← Chapters

အုတ်မြစ်ချခြင်း

Vol. 38 Ch. 378

အုတ်မြစ်ချခြင်း

Vol. 38 Ch. 378

ရေထဲတွင် မြူးထူးပျော်ပါးနေသည့် ငါးများနှင့် ပုံဖော်ထားသော ဖန်အိုးသည် ဖောင်းခနဲ ကွဲကြေကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။

လိုင်ဝုယီ၏ မျက်နှာမှာကား မဲမဲမှောင်နေလေသည်။

အသက်၂၀၀ကျော်နေသည့်တိုင် လိုင်ဝုယီသည် ၎င်း၏ သက်လတ်ပိုင်းအရွယ် ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်၏။ ၎င်း၏ ပုံစံမှာ အတော်ပင် အင်အားပြည့်ဝဟန် ပေါ်နေပေါ်ပေသည်။

ထိုအင်အားသာ ဒေါသအဖြစ် ပြောင်းလဲသွားပါက ကြောက်စရာကောင်းသော စွမ်းအင်များ ပေါ်ထွက်လာမည်ကတော့ ယုံမှားစရာ မရှိပေ။

"ခွေးမသား စုချန်း"

လိုင်ဝုယီက အံကြိတ်ကာ ဆဲဆိုကြိမ်းမောင်းလိုက်သည်။

"အဖေ ပြသနာကတော့ တက်နေပြီ ကြည်လင်ခြင်းအဖွဲ့ကို ထိန်းချုပ်ပြီးတာနဲ့ ဝန်ဝေစင်း ပထမဆုံး လုပ်တာက ကျွန်တော့ကို လာတွေ့ပြီး ဒီပြသနာကို နေသားတကျဖြစ်အောင် စီစဉ်ဖို့ အကူအညီတောင်းတာပါပဲ သူပြောတာကတော့ ဒါကိုသာ အမြန်ဆုံး မဖြေရှင်းနိင်ဘူးဆိုရင် စုချန်းဟာ သူတို့ထဲက နောက်ဆုံးကျန်တဲ့ အယောက်စီတိုင်းကို ဖယ်ရှားသုတ်သင်ပစ်မယ်လို့ ဆိုပါတယ်"

"လူသတ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ တရားခံတွေကို ဖမ်းပေးဖို့ စုချန်းက ဝန်ဝေစင်းကို အချိန်ပေးထားတယ်ဆိုတာကို ကျုပ်လဲ ကြားပါတယ်"

"မှန်ပါတယ် အဖေ"

လိုင်ချန်းလီက ပြန်ဖြေလိုက်သည်။

"တကယ်တော့ ဝန်ဝေစင်းဟာ တရားခံတွေကို သိထားပြီးပါပြီ ကျွန်တော်တို့ရဲ့ အကြံညဏ်ကို စောင့်နေလို့သာ မဖမ်းသေးတဲ့ သဘောပါ"

"ကျုပ်တို့ရဲ့ အကြံညဏ်ကို စောင့်နေတယ်ဆိုတော့ ဒီကောင်က ဘာသဘောလဲကွဲ့"

"ဝန်ဝေစင်းဟာ ဒီပြသနာကို ကျွန်တော်တို့က ဝင်ရှင်းပေးစေချင်နေတဲ့ သဘောပဲ အဖေ"

လိုင်ဝုယီက တီးတိုးရေရွတ်လိုက်သည်။

"ဒီကောင့်နှယ် လူနည်းနည်းလေးကိုတောင် မကိုင်တွယ်နိုင်ဘူးတဲ့လား"

"ပြသနာက ဒီကောင်ကိုယ်တိုင် ခေါင်းမခံချင်တဲ့ ပြသနာပါပဲ အဖေ"

လိုင်ချန်းလီက ပြန်ရှင်းပြလိုက်သည်။

"အိုး အဲဒီလိုလား ဘာကြောင့်ပါလိမ့်"

လိုင်ဝုယီက အံ့သြတကြီးနှင့် မေးလိုက်သည်။

"စဉ်းစားကြည့်လေ အဖေ စုချန်းက လိမ်ဖို့ မလွယ်တဲ့ လူစားမျိုးဆိုတဲ့အချက်ကို ဘေးဖယ်အုံး ဒီပြသနာမှာ ဦးစီးဦးဆောင်ပြုခဲ့သူဟာ ကျွန်တော်တို့ လိုင်မျိုးနွယ်စုတွေ ဖြစ်ပြီး ကြည်လင်ခြင်းအဖွဲ့ရဲ့ အရင်ခေါင်းဆောင်ကတော့ ကျွန်တော်တို့ကို အကူအညီပေးခဲ့တဲ့ သဘောသက်သက်ပဲ ခု ဝန်ဝေစင်းက ခေါင်းဆောင်ဖြစ်လာတော့ အရင်ခေါင်းဆောင် သေသွားပြီဆိုပေမဲ့ သူ့ရဲ့ လွှမ်းမိုးမှုတွေက ရှိနေတုန်းပဲလေ ဒါကြောင့် အရင်ခေါင်းဆောင်ရဲ့ လွှမ်းမိုးမှုကို သူ့အနေနဲ့ အချိန်တိုအတွင်း ချေဖျက်နိုင်ဖို့ ခက်တယ်လေ ပြီးတော့ လျူကျိယွန်ကို သတ်တဲ့လူဟာ လီယွဲ့ရဲ့ အယုံကြည်ရဆုံးလူ ဖြစ်ဖို့များနေတယ် ဒီတော့ ဝန်ဝေစင်းအနေနဲ့ လုပ်ရကိုင်ရ ခက်နေတာပေါ့"

"ဒီတော့ ဝန်ဝေစင်းကို သူ့ကိုယ်စား ဒီလူတွေကို ကျုပ်တို့ ဝင်ပြီး ကိုင်တွယ်စေချင်တယ် ဆိုပါတော့"

လိုင်ဝုယီက နားလည်သွားဟန်ဖြင့် ပြောလိုက်သည်။

"သူကိုယ်တိုင် မလုပ်နိုင်မှတော့ ဒါ အကောင်းဆုံးပဲပေါ့ အဖေ"

လိုင်ချန်းလီက ပြောလိုက်၏။

"ဒီတော့ သူက ကျုပ်တို့ကို စုချန်းအတွက် ဓားကိုင်ပေးစေချင်နေတာပေါ့ ဟုတ်လား"

လိုင်ဝုယီက မေးလိုက်သည်။

"ဟုတ်ပါတယ်အဖေ ဒီကောင်ဟာ ကျွန်တော်တို့ကို စုချန်းအတွက် ဓားကိုင်ပေးစေချင်နေတဲ့ သဘောပါပဲ"

"ခွေးမသား"

လိုင်ဝုယီက ဒေါကတကြီးနှင့် စားပွဲခုံကို ရိုက်ချလိုက်သည်။

"ဒီကောင် ဒါမျိုး လုပ်ရဲသတဲ့လား"

လိုင်ချန်းလီက မည်သို့မျှ ထူးခြားမှုမရှိသော မျက်နာပေးနှင့် ပြောလိုက်သည်။

"ကျွန်တော်တို့ ကြည်လင်ခြင်းအဖွဲ့ကို ထိန်းချုပ်ထားတယ်ဆိုတာ လီယွဲ့ကနေတဆင့်ပါ အဖေ ဝန်ဝေစင်းကို မဟုတ်ပါဘူး သူနဲ့ကျွန်တော်တို့အကြားဘာကျေးဇူးခံ ကျေးဇူးစားမှ မရှိပါဘူး ကြားရတာ ခါးသီးစရာကောင်းပေမဲ့ ဒါ အမှန်တရားပါပဲ ခင်ဗျာ"

"ခုနေ သူ့ကို ကျုပ်တို့က ထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုရင်ကော"

"အရမ်း နောက်ကျသွားပါပြီ အဖေ"

လိုင်ချန်းလီက ပြောလိုက်၏။

"ဝန်ဝေစင်းဟာ စုချန်းအပေါ် နာမည်စာရင်းတွေ ပေးလိုက်ပြီဖြစ်သလို ပြစ်မှုကို နှုတ်အားဖြင့်လည်း ဝန်ခံလိုက်ပါပြီ လူသက်သေ ပစ္စည်းသက်သေ ခိုင်လုံတဲ့အတွက် ဒီလူသတ်မှုက ပြီးဆုံးသွားပါပြီ အဖေ ဒီအမှုမှာ လွတ်နေတာဆိုလို့ ပူးပေါင်းကြံစည်ခဲ့သူတွေကို မဖမ်းမိသေးတာပဲ ရှိပါတယ် ခင်ဗျာ"

"ကျုပ်တို့က သူ့ကို ဖိအားပေးပြီး လူစားလဲလိုက်မှာကို ဒီကောင်က ကြောက်နေတာလား"

"အသေအချာပါပဲ ခင်ဗျာ အခြေအနေကတော့ ဒီလိုတွေ ဖြစ်ကုန်ပြီ ကျွန်တော်တို့ ဘာဆက်လုပ်ရင်ကောင်းမလဲ အဖေ"

လိုင်ဝုယီ မျက်မှောင်ကြီးကုတ်ကာ စဉ်းစားနေ၏။ အတန်ကြာမှ သူက ပြောလိုက်သည်။

"ကျုပ်တို့ကသာ တရားခံတွေကို လက်လွှဲမပေးဘူးဆိုရင် စုချန်းဟာ မူလဗျူရိုရဲ့ အင်အားကိုသုံးပြီး ကြည်လင်ခြင်းအဖွဲ့ကို အမြစ်ပါမကျန်အောင် သုတ်သင်ပစ်လိမ့်မယ် ဒါဆိုရင် ဒီကောင့်ရဲ့ ဂုဏ်သိက္ခာကလည်း အရင်ကထက် ပိုပြီး ကြီးမားလာလိမ့်မယ် နောက်ဆုံးမှာ ကျုပ်တို့ လိုင်မျိုးနွယ်တွေကိုတောင် အမှုလာပတ်နိုင်တယ် ကျုပ်တို့က တရားခံတွေကို လက်လွှဲပေးလိုက်ပြန်ရင်လည်း စုချန်းအပေါ် အောက်ကျို့ပေးလိုက်ရာ ရောက်သွားမယ် ကြည်လင်ခြင်းအဖွဲ့အပေါ် လွှမ်းမိုးထားတဲ့ ကျုပ်ရဲ့ ဂုဏ်သိက္ခာဟာလည်း ရစရာမရှိအောင် ပျက်စီးသွားလိမ့်မယ် ကျုပ်တို့ရဲ့ အခြေအနေက အဲဒီအတိုင်းပဲ ဟုတ်သလား"

"အင်း ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့အနေနဲ့ ထိခိုက်မှု အနည်းဆုံး ဖြစ်မဲ့ အခြေအနေမျိုးကို ရွေးချယ်ရတော့မဲ့ ပုံပဲ"

"ကျွန်တော် နားလည်ပါတယ် အဖေ"

လက်ရှိအချိန်တွင် ဝန်ဝေစင်းသည် ကြည်လင်ခြင်းအဖွဲ့ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။ ဝန်ဝေစင်းနှင့် လိုင်မျိုးနွယ်စုအကြား မည်သည့် ကျေးဇူးခံကျေးဇူးစားမှ မရှိ၍ ကြည်လင်ခြင်းအဖွဲ့ကို လိုင်မျိုးနွယ်များ မထိန်းချုပ်နိုင်တော့ဟုလည်း ဆိုနိုင်သည်။ သို့သော် ဤသည်မှာ ပြသနာကြီး မဟုတ်သေး။ ငွေဆိုသည်မှာ လူတိုင်း သည်းခြေကြိုက်သည့်အရာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ငွေနှင့်သာ မျှားပါက ဝန်ဝေစင်းက သူတို့ဘက် ပြန်ပါလာမည်သာ။ ထိုအခါ ကြည်လင်ခြင်းအဖွဲ့သည်လည်း သူတို့၏ ထိန်းချုပ်မှုအောက်သို့ နောက်တကြိမ် ပြန်လည် ရောက်ရှိလာမည်သာ။ ဤနည်းလမ်းသည် အတင်းအကျပ် ဖိအားပေးခြင်းထက် များစွာ ကောင်းမွန်သည် မဟုတ်ပါလား။

တော်ဝင်မျိုးနွယ်စုများသည် အင်အားကြီးမားသည်မှာ မှန်၏။ သို့သော် သူတို့သည် ဘယ်အချိန်တွင် ရပ်ရမည်မှန်းကိုလည်း ကောင်းကောင်းသိထားကြလေသည်။ သို့မဟုတ်ပါက မည်မျှပင် အင်အားကြီးမားနေစေကာမူ အနှေးနှင့်အမြန် ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလား။

"ဒါဆိုရင် စုချန်းကိုကျတော့ ဘယ်လိုလုပ်မလဲ အဖေ"

လိုင်ချန်းလီက မေးခွန်းထုတ်လိုက်၏။

လိုင်ဝုယီက ခေတ္တ စဉ်းစားရင်း ပြန်ဖြေလိုက်သည်။

"နန်းယင်လမ်းတိုက်ပွဲ ဆယ်ကီလိုမီတာနန်းဆောင် ခု ကြည်လင်မြစ်ဆိပ်ကမ်း မင်း ခုထိ နားမလည်သေးဘူးလား ဒီကောင်ဟာ ထင်သလောက် မရိုးရှင်းဘူးကွ"

"ဟုတ်ပါတယ် အဖေ ဒီကောင်ဟာ ကျွန်တော်တို့ကို အကြိမ်ပေါင်းများစွာ လှည့်စားနိုင်ခဲ့တဲ့အပြင် လီယွဲ့နဲ့ သူ့လက်ထောက်နှစ်ယောက်ကိုပါ တပြိုင်တည်း သတ်ပစ်နိုင်ခဲ့တယ်ဆိုတော့ ကိုယ်ပိုင် အစွမ်းအစကလည်း မသေးဘူး ဘာပြောပြော ဒီကောင့်ကို လျော့တွက်လို့တော့ မရဘူး"

လိုင်ချန်းလီက သက်ပြင်းချရင်း ပြောလိုက်သည်။

"အရင်တုန်းက ရှုံးခဲ့တယ်ဆိုတာ ကျုပ်တို့ဘက်က သူ့ကို လျှော့တွက်မိလို့ပဲကွ ခု ကျုပ်တို့ ဒီလိုအမှား ထပ်မလုပ်တော့ဘူး ကျုပ်တို့ လစ်လျူရှုထားခဲ့တဲ့ အိမ်စာကို ကျေအောင်လုပ်ဖို့ အချိန်တန်ပြီ"

"အဖေ ဆိုလိုတာ..."

"မင်းက လူတချို့ရှာပြီး ရှည်လျားရစ်ခွေမြို့တော်ကို လွှတ်လိုက်ပါ စုချန်းရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းခိုင်းပါ ကျုပ်တို့ သူ့ကို ရင်ဆိုင်မယ်ဆိုရင် သူ့အကြောင်း နားလည်ထားမှ ရမယ်"

"ကောင်းပါပြီ အဖေ"

"လာမဲ့ စုပေါင်းအစည်းအဝေးကျရင် စုချန်းကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ရမယ်"

"စုပေါင်းပစ်မှတ် ဟုတ်လား အဖေ"

လိုင်ချန်းလီက အံ့သြတကြီးနှင့် ရေရွတ်လိုက်၏။

"မှန်တယ် စုချန်းဟာ ကျုပ်တို့အတော်များများကို ဒုက္ခပေးခဲ့ပြီးပြီ ဒီကောင့်ကို တဦးချင်းစီ ရင်ဆိုင်နေလို့ မရတော့ဘူး ဒီကိစ္စပြီးတော့ မူလဗျူရိုအပေါ် စုချန်းရဲ့ သြဇာအာဏာဟာ ပိုပြီး ကြီးမားလာခဲ့ပြီ ဒီအတိုင်းသာ ဆက်သွားနေရင် အနာဂတ်မှာ ပိုပြီး ရင်ဆိုင်ရခက်လာလိမ့်မယ် မူလဗျူရိုရဲ့ အကြီးအကဲနေရာကို ရယူလိုက်တဲ့အတွက် ဒီကောင်ဟာ စုပေါင်းပစ်မှတ်အဖြစ် သတ်မှတ်ခံရဖို့ ပိုပြီး ထိုက်တန်သွားပြီ"

"ဒီလိုဆိုတော့ ကျွန်တော်တို့အနေနဲ့ စုချန်းကို ဒီအတောအတွင်းမှာ လက်ပိုက်ကြည့်နေရမှာပေါ့"

"ကျုပ်တို့အနေနဲ့ အောင်မြင်မှုကို သိပ်အမြန်ကြီး ရှာနေစရာ မလိုဘူး အရင်ပွဲတွေတုန်းက ကျုပ်တို့ မှားခဲ့တယ် ခုချိန်မှာတော့ ကျုပ်တို့အနေနဲ့ အမှားတွေကနေတဆင့် သင်ယူရမဲ့အချိန်ပဲ"

"နားလည်ပါပြီ အဖေ"

____________×××______________×××__________

လိုင်ဝုယီ ပြောခဲ့သော စကားများအနက် တခွန်းကတော့ မှန်ကန်၏။ ၎င်းမှာ ကြည်လင်မြစ်ဆိပ်ကမ်းတိုက်ပွဲအပြီး မူလဗျူရိုအတွင်း စုချန်း၏ သြဇာအာဏာမှာ ပို၍ ကြီးမားလာခြင်းပင်တည်း။

စုအိမ်တော်တွင် ဖြစ်သည်။

ယွန်လီယန်သည် ပင်မခန်းမဆောင်အတွင်းတွင် မတ်တပ်ရပ်နေ၏။ သူ့မျက်နှာမှာကား စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေလေသည်။ သူ ဘာတွေ စဉ်းစားနေမှန်း မည်သူမှ သိနိုင်မည်မထင်။

အတန်ကြာသော် နံရံတဖက်ခြားမှ စုချန်း၏ ခြေသံများကို ယွန်လီယန် အတိုင်းသား ကြားနေရသည်။

နံရံနောက်ကွယ်မှ စုချန်း ပေါ်လာ၏။ သူ့လက်အစုံမှာကား သွေးများနှင့် ပေကျံနေလေသည်။

မင်ချူးကား စုချန်းအတွက် လက်ဆေးရန် ရေနှင့်ဇလုံကို အသင့်ပြင်ဆင်ထား၏။ စုချန်း ထွက်ပေါ်လာသည်နှင့် သူက အပြေးကလေး လှမ်းကြိုကာ စုချန်း၏ လက်ပေါ်ရှိ သွေးများကို ဝိုင်းကူဆေးကြောပေးလိုက်သည်။ သွေးများကြောင့် ဇလုံအတွင်းရှိ ရေများမှာ ရဲရဲနီသွားလေသည်။

မင်ချူး ကမ်းပေးလာသည့် ပဝါနှင့် လက်ကို သုတ်ရင်း စုချန်းက ပြောလိုက်သည်။

"ဒါ လီယွဲ့ရဲ့ သွေးတွေပဲ အဖြူရောင်မီးစုန်းမြွေ သွေးဗီဇဟာ ထူးခြားပြီး စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ စိတ်ပျက်စရာ ကောင်းတာက လီယွဲ့ရဲ့ အဆင့်က တော်တော်နိမ့်တယ် ဒီလောက်နဲ့ အဖြူရောင်မီးစုန်းမြွေရဲ့ အင်အားအစစ်အမှန်ကို မှန်းဆနိင်ဖို့ ခဲယဉ်းတယ် ဒါပေမဲ့ ဒီလောက်နဲ့တင် ရပါပြီ သိပ်မကြာခင် အဖြူရောင်မီးစုန်းမြွေရဲ့ စစ်မှန်တဲ့စွမ်းအားကို ကျုပ်ကိုယ်တိုင် တွေ့ခွင့်ရလိမ့်မယ်လို့ မျှော်လင့်တယ်"

ပြောပြောဆိုဆို စုချန်းက ယွန်လီယန်ကို လှမ်းကြည့်ပြီး နေရာထိုင်ခင်း ပေးလိုက်သည်။

"ထိုင်ပါ"

ယွန်လီယန်၏ နဖူးပေါ်တွင် ချွေးများနှင့် စိုရွှဲနေ၏။

"လက်အောက်ငယ်သားတယောက်အနေနဲ့ မထိုင်ရဲပါဘူး အသိပညာအတည်ပြုသူစု"

"ခုကျတော့ ကျုပ်ရှေ့မှာမို့ ခင်ဗျားက မထိုင်ရဲဘူး လုပ်နေတယ် ဒါဆိုရင် ကြည်လင်မြစ်ဆိပ်ကမ်းကို သွားခိုင်းတဲ့ ကျုပ်အမိန့်ကို ခင်ဗျား ဘာကြောင့် မနာခံရတာလဲ"

စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်သည်။

မူလဗျူရိုတွင် ချီစွမ်းအားပညာရှင် အယောက် ၂၀ခန့်ရှိလေရာ စုချန်းနှင့်အတူ ဆိပ်ကမ်းကို လိုက်လာသူမှာ ၆ယောက်သာ ရှိနေ၏။

ဤသည်မှာ အမိန့်မနာခံသော သဘော ဖြစ်သည်။ တဖက်တွင်လည်း စုချန်းသည် မူလဗျူရို၏ ယာယီအကြီးအကဲသာ ဖြစ်လေရာ အတော်များများသည် စုချန်း၏ အမိန့်ကို အလေးအနက် မထားသော သေ ဘာတွင် ရှိနေ၏။

သို့သော် ဤယနေ့တွင်တော့ အရာအားလုံးမှာ ပြောင်းလဲသွားခဲ့လေပြီ။

ကြည်လင်ခြင်းအဖွဲ့၏ ခေါင်းဆောင်သုံးယောက်ကို တယောက်တည်း ယှဉ်ပြိုင်ကာ လက်စတုံးပစ်နိုင်ခဲ့ခြင်းသည် လူအများအား မျက်လုံးပြူးသွားစေ၏။

သွေးဆူပွက်ခြင်းနယ်ပယ်တွင်သာ ရှိနေသေးသည့် စုချန်း၏ အဆင့်အတန်းကြောင့် ယခင်က မလေးစားကြသည့်တိုင်အောင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်အား သတ်ပစ်နိင်ခဲ့ပြီးနောက် မည်သူကမျှ စုချန်းကို မလေးစားပဲ မနေရဲတော့ချေ။

ယွန်လီယန်ကိုယ်တိုင်ပင် လီယွဲ့နှင့် ကျန်နှစ်ယောက်အား တယောက်တည်း ယှဉ်နိုင်လိမ့်မည်ဟု မသေချာလှပေ။

ဤအခြေအနေတွင် ယွန်လီယန်အနေနှင့် စုချန်းအား အဘယ်မှာ မလေးမခန့် ပြုရဲမည်နည်း။

စုချန်း၏ စွတ်စွဲမှုကို ကြားရသောအခါ ယွန်လီယန်မှာ ခြေဖျားလက်ဖျားများပင် အေးစက်သွား၏။ သူက တုန်ယင်သော အသံနှင့် ပြောလိုက်သည်။

"ကျုပ် မှားသွားပါတယ် ဆရာစု"

"မှားမှန်းသိပြီဆိုတော့ ပြင်ဆင်သင့်တာပေါ့ ကျုပ်ပြောတာ ဟုတ်သလား"

စုချန်းက ပုံမှန်လေသံနှင့် ပြောလိုက်သည်။

"ကျုပ် နားလည်ပါတယ် ဆရာစု ဒီနေ့ကစပြီး ကျုပ် ဆရာစုရဲ့ အမိန့်ကို တသွေမတိမ်း နာခံပါ့မယ်"

"ကောင်းတယ် နက်ဖြန်မှာ ကြည်လင်ခြင်းအဖွဲ့က ပူးပေါင်းကြံစည်သူတွေကို လက်လွှဲပေးဖို့ ရှိတယ် ဒီကိစ္စကို ခင်ဗျား တာဝန်ယူလိုက်ပါ"

"ကောင်းပါပြီခင်ဗျာ"

သူ၏ သစ္စာစောင့်သိမှုကို သိရှိလို၍ ထိုတာဝန်ကို စေခိုင်းမှန်း ယွန်လီယန် သဘောပေါက်လိုက်၏။

တရားခံများ၏ ဦးခေါင်းသာ မြေသို့ခသွားပါက လိုင်မျိုးနွယ်စု ရှုံးနိမ့်သွားပြီမှန်း လူတိုင်း သိရှိသွားပေလိမ့်မည်။

တချိန်တည်းမှာပင် ကြည်လင်မြစ်မြို့၏ ကောင်းကင်ယံပေါ်၌ ကြယ်တပွင့် ထွန်းလင်းတောက်ပလာတော့မည် ဖြစ်သည်။

All Chapters