ဖုံးကွယ်ခြင်း
Vol. 019 Ch. 1897
"ဒါက..." လူတိုင်းသည် သူတို့ရှေ့၌ ရှိနေသော ခမ်းနားထည်ဝါလှသည့် မြင်ကွင်းကို ကြည့်ကာ တုန်လှုပ်နေကြသည်။ နတ်ဘုရားကျွန်းစုတစ်ခုလုံးသည် လှုပ်ရှားလာပြီး မဟာလမ်းစဥ်၏ ပန်းသစ်ပင်သည်လည်း တစ်ခုခုကို ခံစားမိကာ ထိုးဖောက်လွတ်ထွက်ချင်လာနေပြီး မရေတွက်နိုင်သော အကိုင်းအခက်များနှင့် သစ်ရွက်များက ကောင်းကင်သို့ ထိုးတက်လာနေကာ ၎င်း၏ နယ်နိမိတ်အတွင်းမှ အရာအားလုံးကို အရိပ်ဖြင့် လွှမ်းခြုံလိုက်သည်။
ရှေးဟောင်းသစ်ပင်ပေါ်သို့ လှမ်းသွားကြသည့် လူတိုင်းက အကိုင်းအခက် အရွက်တို့နှင့် ဖုံးလွှမ်းခံထားရပြီး ကျွင်းချိုးယွင်သည်လည်း အတူတူပင် ဖြစ်သည်။ အကိုင်းအခက်များနှင့် အရွက်တို့ အချင်းချင်း ထိခတ်နေသည့် အသံများ ထွက်ပေါ်နေကာ သူ့ထံသို့ ကိုင်းညွှတ်လာနေပြီး ပန်းပေါင်းများစွာက သူ့အတွက် ပွင့်လာပေးနေသကဲ့သို့ သူ့အနီးတွင် ပွင့်လန်းလာနေသည်။
ထိုအချိန်တွင် ကျွင်းချိုးယွင်သည် သူ့နှလုံးသားက ခုန်ပေါက်နေသည်အား ခံစားမိပေသည်။ သူသည် ရန်ဟောင်အဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်သော်ငြား ယခုတွင် သူ့နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုများအား ပြည့်နှက်နေပေသည်။
ဖန်းလိုင်ကုန်းမြေ ထိပ်သီးအင်အားစုများထဲမှ တစ်ခုဖြစ်သော ကျွင်းမိသားစု၏ မိသားစုဝင်တစ်ယောက်အနေနှင့် သူသည် ပန်းသစ်ပင်၏ ဒဏ္ဍာရီများကို ရင်းနှီးနေခဲ့ပေသည်။ ပန်းသစ်ပင်သည် မဟာလမ်းစဥ်၏ ရှေးဟောင်းသစ်ပင်တစ်ပင် ဖြစ်ပြီး မဟာလမ်းစဥ်စွမ်းအားများကို အာရုံခံနိုင်စွမ်းက အလွန် ထက်မြက်လှသည်။ ယေဘုယျကျကျ ပြောရလျှင် ကျင့်ကြံသူ ထုတ်ဖော်ပြသသော မဟာလမ်းစဥ်အပေါ် နားလည်သဘောပေါက်နိုင်မှုနှင့် နှီးနွှယ်မှု အားကောင်းသန်မာမှသာ ပန်းသစ်ပင်က တက်ကြွစွာ ကြိုဆိုလိမ့်မည် ဖြစ်ပြီး ထိုတန်ခိုးရှင်၏ မဟာလမ်းစဥ်တွင် အောင်မြင်မှုက ပို၍ မြင့်မားသော အဆင့်တွင် ရောက်ရှိလိမ့်မည် ဖြစ်သည်။
ယခုတွင် သူ ဤနေရာသို့ ရောက်သည်နှင့် ပန်းသစ်ပင်က အလွန် ထူးဆန်းစွာ တုံ့ပြန်လာသည်ဖြစ်ရာ သူက မည်သို့ဖြစ်၍ စိတ်မလှုပ်ဘဲ နေနိုင်ပါမည်နည်း။ ဖန်းလိုင်ကုန်းမြေမှ ကျွင်းမိသားစု၏ သခင်ငယ်တစ်ယောက်အနေနှင့် သူ့တွင် မြင့်မားသော ရည်မှန်းချက် ရှိသည်။ ကောင်းကင်ဒေသသည် အလွန် ကျယ်ပြောလှပြီး ဖန်းလိုင်ကုန်းမြေသည် တုန်းဟွာပိုက်နက်အတွင်းမှ ကုန်းမြေတစ်ခုသာ ဖြစ်ပြီး ထိပ်တန်းအဆင့်ကုန်းမြေတစ်ခုပင် ဟုတ်မနေပေ။
ပန်းသစ်ပင်ကသာ သူ့အတွက် ဖူးပွင့်ပေးပြီး ထိုအသိအမှတ်ပြုမှုကို ခံရပါက သူ၏ ပါရမီအတွက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက သူ့အား အပြည့်အဝကူညီပေးမည် ဖြစ်သည်။ သူသည် အနာဂတ်တွင် တုန်းဟွာပိုက်နက်မှ အဓိကမြို့တော်သို့ပင် သွားနိုင်မည်ဖြစ်ပြီး ထို့ထက်ပိုဝေးကွာသော နေရာများသို့ပင် ခရီးနှင်နိုင်ပေလိမ့်မည်။
ထိုပွင့်ဝေနေသော ပန်းများနှင့် ရင်ဆိုင်ရသည့်အခါ ပန်းများက သူ့ဆီလာခြင်းဖြစ်ပါစေဟု မျှော်လင့်ရင်း ကျွင်းချိုးယွင်၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လှုပ်လာသည်။
သို့သော် ထိုအခိုက်တွင် အချင်းချင်းထိခတ်သံများကို ထုတ်လွှတ်နေသည့် ပန်းသစ်ပင်၏ အကိုင်းအခက်များနှင့် အရွက်တို့က သူ့ဘေးမှ ဖြတ်ကျော်သွားပြီး ထိုပွင့်လန်းနေသည့် ပန်းပွင့်များကလည်း သူ့အား ဖြတ်ကျော်သွားပေသည်။ ၎င်းတို့က သူ့အား ကြိုဆိုခြင်းမဟုတ်သကဲ့သို့ သူ့အတွက် ပွင့်လန်းပေးခြင်းလည်း မဟုတ်ကြပေ။
ကြည့်ရသည်မှာ ပန်းသစ်ပင်၏ လှုပ်ရှားမှုများက သူ့ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်သည့်ပုံပင်။
ထိုမြင်ကွင်းသည် ကျွင်းချိုးယွင်၏ တောက်လောင်နေသော နှလုံးသားကို ချက်ချင်းအေးခဲသွားစေပြီး သူ့ ပျော်ရွှင်မှုက ပျောက်ကွယ်သွားရတော့သည်။
ခဏလေးအတွင်းမှာပင် ဘုံကိုးဆင့်မှ အောက်သို့ ပစ်ချခံလိုက်ရသည့်အလား စိတ်ပျက်ခြင်းတို့က သူ့ကို ကြီးစိုးသွားပေသည်။
သို့သော် သူသည် သေးငယ်သော မျှော်လင့်ချက်လေးကို ဆွဲကိုင်ထားနေသေးသော်လည်း အကိုင်းအခက်များစွာက သူ့ကို ဖြတ်ကျော်သွားသောအခါ တဖြေးဖြေးနှင့် မျှော်လင့်ချက်မဲ့လာကာ ပန်းများပွင့်လန်းလာခြင်းက သူ့ကြောင့် မဟုတ်ဟူသည်ကို သတိပြုမိလိုက်သည်။
ပန်းများ အပြည့်အဝ ပွင့်လန်းလာသည့်အခါ ကျွင်းချိုးယွင်သည် သူ၏ ပင်ကိုစွမ်းရည်နှင့် နားလည်သဘောပေါက်နိုင်စွမ်းကြောင့်ဟု သွေးနားထင်ရောက်ကာ ထင်မြင်ခဲ့မိသည်။ သို့သော်လည်း သူက ကိုယ်ပိုင်စွမ်းရည်ကို သတိပြုမှုနည်းပါးခဲ့သည်။ သူသည် ထူးချွန်သော ပါရမီရှိသည်မှာ မှန်သော်လည်း ဖန်းလိုင်ကုန်းမြေတွင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် မဟုတ်ခဲ့ပေ။
သူ စိတ်အေးသွားသည့်အခါ အရာအားလုံးက ရှင်းလင်းလာသည်။
သို့သော်လည်း သူ့ကြောင့်မဟုတ်ခဲ့လျှင် ပန်းသစ်ပင်က မည်သူ့အတွက် ပွင့်လန်းလာရသနည်း။
သူနှင့်အတူ ပါလာသော တန်ခိုးရှင်အနည်းငယ်က ဖမ်းလိုက်ကုန်းမြေမှ အစွမ်းထက်တန်ခိုးရှင်များ ဖြစ်သည်ကို သိသော်လည်း ထိုသူတို့သည်လည်း ပြိုင်ဘက်ကင်း ပါရမီရှင်များ မဟုတ်ကြပေ။
သို့ဆိုလျှင် မည်သူက ထိုသို့ ဖြစ်စေခဲ့သနည်း။.
သူက ခေါင်းကို လှည့်လိုက်သော်လည်း သူသည် ရှေးဟောင်းသစ်ပင်၏ လေဟာနယ်အတွင်း ရှိနေခဲ့ပြီး သူ့အမြင်ကို ဖုံးကွယ်ထားသည်။ သူက အတွင်း၌ ရစ်ပတ်ခံထားရသဖြင့် မည်သူ့ကိုမှ မမြင်နိုင်ပေ။ သူ၏ နတ်အာရုံသည်ပင် ရှေးဟောင်းသစ်ပင်ကို ဖောက်ထွင်းမသွားနိုင်ပါချေ။
"သူတော့ မဖြစ်နိုင်ပါဘူး။ မဟုတ်လောက်ဘူးမလား။" အတွေးတစ်ခုက ကျွင်းချိုးယွင်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော်လည်း သူက စိတ်မသက်မသာခံစားလိုက်ရသည့်အတွက် ချက်ချင်းထိုအတွေးကို ပယ်ချပစ်လိုက်သည်။
ထိုသည်က ဖြစ်နိုင်ပါသည်လား။ ထိုသူက ထူးချွန်လျှင်ပင် အမည်မရှိသောနယ်မြေမှ လာခြင်း ဖြစ်ပေသည်။
သူက ထိုဖြစ်နိုင်ချေအကြောင်းကို မတွေးချင်ပေ။
ကျွင်းချိုးယွင်က ထိုခန့်မှန်းချက်ကို ပယ်ချလိုက်သော်လည်း ပေ့ကုံးအော့က ချက်ချင်းပင် ရီဖူရှင်းကို တွေးလိုက်မိသည်။ အင်ပါယာဟယ်လျန်သည် သူ့အား အမြဲတစေ မြေခွေးအိုကြီးဟု တွေးခဲ့ကာ အမှန်တကယ်ပင် သူက အခြေအနေအရပ်ရပ်ကို စူးစမ်းလေ့လာရာ၌ အားကောင်းပြီး မှန်ကန်သော တွက်ချက်မှုများ ပြုလုပ်တတ်သည်။
ဥပမာအနေနှင့် သူသည် အင်ပါယာဟယ်လျန်တို့အဖွဲ့က လျှိုဟန်ကို ထောက်ခံမည်မဟုတ်ကြောင်း သေချာသည့်အတွက်ကြောင့် သူက ကြားနေရန် ဆုံးဖြတ်ခဲ့သည်။ ထိုနည်းလမ်းနှင့် သူသည် မည်သည့်အခြေအနေ၌မှ ပါဝင်ပတ်သတ်ခြင်းမရှိဘဲ လျှိုဟန်ထံမှ အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်လိမ့်မည် ဖြစ်သည်။ အဆုံးတွင် အင်ပါယာဟယ်လျန်၏ အကြံအစည်က မအောင်မြင်ဘဲ လျှိုဟန်က အိမ်တော်သခင်အဖြစ် ကျန်ရစ်လျှင်ပင် သူ့အတွက် အရှုံးမရှိဘဲ အမြတ်သာ ကျန်ပေလိမ့်မည်။
သို့သော် ရီဖူရှင်းထွက်ပေါ်လာသည့်အခါ သူသည် ဆုံးဖြတ်ချက်နှင့် သူ၏ ရပ်တည်မှုကို ပြောင်းလဲခဲ့သည်။
နောက်ပိုင်းတွင် သူက ရီဖူရှင်းနှင့် မဟာမိတ်ဖြစ်ချင်လာသောအခါတွင် သူက ရီဖူရှငကို အငြိုးအာဃာတမထားရုံမျှမက ဆန့်ကျင်ဘက်အနေနှင့် သူက အချစ်ဆုံးသမီး ပေ့ကုံးရွှမ်ကိုပင် ရီဖူရှင်းနီင့် နီးစပ်စေရန် ပို့ဆောင်ခဲ့သည်။
သူက အင်ပါယာဟယ်လျန် ခန့်မှန်းခဲ့သည့်အတိုင်း ခန့်မှန်းမိခဲ့သော်လည်း သူက အင်ပါယာဟယ်လျန်ထက် ပို၍ ဆင့်လောအိမ်တော်သို့ပင် လူများလွှတ်ကာ စုံစမ်းခဲ့သည်။
ထို့ကြောင့် ယခု ပန်းသစ်ပင်၏ ကြောက်မက်ဖွယ် ပြောင်းလဲမှုနှင့် ကြုံတွေ့သည့်အခါ သူသည် ချက်ချင်းပင် ရီဖူရှင်းကို တွေးဖြစ်ခဲ့သည်။ တိုက်ဆိုင်စွာပင် ပန်းသစ်ပင်သည် ရီဖူရှင်းခြေချလိုက်သည့်အခါ၌ စတင် လှုပ်ရှားလာခြင်းဖြစ်ပေသည်။
ထို့ပြင် ထိုအဆုံးမဲ့ အကိုင်းများ၊ သစ်ရွက်များနှင့် ပွင့်လန်းနေသော ပန်းများက သူတို့ဘက်သို့ ဆန့်တန်းကာ ယိမ်းနွဲ့လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က သူ့အတွက်ပွင့်လန်းလာခြင်း မဟုတ်ပေ။
ထို့ကြောင့် သူသည် အရာအားလုံးက ရီဖူရှင်းကြောင့် ဖြစ်ပွားလာသည်ဟု ယုံကြည်ထားပေသည်။
ယခုအဖြစ်အပျက် ရီဖူရှင်းကြောင့် ဖြစ်လာသည်ဟု သူ့ဘက်က အလွန်သေချာနေရခြင်းမှာ တုံ့ယွမ်အိမ်တော်၏ အရှေ့မှ ရုပ်တုသည် ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့တည်လာစေနိုင်သောကြောင့် ယခုတွင်လည်း အတုမဲ့သော တစ်စုံတစ်ခုအား ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်ပေသည်။
ရီဖူရှင်းမတိုင်ခင် မည်သူကမှ ထိုသို့ လုပ်ဆောင်နိုင်စွမ်းမရှိခဲ့သောကြောင့် ရီဖူရှင်းသည် ရုပ်တု၏ သခင်တစ်ယောက်အနေနှင့် တုံ့ယွမ်အိမ်တော်၏ အိမ်တော်သခင်ရာထူးကို ဆက်ခံခဲ့ရခြင်းဖြစ်သည်။ ပေ့ကုံးအော့က ရီဖူရှင်းသည် ရုပ်တုနှင့်ပေါင်းစပ်ပြီး ၎င်း၏ လျှို့ဝှက်စွမ်းအားများကိုပင် ထုတ်ဖော်နိုင်စွမ်းရှိသည့်အတွက် ယခုအဖြစ်အပျက်ကိုလည်း ရီဖူရှင်းကြောင့်ဟု ယုံကြည်ထားပေသည်။
"ရုပ်တုရဲ့ ဝိညာဥ်ရောင်ဝါကို သဏ္ဌာန်တည်စေနိုင်ပြီး ပန်းသစ်ပင်ကို သူ့အတွက် ပွင့်လန်းစေတယ်။" ပေ့ကုံးအော့က တွေးလိုက်သည်။ ရီဖူရှင်း၏ ပါရမီက မည်သည့်အဆင့်သို့ ရောက်ရှိနေပြီနည်း။
တုံ့ယွမ်အိမ်တော်တွင် ထိုသို့သော တစ်စုံတစ်ယောက်က မည်သည့်အတွက် ထွက်ပေါ်လာရသနည်း။
အချို့သော ထိပ်သီးအင်အားစုများမှ တပည့်တစ်ယောက်ယောက်က စမ်းသပ်မှုအချို့အတွက် အောက်ဘုံသို့ ရောက်ရှိလာခဲ့ခြင်းပေလား။
ရီဖူရှင်းသည်လည်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိပေသည်။ ထိုအချိန်၌ သူ ထုတ်လွှတ်လိုက်သော မဟာလမ်းစဥ် အငွေ့အသက်များကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ရှေးဟောင်းသစ်ပင်က ခံစားမိလိုက်ပြီး သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာပုံရသည်။ ရီဖူရှင်းသည် ပန်းသစ်ပင်ထံမှ အလွန် စိတ်လှုပ်ရှားပျော်ရွှင်နေမှုကို ခံစားမိပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပွင့်လန်းနေသည့် ပန်းများက သူ့ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကာ သူ့၏ နှစ်သက်မှုကို ရရှိရန် တိုက်ခိုက်နေသလို ထင်မှတ်ရပေသည်။
ထိုမျှမကသေး.. သူသည် ထိုကြီးမားလှသော ပန်းသစ်ပင်က သူ့ထံအပြေးလာပြီး သူနှင့် ပေါင်းစည်းချင်နေသကဲ့သို့ ခံစားမိပေသည်။
ဤသစ်ပင်က သူ၏ ရှေးဟောင်းသစ်ပင်နှင့် ဆက်နွယ်နေသည်များလား။ ထို့ကြောင့် ပန်းသစ်ပင်က ခံစားမိပြီး ထိုသို့သော တုံ့ပြန်မှုမျိုး ပြသသည်လား။
အကိုင်းအခက်များ၊ သစ်ရွက်များနှင့် ပန်းများက သူနှင့် ဆက်နွယ်လာသည့်အခါ သူ၏ သိမြင်နားလည်မှုက အလွန် ရှင်းလင်းလာပြီး သူ၏ နတ်အာရုံသည်လည်း အတားအဆီးမရှိ ဖြစ်လာသည်။ သူက ပန်းသစ်ပင်ကို ဖြတ်သန်း၍ လေဟာနယ်အတွင်းမှ အရာအားလုံးကို စူးစမ်းလေ့လာနိုင်ပေသည်။ သူသည် ဟယ်လျန်ယိုနှင့် ပေ့ကုန်းရွမ်တို့၏ တည်နေရာအပြင် အင်ပါယာဟယ်လျန်နှင့် အခြားသူတို့ကိုလည်း မြင်တွေ့ရပေသည်။
"မဟုတ်ဘူး။ ဒီပန်းသစ်ပင်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ အထွတ်အမြတ်သစ်ပင်ပဲ။ ငါက ဒီကိုရောက်ရောက်ချင်း သစ်ပင်ကို ယူသွားမယ်ဆိုရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူတွေရဲ့ တုံ့ပြန်မှုကို အသာထားဦး.. ဒီနေရာမှာ ရှိတဲ့ တန်ခိုးရှင်တွေ အားလုံးရဲ့ ပစ်မှတ်ကြီး ဖြစ်သွားလိမ့်မယ်။" ရီဖူရှင်းက တွေးလိုက်သည်။ သူသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ရောက်လျှင်ရောက်ချင်းပင် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်မည်အား မလိုလားပါချေ။
လက်ရှိ ထောင်ချီနေသော ရန်ဟောင်များ၏ တည်ရှိမှုက သူ့အတွက် ပြဿနာများသာ ဖြစ်ပေါ်စေလိမ့်မည်။
သူ့အရှေ့မှ မဟာလမ်းစဥ်အရှိန်အဝါတို့ ဖြစ်ပေါ်လာပြီး ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် အလွန် သိမ်မွေ့စွာ လှုပ်ရှားနေသော မဟာလမ်းစဥ်စွမ်းအားတို့ကို ခံစားမိပေသည်။
ချက်ချင်းပင် ခမ်းနားထည်ဝါသည့် မဟာလမ်းစဥ် လေဟာနယ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် လေဟာနယ်အလင်းများက အင်ပါယာဟယ်လျန်နှင့် အခြားလူများဆီသို့ တိုးဝင်သွားသည်။
အပြင်ပိုင်းမှ လူတိုင်းသည် ထိုထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တွင် မှင်တက်နေကြပြီး ပန်းသစ်ပင်က အရူးအမူး တုန်လှုပ်နေသည်အား ကြည့်နေကြပေသည်။
သို့သော် လူအုပ်ကြီးသည် ပန်းသစ်ပင်က ရုတ်တရက် ငြိမ်ကျသွားသည်ကို မြင်သောအခါ နောက်ထပ် စိတ်လှုပ်ရှားတော့ပေ။ ထို့နောက် အကိုင်းအခက်နှင့် သစ်ရွက်များက နောက်သို့ ပြန်ဆုတ်ခွာသွားပြီးပွင့်လန်းနေသော ပန်းများကလည်း ပြန်၍ ဖူးငုံသွားကာ အရာအားလုံးက မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားလေသည်။
ဤအချိန်ခဏအတွင်း ပန်းသစ်ပင်သည် မည်သည့်ပုံမှန်မဟုတ်သော အခြေအနေမှ မရှိတော့ဘဲ မူလကအတိုင်း တည်ငြိမ်သွားပေသည်။
ရီဖူရှင်းနှင့် အခြားသူများက အတူတကွ ရပ်နေကြသည်။ ရီဖူရှင်း၏ ခနွာကိုယ်မှ မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မနေတော့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ် အရှိန်အဝါတို့က ချိပ်ပိတ်ခံထားလိုက်ရပြီး ပန်းသစ်ပင်၏ ထောက်လှမ်းခံရခြင်းမှ တားဆီးထားသည်။
ပန်းသစ်ပင်သည် လမ်းစဥ်ကြောင့် အသက်ဝင်လာပြီး မဟာလမ်းစဥ်၏ အရှိန်အဝါကို မခံစားရတော့လျှင် ပြန်လည်ငြိမ်သက်သွားမည်မှာ ပုံမှန်ပင်ဖြစ်သည်။
"ဘာတွေ ဖြစ်သွားတာလဲ။" လူအများက မေးခွန်းထုတ်လိုက်သည်။
တိတိကျကျ မည်သည်တို့ ဖြစ်ပျက်သွားသနည်း။ အစောပိုင်းက ဖြစ်ခဲ့သော အရာအားလုံးက ပုံရိပ်ယောင်များ ဖြစ်နေသလား။
***