← Chapters

တိမ်တိုက်ကျားသစ် ရောက်ရှိလာခြင်း

Vol. 39 Ch. 381

တိမ်တိုက်ကျားသစ် ရောက်ရှိလာခြင်း

Vol. 39 Ch. 381

ယခုနှစ် စုပေါင်းအစည်းအဝေးတွင် စုချန်းသည် တော်ဝင်မျိုးနွယ်စုများအားလုံး၏ တရားဝင် ပစ်မှတ် ဖြစ်လာခဲ့လေသည်။

သဘောမှာ ကြည်လင်မြစ်မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုများအားလုံးက စုချန်းအား သည်းမခံနိုင်တော့ပဲ ရန်သူအဖြစ် သတ်မှတ်လိုက်ကြသည့် သဘောပင်။

သို့သော် စုချန်းကား ဂရုမစိုက်လှ။

သုတေသနလုပ်ငန်းများကိုသာ ပျော်ပျော်ကြီး လုပ်ဆောင်နေပြီး ကမ္ဘာကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ဆက်လက်ရှာဖွေနေ၏။

အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ နှစ်လဟူသောအချိန်မှာ မျက်စေ့တမှိတ်ခန့်သာ ကြာလိုက်သည်ဟု ထင်ရသည်။

ကြည်လင်မြစ်မြို့တော်တွင် စုချန်း ရောက်နေခဲ့သည်မှာ တနှစ်ခန့်ရှိပေပြီ။ ထို့ကြောင့် မြို့တော်ရှိ သူ၏ ရပ်တည်မှုမှာလည်း တဖြည်းဖြည်း ပို၍ အုတ်မြစ်ခိုင်လာ၏။

ထိုအတောအတွင်းတွင် ကြည်လင်မြစ်မြို့တော်တခွင်သည် အထူးပင် ငြိမ်းချမ်းလျက်ရှိ၏။ နှစ်ဖက်စလုံးသည် ရန်သူအား မည်သို့မည်ပုံ ထိန်းချုပ်ရမည်ကို သင်ယူနေဟန်ရှိပြီး တိတ်တိတ်ဆိတ်ဆိတ်နှင့် အခွင့်အရေးကို စောင့်စားလျက်ရှိကုန်၏။

ဤယနေ့တွင်လည်း စုချန်းသည် ထုံစံအတိုင်း စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိ၏။ ထိုအချိန်တွင် မင်ချူးက ဝင်လာပြီး သတင်းပို့လိုက်သည်။

"သခင်လေး တိမ်တိုက်ကျားသစ် ရောက်လာပါတယ် ခင်ဗျာ"

"တိမ်တိုက်ကျားသစ် နောက်ဆုံးတော့ ဒီကောင် ရောက်လာပြီပေါ့ ဟုတ်လား"

စုချန်းသည် ပြုလုပ်လက်စ စမ်းသပ်မှုများကို ချထားခဲ့ပြီး မြန်မြန်ဆန်ဆန်ပင် ထွက်လာခဲ့၏။ တိမ်တိုက်ကျားသစ်သည် ဟောခန်းမထဲတွင် စုချန်းအား စောင့်ဆိုင်းလျက်ရှိ၏။ စုချန်း ဝင်လာသည်ကို မြင်သည်နှင့် သူက ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။

"ဆရာသမား"

"နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့"

စုချန်းက ခေါင်းညိတ်ရင်း ပြောလိုက်၏။

ထို့နောက် သူတို့နှစ်ယောက်သည် လက်များကို ဆန့်တန်းပြီး တယောက်နှင့်တယောက် အားရပါးရ ပွေ့ဖက်လိုက်ကြလေသည်။ ထိုအချိန်မှာပင် သူတို့သည် မိမိတို့၏ စွမ်းအင်များကို နှိုးဆွလိုက်ကြရာ ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာ၏။ ကံကောင်းထောက်မသည်မှာ ဟောခန်းမရှိ စားပွဲ၊ ထိုင်ခုံများမှာ သံမဏိများဖြင့် ပြုလုပ်ထားသောကြောင့်ပင်။ သို့တိုင်အောင် ၎င်းပရိဘောဂများသည် အားလှိုင်းများ ရိုက်ခတ်မှုကြောင့် တုံးလုံးပက်လက် ဖြစ်ကုန်ကြ၏။

ဤစမ်းသပ်မှုတွင် စုချန်းက ခြေလှမ်းဝက်ခန့် ဆုတ်ပေးလိုက်ရ၏။ တိမ်တိုက်ကျားသစ်ကတော့ နောဘက်ဘက်သို့ ခြေလှမ်းအတော်များများ လွင့်စင်သွားလေသည်။

ရင်ဘတ်ကို ပွတ်သပ်ရင်း တိမ်တိုက်ကျားသစ်က ပြောလိုက်သည်။

"မတွေ့တာ သိပ်တောင်မကြာသေးဘူး ဒီအချိန်လေးအတွင်းမှာ မင်းက ဒီလောက်တောင် တိုးတက်လာတာလား တော်တော်ဆိုးတဲ့ကောင်"

ထိုသို့ပြောလိုက်ချိန်ဝယ် တိမ်တိုက်ကျားသစ်၏ မျက်နှာတွင် စိတ်ပျက်ဟန် ပေါ်နေ၏။

"ငါ့ရဲ့ ကျောက်စိမ်းကိုယ်ခန္ဓာက အောင်မြင်မှုကြီးကြီမားမားရနေပြီ ဒါပေမဲ့ မင်းကို ခြေလှမ်းဝက်ပဲ နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့တယ် ဒါတောင်မှ မင်းဟာ တိုက်ခိုက်ရေးသမားစစ်စစ် မဟုတ်သေးဘူး ဒါ တော်တော်ကို မတရားဘူး"

"မင်းနှယ် တော်တော်သွေးကြီးနေပါကလား ငါ့က်ို အပြည့်အဝ မဖိနှိပ်နိုင်တာနဲ့ပဲ စိတ်ပျက်နေရတယ်လို့"

စုချန်းက တရင်းတနှီးနှင့် ပြောဆိုလိုက်ပြီး တိမ်တိုက်ကျားသစ်၏ ဘေးတွင် ထိုင်ချလိုက်သည်။ မင်ချူးက လဖက်ရည်များ ငှဲ့ပေးလိုက်၏။ စုချန်းက စကားဆက်လိုက်၏။

"ဒါနဲ့ မင်းတက်နေတဲ့ လျှို့ဝှက်အဖွဲ့ရဲ့ လေ့ကျင့်ရေးသင်တန်းက ပြီးသွားပလား"

တိမ်တိုက်ကျားသစ်က ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ လတချို့တည်းက ပြီးသွားပြီကွ ဒါပေမဲ့ ငါ့ဆရာကွာ ငါ့မှာ ပုန်းကွယ်နေတဲ့ စွမ်းရည်တချို့ ရှိနေတယ်ဆိုပြီး လနည်းနည်း ထပ်လေ့ကျင့်ပေးနေသေးတယ် ငါ့မှာတော့ ဒီကို လာချင်လွန်းလို့ နေမထိထိုင်မသာကို ဖြစ်နေတာပဲဟေ့"

၎င်း၏ အမူအရာကို ကြည့်ရင်း စုချန်းက ရယ်မောလိုက်သည်။

"အကြီးအကဲတွေက မင်းကို တန်ဖိုးထားလို့ ထပ်လေ့ကျင့်ပေးတာလေကွာ ဒါကိုများ မင်းက စိတ်ပျက်နေရသေးတယ်လို့"

"အဲဒီလို မဟုတ်ဘူးကွ ငါ ဒီကိုလာချင်တယ်ဆိုတာ မင်းကို ကူညီချင်လို့ ငါကြားတာ မင်းဟာ သိပ်နှစ်လိုဖွယ်ရာမရှိတဲ့ တော်ဝင်မျိုးနွယ်စုဝင်တချို့နဲ့ ပြသနာတက်နေပြန်ပြီဆို"

"ဒါကို မင်းက နှစ်လိုဖွယ်ရာ မရှိဘူးလို့ သုံးရသလားကွ"

စုချန်းက အံ့သြသင့်ဟန်ဖြင့် ပြောလိုက်သည်။

"သူတို့နဲ့ငါဟာ မီးနဲ့ရေလို ဆန့်ကျင်ဘက်တွေလေကွာ ငါက သူတို့ရဲ့ မဟာမိတ်တချို့ကို သတ်ပစ်လိုက်တယ် ဒါကြောင့် သူတို့က ငါ့ကို လုပ်ကြံသတ်ဖြတ်ချင်နေကြတယ် ဒါပေမဲ့ ငါက တရားဝင်အစိုးရအရာရှိလေ သူတို့အနေနဲ့ ငါ့ကို ပေါ်တင် ရန်မရှာရဲဘူး ဒီတော့ တိတ်တိတ်ပုန်းပဲ လှုပ်ရှားနေရတာပေါ့ ပြီးခဲ့တဲ့ ရက်တချို့ကပဲ ဒီကောင်တွေ ပြသနာရှာသေးတယ်ကွ ဒီလို လုပ်တာ ငါ့အတွက် ကြီးကြီးမားမား မထိခိုက်ပေမဲ့ သူတို့ဘက်က တိုက်ခိုက်မှုကို ဘယ်တော့မှ မရပ်တန့်ဘူးဆိုတာ သက်သေပြနေတဲ့ သဘောပေါ့ကွာ"

"မင်းအတွက် ဒီကောင်တွေအကုန်လုံးကို ငါ သတ်ပစ်လို့ရတယ်"

တိမ်တိုက်ကျားသစ်က ပြောလိုက်၏။

"မင်းက ဘယ်လိုသတ်မှာလဲ တယောက်ပြီးတယောက် တိတ်တိတ်လေး သတ်မှာလား"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

"မလိုပါဘူး"

တိမ်တိုက်ကျားသစ်၏ လေသံက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချဟန်ပေါ်နေ၏။

"ဒီကောင်တွေကို ပုန်ကန်မှုနဲ့ စွဲချက်တင်ပြီး စစ်တပ်ခေါ် ရှင်းပစ်လိုက်ရုံပဲ"

တိမ်တိုက်ကျားသစ်၏ စကားကြောင့် စုချန်းတယောက် လဖက်ရည်ပင် သီးမတတ် ဖြစ်သွားသည်။ သူက မျက်လုံးကြီး ပြူးကာ မေးလိုက်၏။

"လျှို့ဝှက်အဖွဲ့ကနေ တနှစ်နီးပါးလောက် မင်းသင်လာတာ ဒါမျိုးလား"

"ဘာပဲဖြစ်ဖြစ် အသုံးတော့ဝင်တယ်မလားကွ"

တိမ်တိုက်ကျားသစ်က ချက်ချင်းဆိုသလိုပင် ပြန်ပြောလိုက်၏။

စုချန်းက လက်ကာပြရင်း ပြောလိုက်သည်။

"ဟေ့ ဟေ့ ဒါမျိုး စဉ်းတောင်မစဉ်းစားနဲ့ ဒီလိုလုပ်မှာ ငါ ခွင့်မပြုဘူးနော်"

တကယ်တော့ တိမ်တိုက်ကျားသစ်အနေနှင့် ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိပေ။ လုပ်နိုင်စွမ်းရှိပါကလည်း သိပ်မကြာမီ အနှီစွဲချက်သည် လုပ်ကြံထားခြင်းသာဖြစ်ကြောင်း ပေါ်ပေါက်သွားဖွယ်ရှိနေ၏။ ထိုအခါ တိမ်တိုက်ကျားသစ်အနေနှင့်် ပြင်းထန်စွာ အပြစ်ပေးခံရပေလိမ့်မည်။ ထို့ပြင် ထိုလုပ်ရပ်သည် လူပေါင်းများစွာ၏ အသက်ကို စတေးလိုက်သော လုပ်ရပ်ဖြစ်နေ၍ စုချန်း သတ်မှတ်ထားသော စည်းမျဉ်းကို ကျော်လွန်နေ၏။

ပို၍ အရေးကြီးသည်မှာကား ထိုသို့သော ရာဇဝတ်မှုမျိုးကို ကျူးလွန်ရမည်မှာ ရူးသွပ်ချင်စရာ ကောင်းလွန်းလှ၏။ ၎င်းသည် ကစားပွဲ၏ စည်းကမ်းကိုလည်း ဖောက်ဖျက်ရာ ကျနေပေသည်။

အတိတ်ကာလတုန်းကတော့ စုချန်းသည် ရန်သူများကို ရင်ဆိုင်ရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့၏။

သို့သော်...

ပြီးခဲ့သည့် ဆယ်နှစ်အတွင်း စုချန်း၏ အသိပညာသည် များစွာ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။ ထိုနည်းတူစွာ သူ၏ အတွေးအခေါ်မှာလည်း ယခင်ထက် နူးညံ့လာ၏။ နောက်ဆုံးတွင်တော့ မိမိ၏ ရန်သူကို နောက်ကောက်ချရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုခြင်းသည် မှားယွင်းကြောင်း စုချန်း နားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။

လူသားများအနေနှင့် အောင်မြင်မှု ရရှိရန်အတွက် ကျိုးကြောင်းဆီလျော်မှုရှိသည့် နည်းလမ်းမျိုးကို အသုံးပြုရန် လိုအပ်၏။ အကြောင်းမှာ မိမိလိုချင်သော အောင်မြင်မှုကို ပို၍ ဈေးပေါပေါနှင့် ရရှိရန်ပင် ဖြစ်သည်။

မိမိလိုချင်သော အောင်မြင်မှုအတွက် တန်ရာတန်ကြေးထက် ပိုပေးနေရလျင် ၎င်းမှာ ထိုက်တန်သော အောင်မြင်မှု မဟုတ်တော့ပေ။ ထိုအတွက်ကြောင့်ပင် သင့်အနေနှင့် ကစားပွဲ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အထူးတလည် အရေးကြီးလာခြင်း ဖြစ်သည်။

စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အောင်မြင်မှုရရှိရန် လုပ်ဆောင်ပါက သင့်အနေနှင့် ဈေးအနည်းငယ်သာ ကျသင့်ပေလိမ့်မည်။ သို့သော် စည်းမျဉ်းစည်းကမ်းများကိုသာ ချိုးဖောက်ပါက ထိုအောင်မြင်မှုအတွက် သင်သည် တန်ရာတန်ကြေးထက် များစွာ ကုန်ကျသွားဖွယ်ရာ ရှိနေ၏။

လူအများစုသည်ကား အောင်မြင်မှုကို မက်မောလွန်းသောအခါ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းသည် ပို၍ ဖန်တီးမှုရှိသော နည်းလမ်းဟု ထင်မြင်ယူဆလာတတ်ကြ၏။ သို့သော် တိုက်ပွဲတပွဲ ဖန်တီးခြင်းဟူသည်မှာ ပုံသေနည်းနှင့် တွက်ယူ၍ ရသည့်အရာမျိုး မဟုတ်သလို စည်းကမ်းနှင့်အညီ အောင်မြင်မှု ဖော်ဆောင်ခြင်းသည် စည်းကမ်းကို ချိုးဖောက်ပြီး အောင်မြင်မှုကို ဖန်တီးခြင်းထက် ပို၍ လွယ်ကူကြောင်း လူအတော်များများက မတွေးမိကြပေ။ အကြောင်းမှာ စည်းကမ်းဟူသည် အမြဲတစေ တည်ရှိနေတတ်ပြီး ယာယီတွင် ထိုစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်၍ ရသော်လည်း အမြဲတစေ ဖယ်ထုတ်ပစ်နိုင်သည့် အရာများကား မဟုတ်။ ထိုအခါ နောင်တချိန်တွင် ထိုစည်းကမ်းများကြောင့်ပင် ခွချက်မိနေတတ်၏။ တနည်းအားဖြင့် တိုတောင်းသောကာလတွင် ပြသနာများကို အနည်းဆုံးအနေအထားထိ လျော့ချလိုက်ပါက နောင်တချိန်တွင် ပြသနာကြီးကြီးမားမား တက်တတ်လေသည်။ ၎င်းနှင့် ပတ်သက်၍ ချီးကျူးစရာဟူ၍ စိုးစဉ်းငယ်မျှပင် မရှိချေ။

ကြည်လင်မြစ်မြို့တော်တွင် စုချန်း ကြုံတွေ့နေရသည့် တိုက်ပွဲသည်လည်း တူညီသော စည်းမျဉ်းစည်းကမ်းများအောက်၌ပင် ဖြစ်သည်။ တိမ်တိုက်ကျားသစ်၏ အကြံညဏ်ကိုသာ စုချန်း လက်ခံလိုက်ပါက ကြည်လင်မြစ်မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုများ ပြုတ်ပြုတ်ပြုန်းသွားမည်ကတော့ အမှန်ပင်။ သို့သော် စုချန်းသည် တလောကလုံးရှိ တော်ဝင်မျိုးနွယ်စုများ၏ ရန်သူ ဖြစ်လာပေလိမ့်မည်။ သွေးဗီဇကန့်သတ်ချက်ကို ချိုးဖျက်မည့် သူ့အကြံကြောင့် တော်ဝင်မျိုးနွယ်စုများနှင့် သူ့အကြား ရန်သူများ ဖြစ်လာကြမည်ကိုတော့ စုချန်း ကြိုတွေးထားပြီးသားပင်။ သို့သော် ၎င်းမှာ အနာဂတ်တွင်သာ ဖြစ်သည်။ လက်ရှိတွင်တော့ အချိန်မကျသေး။ စုချန်းအနေနှင့်လည်း ထိုအခြေအနေကြီးတခုလုံးကို ကိုင်တွယ်နိုင်စွမ်း မရှိသေးချေ။

ထိုအတွက်ကြောင့် တိမ်တိုက်ကျားသစ်၏ အကြံပြုချက်ကို စုချန်းက ခါးခါးသီးသီး ငြင်းပယ်လိုက်ခြင်းပင်။

စုချန်း၏ ဆုံးဖြတ်ချက်ကို သဘောပေါက်လိုက်သည်နှင့် တိမ်တိုက်ကျားသစ်ကလည်း သူ့စိတ်ကူးကို ချက်ချင်းပင် မေ့ပစ်လိုက်၏။ ထို့နောက် သူက မေးလိုက်သည်။

"ကောင်းပြီလေ ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ"

"အခြေအနေကို စောင့်ကြည့်နေရုံကလွဲပြီး တခြား ဘာမှ လုပ်စရာမလိုဘူး"

ထိုစကားကြောင့် တိမ်တိုက်ကျားသစ် စိတ်ပျက်သွား၏။ ၎င်း၏ အမူအရာကိုကြည့်ရင်း စုချန်းက ရယ်မောလိုက်သည်။

"မင်း တခုခုလုပ်ချင်တယ်ဆိုရင်တော့ ငါ့မှာ မင်း အကူအညီ လိုအပ်နေတဲ့ လုပ်စရာတခုတော့ ရှိတယ်"

"ဘာများလဲ"

"ဒီအတောအတွင်းမှာ ငါ့အနေနဲ့ အပြင်လေးဘာလေးသွားပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ စီစဉ်ထားတယ် ဒါပေမဲ့ အခြေအနေက ဆိုးနေတော့ ငါ့အနေနဲ့ စိတ်ချလက်ချ မသွားနိုင်ဘူး ဖြစ်နေတယ် ခုမင်း ရောက်လာတော့ အတော်ပဲ ငါ စိတ်ချသွားပြီ"

"မင်းက အပြင်သွားပြီး လေ့ကျင့်မလို့ ဟုတ်လား"

တိမ်တိုက်ကျားသစ် အံ့သြသွား၏။

"ဟုတ်တယ်ကွ ဖြစ်နိုင်ရင်တော့ ငါ့အနေနဲ့ သံမဏိကိုပါ သွေးဆူပွက်ခြင်းနယ်ပယ်ထဲ ဝင်သွားအောင် ကူညီပေးချင်တယ် ငါတို့ရဲ့ ရန်သူတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ငါတို့ အင်အားတိုးလာအောင် လုပ်ထားဖို့ပဲ ရှိတယ် ငါတို့ဘက်က အားသာချက်တခုရှိတယ် အဲဒါကတော့ ငါတို့ဟာ အစိုးရအရာရှိတွေ ဖြစ်နေတယ် ဒါကြောင့် တော်ဝင်မျိုးနွယ်စုတွေအနေနဲ့ ငါတို့ကို ပေါ်တင် ရန်မစရဲဘူး ငါတို့မှာ အကြီးဆုံး အားနည်းချက်တခုလည်း ရှိနေတယ် အဲဒါကတော့ ငါတို့မှာ သူတို့နဲ့ ရင်ဆိုင်ဖို့ အင်အားမလုံလောက်ဘူး ဒါကြောင့် မင်းရောက်လာတုန်း ငါက အင်အားတိုးလာအောင် လေ့ကျင့်ထားမလို့"

တကယ်တော့ စုချန်းက စကားကို အမှားတဝက် အမှန်တဝက် ပြောလိုက်ခြင်းပင်။

သံမဏိအား သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်စေရန်မှာ စုချန်း၏ မူလအစီအစဉ် ဖြစ်သည်။ ဤအတောအတွင်းဝယ် သူ၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းကိုပါ နည်းနည်းပါးပါး တိုးတက်လာစေရန်တော့ စုချန်းက မျှော်လင့်ထားခဲ့၏။ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်မည့် ကိုင်းဟွမ်ကောင်းကင်ဘုံသည် ကြီးမားသော အပြောင်းအလဲကြီး တခု ဖြစ်သည်။ မူလအဆောင်လက်ဖွဲ့ပုံစံနှင့် ဘရုခ်ပုံသေနည်း ပေါင်းစပ်ခြင်းသည် ရှီကိုင်းဟွမ် ခြောက်နှစ်လုံးလုံး မလုပ်ဆောင်နိုင်ခဲ့သည့်အရာကို အောင်မြင်စေခြင်းအားဖြင့် အလုပ်ဖြစ်ကြောင်း သက်သေပြခဲ့၏။

သို့သော် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်မည့်နည်းလမ်းမှာကား ယခုအချိန်ထိ ပြီးပြည့်စုံစွာ မတည်ဆောက်ရသေးချေ။

သို့သော် ထိုနည်းလမ်း အောင်မြင်မည့်နေ့တွင် သူ၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်း မလုံလောက်ပဲ ဖြစ်နေမည်မျိုးကို စုချန်း မလိုလားချေ။

ထို့ကြောင့် စွမ်းအင် စုဆောင်းရန် အချိန်တန်ပြီဟု စုချန်းက ဆုံးဖြတ်လိုက်ခြင်းပင်။

ထိုစကားကို ကြားသောအခါ တိမ်တိုက်ကျားသစ်သည် စုချန်းကို လေးနက်သော အမူအရာနှင့် စိုက်ကြည့်နေ၏။ ထို့နောက် သူက လွှတ်ခနဲ မေးလိုက်သည်။

"တိုက်ပွဲကြားထဲမှာ ကိုယ်ခန္ဓာစွမ်းအင်အဆင့် မြင့်မလာစေမဲ့ နည်းလမ်းတမျိုးမျိုးများ မင်းမှာ ရှိနေသလား"

ထိုမေးခွန်းကြောင့် စုချန်း အံ့သြသွား၏။ သူက တွေခနဲ စဉ်းစားလိုက်၏။ ထို့နောက် ရယ်မောရင်း ပြောလိုက်သည်။

"ကြည့်ရတာ မင်း မြင်သွားပြီနဲ့ တူတယ်"

"ဒါက နတ်ဆိုးသတ္တဝါတွေကို သတ်ပြီးတိုင်း မင်း လုပ်လေ့ရှိတဲ့ ထူးထူးဆန်းဆန်း ကိုယ်ဟန်အနေအထားတွေနဲ့များ ဆက်စပ်နေသလား"

"မှန်တယ် ဆက်စပ်နေတယ်"

"ဒီတော့ မင်းဟာ ဗုဒ္ဓဘာသာ ဂိုဏ်းတဂိုဏ်း က မဟုတ်ဘူးပေါ့"

"မဟုတ်ဘူး"

"ဒါဆိုရင် ငါ စိတ်ချပါပြီ"

စုချန်း အံ့သြသွား၏။

"မင်းက ဘာကို စိတ်ပူနေတာလဲ"

"ယုံကြည်မှုတခုခုအပေါ် မင်းဘဝနဲ့ မျှော်လင့်ချက်တွေ အကုန်လုံး ပုံအပ်ထားတာမျိုး ဖြစ်သွားမှာကို ငါ စိတ်ပူနေတာ ခုတော့ စိတ်ချသွားပါပြီလေ"

တိမ်တိုက်ကျားသစ်က ရိုးရိုးသားသားပင် ပြောလိုက်သည်။

စုချန်းကား ဘာပြန်ပြောရမှန်းပင် မသိတော့။

တိမ်တိုက်ကျားသစ်၏ ပါးစပ်မှ လေးနက်သော စကားမျိုး ထွက်လာသည်မှာ ဤတကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်နေသည် မဟုတ်ပါလား။

All Chapters