← Chapters

စုပေါင်းအစည်းအဝေး ၁

Vol. 38 Ch. 379

စုပေါင်းအစည်းအဝေး ၁

Vol. 38 Ch. 379

ရက်များ လများမှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ တနှစ်ဟူသော အချိန်မှာ ခနလေးဟုသာ ထင်ရသည်။ ရာသီဥတုမှာကား ရှေးနည်းအတိုင်း လှပလျက်ရှိလေ၏။

မူလချီစွမ်းအားပညာရှင်အသိုင်းအဝိုင်းတွင်ကား မူလချီစွမ်းအင်သာလျင် အရာခတ်သိမ်း ဖြစ်လေသည်။

သဘာဝမဆန်သော စွမ်းအင်များကို ထိန်းချုပ်နိုင်သူသည် အပူချိန်ကို ထိန်းချုပ်နိုင်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို ကောက်ပဲသီးနှံများ အထွက်တိုးစေရန် ဆောင်ရွက်နိုင်သည် မဟုတ်ပါလား။

သာမာန်လူများအဖို့ကတော့ ရသမျှ သီးနှံလေးနှင့် ချီစွမ်းအားပညာရှင်များ၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံကြရလေသည်။ သို့သော် သဘာဝကပ်ဘေးများသာ ပေါ်ပေါ်လာပါက သာမာန်လူများအဖု့ိ အသက်ရှင်ရပ်တည်ရန်မှာ မသေချာလှပေ။ ထို့ကြောင့် နာမည်ကြီး မြို့မျက်နှာဖုံးများသည် နွေဦးရာသီရောက်တိုင်း ပွဲတော်ကြီးများ ကျင်းပကာ ၎င်းတို့၏ ပိုလျှံနေသော သီးနှံများအား ဝေငှလှုဒါန်းလေ့ ရှိကြ၏။

ထိုအချိန်ရောက်တိုင်း ထိုပုဂ္ဂိုလ်များသည် အတူတကွ စုစည်းလေ့ရှိကြပြီး ၎င်းတို့၏ အရင်းအမြစ်များကို ဝေငှကြ၏။ လူသစ် စုကြ၏။ တဆက်တည်းမှာပင် အတိတ်ကာလတွင် ဖြစ်ပျက်ခဲ့သည့် ပြသနာများကို ဝေဖန်ဆန်းစစ်လေ့ရှိကြသည်။

ကြည်လင်မြစ်မြို့တော်တွင်တော့ ထိုကဲ့သို့ ပွဲတော်များ မရှိပဲ တော်ဝင်မျိုးနွယ်စု ဆယ်စု၏ စုပေါင်း စည်းဝေးပွဲသာလျင် ရှိလေသည်။

ဤနှစ်၏ စုပေါင်းစည်းဝေးပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသူကတော့ ဝမ်မျိုးနွယ်စုပင် ဖြစ်၏။

ဝမ်မျိုးနွယ်အကြီးအကဲ ဝမ်ကျန်းယုကား ယခုအချိန်ဆိုလျင် အသက်ပေါင်း ၃၀၀ ပင် ပြည့်ခဲ့လေပြီ။ သူသည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တဦး ဖြစ်ပြီး ယခုအချိန်ထိ ကြံ့ခိုင်သော ကိုယ်ကာယကို ထိမ်းသိမ်းထားနိုင်သေး၏။ တနည်းအားဖြင့် ဝမ်ကျန်းယုသည် ဝမ်မျိုးနွယ်၏ အစားထိုးမရနိုင်သော မှတ်တိုင်တခုဟုလည်း ဆိုနိုင်ပေသည်။

ကြည်လင်မြစ်မြို့တော်သည် မြို့ငယ် တမြို့သာ ဖြစ်သည်။ ထို့ကြောင့် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်ဟူသည်မှာလည်း လွန်စွာ ရှားပါးလှ၏။ ထို့ကြောင့် တော်ဝင်မျိုးနွယ်စုများဘက်မှ ထိုအဆင့်အတန်းမျိုးနှင့် ပညာရှင်တယောက် ရှိနေသည်မှာ ကြီးမားလှသော အင်အားတရပ်ဟုလည်း ဆိုနိုင်သည်။

ဤယနေ့တွင်တော့ များပြားလှသော မျိုးနွယ်စုများနှင့် တော်ဝင်မျိုးနွယ်စုများ အားလုံးလိုလိုသည် တောင်ပိုင်းမိုးမခလမ်းအနီးရှိ ဝမ်မျိုးနွယ် ခြံဝင်းအတွင်းတွင် စုစည်းလျက် ရှိကြသည်။

တောင်ပိုင်းမိုးမခလမ်းပေါ်တွင်တော့ ရထားလုံးများ တစီးပြီး တစီး ဆိုက်ရောက်လျက်ရှိသည်။ ဝမ်အိမ်တော်တွင်တော့ တယောက်နှင့်တယောက် ဆီးကြိုနှုတ်ဆက်သံများ၊ စကားပြောသံများဖြင့် ဆူညံပွက်လောရိုက်လျက်ရှိလေ၏။

သို့သော် ဝမ်အိမ်တော် ပင်မခန်းမဆောင်အတွင်းတွင်တော့ ထိပ်သီးပုဂ္ဂိုလ်များ၏ သီးခြား အစည်းအဝေးတခု စတင် ကျင်းပလျက်ရှိသည်။ အစည်းအဝေးတွင် ပါဝင်နေသူ လူဆယ်ယောက်သည် ဤလူ့အဖွဲ့အစည်းအတွင်းရှိ အင်အားအကြီးမားဆုံးဟု ဆိုနိုင်သော တော်ဝင်မျိုးနွယ်စု ဆယ်စုကို ကိုယ်စားပြုလျက် ရှိသည်။

အမြင့််ဆုံး ထိုင်ခုံတွင် ထိုင်နေသူကတော့ ဝမ်မျိုးနွယ်၏ လက်ရှိ အကြီးအကဲတာဝန်ကို ထမ်းဆောင်နေသူ ဝမ်ဖေးယွန်ပင် ဖြစ်သည်။ ရှည်လျားထူထဲသည့် မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားသည့် ဝမ်ဖေးယွန်၏ ပုံစံသည် ထူးခြားသော ဂုဏ်သိက္ခာတမျိုးကို ဆောင်နေ၏။

ဝမ်ဖေးယွန်သည် ခုံမြင့်ကြီးပေါ်တွင် ထိုင်နေရင်း အားရပါးရ ရယ်မောလိုက်သည်။

"ကျုပ်တို့အားလုံးဟာ မိတ်ဆွေတွေချည်းပဲ ဒါကြောင့် ကွေ့ဝိုက်ပြောနေစရာမလိုတော့ဘူး အစည်းအဝေးကို ခုပဲ စကြတာပေါ့"

လူတိုင်းက ခေါင်းတဆတ်ဆတ်ညိတ်ရင်း သဘောတူလိုက်ကြသည်။

ဝမ်ဖေးယွန်က စကားဆက်ပြန်၏။

"ကောင်းပြီ လွန်ခဲ့တဲ့ သုံးလက အနောက်မြစ်တောအုပ်မှာရှိတဲ့ ကျုပ်တို့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေက အကြောင်းကြားလာတယ် သူတို့ရောင်းချနေတဲ့ ကုန်စည်တွေ တန်ဖိုးကို ဈေးမြှင့်ချင်သတဲ့ ဒါကြောင့် ဒီနှစ်ကနေစပြီး သူတို့ဆီက ဝယ်မဲ့ မူလစွမ်းရည်တွေ သားမွေးတွေ တန်ဖိုးကြီးပစ္စည်းတွေ အကုန်လုံးကို ကျုပ်တို့အနေနဲ့ မူလတန်ဖိုးထက် သုံးဆပိုပေးရလိမ့်မယ်"

"သုံးဆ ဟုတ်လား ဒီကောင်တွေ ဘာကြောင့်များ ဒီလောက်ထိ လောဘကြီးရတာပါလိမ့်"

တယောက်က ငြီးတွားလိုက်သည်။

"အရင် ရောင်းခဲ့တဲ့ ပစ္စည်းတွေက အတော်ကို ဈေးနိမ့်တယ်လို့ သူတို့ ထင်နေတယ်လေ ဒီလို ဈေးနိမ့်နိမ့်နဲ့ ပစ္စည်းတွေ ရာနဲ့ချီပြီး ရောင်းခဲ့ပြီးပြီဆိုတော့ နောက်ရောင်းမဲ့ ပစ္စည်းတွေကို သုံးဆတင်ရောင်းလဲ သိပ်မများဘူးလို့ သူတို့ ယူဆနေကြတယ်"

"ရယ်စရာကောင်းလိုက်တာ ဒီလို သာမာန်လူတွေအနေနဲ့ ငွေစနည်းနည်း ရှာနိုင်တာကိုကပဲ ပျော်စရာကောင်းနေပြီ ကျုပ်အနေနဲ့ကတော့ ဒီလို ကောင်စားတွေကို တပြားတချပ်မှတောင် ပိုမပေးသင့်ဘူးလို့ ယူဆတယ်"

"ဒါကတော့ ခင်ဗျား သဘောပေါ့လေ ဒါပေမဲ့ ဟိုရွာသားတွေမှာလည်း သူ့တို့စိတ်နဲ့ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိနေတာ အမှန်ပဲ သူတို့အနေနဲ့ သူတို့တောင်းတဲ့ ဈေးနှုန်းကိုသာ မရရင် ကျုပ်တို့ကို ရောင်းတော့မှာ မဟုတ်ဘူးဗျ"

"ကျုပ်တို့ကို မရောင်းရင် သူတို့ ဘယ်သူ့ကို ရောင်းမှာလဲ ဒီမြို့ရဲ့ စီးပွားရေးတခုလုံးကို ကျုပ်တို့ ချုပ်ကိုင်ထားတာပဲလေ"

"တခြားမြို့တွေမှာ သွားရောင်းနိုင်တာပေါ့ ကျုပ်တို့ရဲ့ အရောင်းအဝယ်ကို မနာလိုတဲ့လူတွေ အများကြီးရှိနေတာ ခင်ဗျား မမေ့နဲ့လေ"

"ဒီကောင်တွေ ဒီလို ကျောထောက်နောက်ခံရှိနေလို့ ဂျိုကြွနေတာ ကျုပ် သဘောပေါက်သားပဲ"

"မှန်တယ် ဒီရွာသားတွေကို တယောက်ယောက်က အတို့အထောင် လုပ်လိုက်တဲ့ သဘောပဲ အနောက်မြစ်တောအုပ်ဟာ ကျုပ်တို့ကို အဓိက ဝင်ငွေရင်းမြစ်ပဲ ဒီနေရာကို လက်လွတ်ခံလို့ မရဘူးဗျ ဒါပေမဲ့ ဈေးနှုန်းမြှင့််ပေးဖို့ကိုတော့ ကျုပ်လည်း သဘောမတူဘူး ဒီတော့ လူတချို့ကို အဲဒီကို စေလွှတ်ပြီး ဘယ်သူ ပြသနာရှာနေသလဲ ဖော်ထုတ်သင့်တယ် ဒါဆိုရင် ဒီပြသနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်"

လူတိုင်းက ခေါင်းတညိတ်ညိတ်နှင့် သဘောတူလိုက်ကြသည်။

အတန်ကြာအောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးနောက် သူတို့အားလုံးသည် ဈေးနှုန်းမြှင့်ပေးရန်တော့ သဘောမတူကြပဲ ရွာသားများအား ဖိအားပေးရန် နည်းလမ်းကိုသာ ရွေးချယ်လိုက်ကြ၏။

"ဒုတိယပြသနာကတော့ အမှတ်သုံး နယ်ခြားမှာ ဓားပြအဖွဲ့တဖွဲ့ ပေါ်နေတယ် ဒီကောင်တွေဟာ ဦးနှောက်ရှိဟန်မတူဘူး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျုပ်တို့ထဲက မျိုးနွယ်စုနှစ်စုပိုင်တဲ့ ရွက်လှေတွေကို ဓားပြဝင်တိုက်သွားတယ် ကျုပ်တို့ဆီက လူတချို့ကို စေလွှတ်ပြီး ဒီကောင်တွေနဲ့ ဆွေးနွေးဖို့ လွှတ်လိုက်တယ် ဒါပေမဲ့ အဆင်မပြေခဲ့ဘူး ဒါကြောင့် အရင် နည်းလမ်းဟောင်းကြီးကိုပဲ ကျုပ်တို့ ပြန်သုံးရဖို့ ရှိနေတယ် ဒါကြောင့် မျိုးနွယ်စုတိုင်းက လူနည်းနည်းစီလောက် အားဖြည့်ပေးကြဖို့လိုတယ်"

သူတို့၏ စုပေါင်းအစည်းအဝေး ကျင်းပလာသော နှစ်ကာလမှာ မနည်းတော့ရာ ပြီးပြည့်စုံသော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး ဖြစ်သလို မျိုးနွယ်စုခေါင်းဆောင်တိုင်း၏ လက်အောက်တွင်လည်း ရှင်းလင်းရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်သည်။

အစည်းအဝေးမှာ ဆက်လက် ကျင်းပနေ၏။

"ကဲ ခုဆိုရင် နောက်ဆုံးပြသနာ တခုပဲ ကျန်တော့တယ် ပြီးခဲ့တဲ့နှစ်က ကြည်လင်မြစ်မြို့တော်ကို အသိပညာအတည်ပြုသူ အသစ်တယောက် ရောက်လာခဲ့တယ် ပြသနာက ရောက်လာတဲ့ အသိပညာအတည်ပြုသူဟာ သိပ်ပြီး မရိုးရှင်းလှဘူး ရောက်ရောက်ချင်းမှာပဲ သူဟာ မျိုးနွယ်စုနှစ်စုက သခင်လေးနဲ့ သခင်မလေးကို လက်ရဖမ်းဆီးခဲ့တယ် အဲဒီထဲကမှ တယောက်ကတော့ ခုချိန်ထိ အားဖြည့်ဆေးတွေရဲ့ အထောက်အပံ့ကြောင့်သာ ခုချိန်ထိ အသက်ရှင်နေနိုင်တာပဲ ဖြစ်တယ် ဒါတင်မကသေးဘူး သူဟာ လျူဝုယာကို သတ်ပစ်ပြီး မူလဗျုရိုကို ထိန်းချုပ်လိုက်တယ် ကြည်လင်ခြင်းအဖွဲ့ကို ဖြိုခွဲလိုက်တယ် ခုဆိုရင် ကြည်လင်ခြင်းအဖွဲ့ဟာ ကျုပ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး ကျုပ်ပြောတာ ဟုတ်ရဲ့လား"

နောက်ဆုံးမေးခွန်းမှာ လိုင်ဝုယီအား တိုက်ရိုက်ရည်ညွှန်းသကဲ့သို့ ရှိနေ၏။

လိုင်ဝုယီ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားလေသည်။

"ဝန်ဝေစင်းဟာ ဇက်မခွံံံ့ရသေးတဲ့ မြင်းတကောင်နဲ့ တူနေတယ်ဗျ ဒီကောင်ဟာ ကျုပ်တို့ကို အပေါ်ယံ လေးစားပုံပြပေမဲ့ တခုခု ခိုင်းလိုက်တိုင်း ဟိုလိုလို ဒီလိုလိုနဲ့ ဆင်ခြေတွေပေးတတ်တယ် ဒါ့အပြင် ဒီကောင်ဟာ ကြည်လင်ခြင်းအဖွဲ့ကို သူတယောက်တည်းက ကယ်လိုက်သလို ဖြစ်သွားတော့ အဖွဲ့တွင်း သူ့သြဇာက အလွန်ကြီးနေတယ် ဒီမှာတင် အခြေအနေက လိပ်ခဲတည်းလည်း ဖြစ်နေတာပဲ ဒါပေမဲ့ အနှေးနဲ့အမြန် ကြည်လင်ခြင်းအဖွဲ့ကို ကျုပ်အနေနဲ့ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်မယ်လို့ ကျုပ်ကတော့ ယုံကြည်ထားတယ်"

ဝမ်ဖေးယွန်က ခေါင်းညိတ်ပြလိုက်သည်။

"ကြည်လင်ခြင်းအဖွဲ့ဟာ လိုင်မျိုးနွယ်ရဲ့ ပြသနာပဲ ကျုပ်က သိချင်လို့ မေးကြည့်တဲ့ သဘောပါ ဒါပေမဲ့ အသိပညာအတည်ပြုသူ စုချန်းကတော့ ကျုပ်တို့အားလုံးရဲ့ ပြသနာ ဖြစ်လာပြီ ဒါကြောင့် စုချန်းကို တော်ဝင်မျိုးနွယ်စုအားလုံးရဲ့ ရန်သူအဖြစ် သတ်မှတ်ဖို့ ကျုပ်အနေနဲ့ အဆိုပြုချင်တယ်"

"သဘောတူပါတယ်"

"သဘောတူပါတယ်"

"သဘောတူပါတယ်"

ဟောခန်းအတွင်း တခဲနက် ထောက်ခံသံများ ပေါ်ထွက်လာ၏။

မူလဗျူရိုကို ထိန်းချုပ်လိုက်ကတည်းက စုချန်းသည် တော်ဝင်မျိုးနွယ်စုများ၏ တရားဝင် ရန်သူ ဖြစ်လာခဲ့ပြီးလေပြီ။

"ဒီတော့ အကြီးအကဲလိုင်နဲ့ အကြီးအကဲလောင်း စုချန်းဟာ ဘယ်လိုလူစားမျိုးလဲ ခင်ဗျားတို့ ပြောစမ်းပါအုံး ဒီလောက် အရှက်တကွဲ ရှုံးနိမ့်ပြီးတာတောင် ဒီကောင် ဘယ်လိုလူစားမှန်း မသိသေးပါဘူးလို့တော့ ခင်ဗျားတို့ မပြောနဲ့နော်"

လိုင်ဝုယီနဲ့ လောင်းချိန်းကျန်းတို့၏ မျက်နှာမှာ ဆေးနီနှင့် ဖြန်းပက်လိုက်သကဲ့သို့ ရဲရဲနီကုန်ကြလေသည်။

သူတို့နှစ်ယောက်သည် တယောက် မျက်နှာ တယောက် စိုက်ကြည့်လိုက်ကြ၏။ ထို့နောက် သူက စကားစသည်။

"ဒီအတိုင်းဆိုရင် ကျုပ်ပဲ အရင်စပြောလိုက်မယ် ကျုပ်သား သတိလစ်သွားကတည်းက ကျုပ်ဟာ နဂါးကျောင်းတော်ကို လူတချို့ စေလွှတ်ပြီး ဒီကောင့်ရဲ့ ဇစ်မြစ်ကို စုံစမ်းခိုင်းခဲ့တယ် လက်စသတ်တော့ ဒီကောင်ဟာ ရှီကိုင်းဟွမ်ရဲ့ တပည့်် ဖြစ်နေတာကိုးဗျ ရှီကိုင်းဟွမ်ဆိုတဲ့ကောင်က သွေးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ကြိုးစားနေတဲ့ကောင်ပဲ ဒီကောင်ရဲ့တပည့် စုချန်းဟာလည်း ဒီလို ရည်ရွယ်ချက်မျိုး ရှိတယ်လို့ သိရတယ် ဒီအတိုင်းဆိုရင် ဒီကောင် စုချန်းဟာ တော်ဝင်မျိုးနွယ်စုတိုင်းရဲ့ ရန်သူပဲဗျ"

"ဟင်း နောက်ထပ် ဘဝင်လေဟပ်နေတဲ့ အရူးတကောင် ပေါ်လာပြန်ပြီ"

အခန်းတွင်း၌ အုတ်အုတ်ကျက်ကျက် အသံများ ထွက်ပေါ်လာ၏။

"ဒီကောင် စုချန်းဟာ တောင်သုံးလုံးနယ်မြေ မြောက်ပိုင်းမြို့တော် သွေးဗီဇမပါတဲ့ မျိုးနွယ်စု တစုက မွေးဖွားလာခဲ့တာပဲ အသက် ၁၂နှစ်အရွယ်မှာပဲ ထူးဆန်းတဲ့ မတော်တဆမှုတခုနဲ့ ကြုံတွေ့ပြီး စုချန်းဟာ မျက်လုံးကွယ်သွားခဲ့တယ် သူ့မိသားစုကလည်း သူ့ကို လက်လျှော့လိုက်တယ် ဒါပေမဲ့ စုချန်းဟာ အင်မတန်ခေါင်းမာပြီး လုံးဝ အရှုံးမပေးခဲ့ဘူးလို့ သိရတယ် ဒီကောင်ဟာ မျက်လုံးကွယ်နေခဲ့တာတောင် အနိုင်မခံ အရှုံးမပေး ကြိုးစားလေ့ကျင့်ခဲ့ပြီး သူ့ရွယ်တူတွေကြားထဲမှာ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့တယ် သူ့နေရာကို ရယူဖို့ လူတိုင်းနီးပါး ကြိုးစားခဲ့ပေမဲ့ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ခဲ့ဘူးတဲ့ဗျ"

"မျက်မမြင်တယောက်ကိုတောင် အနိုင်မယူနိုင်ဘူးတဲ့လား အတော်ကို အသုံးမကျတဲ့ မိသားစုပဲ"

တယောက်က ဝင်ပြောလိုက်သည်။

လောင်းချိန်းကျန်းက စကားဆက်ပြန်သည်။

"ဟုတ်တယ် အတော်ကို အသုံးမကျတဲ့ မိသားစု နောက်နှစ်အနည်းငယ် အကြာမှာတော့ စုချန်းရဲ့ မျက်လုံးတွေ ပြန်ကောင်းလာခဲ့တယ် ဒါပေမဲ့ ဒီကောင်ဟာ မျက်မမြင်အဖြစ် ဆက်ပြီး ဟန်ဆောင်နေခဲ့တယ် ဒီလို ဟန်ဆောင်နေခဲ့တဲ့အတွက် အတော်ကို အကျိုးရှိခဲ့တယ်လို သိရတယ် နောက်ဆုံးမှာတော့ စုချန်းဟာ လူတိုင်းကို အံ့သြမှင်သက်စေခဲ့တယ် ဘာကြောင့်လဲဆိုတော့ တောင်သုံးလုံးပြိုင်ပွဲမှာ ဒီကောင် ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင်ခဲ့တယ်လေ"

"ဒီအတိုင်းဆိုရင်တော့ ဒီကောင်ဟာ အတော်ကို စိတ်ရှည်ပြီး ပါးနပ်လိမ္မာတဲ့ကောင်လို့ ပြောရမလို ဖြစ်နေပြီ"

လောင်းချိန်းကျန်းက စကားဆက်ပြန်၏။

"ဒီကောင်ဟာ အမြဲတမ်းလိုလို လှည့်ကွက်တွေကို အသုံးပြုတတ်တယ် ကျန်တာတော့ ပြောမနေနဲ့ သူ့မိသားစုကိုတောင် မျက်မမြင်အဖြစ် ဟန်ဆောင်လိမ်ညာခဲ့တာကိုပဲ ကြည့် နဂါးကျောင်းတော်ကို ဝင်ရောက်ပြီးတဲ့ နောက်မှာတော့ ဒီကောင်ဟာ သူ့မိသားစုနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်တယ်လို့ သိရတယ် ကြည့်ရတာ ဒီကောင်နဲ့ သူ့မိသားစုကြားမှာ ဘာသံယောဇဉ်မှ မရှိတော့တဲ့ပုံပဲ"

"ဒီအတိုင်းဆိုရင် ဒီကောင့်ကို ဒုက္ခပေးဖို့ သူ့မိသားစုကို သုံးလို့မရတော့ဘူးပေါ့"

မိမိ၏ ရန်သူကို ဒုက္ခပေးရန် ၎င်း၏ မိသားစုဝင် တယောက်ယောက်ကို ခြိမ်းခြောက်အကျပ်ကိုင်သော နည်းလမ်းမှာ ရိုးရှင်းသလောက် အလွန် အသုံးတည့်သော နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းသည် ဟောင်းနွမ်းလှပေပြီ။ သို့သော် ဟောင်းသလောက် ယခုတိုင် အသုံးဝင်နေဆဲပင်။

သို့သော် စုချန်းအပေါ်တွင်တော့ ထိုနည်းလမ်းမှာ အသုံးတည့်ဟန်မတူချေ။

လောင်းချိန်းကျန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကြည့်ရသလောက် အဲဒီလိုပဲ ဖြစ်မယ် ထင်တယ်"

"အတော်ဆိုးတာပဲ"

တယောက်က ငြီးတွားလိုက်၏။

"ဒီတော့ ဒီကောင် စုချန်းဟာ ကျင့်ကြံခြင်းအဆင့် နိမ့်နေတာကလွဲလို့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအရရော မိသားစုအနေအထားအရရော ဘာအားနည်းချက်မှ ရှိမနေဘူးပေါ့ ဒီကောင်ကို ရင်ဆိုင်ရခက်ခဲတာ ဘာအံ့သြစရာမှ မရှိတော့ဘူးပဲ"

တယောက်က ဝင်ရောက်မှတ်ချက်ချလိုက်သည်။

"အကြီးအကဲလောင်း မေ့နေတာ တခုရှိသေးတယ်နဲ့ တူတယ်"

လိုင်ဝုယီက ရုတ်တရက် ဝင်ပြောလိုက်၏။

"ဘာများလဲဗျ"

ရုတ်တရက်မို့ လောင်းချိန်းကျန်း နားမလည် ဖြစ်သွား၏။

"ဒီကောင် စုချန်းဟာ အဆင့် ၂ သူရဲကောင်း တံဆိပ်ရှင် ဖြစ်နေတာလေဗျာ"

All Chapters