင့် စုချန်း၏ လက်ထဲမှ နောက်ထပ် မီးလျံသိမ်းငှက်တကောင် ထပ်မံ ပေါ်ထွက်လာပြန်သည်။

ထိုအချိန်တွင် ကျန်လက်ထောက်ခေါင်းဆောင်သည် အရိပ်ဘီလူးနှင့် အသည်းအသန် တိုက်ခိုက်နေရချိန် ဖြစ်သည်။ စုချန်း၏ မီးလျံသိမ်းငှက်ကို မည်သို့မှ ရှောင်တိမ်းနိုင်စွမ်းမရှိ။ မီးလျံသိမ်းငှက်သည် သူ့ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ သူတကိုယ်လုံးမှာလည်း နောက်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားတော့သည်။

မျက်စေ့တမှိတ်အတွင်းမှာပင် ကြည်လင်ခြင်းအဖွဲ့၏ လက်ထောက်ခေါင်းဆောင်နှစ်ယောက်သည် သေစေလောက်သည့် ဒဏ်ရာအသီးသီးနှင့် အတုံးအရုံး လဲကျကုန်ကြလေပြီ။

စုချန်းက မူလစွမ်းအင်စီးဆင်းမှုကို ရပ်တန့်လိုက်၏။ အရိပ်ဘီလူးသည် ခေါင်းကိုမော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

စုချန်း သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။ တကယ်တော့ အရိပ်ဘီလူးသည် အင်အားကြီးမားသော်လည်း စွမ်းအင် ကုန်ခန်းလှ၏။ ရေရှည်သာ တိုက်ခိုက်နေရလျင် စုချန်းအဖို့ မလွယ်လှ။

ကံကောင်းသည်မှာ လီယွဲ့သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင် ဖြစ်သော်လည်း ထင်သလောက် အင်အားမကောင်းလှ။ သူ့ကို အမြန်ဆုံး အနိုင်ရလိုက်၍သာ စုချန်း သက်သာသွားခြင်း ဖြစ်သည်။ မဟုတ်လျင် စုချန်းအဖို့ ရေရှည်တွင် ဒုက္ခများသွားနိုင်၏။

စုချန်းသည် နဂါးကျောင်းတော်သား တဦးဖြစ်ပြီး ဘဝတလျှောက်လုံး ထိပ်တန်းပညာရှင်များနှင့်သာ ရင်ဆိုင်လာရသူ ဖြစ်သည်။ လက်ရှိ သူ့အနေအထားနှင့် နဂါးကျောင်းတော်၏ ဂုဏ်သိက္ခာအရ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်တယောက်ကို အနိုင်ရလိုက်သည်မှာ စစ်စစ်တွေးကြည့်လျင် သိပ်တော့မဆန်းသေးဟု ဆိုနိုင်၏။

သို့သော်...

လီယွဲ့သာမက နောက်ထပ် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်ပါ ပါဝင်နေသည့် သုံးယောက် တစ်ယောက် တိုက်ပွဲကို အချိန်တိုအတွင်း အနိုင်ရလိုက်ခြင်းကတော့ အံံ့သြစရာကောင်းလှသည်။ ၎င်းကို ကြည့်ရင်း လူတိုင်းလိုလိုသည် ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။

ကြည်လင်မြစ်ဆိပ်ကမ်းရှိ လူတိုင်းလိုလိုသည် စုချန်းအား မျက်လုံးပြူးကာ စိုက်ကြည့်နေကြ၏။ ကြည်လင်ခြင်းအဖွဲ့သားများ၏ မျက်လုံးအစုံတွင်တော့ အကြောက်တရားများနှင့် ပြည့်နှက်နေပြီး မူလဗျူရိုမှ လူများ၏ မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။

မူလဗျူရိုမှ လူများသည် စိတ်ဓာတ်တက်ကြွစွာနှင့် အော်ဟစ်ကာ ရှေ့သို့ တဟုန်ထိုး ချီတက်လာကြ၏။ ရန်သူများနှင့် ဆန့်ကျင်စွာ ကြည်လင်ခြင်းအဖွဲ့သားများကား စိတ်ဓာတ်ပျက်ပြားနေကြလေပြီ။ သူတို့သည် ပြန်လှန်တိုက်ခိုက်ရန် မတွေးကြတော့ပဲ ထွက်ပြေးရန်သာ ကြိုးစားနေကြတော့သည်။ သို့တိုင်အောင် ထွက်ပြေးနိင်စွမ်း မရှိပဲ တယောက်ပြီးတယောက် အသတ်ခံနေကြရလေသည်။

ထိုအချိန်မှာပင် လူရိပ်တရိပ်က ခုန်ဝင်လာ၏။

"စုချန်း ငါ့လက်ဝါးကို နည်းနည်း မြည်းကြည့်စမ်း"

လက်ဝါးရိုက်ချက်သည် ကောင်းကင်ပေါ်မှ မိုးစက်မိုးဖွားများပမာ စုချန်းဆီသို့ ဝင်ရောက်လာ၏။ စုချန်းကလည်း တဖက်လူ၏ တိုက်ခိုက်မှုကို လက်ဝါးရိုက်ချက်နှင့်ပင် ပြန်လည် တုံ့ပြန်လိုက်၏။ လက်ဝါးအချင်းချင်း လေထဲတွင် ထိတွေ့မိသောအချိန်ဝယ် ထွက်ပေါ်လာသော အရှိန်အဟုန်ကြောင့် နှစ်ယောက်စလုံးလိုလိုသည် နောက်သို့ ဆုတ်ပေးလိုက်ရသည်။

စုချန်းအား အလစ်ဝင်ရောက်တိုက်ခိုက်လိုက်သူမှာ တခြားလူမဟုတ်။ ဝန်ဝေစင်းပင် ဖြစ်သည်။

"ဆရာ ဝန်"

ကြည်လင်ခြင်းအဖွဲ့သားများက ဝမ်းသာအားရနှင့် အော်ဟစ်လိုက်ကြသည်။

"မင်းတို့ နောက်ဆုတ်ကြ ကျုပ် ဒီကောင်တွေကို ဟန့်တားပေးထားမယ်"

ဝန်ဝေစင်းက စုချန်းနှင့် ဟန်မပျက် ဆက်လက်တိုက်ခိုက်နေရင်း အော်ဟစ်လိုက်၏။

ဝန်ဝေစင်းကား ကြည်လင်ခြင်းအဖွဲ့တွင် ဂုဏ်သိက္ခာကြီးမားသူ ဖြစ်သည်။ ထိုသို့သာ မဟုတ်လျင် လီယွဲ့က သူ့အား ကြောက်မည်မဟုတ်ပေ။

အဆိုးဆုံး အခြေအနေမှာပင် အဖွဲ့သားများရှေ့မှ ရပ်တည်ကာကွယ်နေသော ဝန်ဝေစင်းအား ကြည်လင်ခြင်းအဖွဲ့သားများက လေးစားကြည်ညိုစွာဖြင့် ငေးမောနေကြ၏။

"သွားဆို မသွားကြသေးဘူးလား မြန်မြန်သွားကြစမ်း"

ဝန်ဝေစင်းက ထပ်မံ လောဆော်လိုက်ပြန်သည်။

အဖွဲ့သားတဦးက ထအော်လိုက်၏။

"ဆုတ်ကြမယ်ဟေ့ ဆရာ ဝန် ပြောတဲ့အတိုင်း ဆုတ်ကြမယ် ငါ့နောက် လိုက်ခဲ့ကြ"

ကြည်လင်ခြင်းအဖွဲ့သားများကား ရရှိလာသော အခွင့်အရေးကို အမိအရ အသုံးချလိုက်ကြလေသည်။

မူလဗျူရိုအား ဝန်ဝေစင်းတယောက်သာလျင် ရင်ဆိုင်လျက် ကျန်ရစ်ခဲ့၏။ သူသည် ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အသိပညာအတည်ပြုသူစု ကျုပ် အသနားခံပါတယ် ဆရာလျူကို လီယွဲ့ သတ်ခဲ့တာပါ ကျန်အဖွဲ့ဝင်တွေက သိတောင်မသိပါဘူးဗျာ ဒါကြောင့် သူတို့ကို လွှတ်ပေးလိုက်ဖို့ ကျုပ် အသနားခံချင်ပါတယ်"

"ဒီတော့ လူသတ်တာကို ခင်ဗျားတို့ ဝန်ခံတယ်ပေါ့ ဟုတ်လား"

"ဟုတ်ပါတယ်ဗျာ"

ဝန်ဝေစင်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

"မူလလက်စွပ်ကလွဲပြီးဟ တခြား ဘာသက်သေ ရှိသေးလဲ တခြား ဘယ်သူတွေကော ပါသေးလဲ"

"ဒီလူသတ်မှုမှာ ကျုပ်ကိုယ်တိုင်လည်း မပါတဲ့အတွက် အသေးစိတ်တော့ မသိပါဘူးဗျာ ဒါပေမဲ့ ကျုပ်ကို အချိန်နည်းနည်းပေးပါ ဘယ်သူပါ ပါသလဲဆိုတာ စုံစမ်းပြီးရင် သူတို့ကို ခင်ဗျားလက်ထဲ ထည့်ပေးပါမယ် အသနားခံကြေး အနေနဲ့ပေါ့"

"အိုး ဒီတော့ ခင်ဗျားက ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောပေါ့"

"ဟုတ်ပါတယ်ဗျာ"

"ခင်ဗျားတို့ဘက်က ပူးပေါင်းဆောင်ရွက်မယ် ဆိုတော့လည်း မဖြစ်နိုင်စရာတော့ မရှိပါဘူးလေ"

စုချန်းက အချက်ပြလိုက်ရာ ဝန်းရံထားသူများ နောက်ဆုတ်ပေးလိုက်ကြသည်။

ဝန်ဝေစင်းက စုချန်းကို အရိုအသေပေးရင်း ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ကျုပ်ကို အချိန်နည်းနည်းပေးပါ ဆရာစု ကျေနပ်လောက်မဲ့ အဖြေရစေရမယ်"

"ကျုပ် စောင့်နေမယ်"

ဝန်ဝေစင်းက ခေါင်းညိတ်ပြပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။

သူတို့နှစ်ယောက် ကပြနေသော ပြဇာတ်မှာလည်း ဤနေရာမှာပင် အဆုံးသတ်သွား၏။

သူတို့နှစ်ဦးကြား အပေးအယူကို လူပေါင်းများစွာ မြင်တွေ့လိုက်ရ၏။ အများစုမှာ သေမည်ကိုကြောက်၍ ထွက်ပြေးကုန်ကြသော်လည်း သတ္တိကောင်းသော လူတချို့မှာကား တိုက်ပွဲကို စိတ်ဝင်တစားနှင့် စောင့်ကြည့်နေကြသည် မဟုတ်ပါလား။ ထိုမျှသာမကသေး မြစ်အတွင်းရှိ လှေများပေါ်မှ ကုန်သည်များသည်လည်း အဖြစ်အပျက်ကို ကောင်းစွာ မြင်တွေ့လိုက်ရ၏။

ဝန်ဝေစင်းသည် ကြည်လင်ခြင်းအဖွဲ့သားများအား ကယ်တင်နိုင်လိုက်သည့်အပြင် အဖွဲ့တွင်းရှိ သူ့ သြဇာအာဏာကိုလည်း အုတ်မြစ်ချနိုင်ခဲ့၏။ စုချန်းသည်လည်း ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ခဲ့သည်။ ကြည်လင်ခြင်းအဖွဲ့နှင့် မူလဗျူရိုသည်လည်းပူးပေါင်းဆောင်ရွက်ခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားလေသည်။

စုချန်းကြောင့် ခေါင်းကိုက်ရန် နောက်တကြိမ် အလှည့်ကျလာသူများကား လိုင်မျိုးနွယ်များပင် ဖြစ်လာမည်ကတော့ သေချာသလောက် ဖြစ်နေခဲ့လေပြီ။

All Chapters